News @ M-Media
Tag: SaudiArabia
  • ကန်နှင့်ဆော်ဒီက သူပုန်များကို ထောက်ပံ့သည့်လက်နက်များ IS လက်ထဲသို့ရောက်နေ
    ကန်နှင့်ဆော်ဒီက သူပုန်များကို ထောက်ပံ့သည့်လက်နက်များ IS လက်ထဲသို့ရောက်နေ
    ဒီဇင်ဘာ ၁၅၊ ၂၀၁၇
    M-Media
    IS ထံမှ သိမ်းဆည်းရမိသည့် လက်နက်များကို အီရတ်အစိုးရက ပြသထားစဉ်
    – အရှေ့အလယ်ပိုင်းက အစိုးရဆန့်ကျင်ရေး သူပုန်တွေကို အမေရိကန်နဲ့ ဆော်ဒီတို့က ထောက်ပံ့ပေးနေတဲ့ လက်နက်တွေဟာ IS အကြမ်းဖက်အဖွဲ့တွေလက်ထဲ ရောက်ရောက်သွားတယ်လို့ ပဋိပက္ခရေးရာ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Conflict Armament Research (CAR) က ပြောကြားလိုက်ပါတယ်။
    အီရတ်နဲ့ ဆီးရီးယားတို့မှာ CAR က ၃ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ပြီးတဲ့နောက် Weapons of the Islamic State ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
    IS ရဲ့ လက်နက်အများစုဟာ အီရတ်နဲ့ ဆီးရီးယားစစ်တပ်တွေဆီကနေ လုယူခဲ့တာဖြစ်ပေမယ့် တစ်ချို့တွေဟာ ဆီးရီးယားပြည်တွင်းစစ်အတွင်း အာဆတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်တွေကို အမေရိကန်နဲ့ ဆော်ဒီတို့လို အခြားနိုင်ငံတွေကနေ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေဖြစ်တယ်ဆိုတာ သုတေသနမှာ တွေ့ခဲ့ရပါတယ်။
    CAR က ဆန်းစစ်ခဲ့တဲ့ လက်နက်တွေဟာ ဥရောပလုပ်လက်နက်တွေဖြစ်ပြီး အမေရိကန်က ဥရောပကနေတစ်ဆင့် ဆီးရီးယားသူပုန်တွေလက်ထဲကို ထည့်ပေးခဲ့တာလို့ ဆိုပါတယ်။
    IS အကြမ်းဖက်အဖွဲ့က အသုံးပြုတဲ့ လက်နက်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်၊ ရုရှားနဲ့ အရှေ့ဥရောပက ထုတ်လုပ်တဲ့ လက်နက်တွေဖြစ်ပြီး ရုရှားလုပ်လက်နက်တွေက အများဆုံး ဖြစ်နေပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းက အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေပါ။
    “အစပိုင်းမှာ အီရတ်နဲ့ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေထံကနေ ဒီအဖွဲ့ဟာ လက်နက်တွေလုခဲ့တယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်နေမှုကို ဒီတွေ့ရှိချက်တွေက ထောက်ခံနေပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    ဒီတွေ့ရှိချက်တွေဟာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အများကြီး ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ လက်နက်ထောက်ပံ့တာမျိုးဟာ ထင်ထားသလို ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို သတိပေးနေတယ်လို့ CAR က ထောက်ပြခဲ့ပါတယ်။
    IS ဟာ သူတို့ သိမ်းပိုက်ထားတဲ့ အီရတ်နဲ့ ဆီးရီးယားက နယ်မြေတွေမှာ လက်နက်တွေ ထုတ်လုပ်နေတယ်လို့ CAR က ပြီးခဲ့တဲ့နှစ်မှာ ဖော်ပြခဲ့ဖူးပါတယ်။
