News @ M-Media

Tag: SaudiArabia

  • ၁၀ နှစ်အတွင် ဆော်ဒီတွင် သစ်ပင် ၆ သန်း စိုက်ပျိုးမည်

    ၁၀ နှစ်အတွင် ဆော်ဒီတွင် သစ်ပင် ၆ သန်း စိုက်ပျိုးမည်

    ာက်တိုဘာ ၂၂၊ ၂၀၁၉
    M-Media

    -လာမယ့် ၁၀ နှစ်အတွင်း နိုင်ငံတစ်ဝှမ်း သစ်ပင်သန်းချီ စိုက်ပျိုးဖို့အတွက် ဆော်ဒီအစိုးရဟာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ မနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ဆော်ဒီ သဘာ၀ပတ်ဝန်းကျင်၊ ရေနဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့ Saline Water Conversion ကုမ္ပဏီတို့ရဲ့ အဲဒီ နားလည်မှုစာချွန်လွှာအရ ၂၀၃၀ မတိုင် ဒေသထွက် သစ်ပင်ပေါင်း ၅ သန်းကို စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

    စွန့်ပစ်ရေကို ပြန်လည်ပြုပြင်အသုံးပြုကာ သစ်ပင်တွေကို စိုက်ပျိုးသွားမှာဖြစ်ပြီး သစ်တောတွေနဲ့ မြေဆီလွှာပျက်ဆီးမှုကို လျှော့ချဖို့၊ ကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲဖို့၊ သဘာ၀အခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ဒီစီမံကိန်းကနေ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေးမှုတွေကို ပြုလုပ်သွားဖို့ ဆော်ဒီက စီစဉ်ထားပါတယ်။

    နိုင်ငံတစ်ဝှမ်း စိမ်းလမ်းစိုပြေရေးစီမံကိန်း ၄ ခု လုပ်ဆောင်မယ့်အစီအစဉ်ကိုလည်း ဆော်ဒီက အခုနှစ်အစောပိုင်းမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    Ref: Arab News

  • ဟဂျ်ပြုသည့်အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူလိုသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်မည်

    ဟဂျ်ပြုသည့်အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူလိုသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၉
    M-Media

    -ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ ဟဂျ်ဘုရားဖူး လာရောက်တဲ့အခါ အမျိုးသားအုပ်ထိန်းသူပါမှ ခွင့်ပြုတဲ့စနစ်ကို ဆော်ဒီက ပယ်ဖျက်ဖို့ ရှိနေတယ်လို့ Arab News သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဆော်ဒီဟာ ခရီးသွားကဏ္ဍနဲ့ ဟဂျ်၊ အွမ္မရာ ဘုရားဖူးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာပါ။

    ဟဂျ် ဘုရားဖူး၊ အွမ္မရာ ဘုရားဖူးခရီး သွားရောက်မယ့် အမျိုးသမီးတွေကို ဖခင်၊ ဦးလေး၊ အစ်ကို၊ မောင်၊ ခင်ပွန်း စတဲ့ အမျိုးသားအုပ်ထိန်းသူပါမှ ခွင့်ပြုတာ ဖြစ်ပါတယ်။ အဖွဲ့နဲ့ သွားမယ်ဆိုရင်လည်း အမျိုးသားအုပ်ထိန်းသူက ခွင့်ပြုကြောင်း ထောက်ခံချက်ကို တင်ပြရပါတယ်။

    ဒါပေမယ့် လက်ရှိ ဆော်ဒီအစိုးရရဲ့ ဟဂျ်နှင့် အွမ္မရာ ဝန်ကြီးဌာနက ခရီးသွားလာမှုနဲ့ ဘုရားဖူးခရီးစဉ်တွေအတွက် ဗီဇာ လွယ်လွယ်ကူကူ ထုတ်ပေးနိုင်အောင် စီစဉ်နေပြီး၊ ဟဂျ်ဘုရားဖူးခရီးစဉ် လာရောက်မယ့် အမျိုးသမီးတွေ အမျိုးသားအုပ်ထိန်းသူ ပါရမယ့်စနစ်ကို ပယ်ဖျက်တော့မယ့် အနေအထားရှိတယ်လို့ Arab News က ဆိုပါတယ်။

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ အွမ္မရာဟ်ဘုရားဖူးခရီးစဉ်ကို အွန်လိုင်း Maqam ဝဘ်ဆိုက်ကနေ ဝယ်ယူနိုင်အောင် ဆော်ဒီက စီစဉ်ပေးထားပြီး ပြီးခဲ့တဲ့နှစ်အတွင်း ခရီးသွား ၁.၁ သန်းနီးပါးလောက် ဒီစနစ်ကို အသုံးပြုခဲ့ပါတယ်။

    Ref: Arab

  • ဆော်ဒီတွင် ကားမတော်တဆမှုကြောင့် ဘုရားဖူးခရီးသည် ၃၅ ဦး သေဆုံး

    ဆော်ဒီတွင် ကားမတော်တဆမှုကြောင့် ဘုရားဖူးခရီးသည် ၃၅ ဦး သေဆုံး

    အောက်တိုဘာ ၁၇၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမှာ ခရီးသည်တွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး ထရပ်ကားတစ်စီးနဲ့ တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ပါတယ်။

