News @ M-Media

Tag: SaudiArabia

  • သတင်းထောက် ကာရှိုဂျီ အသတ်ခံရမှုအတွက် ဆော်ဒီက လူ ၅ ဦးကို သေဒဏ်ချ

    သတင်းထောက် ကာရှိုဂျီ အသတ်ခံရမှုအတွက် ဆော်ဒီက လူ ၅ ဦးကို သေဒဏ်ချ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၉
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဝါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ်ကာရှိုဂျီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဆော်ဒီက လူ ၅ ဦးကို မနေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

    ကာရှိုဂျီဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဆော်ဒီအစိုးရနဲ့ တော်ဝင်မိသားစုကို ဝေဖန်ရေးသားလေ့ရှိတဲ့ ကာရှိုဂျီကို သတ်ဖြတ်ဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အမိန့်ပေးခဲ့တာလို့ သတင်းတွေထွက်ခဲ့ပေမယ့် ဆော်ဒီအစိုးရကတော့ ဒါကို ငြင်းဆိုပါတယ်။

    ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ထောက်လှမ်းရေး ဒုတိယအကြီးအကဲ အဟ်မဒ် အလ်-အဆီရီ၊ ‌အစ္စတန်ဘူလ် ကောင်စစ်ဝန်ရုံးက ကောင်စစ်ဝန် မိုဟာမက် အလ်-အိုတိုင်ဘီတို့အပါအဝင် လူ ၁၁ ယောက်ကို ဆော်ဒီက ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

    မနေ့က အမိန့်ချမှတ်အမှုအတွင်း ၅ ဦးကို သေဒဏ်ပေးခဲ့ပြီး၊ ၃ ဦးကို စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ချမှတ်ကာ ၃ ဦးကို တရားသေလွှတ်ပေးခဲ့ပါတယ်။ သတ်ဖြတ်မှုကို ကြီးကြပ်ခဲ့တဲ့ အဟ်မဒ် အလ်-အဆီရီနဲ့ ကောင်စစ်ဝန်ဟောင်း အလ်-အိုတိုင်ဘီတို့ကတော့ သက်‌သေမခိုင်လုံဘူးဆိုတဲ့အချက်နဲ့ လွတ်မြောက်တဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အယူခံဝင်နိုင်မှာ ဖြစ်ပါတယ်။

    ကာရှိုဂျီအသတ်ခံရမှုဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားခဲ့ပါတယ်။ တူရကီထောက်လှမ်းရေးက ရရှိထားတဲ့ ကောင်စစ်ဝန်ရုံး အသံမှတ်တမ်း၊ လုံခြုံရေးကင်မရာမှတ်တမ်းနဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်အရ ကာရှိုဂျီဟာ ကြေးစားလူသတ်အဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ အလောင်းကို ဖြတ်တောက်ကာ အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးအိမ်မှာ အက်စစ်ဖျော ဖျောက်ဖျက်ခဲ့တယ်ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

    ကာရှိုဂျီဝတ်ထားတဲ့အင်္ကျီကို သူနဲ့ ခန္ဓာကိုယ်ပုံစံတူသူက ဝတ်ဆင်ကာ ကောင်စစ်ဝန်ရုံးကနေ အထွက်‌ပြခဲ့တာကြောင့် ဒီသတ်ဖြတ်မှုဟာ သေသေချာချာ စီစဉ်ထားတာဖြစ်တယ်လို့ တူရကီ စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချခဲ့ပါတယ်။

    ကာရှိုဂျီသတ်ဖြတ်ခံရမှုနဲ့ပတ်သက်တဲ့ ကြားနာမှုတွေကို ဆော်ဒီအစိုးရက တခါးပိတ်ဆောင်ရွက်တာဖြစ်ပြီး တူရကီသံရုံးက တာဝန်ရှိသူတစ်ချို့နဲ့ ကာရှိုဂျီရဲ့ မိသားစုတစ်ချို့ကိုသာ တက်ရောက်နားထောင်ခွင့် ပြုခဲ့ပါတယ်။