    အီရတ်ကတော့ သူတို့အနေနဲ့ IS အကြမ်းဖက်အဖွဲ့လက်ထဲက နယ်မြေအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် ဒီအဖွဲ့နဲ့ စစ်ပွဲပြီးဆုံးသွားပြီလို့ အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာခဲ့ပါတယ်။
    Ref: Aljazeera
  • ၂၀၁၈ တွင် ဆော်ဒီက ရုပ်ရှင်ရုံလိုင်စင်များ ထုတ်ပေးမည်
    ၂၀၁၈ တွင် ဆော်ဒီက ရုပ်ရှင်ရုံလိုင်စင်များ ထုတ်ပေးမည်
    ဒီဇင်ဘာ ၁၁၊ ၂၀၁၇
    M-Media
    – ၂၀၁၈ ခုနှစ်မှာ ရုပ်ရှင်ရုံတွေကို လိုင်စင်ထုတ်ပေးမယ်လို့ ဆော်ဒီက ယဉ်ကျေးမှုနဲ့ သတင်းအချက်အလက်ဆိုင်ရာဝန်ကြီး အောင်ဝဒ် ဘင် ဆာလေဟ် အလ်အောင်ဝဒ်က ပြောကြားလိုက်ပါတယ်။
    “ဒီလုပ်ငန်းရဲ့ အာဏာပိုင်အဖွဲ့ဖြစ်တဲ့ ရုပ်ရှင်မီဒီယာဆိုင်ရာ အထွေထွေကော်မရှင်ဟာ နိုင်ငံအတွင်းမှာ ရုပ်ရှင်ရုံတွေကို လိုင်စင်ထုတ်ပေးဖို့ လုပ်ငန်းစဉ်ကို စတင်နေပါပြီ။ ၂၀၁၈ ခုနှစ် မတ်လအတွင်းမှာ ပထမဆုံး ရုပ်ရှင်ရုံတွေ စတင်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ထားပါတယ်”
    ဆော်ဒီအစိုးရဟာ Vision 2030 စီမံကိန်းအဖြစ် ယဉ်ကျေးမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လည်းပါဝင်ပြီး၊ ဆော်ဒီရဲ့ လူမှုဘ၀တွေကို ဖွင့်ပေးဖို့၊ အလုပ်အကိုင်ဖန်တီးပေးဖို့ ရည်ရွယ်တယ်လို့ စီမံကိန်းကို ကြေငြာခဲ့တဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာ ဆော်ဒီနိုင်ငံသားတွေဟာ အနီးဆုံးဖြစ်တဲ့ ဒူတိုင်းကိုသွားပြီး ရုပ်ရှင်ကြည့်တာ၊ အားကစားကွင်းတွေမှာ သွားရောက် ကစားတာတွေအတွက် တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၂၅၀ လောက် သုံးနေကြပြီး အခု ရုပ်ရှင်ရုံလိုပ်စင်တွေ ချပေးမယ့်အစီအစဉ်ဟာ ဒီငွေတွေကို နိုင်ငံပြင်ပမထွက်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
    ဆော်ဒီဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာလည်း ဂီတပွဲတွေ၊ အမျိုးသမီးတွေပါ တက်ရောက်ခွင့်ရတဲ့ လွတ်လပ်ရေးအခမ်းအနားတွေကို လုပ်ခဲ့ပြီး လူမှုပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။
    Ref: Alarabiya
  • အာရပ်ဒေသ အကြမ်းဖက်တိုက်ဖျက်ရေး ဗီဒီယိုပြိုင်ပွဲတွင် ဆော်ဒီပထမရ
    အာရပ်ဒေသ အကြမ်းဖက်တိုက်ဖျက်ရေး ဗီဒီယိုပြိုင်ပွဲတွင် ဆော်ဒီပထမရ
    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media
    – တူနီးရှားနိုင်ငံ တူနစ်မြို့မှာ ယခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲမှာ ဆော်ဒီက ရုပ်ရှင်ဇာတ်ကားတစ်ခုဟာ ပထမဆု ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
    အာရပ် ပြည်ထဲရေးဝန်ကြီးများ၏ အတွင်းဝန်ဌာနက ဦးစီးကျင်းပတဲ့ ၄၁ ကြိမ်မြောက် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်မှူးများညီလာခံမှာ ဒီပြိုင်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက လက်အောက်က ပြည်သူ့လုံခြုံရေးအာဏာပိုင်အဖွဲ့က ရိုက်ကူးတင်ဆက်တဲ့ ဗီဒီယိုက ဆုရရှိခဲ့တာပါ။
    အာရပ်ပြည်ထဲရေးဝန်ကြီးများကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး မိုဟာမက် ဘင် အလီ ကိုမန်က ဆုချီးမြှင့်ခဲ့ပြီး ဆော်ဒီ ပြည်သူ့လုံခြုံရေးအာဏာပိုင်အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူ ဂါမာလာဟ် ဘင် မိုဟာမက် အလ်-ဇဟ်ရာနီက ရယူခဲ့ပါတယ်။
    ညီလာခံကို တူနီးရှားဝန်ကြီးချုပ် ယူဆက်ဖ် ချာဟဒ်က အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး အာရပ်နိုင်ငံတွေက လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ ကိစ္စရပ်တွေ၊ အစွန်းရောက်ဝါဒ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွေကို တက်ရောက်လာသူတွေက ဆွေးနွေးခဲ့ပါတယ်။
    Ref: Arab News
  • ခြစားမှုစွဲချက်တင်ခံရသူများ နိုင်ငံပိုင်ငွေ ပြန်ပေးရန် သဘောတူဟု ဆော်ဒီထုတ်ပြန်
    ခြစားမှုစွဲချက်တင်ခံရသူများ နိုင်ငံပိုင်ငွေ ပြန်ပေးရန် သဘောတူဟု ဆော်ဒီထုတ်ပြန်
    ဒီဇင်ဘာ ၆၊ ၂၀၁၇
    M-Media
    ခြစားမှုတိုက်ဖျက်ရေးကို ဦးဆောင်နေသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်
    – ခြစားမှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများနှင့် စစ်ဆေးခံရသူများထဲမှ အများစုမှာ နိုင်ငံပိုင် ငွေများနှင့် ပစ္စည်းများကို ပြန်ပေးခြင်းအားဖြင့် ပြေလည်အောင် ဖြေရှင်းရန် သဘောတူညီခဲ့သည်ဟု ဆော်ဒီရှေ့နေချုပ်က ပြောကြားလိုက်သည်။
    “ခြစားမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ လူအများစုဟာ ပြေလည်အောင်ဖြေရှင်းဖို့ သဘောတူခဲ့ပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည့်စုံအောင် ဆောင်ရွက်နေပါတယ်။ တရားရေးဌာနဟာ သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ လွှဲပြောင်းရရှိထားတဲ့ ဖိုင်တွေကို စစ်ဆေးပြီး တစ်ချို့ကို ထိန်းသိမ်းထားကာ ကျန်တဲ့လူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်” ဟု ရှေ့နေချုပ်က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    ခြစားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရသူ အရေအတွက်မှာ စုစုပေါင်း ၃၇၆ ဦး ရှိသည်ဟု ကြေငြာချက်က ဆိုသည်။
    ကော်မရှင်မှာ ဖမ်းဆီးထားသူများနှင့် ညှိနှိုင်းခြင်း၊ နိုင်ငံပိုင် ရန်ပုံငွေများ ပြန်ပေးရန် ကမ်းလှမ်းခြင်း၊ အချိန်ကြာမြင့်လေ့ရှိသည့် တရားရေး လုပ်ငန်းစဉ်များကို အချိန်တိုတိုဖြင့် ပြီးစီးအောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေသည်ဟုလည်း ရှေ့နေချုပ်၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်သည့် အဆိုပါ ခြစားမှုတိုက်ဖျက်ရေး လုပ်ငန်းမှာ မင်းသား၏ အာဏာစုစည်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
