News @ M-Media
Tag: SaudiArabia
  • ဆော်ဒီအိမ်ရှေ့မင်းသား ပါကစ္စတန်သို့ရောက်ရှိ၊ စီးပွားရေးစာချုပ်များ ချုပ်ဆို
    ဆော်ဒီအိမ်ရှေ့မင်းသား ပါကစ္စတန်သို့ရောက်ရှိ၊ စီးပွားရေးစာချုပ်များ ချုပ်ဆို
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
    M-Media
    – ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ မနေ့က ပါကစ္စတန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး ကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော်ဖိုး ရှိတဲ့ စီးပွားရေးသဘောတူညီချက်ကိုတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
    နူရ်ခန်းလေတပ်စခန်းကိုရောက်ရှိလာတဲ့ ဘင် ဆလ်မန်မကို ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ကြိုဆိုခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ အစ္စလာမ်မာဘတ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ရေနံ၊ စွမ်းအင်၊ တွင်းထွက်ထုတ်လုပ်ငန်း၊ အားကစားနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီခဲ့ကြပါတယ်။
    “ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ဆက်ဆံရေးဟာ အရင်တုန်းက မရှိခဲ့ဘူးတဲ့အဆင့်ထက်ပိုတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ့် အခုဆက်ဆံရေးဟာ နှစ်ဖက်စလုံးအတွက် အကျိုးအမြတ် ရရှိမှာ ဖြစ်ပါတယ်” လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဂုဏ်ပြုညစာစားပွဲမှာ ပြောကြားခဲ့ပါတယ်။
    မင်းသား မိုဟာမက် ဘင် ဆလ်မန်ကလည်း အနာဂတ်မှာ ပါကစ္စတန်ဟာ အလွန်အရေးပါတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပြီး မိမိတို့ဟာ အဲဒီတိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    နှစ်နိုင်ငံ ကန်ဒေါ်လာ ဘီလီယံ ၂၀ တန်တဲ့ စီးပွားရေးသဘောတူညီချက်တွေထဲမှာ ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဂွါဒါမြို့မှာ ရေနံချက်စက်ရုံ၊ ရေနံထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး၊ ဓာတ်ငွေ့အရည်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးတွေ ပါဝင်တယ်လို့ ပါကစ္စတန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။
    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ကွာမာရ် ဂျာဗဒ် ဘဂ်ျဝါ၊ သမ္မတ အာရစ်ဖ် အလ်ဗီတို့နဲ့ ဒီကနေ့မှာ တွေ့ဆုံပြီးတဲ့နောက် အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
    ညစစားပွဲမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက မက္ကာကို ဟဂ်ျဘုရားဖူးသွားတဲ့ ပါကစ္စတန်နိုင်ငံသားတွေအတွက် ဆော်ဒီကိုရောက်မှ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်တာထက် ပါကစ္စတန်မှာပဲ တစ်ခါတည်း ဆောင်ရွက်ပေးဖို့၊ ဆော်ဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ ပါကစ္စတန်နိုင်ငံသား ၂.၅ သန်းအရေး၊ ဆော်ဒီထောင်တွေထဲမှာ ရောက်နေတဲ့ ပါကစ္စတန်နိုင်ငံသား ၃၀၀၀ ကိစ္စတွေကို ဂရုတစ်စိုက် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
    ဘင် ဆလ်မန်မက ဒီတောင်းဆိုမှုတွေကို စဉ်စားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် ပါကစ္စတန်အစိုးရက ထုတ်ပြန်တဲ့ကြေငြာချက်မှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွာရေးနဲ့ လူမှုရေးဆိုင်ရာ သဘောတူညီချက်တွေ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ဖို့အတွက် ‘အထူး ညှိနှိုင်းဆွေးနွေးရေးကောင်စီ’ ဖွဲ့စည်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