    Ref: Aljazaeera

  • KL မွတ်စလင်ထိပ်သီးညီလာခံကို OIC က ဝေဖန်ပုတ်ခတ်

    KL မွတ်စလင်ထိပ်သီးညီလာခံကို OIC က ဝေဖန်ပုတ်ခတ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    ဆော်ဒီဘုရင် ဆလ်မန်

    -မလေးရှားနိုင်ငံက ဦးစီးကျင်းပတဲ့ မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးညီလာခံ (KL Summit 2019) ဟာ အစ္စလာမ်သာသနာကို အားနည်းစေလိမ့်မယ်လို့ အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ပြောကြားလိုက်ပါတယ်။

    ကြသာပတေးနေ့က ကွာလာလမ်ပူမြို့မှာ စတင်ခဲ့ပြီး ၃ ရက်တာကြာမြင့်မယ့် အဲဒီညီလာခံကို OIC အဖွဲ့ဝင် ၅၉ နိုင်ငံမှာ နိုင်ငံ ၂၀ လောက်သာ တက်ရောက်ပါတယ်။

    OIC ကို ဦးဆောင်တဲ့ ဆော်ဒီအာရေဗျကတော့ ဒီထိပ်သီးအစည်းအဝေးမှာ သူတို့အဖွဲ့နဲ့ စင်ပြိုင်တယ်လို့ စွပ်စွဲကာ တက်ရောက်ခြင်းမရှိပါဘူး။ မလေးရှားဝန်ကြီးချုပ် မဟာသီက ဆော်ဒီရဲ့ စွပ်စွဲမှုကို ပယ်ချခဲ့ပြီး ဒီအစည်းအဝေးဟာ မွတ်စလင်ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာရေးသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    ဗုဒ္ဓဟူးနေ့မှာ OIC အထွေထွေအတွင်းရေးမှူး ယူစွဖ် အလ်-အိုသိုင်မင်က ထိပ်သီးအစည်းအဝေးကို ထပ်မံဝေဖန်ခဲ့ပြီး မွတ်စလင်တွေအကြား သွေးကွဲစေလိမ့်မယ်လို့ Sky News Arabia နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “OIC ရဲ့ မူဘောင်အပြင်ဘက်ကနေ ထိပ်သီးအစည်းအဝေးတွေ ကျင်းပတာဟာ အစ္စလာမ့်မစ်နိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ အထူးသဖြင့် ကမ္ဘာကြီးမှာ ပြဿနာပေါင်းစုံ ဖြစ်ပွားနေတဲ့ အခုလိုအချိန်မျိုးမှာပေါ့”

    OIC အဖွဲ့ကို အားနည်းစေတာဟာ အစ္စလာမ်သာသနာနဲ့ မွတ်စလင်ကမ္ဘာကို အားနည်းစေလိမ့်မယ်လို့လည်း အိုသိုင်မင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဘုရင် ဆလ်မန်က မွတ်စလင်ကမ္ဘာမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ OIC အဖွဲ့ကနေတစ်ဆင့် သွားသင့်ပြီး ဒါမှ ညီညွတ်မှုကို ရရှိနိုင်မယ်လို့လည်း မလေးရှားရဲ့ဖိတ်ကြားမှုကို တုန့်ပြန်ခဲ့ပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်းခန်းကလည်း ဆော်ဒီကို သွားရောက်ပြီးနောက်ပိုင်း ‌ကွာလာလမ်ပူက ထိပ်သီးညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အလုပ်မဖြစ်

    ဆော်ဒီဦးဆောင်တဲ့ OIC အဖွဲ့ဟာ မွတ်စလင်ကမ္ဘာက ပြဿနာတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တာကြောင့် KL Summit 2019 က မွတ်စလင်ကမ္ဘာမှာ အခြားရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    အစည်းအဝေးကို ဆော်ဒီရဲ့ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ အီရန်၊ တူရကီ၊ ကာတာတို့က နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

    တတ်သိပညာရှင်များအဖွဲ့ Middle East Institute အဖွဲ့ရဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဂျီရော်ဂျီယို ကာဖီရိုနဲ့ ခါလစ် အလ်-ဂျာဘာရ်တို့က အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့အာဏာရှင်ရှင်ဆန်ဆန် လုပ်ရပ်တွေကြောင့် ဆော်ဒီအာရေဗျကို မွတ်စလင်နိုင်ငံကြီးတစ်ချို့က မနှစ်မြို့တော့ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

