News @ M-Media

Tag: SaudiArabia

  • လက်ဘနွန်သံအမတ်ကို ဆော်ဒီက တိုင်းပြည်မှ နှင်ထုတ်

    လက်ဘနွန်သံအမတ်ကို ဆော်ဒီက တိုင်းပြည်မှ နှင်ထုတ်

    အောက်တိုဘာ ၃၀၊ ၂၀၂၁
    M-Media

    -ယီမင်စစ်ပွဲအတွက် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကို လက်ဘနွန် ပြန်ကြားရေးဝန်ကြီးက ဝေဖန်တဲ့ဗီဒီယို ထွက်လာပြီးတဲ့နောက် ဆော်ဒီအာရေဗျက လက်ဘနွန်ကနေ ကုန်ပစ္စည်းတင်သွင်းမှုအားလုံးကို ပိတ်ကာ သံအမတ်ကိုလည်း တိုင်းပြည်က နှင်ထုတ်လိုက်ပါတယ်။

    မန်ဆူရ်ဟာဒီဦးဆောင်တဲ့ ယီမင်အစိုးရကို ဟူသီလက်နက်ကိုင်အဖွဲ့က ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစတင်ပြီး ယီမင်မှာ ပြည်တွင်းစစ် စဖြစ်လာတာပါ။ ဆော်ဒီနဲ့ ယူအေအီး ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ ဒီစစ်ပွဲထဲ ပါဝင်လာခဲ့ပြီး မန်ဆူရ်ဟာဒီအစိုးရဖက်က တိုက်ပေးတာ ဖြစ်ပါတယ်။

    လက်ဘနွန် ပြန်ကြားရေးဝန်ကြီး ဂျော့ ကိုဒါဟီက ဟူသီတွေဟာ ပြည်ပကျူးကျော်မှုကို ကာကွယ်နေတာဖြစ်ပြီး အတ္တတွေကြောင့် ယီမင်စစ်ပွဲကြာရှည်နေတာဖြစ်ကြောင်း မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောခဲ့ပြီး အင်္ဂါနေ့က ဒီဗီဒီယို အွန်လိုင်းမှာ ပြန့်နှံ့ပြီးနောက်ပိုင်း ဆော်ဒီဖက်က အခုလို တုန့်ပြန်လာတာ​ ဖြစ်ပါတယ်။

    ဆော်ဒီနဲ့ လက်ဘနွန်တို့ဟာ အရင်ကတည်းက တင်းမာမှုတွေရှိထားပြီး အခုမှတ်ချက်ကြောင့် ပိုမိုဆိုးရွားလာတာပါ။ ဝန်ကြီးချုပ် နာဂျစ်မီကာတီ ဦးဆောင်တဲ့ လက်ဘနွန်အစိုးရက ကိုဒါဟီရဲ့ ဒီအင်တာဗျူးဟာ သူတို့အစိုးရမှာ မပါဝင်ခင် တစ်လအရင်က ပြောကြားမှုဖြစ်ပြီး ပုဂ္ဂလအမြင်သာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

    ယီမင်စစ်ပွဲမှာ ပါဝင်နေတဲ့ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကူဝိတ်နဲ့ ဘာရိန်းတို့ဟာ လက်ဘနွန်သံအမတ်ကို အခုတစ်ပတ်အစောပိုင်းမှာ ဆင့်ခေါ်ဖြေရှင်းချက်တောင်းခဲ့သလို၊ ပင်လယ်ကွေ့အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကာတာနဲ့ အိုမန်တို့ကလည်း ကိုဒါဟီရဲ့ ပြောကြားမှုကို ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    ဆော်ဒီအစိုးရက လက်ဘနွန်နိုင်ငံက သွင်းကုန်အားလုံးပိတ်ကြောင်း မနေ့က ထုတ်ပြန်ခဲ့ပြီး၊ လက်ဘနွန်သံအမတ်ကိုလည်း ၄၈ နာရီအတွင်း တိုင်းပြည်ကထွက်ခွာဖို့ ရာဇသံ ပေးခဲ့ပါတယ်။ ဆော်ဒီရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ဘာရိန်းကလည်း လက်ဘနွန်သံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့လုပ်ငန်း ၄၄ ခု၏ ရုံးချုပ်များ ဆော်ဒီအာရေဗျတွင် အခြေစိုက်မည်

