News @ M-Media

Tag: SaudiArabia

  • ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမည့် ဂျစ်ဒါဖွံ့ဖြိုးရေးစီမံကိန်းကို ဆော်ဒီထုတ်ပြ

    ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမည့် ဂျစ်ဒါဖွံ့ဖြိုးရေးစီမံကိန်းကို ဆော်ဒီထုတ်ပြ

    ဒီဇင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    -မြို့တော်ဂျစ်ဒါကို စီးပွားရေးနဲ့ ခရီးသွားကဏ္ဍမှာ အချက်အခြာနေရာဖြစ်လာစေမယ့် ဖွံ့ဖြိုးရေးစီမံကိန်းသစ် New Jeddah Downtown ကို ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ထုတ်ဖော်ကြေငြာလိုက်ပါတယ်။

    ဆော်ဒီရီယဲလ် ၇၅ ဘီလီယံ (ဒေါ်လာ ၁၉.၉၈ ဘီလီယံ) ကုန်ကျမယ့် အဲဒီစီမံကိန်းကို ဆော်ဒီ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ Public Investment Fund က အကောင်အထည်ဖော်မှာပါ။ စီမံကိန်းမှာ အဆင့် ၃ ဆင့်ပါဝင်ပြီး ပထမအဆင့်ကို ၂၀၂၇ ခုနှစ်မှာ ပြီးဖို့ ရည်ရွယ်ထားပါတယ်။

    New Jeddah Downtown စီမံကိန်းမှာ နိုင်ငံတကာတန်းဝင် အဆောက်အဦး ၄ ခု ပါဝင်မှာဖြစ်ပြီး အဲဒါတွေက ကပွဲရုံ၊ ပြတိုက်၊ အားကစာရုံ၊ ကမ်းခြေအပန်းဖြေစခန်းတို့ ဖြစ်ပါတယ်။ ဖျော်ဖြေရေးနဲ့ ခရီးသွားနေရာ ၁၀ ခုကျော် ဖန်တီးမှာဖြစ်သလို၊ ဟော်တယ်တွေ၊ လူနေအိမ်တွေ၊ စားသောက်ဆိုင်နဲ့ ရှော့ပင်းစင်တာတွေလည်း ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

    ဒီစီမံကိန်းက ဆော်ဒီစီးပွားရေးကို တစ်နှစ် ရီယဲလ် ၄ ဘီလီယံအထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။ စီမံကိန်း ဖော်ဆောင်ရာမှာ အင်ဂျင်နီယာနဲ့ အကြံပေးပေါင်း ၅၀၀ ကျော် ပါဝင်မှာဖြစ်ပြီး သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းစနစ်တွေကိုလည်း အပြည့်အ၀ လိုက်နာကျင့်သုံးမှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ဆော်ဒီကိုလက်နက်​ရောင်းချရေး ကန်လွှတ်တော် မီးစိမ်းပြ

    ဆော်ဒီကိုလက်နက်​ရောင်းချရေး ကန်လွှတ်တော် မီးစိမ်းပြ

    ဒီဇင်ဘာ ၈၊ ၂၀၂၁
    M-Media

    -ဒေါ်လာ သန်းပေါင်း ၆၅၀ တန်ဖိုးရှိမယ့် ဒုံးကျည်တွေ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ဆော်ဒီကို မရောင်းဖို့ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို ​အမေရိကန် အထက်လွှတ်တော်က ဒီကနေ့မှာ မဲခွဲ ပယ်ချလိုက်ပါတယ်။

    သမ္မတ ဂျိုးဘိုင်ဒန်က ဒီအစီအစဉ်ကို နိုဝင်ဘာလမှာ အတည်ပြုခဲ့တာပါ။ ဒါပေမယ့် ဒီလိုရောင်းချလိုက်ရင် ယီမင်စစ်ပွဲမှာ ဆော်ဒီအာရေဗျရဲ့ ပါဝင်မှုကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ ထောက်ပြကာ ရီပက်ဘလစ်ကန်ပါတီ လွှတ်တော်အမတ်အချို့က ကန့်ကွက်တဲ့မူကြမ်းကို တင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီကနေ့ မဲခွဲရာမှာ ထောက်ခံမဲ ၃၀၊ ကန့်ကွက်မဲ ၆၇ မဲနဲ့ ပယ်ချခံလိုက်ရပါတယ်။ ဆုံးဖြတ်ချက်မူကြမ်းရေးသားရာမှာ ပါဝင်ခဲ့တဲ့ တစ်သီးပုဂ္ဂလိ လွှတ်တော်အမတ် ဘာနီ ဆန်းဒါးစ်က ဆော်ဒီကို ဒုံးကျည်တွေရောင်းတာဟာ မီးပုံထဲ ဓာတ်ဆီလောင်းထည့်တာသာ ဖြစ်လိမ့်မယ်လို့ မဲခွဲမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီဦးဆောင်တဲ့ ပင်လယ်ကွေ့မဟာမိတ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်ပါဝင်ခဲ့ပြီး ယီမင်အစိုးရဖက်ကနေ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