    တူရကီသမ္မ အာဒိုဂန်ကလည်း မွတ်စလင်ကမ္ဘာက ပြဿနာတွေကို ဖြေရှင်းရာမှာ ရှိပြီးသားအဖွဲ့တွေက ထိထိရောက်ရောက်မဆောင်ရွက်နိုင်ဘဲ KL Summit 2019 အစည်းအဝေးက ဒီကွက်လပ်ကို ဖြည့်ဖို့ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: AFP

  • ဆော်ဒီက စတိတ်ရှိုးတစ်ခုတွင် လူတစ်ယောက်က ဓားဖြင့်ဝင်ထိုး

    ဆော်ဒီက စတိတ်ရှိုးတစ်ခုတွင် လူတစ်ယောက်က ဓားဖြင့်ဝင်ထိုး

    နိုဝင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်က စတိတ်ရှိုးမှာ အမျိုးသားတစ်ဦးက စင်ပေါ်တက်ပြီး ဓားနဲ့ထိုးတာကြောင့် သီဆိုဖျော်ဖြေသူ ၃ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

    ရှိုးပွဲကို မနေ့က ကင်းအဘ်ဒူလာပန်းခြံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ယီမင်အမျိုးသားတစ်ဦးက ဓားနဲ့ဝင်ထိုးခဲ့တာပါ။ လူ့အဖွဲ့အစည်းမှာ တင်းကြပ်မှု ဖြေလျော့ပေးရေး၊ ရေနံအပြင် အခြားစီးပွားရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆော်ဒီဟာ ၂ လတာ ဂီတပွဲတော်တွေကို နိုင်ငံတစ်ဝှမ်းမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

    ရှေးရိုးစွဲယဉ်ကျေးမှုကြီးစိုးတဲ့ ဆော်ဒီမှာ အရင်က ဖျော်ဖြေရေးအခမ်းအနားတွေကို ကျင်းပခွင့်မရပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းကစလို့ မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ လူမှုရေး ကန့်သတ်ရေးမှုတွေကို ဖြေလျော့တာ၊ ဖျော်ဖြေရေးဏ္ဍ မြှင့်တင်ပေးတာတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။

    ဒီလို ပြုပြင်ပြောင်းလဲမှုတွေကို ဆော်ဒီလူငယ်တွေက ထောက်ခံကြပေမယ့် သဘောထားတင်းမာတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာရေးရဲတွေက သူတို့ရဲ့‌ဩဇာကျဆင်းမှာကို စိုးရိမ်တာကြောင့် ဆန့်ကျင်မှုတွေ ရှိလာလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    မနေ့က တိုက်ခိုက်မှုဟာ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်မှုကြောင့်လား၊ ယီမင်စစ်ပွဲမှာ ဆော်ဒီက ပါဝင်မှုကို မကျေနပ်လို့ လုပ်ဆောင်တာလားဆိုတာ တိတိကျကျ မသိရပါဘူး။ ဒဏ်ရာရသူတွေက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ဆေးကုသမှု ခံယူပြီးတဲ့နောက် အခြေအနေ တည်ငြိမ်သွားပြီလို့ ဆော်ဒီအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    Ref: Aljazeera

  • ပြုပြင်ပြောင်းလဲမှုအပြီး ဆော်ဒီခရီးသွားဗီဇာလျှောက်ထားမှု ပိုမိုမြင့်တက်

    ပြုပြင်ပြောင်းလဲမှုအပြီး ဆော်ဒီခရီးသွားဗီဇာလျှောက်ထားမှု ပိုမိုမြင့်တက်

    နိုဝင်ဘာ ၁၊ ၂၀၁၉
    M-Media

    -ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကန့်သတ်ချက်တစ်ချို့ကို ဖယ်ရှားလိုက်ပြီးတဲ့နောက် ၃၃ ရက်အတွင်း ခရီးသွားဗီဇာ ၇ သောင်းကျော် ထုတ်ပေးခဲ့ရပြီး တရုတ်ခရီးသွားတွေ အများစုဖြစ်တယ်လို့ ဆော်ဒီအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    စက်တင်ဘာ ၂၇ ရက်နေ့ကနေ အောက်တိုဘာ ၃၀ ရက်နေ့အထိ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းတွေကနေ ဆော်ဒီနိုင်ငံထဲ ဝင်ရောက်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်ဟာ ၂၈၁၉၀ ဦး ရှိခဲ့တာပါ။

    ခရီးသွားဗီဇာ ရယူခဲ့တဲ့ နိုင်ငံခြားသားခရီးသွား အရေအတွက်ကတော့ ၇၇၀၆၉ ဦး ရှိပါတယ်။ ဗီဇာလျှောက်ထားသူ အများစုက တရုတ်ခရီးသွားတွေဖြစ်ပြီး ၁၇၉၈၈ ဦး ရှိခဲ့ပါတယ်။ ဗြိတိန်ခရီးသွားတွေက ဗီဇာလျှောက်ထားမှုမှာ ဒုတိယနေရာ လိုက်နေပြီး၊ အမေရိကန်ခရီးသွားတွေက တတိယနေရာမှာ ရှိနေပါတယ်။

    ဆော်ဒီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ Jawazat က ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဗီဇာကို အွန်လိုင်း (visa.visitsaudi.com) ကနေဖြစ်စေ၊ စမတ်ဖုန်းအက်ပလီကေးရှင်းကနေဖြစ်စေ ကြိုတင်လျှောက်ထားနိုင်ပြီး၊ လေဆိပ်တွေ၊ နယ်စပ်ဂိတ်တွေမှာလည်း ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဆော်ဒီဗီဇာ လျှောက်ထားဖို့အတွက် နိုင်ငံကူးလက်မှတ်သက်တမ်းဟာ အနည်းဆုံး ၆ လ ရှိရမှာဖြစ်ပြီး ပြက္ခဒိန်တစ်နှစ်အတွင်း ဆော်ဒီနိုင်ငံအတွင်းမှာ အများဆုံး ရက်ပေါင်း ၉၀ အထိ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

    Ref : Saudigazeete

  • ဆော်ဒီနှင့် ယူအေအီးတို့ ပူးတွဲဗီဇာထုတ်ပေးရန် စီစဉ်နေ

    ဆော်ဒီနှင့် ယူအေအီးတို့ ပူးတွဲဗီဇာထုတ်ပေးရန် စီစဉ်နေ

    အောက်တိုဘာ ၃၁၊ ၂၀၁၉
    M-Media

    -‌ဆော်ဒီ-ယူအေအီး နှစ်နိုင်ငံ ပူးတွဲဗီဇာထုတ်ပေးရေး နှစ်နိုင်ငံတာဝန်ရှိသူတွေ ‌ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) စီးပွားရေးဝန်ကြီး ဆူလ်တန် အလ်-မန်ဆူရီက ပြောကြားလိုက်ပါတယ်။

    ပူးတွဲဗီဇာထုတ်ပေးမှုဟာ ၂၀၂၀ ခုနှစ်မှာ စတင်အကြုံးဝင်မှာဖြစ်ပြီး ခရီးသွားသူတွေအနေနဲ့ ဗီဇာတစ်ခုတည်းနဲ့ ၂ နိုင်ငံစလုံးကို သွားရောက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပူးတွဲဗီဇာထုတ်ပေးနိုင်ရေး ဆော်ဒီနဲ့ ယူအေအီးအာဏာပိုင်တွေက ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

    နိုင်ငံအတွင်းဝင်ရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက် တိုးတက်ရေး ဆော်ဒီရဲ့ ကြိုးပမ်းဆောင်ရွက်မှုကနေ ရရှိလာမယ့် အလားအလာတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ အလ်-မန်ဆူရီက ဆိုပါတယ်။

    ဒီဆောင်ရွက်မှုကြောင့် ခရီးသွားလာရေးလုပ်ငန်းသာမက နှစ်နိုင်ငံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာပါ တိုးတက်လာဖို့ မျှော်လင့်ထားပါတယ်။

    အလ်-မန်ဆူရီက ပူးတွဲဗီဇာထုတ်ပေးရင် ခရီးသွားတွေ မြင့်တက်လာမှာဖြစ်တဲ့အတွက် လေယာဉ်ခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Saudi Gazette