    ကမ္ဘာ့လုပ်ငန်း ၄၄ ခု၏ ရုံးချုပ်များ ဆော်ဒီအာရေဗျတွင် အခြေစိုက်မည်

    အောက်တိုဘာ ၂၇၊ ၂၀၂၁
    M-Media

    မြို့တော်ရီယာ့ဒ် မြင်ကွင်း

    -အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ရုံးချုပ်တွေ မြို့တော်ရီယာ့ဒ်မှာ ဖွင့်လှစ်နိုင်ဖို့အတွက် နိုင်ငံတကာလုပ်ငန်း ၄၄ ခုကို လိုင်စင်ထုတ်ပေးထားတယ်လို့ ဆော်ဒီအာရေဗျက ကြေငြာလိုက်ပါတယ်။

    ဒါဟာ ဒေသတွင်း ရေနံမဟုတ်တဲ့ စီးပွားရေးကို လွှမ်းမိုးထားတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကို ယှဉ်ပြိုင်နိုင်ရေး ဆော်ဒီအာရေဗျရဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုပါ။

    နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ချင်ရင် နိုင်ငံတကာလုပ်ငန်းတွေအနေနဲ့ ၂၀၂၄ ခုနှစ်မတိုင်ခင် ဒေသတွင်းရုံးချုပ် ဖွင့်လှစ်ရမယ်လို့ ဆော်ဒီအစိုးရက အခုနှစ် ဖေဖော်ဝါရီလမှာ ကြေငြာခဲ့တာပါ။

    ဆော်ဒီ ရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီး ခါလစ် အလ်-ဖာလီက နယ်ပယ်အသီးသီးက နိုင်ငံတကာကုမ္ပဏီ စုစုပေါင်း ၄၄ ခုလောက်ဟာ သူတို့ရဲ့ ဒေသဆိုင်ရာ ရုံးချုပ်တွေကို ဆော်ဒီမှာ ပြောင်းဖွင့်ဖို့ အစိုးရနဲ့ သဘောတူညီချက် ရရှိကာ လိုင်စင်လည်း ထုတ်ပေးလိုက်ပြီလို့ ရီယာ့ဒ်မြို့မှာပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ် FII အပြီးမှာ ပြောကြားခဲ့ပါတယ်။

    အနည်းဆုံး နိုင်ငံတကာလုပ်ငန်းပေါင်း ၄၀၀ ကနေ ၅၀၀ လောက်အထိ ဆော်ဒီမှာ ရုံးချုပ်ဖွင့်လာဖို့အတွက် ရည်မှန်းထားတယ်လို့လည်း အလ်-ဖာလီက ဆိုပါတယ်။

    ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်အောင် နှစ်ပေါင်း ၅၀ အခွန်ပေးစရာမလိုတာ၊ ဆော်ဒီနိုင်ငံသား ဘယ်လောက်ရာခိုင်နှုန်းကို အလုပ်ခန့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ၁၀ နှစ် လျော့ပေါ့ပေးတာ၊ အစိုးရစီမံကိန်းတွေမှာ အထူးအခွင့်အရေးပေးတာ စတဲ့ မက်လုံးတွေကိုလည်း ဆော်ဒီက ပေးထားပါတယ်။

    ကုမ္ပဏီ ၄၄ ခု ဆော်ဒီမှာ ရုံးချုပ်လာဖွင့်တဲ့အတွက် တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်၀ိုက်ရရှိမယ့် အကျိုးကျေးဇူးဟာ ဆော်ဒီရီယဲလ် ၁၇၀ ဘီလီယံ (ဒေါ်လာ ၄၅ ဘီလီယံ) ရှိလိမ့်မယ်လို့လည်း အလ်-ဖာလီက ပြောပါတယ်။

    ၂၀၀၆ ခုနှစ်ကတည်းက စတင်ဖော်ဆောင်နေတဲ့ ဒေါ်လာဘီလီယံချီ စီးပွားရေးမြို့ ကင်းအဘ်ဒူလာ ဘဏ္ဍာရေးရပ်ဝန်း (KAFD) မကြာခင် ပြီးစီးတော့မှာဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီတွေဟာ အဲဒီမှာ အခြေစိုက်ဖို့ ရှိနေပါတယ်။

    စီးပွားရေးမှာ ဆော်ဒီဟာ ယူအေအီးကို ပြိုင်နေတယ်လို့ သတင်းတွေထွက်နေပေမယ့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး အလ်-ဖာလီက မိမိတို့ဟာ ယူအေအီးနဲ့ ပေါင်းစည်းနိုင်အောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • ရာသီဥတုဖောက်ပြန်မှုကုစားရေး စီမံကိန်းနှစ်ခုအတွက် အာရပ်နိုင်ငံများ ဒေါ်လာ ၁၀ ဘီလီယံ အသုံးပြုမည်

    ရာသီဥတုဖောက်ပြန်မှုကုစားရေး စီမံကိန်းနှစ်ခုအတွက် အာရပ်နိုင်ငံများ ဒေါ်လာ ၁၀ ဘီလီယံ အသုံးပြုမည်

    အောက်တိုဘာ ၂၆၊ ၂၀၂၁

    M-Media

    -အရှေ့အလယ်ပိုင်း စိမ်းလန်းရေးစီမံကိန်း(MGI) အတွက် ထိပ်သီးအစည်းအ၀ေးကို တနင်္လာနေ့က ဆော်ဒီအာရေဗျနိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀.၃၉ ဘီလီယံ ကုန်ကျမယ့် ရာသီဥတုဖောက်ပြန်မှု ကုစားရေး စီမံကိန်းနှစ်ခုကို ချပြခဲ့ပါတယ်။

    ဒီစီမံကိန်းနှစ်ခုမှာ ကာဘွန်ထုတ်လွှတ်မှု လျှော့ချရေး၊ ရာသီဥတုဖောက်ပြန်မှု ကုစားရေးအစီအစဥ် အများအပြား ပါ၀င်မှာပါ။ စီမံကိန်းမှာ ပါ၀င်မယ့် အရှေ့အလယ်ပိုင်းဒေသမှာ သစ်ပင်ပေါင်း ဘီလီယံ ၅၀ စိုက်ပျိုးရေး စီမံချက်ဟာ ကမ္ဘာ့အကြီးဆုံး သစ်ပင်စိုက်တဲ့လှုပ်ရှားမှု ဖြစ်လာမှာဖြစ်ပြီး၊ ကမ္ဘာသစ်တောပမာဏကို ၅ ရာခိုင်နှုန်း တိုးတက်စေမှာ ဖြစ်ပါတယ်။

    စီမံကိန်းကုန်ကျငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ဆော်ဒီအာရေဗျက ကျခံကာ၊ ကျန်ပမာဏကို အရှေ့အလယ်ပိုင်းနိုင်ငံတွေ ထည့်၀င်မှာ ဖြစ်ပါတယ်။

    ဒေသတွင်း ကာဘွန်ထုတ်လွှတ်မှုမရှိတဲ့ စီးပွားရေးဖော်ဆောင်နိုင်ဖို့၊ ကမ္ဘာလူဦးရေ သန်းပေါင်း ၇၅၀ ကျော် အသုံးပြုနိုင်မယ့် သန့်ရှင်းလောင်စာ ထုတ်လုပ်နိုင်ရေး ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့အတွက် ဆော်ဒီအာရေဗျက ရန်ပုံငွေတစ်ရပ် မတည်သွားမယ်လို့လည်း ထိပ်သီးအစည်းအ၀ေး အဖွင့်မိန့်ခွန်းမှာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားခဲ့ပါတယ်။

    MGI ထိပ်သီးအစည်းအ၀ေးကို အမေရိကန်ရဲ့ ပထမဆုံး ရာသီဥတုဆိုင်ရာ အထူးကိုယ်စားလှယ် ဂျွန်ကယ်ရီအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး တစ်ပတ်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

    Ref : Arab News

  • ကာဘွန်ထုတ်လွှတ်မှုကို ၂၀၂၆၀ တွင် သုညအထိ လျှော့ချရန် ဆော်ဒီ ရည်မှန်းထား

    ကာဘွန်ထုတ်လွှတ်မှုကို ၂၀၂၆၀ တွင် သုညအထိ လျှော့ချရန် ဆော်ဒီ ရည်မှန်းထား

    အောက်တိုဘာ ၂၄၊ ၂၀၂၁

    M-Media

    -သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကာဘွန်ထုတ်လွှတ်မှုကို ၂၀၆၀ ခုနှစ်ရောက်ရင် လုံး၀မရှိတော့အောင် လုပ်ဆောင်ဖို့ ရည်မှန်းထားကြောင်း ဆော်ဒီအာရေဗျက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဆော်ဒီဟာ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်တဲ့နိုင်ငံပါ။ မနေ့က ဆော်ဒီရဲ့ ပထမဆုံး ပတ်၀န်းကျင်ထိန်းသိမ်းမှုဆိုင်ရာဖိုရမ် Saudi Green Initiative Forum ကို ပေးပို့တဲ့ မိန့်ခွန်းမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ကာဘွန်ထုတ်လွှတ်မှု လျှော့ချမယ့် သူတို့ရဲ့ ရည်မှန်းချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။

    ရေနံထုတ်လုပ်ရောင်းချမှုဟာ ဆော်ဒီစီးပွားရေးရဲ့ အဓိကကျောရိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရင် ဆလ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ ဦးဆောင်တဲ့ ဆော်ဒီအစိုးရဟာ စီးပွားရေး ရေနံအပေါ် အလွန်အမင်း မှီခိုရမှုကို လျော့ချနိုင်ရေး ပြီးခဲ့တဲ့ နှစ်တွေမှာ ကြိုးစားလာခဲ့ပါတယ်။

    အိမ်ရှေ့မင်းသားက ဆော်ဒီဟာ ၂၀၃၀ မတိုင်ခင် သစ်ပင် သန်းပေါင်း ၄၅၀ စိုက်ပျိုးဖို့၊ စိုက်ပျိုးလို့မရတဲ့ ဒေသတွေကို ပြုပြင်ဖို့၊ ကုန်းတွင်းပိတ် ရီယာ့ဒ်မြို့ကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့၊ ကာဘွန်ထုတ်လွှတ်မှု တန်ပေါင်း သန်း ၂၀၀ လျှော့ချဖို့ ရည်မှန်းထားကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၆၀ ခုနှစ်မှာ ကာဘွန်ထုတ်လွှတ်မှု လုံး၀မရှိဖို့ ရည်မှန်းထားတဲ့ နိုင်ငံတွေထဲမှာ ရုရှားနဲ့ တရုတ်တို့ ပါ၀င်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဒီရည်မှန်းချက်ကို ၂၀၅၀ အရောက်မှာ ပြည့်မီအောင် ဆောင်ရွက်မှာပါ။

    ၂၀၃၀ ခုနှစ်မှာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု ၃၀ ရာခိုင်နှုန်းလျော့ချရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်မယ်လို့လည်း ဆော်ဒီက ကတိပြုထားပါတယ်။

    Ref: Aljazeera

  • အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ခု ဆော်ဒီတွင် ကျင်းပမည်

    အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ခု ဆော်ဒီတွင် ကျင်းပမည်

    အောက်တိုဘာ ၂၁၊ ၂၀၂၁
    M-Media

    -အစိုးရရဲ့ ပြောင်းလဲလာတဲ့ မူဝါဒတွေအလိုက် အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ခုကို ဆော်ဒီအာရေဗျမှာ အောက်တိုဘာ ၂၂၊ ၂၃ – ၂ ရက်တာ ကျင်းပဖို့ ရှိနေပါတယ်။

    ဒီညီလာခံကို Imam Mohammad bin Saud အစ္စလာမ်တက္ကသိုလ်က ကမကထပြု ကျင်းပမှာပါ။ ဒေသတွင်းနဲ့ နိုင်ငံတကာက ပညာရှင် ၆၀ ကျော်၊ ဆော်ဒီအစိုးရဝန်ကြီးတွေနဲ့ နိုင်ငံတစ်ဝှမ်း တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်မှာ ဖြစ်ပြီး ခေါင်းစဉ် ၇ ခု ​ဆွေးနွေးသွားမှာပါ။

    ညီလာခံကျင်းပရေး ကော်မတီဝင်ဖြစ်ပြီး၊ ကျောင်းသူရေးရာအသင်းရဲ့ ဒုတိယအကြီးအကဲ ဖြစ်တဲ့ ပရော်ဖက်ဆာ နောဖ် ဘင်သီ အလ် အဂျ်မီက ညီလာခံမှာ ထင်ရှားတဲ့ အမျိုးသမီးပညာရှင်အများအပြား တက်ရောက်လိမ့်မယ်လို့ ပြောပါတယ်။

    “အမျိုးသမီးတွေရဲ့ အဆင့်အတန်း မြှင့်တင်ရေး၊ အမျိုးသမီးတွေရဲ့ လူမှုဘ၀နဲ့ ပုဂ္ဂလအခွင့်အရေး ကာကွယ်ပေးရေး၊ မူဝါဒချမှတ်တဲ့အဆင့်မှာ အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးတဲ့ ဥပဒေတွေကြောင့် ဆော်ဒီအမျိုးသမီးတွေဟာ စွမ်းဆောင်ရည်မြှင့်တင်ရေးကို တော်တော်လေး အင်နဲ့အားနဲ့ လုပ်ဆောင်လာနိုင်ကြပါတယ်”

    လူမှုဘ၀တည်ဆောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရေး အမျိုးသမီးတွေရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်တွေ၊ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းကဏ္ဍ စတာတွေနဲ့ပတ်သက်ပြီး ဆော်ဒီအစိုးရဥပဒေတွေကို ဘယ်လို ပြုပြင်ပြောင်းလဲမှု လုပ်သင့်လဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ညီလာခံမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

    ညီလာခံကျင်းပမယ့် Imam Mohammad bin Saud အစ္စလာမ်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ပရော်ဖက်ဆာ အဟ်မဒ် ဆလင်း အလ်-အေမီရီက ညီလာခံကျင်းပရေး ဆော်ဒီအစိုးရက ခွင့်ပြုခဲ့တာဟာ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ပတ်သက်ပြီး ဘယ်လောက် အလေးထားလဲဆိုတာကို ပြသနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ညီလာခံမှာ ဆော်ဒီအစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

    ဘုရင်ဆလ်မန်၊ အိမ်ရှေ့မင်းအသား မိုဟာမက် ဘင် ဆလ်မန်တို့ ဦးဆောင်တဲ့ ​ဆော်ဒီအစိုးရဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမျိုးသမီးတွေကို ကား​မောင်းခွင့်ပိတ်ထားတာ၊ အမျိုးသားအုပ်ထိန်းသူပါမှ ခရီးသွားခွင့်ရတာ စတဲ့ ရှေးရိုးစွဲ ကန့်သတ်ချက်တွေကို ပယ်ဖျက်ခဲ့ပြီး နိုင်ငံအတွင်းက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမှာ အမျိုးသမီးတွေ ပါဝင်နိုင်ရေး လမ်းဖွင့်ပေးခဲ့ပါတယ်။

    ညီလာခံမှာ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့နဲ့ပတ်သက်ပြီး ဆော်ဒီအစိုးရက ဆောင်ရွက်ထားတဲ့ စီမံကိန်းတွေကိုလည်း သုံးသပ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    Ref: Arab News