    ဆော်ဒီကို လက်နက်မရောင်းဖို့ တားမြစ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို မထောက်ခံကြောင်း သမ္မတဘိုင်ဒန်က မနေ့မှာ ပြောကြားခဲ့ပြီး ဆော်ဒီအာရေဗျက အရပ်သားတွေ ဒုံးကျည်၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု ပိုမိုမြ​င့်တက်လာတဲ့အချိန် မဟာမိတ်တွေကို ကူညီရေး မိမိတို့ကတိကဝတ်ကို ထိခိုက်စေလိမ့်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဆော်ဒီကဝယ်ယူမယ့် လက်နက်တွေထဲမှာ Raytheon ဒုံးကျည်တွေ၊ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဗလီဝတ်ကျောင်းတော်ဆိုင်ရာ ဖိုရမ်တစ်ခုကို ဆော်ဒီအာရေဗျတွင် ကျင်းပမည်

    ဗလီဝတ်ကျောင်းတော်ဆိုင်ရာ ဖိုရမ်တစ်ခုကို ဆော်ဒီအာရေဗျတွင် ကျင်းပမည်

    နိုဝင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -အစ္စလာမ်သာသနာ သမိုင်းတစ်လျှောက် ဗလီဝတ်ကျောင်းတော်တွေ ဖြစ်ပေါ် တိုးတက်လာပုံနဲ့ပတ်သက်တဲ့ နိုင်ငံတကာ ဖိုရမ်တစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံမှာ အခုတစ်ပတ်အတွင်း ပြုလုပ်ဖို့ ရှိနေပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဒဟ်ရန်မြို့က ‘ကင်း အဘ်ဒူလ်အဇစ် ယာဉ်ကျေးမှုစင်တာ’ (Ithra) မှာ နိုဝင်ဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်သွားမှာပါ။ ဒီဖိုရမ်ကို Ithraနဲ့ ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ ဆုချီးမြှင့်ရေးအဖွဲ့ Abdullatif Al-Fozan Award for Mosque Architecture တို့ ပူးပေါင်း စီစဉ်တာဖြစ်ပါတယ်။

    ဖိုရမ်မှာ အစ္စလာမ်သာသနာ သမိုင်းတစ်လျှောက် ဗလီဝတ်ကျောင်းတော်တွေ ဖြစ်ပေါ်တိုးတက်လာပုံ၊ ဗလီဝတ်ကျောင်းတော်ရဲ့ လုပ်ငန်းစဉ်တွေ၊ ဗိသုကာလက်ရာတွေ၊ သမိုင်းကြောင်းတွေ၊ လူအဖွဲ့အစည်းကို နယ်ပယ်စုံမှာ အထောက်အကူပြုခဲ့ပုံတွေကို ဆွေးနွေး တင်ပြမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက နာမည်ကျော် ဗလီဝတ်ကျောင်းတော်တွေရဲ့ ပုံတူပြပွဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ဖိုရမ်ကို ကမ္ဘာတစ်ဝှမ်းက ကျွမ်းကျင်သူတွေ၊ သမိုင်းပညာရှင်၊ ဗိသုကာပညာရှင်တွေ၊ ကျောင်းသူကျောင်းသားတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