    Ref: Aljazeera
  • လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ထောက်ခံကြောင်း ဆော်ဒီ ထပ်မံအတည်ပြု
    လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ထောက်ခံကြောင်း ဆော်ဒီ ထပ်မံအတည်ပြု
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉
    M-Media
    ဆော်ဒီဘုရင် ဆလ်မန်နှင့် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်
    – အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်လာရေး ဆော်ဒီအာရေဗျက ဆက်လက်ထောက်ခံနေဆဲ ဖြစ်တယ်လို့ ဆော်ဒီဘုရင် ဆလ်မန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။
    မြို့တော်ရီယာ့ဒ်ကို ရောက်ရှိနေတဲ့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ တွေဆုံစဉ်အတွင်း ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ပါလက်စတိုင်းပြည်သူတွေ လွတ်လပ်တဲ့ နိုင်ငံတစ်ခု ရပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်အပေါ် အမြဲတမ်းရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။
    အဘတ်စ်က ပါလက်စတိုင်းပိုင်နက်အတွင်း လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း၊ အစ္စရေးက ပါလက်စတိုင်း ပိုင်နက်၊ ပါလက်စတိုင်းပြည်သူနဲ့ မြင့်မြတ်ရာနေရာတွေအပေါ်မှာ ကျူးလွန်မှုတွေအကြောင်း၊ ‘ရာစုနှစ်၏ သဘောတူညီချက်’ လို့ခေါ်တဲ့ သဘောတူညီချက်တစ်ခုကို အမေရိကန်နဲ့ အပေါင်းအပါတွေက အတည်ပြုဖို့ လုပ်ဆောင်နေတဲ့အကြောင်းတွေကို ဆော်ဒီဘုရင်ထံ ပြောပြခဲ့ပါတယ်။
    အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာညီလာခံတစ်ခုကို အခုတစ်ပတ်အတွင်း ပိုလန်နိုင်ငံ ၀ါဆောမြို့မှာ ကျင်းပဖို့ ရှိနေပြီး အမေရိကန်က ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးအစီအစဉ်အတွက် အရိပ်အမြွက် ထုတ်ပြောမယ်လို့ မျှော်လင့်ရပါတယ်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဒီညီလာခံဟာ အရှေ့အလယ်ပိုင်းမှာ အီရန်က မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေမှုကို ဆွေးနွေးဖို့ဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဥရောပနိုင်ငံတော်တော်များများဟာ ဒုတိယအဆင့် တာဝန်ရှိသူတွေကိုသာ ညီလာခံလွှတ်ဖို့ရှိနေပါတယ်။
    သမ္မတဒေါ်နယ်ထရမ့်ရဲ့ အကြံပေးဖြစ်ပြီး သားမက်လည်းဖြစ်တဲ့ ဂျရက် ကက်ရှ်နာဟာ ဒီညီလာခံမှာ စကားပြောမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ကက်ရှ်နာဟာ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးအတွက် တာဝန်ယူဆောင်ရွက်နေရသူလည်း ဖြစ်ပါတယ်။
    Ref: Aljazeera
  • ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ဧရာမစီမံကိန်းတစ်ခုကို ဆော်ဒီစတင်
    ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ဧရာမစီမံကိန်းတစ်ခုကို ဆော်ဒီစတင်
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media
    အလ်-အူလာဒေသမှ မြင်ကွင်းတစ်ခု
    – ရှေးဟောင်း သဲကန္တာရမြို့ အလ်-အူလာမှာ ဖော်ဆောင်မယ့် ဧရာမ ခရီးသွားလုပ်ငန်း စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ဆော်ဒီအာရေဗျက မနေ့မှာ ပြုလုပ်ခဲ့ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် တက်ရောက်ခဲ့ပါတယ်။
    အဲဒီစီမံကိန်းတွေထဲမှာ သဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ဘေးမဲ့တောတွေ ဖန်တီးပေးမယ့် Sharaan Nature Reserve စီမံကိန်း၊ အာရေဗျ ကျားသစ်တွေကို ထိန်းသိမ်းမယ့် Global Fund for the Arabian Leopard စီမံကိန်း၊ အလ်-အူလာဒေသက ရှေးဟောင်းမြို့များ ထိန်းသိမ်းရေးစီမံကိန်းနဲ့ အပန်းဖြေစခန်း စီမံကိန်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