    Ref: Alarabiya
  • ဆော်ဒီတွင် နိုင်ငံ ၁၀၀ ကျော်မှ အလုပ်သမား ၁၁ သန်းရှိပြီး ထပ်မံစွဲဆောင်ရန် အစိုးရက ပြင်ဆင်နေ
    ဆော်ဒီတွင် နိုင်ငံ ၁၀၀ ကျော်မှ အလုပ်သမား ၁၁ သန်းရှိပြီး ထပ်မံစွဲဆောင်ရန် အစိုးရက ပြင်ဆင်နေ
    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media
    – ဆော်ဒီအာရေဗျတွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ နိုင်ငံခြားသား အလုပ်သမားပေါင်း ၁၁ သန်းရှိပြီး ကမ္ဘာ့ အကြီးဆုံး နိုင်ငံခြားသား အလုပ်သမားဈေးကွက်တွင် ပါဝင်သော နိုင်ငံတစ်ခု ဖြစ်နေသည်ဟု ဆော်ဒီအာဏာပိုင်များက ပြောကြားလိုက်သည်။
    ယခုတစ်ပတ်အစောပိုင်းတွင် ဆော်ဒီ ကုန်သည်ကြီးများကောင်စီ၌ ပြုလုပ်သည့် အခမ်းအနားတွင် ဆော်ဒီ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်များနှင့် ကိုလံဘိုမှ ကိုယ်စားလှယ် ၃၂ ဦးတို့အား ပြောကြားသော မိန့်ခွန်း၌ ဆော်ဒီ အလုပ်သမားနှင့် လူမှုဖွံ့ဖြိုးရေး ၀န်ကြီးဌာမှ အကြီးတန်းတာဝန်ရှိသူ အဒ်နန် ဘင် အဘ်ဒူလာ အလ်-နအင်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    အဆိုပါ နိုင်ငံခြားသား အလုပ်သမား ၁၁ သန်းမှာ ဆော်ဒီရှိ နယ်ပယ်အသီးသီးတွင် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ၂၀၃၀ စီမံကိန်းကာလအတွင်း နိုင်ငံခြားသားအလုပ်သမားများကို ပိုမိုစွဲဆောင်သွားမည်ဟုလည်း နအင်းက ဆိုသည်။
    အလုပ်ခန့်အပ်သူများနှင့် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန်နှင့် နိုင်ငံခြားသားအလုပ်သမားများအကြား ခိုက်ရန်ဖြစ်ပွားမှုများ လျှော့ချရန်အတွက် ဥပဒေများ ပြဌာန်းရန် ဆော်ဒီ အလုပ်သမား ၀န်ကြီးဌာနမှာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO)၊ အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေသည်။
    နအင်းက နိုင်ငံခြားအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ စာချုပ်ဖောက်ဖျက်ခံရခြင်း၊ လစာမရခြင်း၊ လစာနှောင့်နှေးခြင်းတို့ကို ကာကွယ်ပေးနိုင်ရန်အတွက် နိုင်ငံတကာ သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးထားသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ဆော်ဒီ ကုန်သည်ကြီးများကောင်စီတွင် ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော သီရိလင်္ကာ သံအမတ် အဇ်မီ သာဆင်မ်က နိုင်ငံခြားသား အလုပ်သမားများအပေါ် ဆော်ဒီအစိုးရ၏ ကာကွယ်ပေးမှုများအတွက် ချီးကျူးပြောဆိုခဲ့သည်။
    ဆော်ဒီတွင် သီရိလင်္ကာနိုင်ငံမှ အလုပ်သမား ၂ သိန်းကျော် ရှိနေပြီး တစ်ဝက်ခန့်မှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
    ဆော်ဒီမှာ ကမ္ဘာပေါ်တွင် တတိယမြောက် နိုင်ငံခြားသားအလုပ်သမား အများဆုံးရှိရာ နိုင်ငံဖြစ်သည်။
    Ref: Arabnews