    Ithra စင်တာက တာဝန်ရှိသူ အမျိုးသမီး ဖာရာအဘူရှူလာအီက ဒီဖိုရမ်ဟာ သမိုင်းတစ်လျှောက် အစ္စလာမ့် အနုပညာလက်ရာတွေကို မပျောက်မပျက် ထိန်းသိမ်းပုံ၊ အစ္စလာမ်ကို အခြေခံတဲ့ အနုပညာ၊ ဗိသုကာအကြောင်း၊ အစ္စလာမ်သာသနာက သတ်မှတ်တဲ့ ဝတ်ပြုရာနေရာတဲ့ အဓိပ္ပါယ် လုပ်ဆောင်ချက်တွေကို မီးမောင်းထိုးပြသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Arab News

  • ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် ရေပေါ်စက်မှုမြို့တော်တစ်ခုကို ဆော်ဒီတည်ဆောက်မည်

    ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် ရေပေါ်စက်မှုမြို့တော်တစ်ခုကို ဆော်ဒီတည်ဆောက်မည်

    နိုဝင်ဘာ ၁၈၊ ၂၀၂၁
    M-Media

    -ကမ္ဘာပေါ်မှာ​ အကြီးဆုံးရေပေါ်စက်မှုမြို့ဖြစ်လာမယ့် ‘အဌဂံမြို့တော်’ (OXAGON) တည်ဆောက်ရေး စီမံကိန်းကို ဆော်ဒီအာရေဗျနိုင်ငံက အခုတစ်ပတ်မှာ ထုတ်ဖော်ကြေငြာလိုက်ပါတယ်။

    ၂၀၃၀ ရည်မှန်းချက်အတိုင်း ဆော်ဒီအစိုးရက အကောင်အထည်ဖော်နေတဲ့ နောက်ဆုံးပေါ်မြို့တော်သစ် ‘နီအွန်’ (NEOM) ရဲ့ အစွန်ဘက် ပင်လယ်နီထဲမှာ အဌဂံစက်မှုမြို့ကို တည်ဆောက်သွားမှာပါ။ လက်ရှိ နေထိုင်ရပ်တည်နေတဲ့ ပုံစံမျိုးနဲ့ မတူဘဲ အနာဂတ်မှာ လူသားတွေ နေထိုင်၊ အလုပ်လုပ်ကိုင်မှုပုံစံကို တစ်ခေတ်ဆန်းစေရေး ရည်ရွယ်တည်ဆောက်တာဖြစ်ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က နီအွန်နဲ့ ဆော်ဒီအာရေဗျရဲ့ စီးပွားရေး တိုးတက်ဖို့နဲ့ ၂၀၃၀ ရည်မှန်းချက် ပြည့်မီရေး အထောက်အကူဖြစ်စေဖို့အတွက် အဌဂံစက်မှုမြို့ကို အကောင်အထည်ဖော်ရခြင်းဖြစ်တယ်လို့ အင်္ဂါနေ့ စီမံကိန်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

    လူသားတွေ သဘာ၀တရားနဲ့ လိုက်လျောညီထွေစွာ နေနိုင်ရေးမူကို အခြေခံတည်ဆောက်မှာဖြစ်ပြီး ကမ္ဘာ့ နောက်ဆုံးပေါ်နည်းပညာတွေ အသုံးပြုထားတဲ့ လေဆိပ်နဲ့ သင်္ဘောဆိပ်ပါဝင်တဲ့ နည်းပညာမြင့် ကုန်စည်ပို့ဆောင်ရေး အချက်အခြာနေရာဖြစ်လာဖို့ ဆော်ဒီအစိုးရက ရည်မှန်းထားပါတယ်။

    အဌဂံစက်မှုမြို့မှာ ပြည့်ဖြိုးမြဲစွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်း သုံးမှာဖြစ်ပြီး ကာဘွန်ထုတ်လွှတ်မှု လုံး၀ရှိမှာ မဟုတ်ပါဘူး။ သန့်ရှင်းတဲ့ စွမ်းအင်သုံးစွဲမှု၊ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှုတို့မှာ ကမ္ဘာ့စံနမူနာမြို့ ဖြစ်လာမှာပါ။

    ဉာဏ်ရည်တုနည်းပညာ၊ IoT စတဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုမှာဖြစ်ပြီး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေအရင်းအမြစ် တီထွင်ဖန်တီးရေး၊ အစားအသောက်ထုတ်လုပ်ရေး၊ ကျန်းမာရေး၊ နည်းပညာ၊ ဒစ်ဂျစ်တယ်ပစ္စည်းထုတ်လုပ်ရေး စတဲ့ စက်မှုဇုန်နဲ့ သုတေသနဌာန ၇ ခု အဌဂံစက်မှုမြို့မှာ ပါဝင်မှာ ဖြစ်ပါတယ်။

    ဒီမြို့ကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး၊ ဆော်ဒီဟာ ဒေသတွင်း ကုန်သွယ်ရေး အချက်အခြာနိုင်ငံတစ်ခု ဖြစ်လာရေး၊ ကမ္ဘာ့ကုန်သွယ်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာရေး ရည်ရွယ်ပြီး တည်ဆောက်တာဖြစ်တယ်လို့ အိမ်ရှေ့မင်းသားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဟာ The Line လို့အမည်ပေးထားပြီး ကာဘွန်ထုတ်လွှတ်မှု လုံး၀မရှိတဲ့ နောက်ဆုံးပေါ် နည်းပညာသုံး အဆင့်မြင့်မြို့တော်တစ်ခုကိုလည်း တည်ဆောက်နေပါတယ်။

    Ref: Reuters

  • ကျွမ်းကျင် နိုင်ငံခြားသားများကို ဆော်ဒီအာရေဗျက နိုင်ငံသားပေးမည်

    ကျွမ်းကျင် နိုင်ငံခြားသားများကို ဆော်ဒီအာရေဗျက နိုင်ငံသားပေးမည်

    နိုဝင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    ဆော်ဒီဘုရင် ဆလ်မန်

    -ပညာရပ်ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံသားပေးမယ့် အမိန့်တစ်ခုကို ဆော်ဒီဘုရင် ဆလ်မန်က ကြာသာပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဆော်ဒီအစိုးရရဲ့ ‘၂၀၃၀ ရည်မှန်းချက်’ (Vision 2030) အရ နိုင်ငံတကာ ပရော်ဖက်ရှင်နယ်တွေ မျက်စိကျစေမယ့် စီးပွားရေး နယ်ပယ်တစ်ခု ဖန်တီးရေး စီမံချက်ကို အကောင်အထည်ဖော်ဖို့ ဒီဥပဒေကို ပြဌာန်းလိုက်တာပါ။ ကျွမ်းကျင်နိုင်ငံခြားသားတွေကို နိုင်ငံသားပေးဖို့ စီစဉ်နေတာကို ဆော်ဒီက ၂၀၁၉ ခုနှစ်ကတည်းက ထုတ်ပြန်ထားပါတယ်။

    ဥပဒေ၊ ဆေးဘက်ဆိုင်ရာ၊ သိပ္ပံနယ်ပယ်၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား၊ နည်းပညာ၊ မှုခင်းဗေဒ၊ စိုက်ပျိုးရေး၊ နျူကလီးယားနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့၊ ဉာဏ်ရည်တုနည်းပညာ စတဲ့ကဏ္ဍတွေမှာ ကျွမ်းကျင်သူ နိုင်ငံခြားသား ပညာရှင်တွေဟာ ဆော်ဒီနိုင်ငံသား လျှောက်လို့ရမှာ ဖြစ်ပါတယ်။

    ​ဘုရင် ဆလ်မန်နဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆလ်မန်တို့ ဦးဆောင်တဲ့ ဆော်ဒီအစိုးရဟာ တိုင်းပြည်စီးပွားရေး ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရေး ဘက်စုံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်၊ တတ်သိပညာရှင်၊ တီထွင်စွန့်စားသူတွေကို ဆွဲဆောင်နိုင်တဲ့ အာရပ်ကမ္ဘာက ဂုဏ်ယူဖွယ်ရာ အချက်အခြာနိုင်ငံတစ်ခု ဖြစ်လာရေး ဆော်ဒီအာရေဗျက ရည်မှန်းထားတယ်လို့ ဒီအမိန့် ထွက်လာပြီးနောက်ပိုင်း ဆော်ဒီအစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Saudi Project က သူတို့ရဲ့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။

    နိုင်ငံအတွင်းမှာ လက်ရှိ ရှိနေတဲ့ နိုင်ငံခြားသားတွေ၊ နိုင်ငံခြားက မျိုးနွယ်စုတွေလည်း ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရင် နိုင်ငံသား လျှောက်ထားနိုင်တယ်လို့ ဆော်ဒီအစိုးရက ပြောပါတယ်။

    Ref: Arab News