    တော်ဝင်ကော်မရှင်က ဒီစီမံကိန်းတွေဟာ ၂၀၃၅ ခုနှစ်ရောက်ရင် တိုင်းပြည်ရဲ့ ဂျီဒီပီကို ကန်ဒေါ်လာ ၃၂ ဘီလီယံ တိုးတက်စေမှာဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၃၈၀၀၀ လောက်ကို ဖန်တီးပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
    ယဉ်ကျေးမှုဝန်ကြီးနဲ့ တော်ဝင်ကော်မရှင် အကြီးအကဲဖြစ်သူ မင်းသား ဘဒရ် ဘင် အဘ်ဒူလာ ဘင် ဖာရ်ဟန်က Sharaan Nature Reserve စီမံကိန်းဟာ ဒေသတွင်း ဂေဟစနစ်တွေ ညီညွတ်ရေးအတွက် စံနှုန်းသစ်တစ်ခုကို ဖော်ဆောင်ပေးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    စီမံကိန်းဖွင့်ပွဲအခမ်းအနားကို အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ ဆော်ဒီအစိုးရအကြီးအကဲတွေ တက်ရောက်ခဲ့ပါတယ်။
    အလ်-အူလာဒေသမှာ အာရပ်ဘုရင့်နိုင်ငံတွေ ပေါ်ထွက်ခဲ့ဖူးတာကြောင့် ရှေးဟောင်းအမွေအနှစ် ကြွယ်ဝတဲ့ဒေသလည်းဖြစ်ပါတယ်။ အဲဒီဒေသကို ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်လာရေး ဆော်ဒီက ကြိုးပမ်းနေပြီး အဘူဒါဘီက နာမည်ကျော် အနုပညာနဲ့ ယဉ်ကျေးမှုပြတိုက် Louvre Abu Dhabi ကို တည်ဆောက်ပေးခဲ့တဲ့ ပြင်သစ် ဗိသုကာပညာရှင် ဂျန်နူဗဲလ်က အလ်-အူလာ တောင်တန်းတွေပေါ်မှာ အပန်းဖြေစခန်းတစ်ခုကို တာဝန်ယူ ဒီဇိုင်းဆွဲပေးမှာ ဖြစ်ပါတယ်။
    ဆော်ဒီဟာ စီးပွားရေး ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှုကို လျှောချဖို့အတွက် ၂၀၃၀ ရည်မှန်းချက် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
    Ref: Alarabiya
  • ဂျာနယ်လစ်ကာရှိုဂျီ အသတ်ခံရမှု ဆော်ဒီအစိုးရလက်ချက်ဟို ကုလပြော
    ဂျာနယ်လစ်ကာရှိုဂျီ အသတ်ခံရမှု ဆော်ဒီအစိုးရလက်ချက်ဟို ကုလပြော
    ဖေဖော်ဝါရီ ၈၊ ၂၀၁၉
    M-Media
    – ၀ါရှင်တန်ပို့စ်က ဂျာနယ်လစ် ကာရှိုဂျီသေဆုံးမှုကို စုံစမ်းစစ်ဆေးရာမှာ ဆော်ဒီအစိုးရအာဏာပိုင်တွေက ကြိုတင်စီစဉ် သတ်ဖြတ်တယ်ဆိုတာကို တွေ့ခဲ့ရကြောင်း ကုလသမ္မဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အဂ်နက်စ် ကာလာမဒ်က ပြောကြားလိုက်ပါတယ်။
    မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကာလာမဒ်က သူမနဲ့အဖွဲ့ဟာ တူရကီထောက်လှမ်းရေးထံကနေ ကာရှိုဂျီ အသတ်ခံရမှုကို ဖမ်းယူထားတဲ့ ‘ရက်စက်ကြောက်မယ်ဖွယ်’ အသံမှတ်တမ်း တစ်စိတ်တစ်ပိုင်းကို နားထောင်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
    ဒီကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ တူရကီရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆော်ဒီအာရေဗျက ဖျက်လိုဖျက်ဆီး လုပ်တယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ကုလက ပညာရှင် ၄ ဦးပါဝင်တဲ့အဖွဲ့ဟာ တူရကီကိုသွားရောက်ကာ တစ်ပတ်ကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တာပါ။
    ကာလာမဒ်က သူတို့အဖွဲ့ဟာ ဆော်ဒီကို ၀င်ရောက်ခွင့်ရရေး တောင်းဆိုခဲ့တယ်လို့ ပြောကြားခဲ့ပြီး ကာရှိုဂျီအသတ်ခံရမှုအတွက် ဆော်ဒီအစိုးရက ဖမ်းဆီးထားတဲ့ လူ ၁၁ ဦး တရားရင်ဆိုင်မှုမှာ မျှတမှုမရှိမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
    သူမဟာ အဖွဲ့ရဲ့ တွေ့ရှိချက် နောက်ဆုံး အစီရင်ခံစာကို ဇွန်လမှာပြုလုပ်မယ့် ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်ပြဖို့ ရှိနေပါတယ်။