    အာရှနဲ့ အာရပ်နိုင်ငံတွေ ဘုရားဖူးခရီးသည် ၃၉ ဦး တင်ဆောင်လာတဲ့ အဲဒီဘတ်စ်ကားဟာ မက္ကာမြို့နဲ့ မဒီနာမြို့ကို ဆက်သွယ်ထားတဲ့လမ်းမှာ မနေ့ညပိုင်း ၇ နာရီလောက်က ဒီလို မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

    ဒဏ်ရာရသူက ၄ ဦးရှိခဲ့ပြီးလက်ရှိ ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေရပါတယ်။ ဆော်ဒီအာဏာပိုင်တွေကတော့ ဒီမတော်မဆမှု ဘာ့ကြောင့်ဖြစ်ပွားလဲဆိုတာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ဆော်ဒီမှာ ကမ္ဘာတစ်ဝှမ်းက ဘရားဖူးခရီးသွားတွေအကြား မတော်တဆဖြစ်မှုဟာ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလတုန်းက ဟဂျ်ဘုရားဖူးကာလအတွင်း လူတိုးမှုကြောင့် ဘုရားဖူးခရီးသွား ၂၃၀၀ လောက် သေဆုံးခဲ့ပြီး အများစုက အီရန်နိုင်ငံသားတွေဖြစ်ပါတယ်။ အဲဒီလ အစောပိုင်းမှာပဲ ဆောက်လုပ်ရေးကရိန်းတစ်ခု မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ ပရ၀ုဏ်အတွင်း လဲကျမှုကြောင့် လူ ၁၀၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ မနေ့က ဆော်ဒီဘုရင် ဆလ်မန်နဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေး‌နွေးခဲ့ကြပါတယ်။

    ခန်းရဲ့ ၂ ရက်တာကြာမြင့်တဲ့ ဒီခရီးစဉ်ဟာ ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ လျော့ချရေး ရည်ရွယ်တာဖြစ်ပြီး ဘုရင်ဆလ်မန်နဲ့ မတွေ့ဆုံခင် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဘုရင် ဆလ်မန်နဲ့ ခန်းတို့ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ်ဟာ တနင်္ဂနွေနေ့က တီဟီရန်မှာ အီရန်သမ္မတ ဟာဆန်ရူဟာနီ၊ အဓိပတိ အယာတိုလာခါမေနီတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဟာဆန်ရူဟာနီနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခန်းက အီရန်နဲ့ ဆော်ဒီတို့အကြား ပဋိပက္ခတွေဖြစ်ပွားရင် ကမ္ဘာကြီးအတွက်ပါ စိုးရိမ်ရကြောင်း၊ မိမိအနေနဲ့ ဒီနှစ်နိုင်ငံအကြား တင်းမာမှုတွေကို ပြေလျော့အောင် ကြားဝင်ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လနှောင်းပိုင်းက ဆော်ဒီရေနံစက်ရုံတွေကို ယီမင်သူပုန်တွေက ဒရုန်းနဲ့ တိုက်ခိုက်ပြီးခဲ့နောက် ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ ပိုမို မြင့်တက်လာခဲ့တာပါ။ ဟူသီသူပုန်တွေဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုမှာ အီရန်ပါဝင်တယ်လို့ အမေရိကန်နဲ့ ဆော်ဒီတို့က စွပ်စွဲထားပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

    Ref: Gulf News

  • အမျိုးသမီးများကို စစ်မှုထမ်းခွင့် ဆော်ဒီပေးပြီ

    အမျိုးသမီးများကို စစ်မှုထမ်းခွင့် ဆော်ဒီပေးပြီ

    အာက်တိုဘာ ၁၀၊ ၂၀၁၉
    M-Media

    -အမျိုးသမီးတွေကို စစ်တပ်မှာ ၀င်ရောက်အမှုထမ်းခွင့် ပေးတော့မယ်လို့ ဆော်ဒီအာဏာပိုင်တွေက မနေ့မှာ ကြေငြာလိုက်ပြီး နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    အမျိုးသမီးတွေကို ကန့်သတ်ချုပ်ချယ်တဲ့ ရှေးရိုးစွဲ ဓလေ့ထုံးတမ်းတွေကို ဆော်ဒီက ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစပြီး တစ်ဖြည်းဖြည်း ဖြေလျော့ပေးနေတာ ဖြစ်ပါတယ်။

    အမျိုးသမီးတွေ ကားမောင်းခွင့် ပိတ်ပင်ထားတာနဲ့ ခရီးသွားရင် အမျိုးသားအုပ်ထိန်းသူ လိုအပ်တဲ့စနစ်ကို ပြီးခဲ့တဲ့နှစ်မှာ ပယ်ဖျက်ပေးခဲ့သလို အမျိုးသမီးတွေကို ရဲတပ်ဖွဲ့ထဲ ၀င်ရောက်အမှုထမ်းခွင့်လည်း ပေးခဲ့ပါတယ်။ အခုနှစ်မှာတော့ စစ်တပ်မှာပါ ၀င်ရောက်အမှုထမ်းခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလုပ်ဆောင်မှုဟာ အမျိုးသမီးတွေ စွမ်းရည်မြှင့်တင်ပေးရေး ခြေလှမ်းတစ်ခုဖြစ်ပြီး တပ်သား၊ တပ်ကြပ်နဲ့ တပ်ကြပ်ကြီး အဆင့်တွေမှာ ၀င်ရောက်အမှုထမ်းနိုင်မှာဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေးလုပ်ငန်းကို ဆော်ဒီအစိုးရက လုပ်ဆောင်နေပေမယ့် အခုနှစ်အတွင်း အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ခံနေရပါတယ်။

    Ref: AFP