    ဆော်ဒီအစိုးရနဲ့ တော်ဝင်မိသားစုကို ဝေဖန်ရေးသားလေ့ရှိတဲ့ ဂျာနယ်လစ် ဂျမားလ်ကာရှိုဂျီဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်နေ့က အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ၀င်သွားပြီးတဲ့နောက် အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
    အစပိုင်းမှာ ဆော်ဒီအစိုးရက ကာရှိုဂျီ အသတ်ခံရမှုကို ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ၀န်ထမ်းတွေနဲ့ စကားများ ထိုးကြိတ်ရာကနေ သေဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တူရကီက ဒီသတ်ဖြတ်မှုမှာ ဆော်ဒီအစိုးရ ထိပ်ပိုင်းအရာရှိတွေ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးက
    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကိုယ်တိုင် သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာလို့ ယုံကြည်နေပါတယ်။
    ဆော်ဒီအစိုးရက ဒီသတ်ဖြတ်မှုအတွက် ထောက်လှမ်းရေးအကြီးအကဲဟောင်းအပါအ၀င် လူ ၁၁ ဦးကို ဖမ်းဆီးကာ တရားစွဲဆိုထားတယ်လို့ နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera
  • ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ပြန်ရ
    ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ပြန်ရ
    ဖေဖော်ဝါရီ ၁၊ ၂၀၁၉
    M-Media
    ခြစားမှုတိုက်ဖျက်ရေးကို ဦးဆောင်ခဲ့သည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်
    – တစ်နှစ်ကျော်ကြာမြင့်ခဲ့တဲ့ ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ ကန်ဒေါ်လာ ၁၀၆ ဘီလီယံ ပြန်ရခဲ့ပြီး လူတစ်ချို့ကို ခြစားမှုနဲ့ တရားစွဲဆိုထားတယ်လို့ ဆော်ဒီတော်ဝင်နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။
    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ အဲဒီခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး တော်ဝင်မင်းသားတွေ၊ ၀န်ကြီးတွေနဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေကို ထိန်းသိမ်းစစ်ဆေးခဲ့တာပါ။
    ဗုဒ္ဓဟူးနေ့ နန်းတော်ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ လူပေါင်း ၃၈၁ ဦးကို ဆင့်ခေါ်စစ်ဆေးခဲ့ပြီး ၈၇ ဦးက သူတို့အပေါ် ပြုလုပ်ထားတဲ့ စွဲချက်တွေအတွက် ၀န်ခံခဲ့ကာ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးပြီး ဖြေရှင်းဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါတွေလဲဆိုတာကို အတိအကျ မရေးထားပါဘူး။
    ၅၆ ဦးကို ရှိပြီးသား ရာဇ၀တ်မှုစွဲချက်တွေကြောင့် ရှေ့နေချုပ်က ဖြေရှင်းမှုကို လက်မခံခဲ့ဘဲ၊ ပိုင်ဆိုင်မှု ပြန်မအပ်တဲ့ ၈ ဦးကို ခြစားမှုနဲ့ တရားစွဲဆိုထားတယ်လို့ ကြေငြာချက်က ဆိုပါတယ်။
    တရားစွဲဆိုခြင်းမရှိသူတွေကို လွှတ်ပေးခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပေမယ့် ခရီးသွားခွင့်ပိတ်ထားတာ၊ ဘဏ်က ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားတာ၊ စောင့်ကြည့်မှုတွေ ရှိနေလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။
    အဲဒီခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ ဖမ်းဆီးထားသူတွေကို နှိပ်စက်မှုရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အာဏာပိုင်တွေက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
    ဒီလုပ်ရပ်ဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အာဏာပြမှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘင် ဆလ်မန်ကတော့ ဒါဟာ စီးပွားရေး ကောင်းမွန်လာအောင် ဆောင်ရွက်တဲ့ ‘ဆေးမြီတို’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera