News @ M-Media

Tag: SaudiArabia

  • ဟဂ်ျခရီးသွားများအတွက် သင်္ဘောခရီးစဉ်ကို အိန္ဒိယ ပြန်လည်စီစဉ်

    ဟဂ်ျခရီးသွားများအတွက် သင်္ဘောခရီးစဉ်ကို အိန္ဒိယ ပြန်လည်စီစဉ်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    ဟဂ်ျသွားရောက်မည့် သားဖြစ်သူကို နှုတ်ဆက်နေသော အိန္ဒိယအဘွားအို

    – ဟဂ်ျဘုရားဖူးခရီးစဉ်ကို စားရိတ် သက်သက်သာသာနဲ့ ရေလမ်းကြောင်းကနေ သွားရောက်နိုင်မယ့် အစီအစဉ်တစ်ခုကို အိန္ဒိယက စီစဉ်နေပြီး ဆော်ဒီအာရေဗျကလည်း ဒီအစီအစဉ်ကို သဘောတူလိုက်ပါတယ်။

    အိန္ဒိယမွတ်စလင်တွေဟာ အရင်က ဟဂ်ျပြုဖို့အတွက် ဆော်ဒီအာရေဗျကို သွားတဲ့အခါ မွမ်ဘိုင်းကနေ ဂျစ်ဒါကို သင်္ဘောနဲ့ သွားရောက်ခဲ့ကြတာပါ။

    ၁၀ ရက်နေက ၁၂ ရက်အထိ ကြာမြင့်လေ့ရှိတဲ့ ဒီလမ်းကြောင်းကို ၁၉၉၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံပိုင် သင်္ဘောတွေရဲ့ ကြံ့ခိုင်မှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်းမှာ လေယာဉ်နဲ့ သွားရောက်ရတာ ဖြစ်ပါတယ်။

    ဒီနှစ်ကနေစပြီး အိန္ဒိယအစိုးရဟာ ခေတ်မီသင်္ဘောကြီးတွေနဲ့ မွတ်စလင်တွေကို မွမ်ဘိုင်း၊ ကိုလ်ကတားနဲ့ ကိုချီတို့ကတစ်ဆင့် ဆော်ဒီကို ပို့ဆောင်ပေး စီစဉ်နေပါတယ်။ သင်္ဘောတစ်စီးကို လူပေါင်း ၅၀၀၀ ၀န်းကျင် စီးနိုင်မှာဖြစ်ပြီး ၂ ရက်ကနေ ၃ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

    အိန္ဒိယ လူနည်းစုရေးရာဝန်ကြီး မွခ်တာရ် အဘတ်စ် နက်ဗီက ဒီလို ရေကြောင်းခရီးစဉ်ကြောင့် ဟဂ်ျပြုသူတွေဟာ ကုန်ကျစားရိတ် ၅၀ ရာခိုင်နှုန်းကျော်လောက် သက်သာမှာဖြစ်ကြောင်း၊ ဟဂ်ျသွားမယ့်သူတွေအနေနဲ့ သူတို့ရဲ့ တတ်နိုင်မှုကိုလိုက်ပြီး လေယာဉ် ဒါမှမဟုတ် သင်္ဘောနဲ့ သွားမလားဆိုတာကို ချိန်ဆနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ဟဂ်ျသွားမယ့်သူတွေအတွက် နိုင်ငံပိုင် Air India က မြို့ ၂၃ မြို့ကနေ ဂျစ်ဒါကို တိုက်ရိုက်ပျံသန်းပေးနေတာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • စားရိတ်ဖြတ်တောက်မှုကို မကျေနပ်သည့် တော်ဝင်မင်းသားများကို ဆော်ဒီ ဖမ်းဆီး

    စားရိတ်ဖြတ်တောက်မှုကို မကျေနပ်သည့် တော်ဝင်မင်းသားများကို ဆော်ဒီ ဖမ်းဆီး

    ဇန်န၀ါရီ ၆၊ ၂၀၁၈
    M-Media

    ဆော်ဒီဘုရင် ဆလ်မန်

    – နိုင်ငံ၏ ချွေတာရေး ပေါ်လစီများကို ဝေဖန်ဆန္ဒပြသည့် တော်ဝင်မင်းသား ၁၁ ဦးကို ဆော်ဒီအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု ဆော်ဒီသတင်းဝဘ်ဆိုက် Sabq က ဖော်ပြခဲ့သည်။

    အဆိုပါ မင်းသားများမှာ ၎င်းတို့ အတွက် အထွေထွေစားရိတ်များ ထောက်ပံ့မှုကို ရပ်ဆိုင်းသည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ယနေ့တွင် ရီယာ့ဒ်ရှိ အစိုးရအိမ်တော်၌ ဆန္ဒပြခဲ့ကြသည်။

    အစိုးရကမူ ၎င်းတို့ကို ဖမ်းဆီးကာ ရီယာ့ဒ်တောင်ပိုင်းရှိ လုံခြုံရေးမြင့် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

    တော်ဝင်မိသားစုဝင်များအတွက် ရေဖိုး၊ မီးဖိုးများ ပေးမှုကို ရပ်တန့်ခြင်း၊ ထပ်တိုးအခွန်များ ကောက်ခံခြင်းတို့ အပါအ၀င် စီးပွားရေးပြုပြင်ပြောင်းလဲရေး မူကြမ်းကို ဆော်ဒီအစိုးရက မကြာသေးမီတွင် ပြဌာန်းခဲ့သည်။

    ဆော်ဒီဘုရင် ဆလ်မန်က နေထိုင်စားရိတ် ကြီးမြင့်မှုများကို ကာမိစေရန်အတွက် အစိုးဝန်ထမ်းများအား လခတိုးပေးရန် ယနေ့တွင် အမိန့်ထုတ်ခဲ့သည်။ ထိုအစီအစဉ်အရ ကျောင်းသားများမှာလည်း ၎င်းတို့၏ လစဉ် ထောက်ပံ့ကြေးငွေများကို အစိုးရထံမှ တိုးမြှင့်ရရှိမည်ဖြစ်သည်။

    Ref: Aljazeera

  • ယီမင်ရှိ ဟူသီသူပုန်များက ပစ်လွှတ်သည့် ဒုံးကျည်ကို ဆော်ဒီက ကြားဖြတ်ဟန့်တား

    ယီမင်ရှိ ဟူသီသူပုန်များက ပစ်လွှတ်သည့် ဒုံးကျည်ကို ဆော်ဒီက ကြားဖြတ်ဟန့်တား

    ဇန်န၀ါရီ ၅၊ ၂၀၁၈

    M-Media

    – ယီမင်ရှိ ဟူသီသူပုန်များက ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆော်ဒီအာရေဗျက ပြောကြားလိုက်သည်။

    ဟူသီသူပုန်များက ထုတ်လွှင့်သော Al Masirah သတင်းဌာနက ဟူသီအဖွဲ့မှာ ဆိုဗီယက်လုပ် Qaher-2M ဒုံးကျည်ဖြင့် ဆော်ဒီနိုင်ငံ နဂ်ျရန်ရှိ စစ်ဖက်ပစ်မှတ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ဖြစ်သည်ဟု ဆော်ဒီက ထုတ်ပြန်ခြင်းမပြုခင် နာရီပိုင်းအရင်က ကြေငြာခဲ့သည်။

    ဆော်ဒီ နိုင်ငံပိုင်သတင်းဌာန Al Ekhbariya သတင်းဌာနကလည်း နိုင်ငံတောင်ပိုင်း နဂ်ျရန်ဒေသတွင် ဒုံးကျည်တစ်စင်းအား ပစ်မှတ်သို့မရောက်ခင် ဆော်ဒီစစ်တပ်က ပစ်ချနိုင်သည်ဟု ဖော်ပြခဲ့သည်။

    ဒုံးကျည်ပစ်လွှတ်ပြီး နာရီပိုင်းအတွင်းမှာပင် ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့မှာ ဟူသီ၏ ခြေကုပ်စခန်းတည်ရှိရာ ဆအာဒါသို့ လေကြောင်းမှ ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်နှင့် အခြားနိုင်ငံများက ထောက်ပံ့ပေးထားသည့် အဆိုပါ မဟာမိတ်အဖွဲ့မှာ ၂၀၁၅ ခုနှစ် မတ်လကတည်းက ယီမင်တွင် လေကြောင်းမှ တိုက်ခိုက်မှုပေါင်း ၁၅၀၀၀ ကျော် ပြုလုပ်ခဲ့သည်။ ဟူသီသူပုန်များကလည်း ထိုကာလအတွင်း ဆော်ဒီသို့ ဒုံးကျည် ဒါဇင်နှင့်ချီ၍ ပစ်ခတ်ခဲ့သည်။

    Ref : Aljazeera

  • ယီမင်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်မှု ဆော်ဒီက ကြားဖြတ်ဟန့်တားနိုင်ခဲ့

    ယီမင်မှ ဒုံးကျည်ဖြင့်တိုက်ခိုက်မှု ဆော်ဒီက ကြားဖြတ်ဟန့်တားနိုင်ခဲ့

    ဒီဇင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေက မြို့တော်ရီယာ့ဒ်ကို ဒီနေ့မှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို ကြားဖြတ် ဖျက်ဆီးခဲ့ရတယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

    ဟူသီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဘ်ဒူလ် ဆလမ်က သူတို့ဟာ ရီယာ့ဒ်မြို့က ဘုရင့်နန်းတော်ကို ပစ်မှတ်ထားခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာကစပြီး ဆော်ဒီကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဟူသီတွေရဲ့ တတိယမြောက် တိုက်ချင်းပစ်ဒုံးကျည် ဖြစ်ပါတယ်။

    နိုဝင်ဘာ ၄ ရက်နေ့မှာ မြို့တော်ရီယာဒ့်က ဘုရင်ခါလစ် နိုင်ငံတကာလေယာဉ်ကွင်းကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တစ်စင်းကို ဆော်ဒီက ပစ်ချခဲ့ရပြီး ဒီကိစ္စမှာ အီရန်ပါတယ်လို့ ဆော်ဒီက စွပ်စွဲခဲ့ပါတယ်။

    ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ခါမစ်မြို့ကို ဦးတည်ကာ ဟူသီတွေက ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ဆော်ဒီက ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။

    နိုဝင်ဘာလက အင်တာဗျူးမှာ အဘ်ဒူလ်ဆလမ်က ယီမင်စစ်ပွဲမှာ ဆော်ဒီပါဝင်မှုအတွက် သူတို့ဟာ ဆော်ဒီကုန်တွင်းပိုင်းကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ၂ နှစ်တာ ကြာမြင့်လာပြီဖြစ်တဲ့ ယီမင်စစ်ပွဲအတွင်းမှာ ဒုံးကျည်ငယ် ဒါဇင်နဲ့ချီ ဆော်ဒီဖက်ကို ပစ်လွှတ်တာတွေ ရှိခဲ့ပြီး ဆော်ဒီနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကလည်း ယီမင်က ဟူသီတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

    ယီမင်စစ်ပွဲအတွင်း အနည်းဆုံး လူပေါင်း တစ်သောင်းလောက် သေဆုံးခဲ့ရပြီး ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယဒဏ်တွေကိုလည်း ခံစားနေရပါတယ်။

    Ref: Aljazeera

  • ဆော်ဒီအမျိုးသမီးများ ယာဉ်ပေါင်းစုံ မောင်းခွင့်ရမည်

    ဆော်ဒီအမျိုးသမီးများ ယာဉ်ပေါင်းစုံ မောင်းခွင့်ရမည်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – ဆော်ဒီအမျိုးသမီးတွေဟာ ထရပ်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေပါ မောင်းနှင်ခွင့်ရမယ်လို့ ဆော်ဒီအာဏာပိုင်တွေက မနေ့မှာ ပြောကြားလိုက်ပြီး အမျိုးသမီးတွေ ကားမမောင်းရအမိန့်ကို ပယ်ဖျက်ပြီးနောက် ၃ လအကြာမှာ ဒီသတင်း ပေါ်ထွက်လာတာပါ။

    နိုင်ငံရဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ် ကာလရှည်ရှိခဲ့တဲ့ အမျိုးသမီးတွေ ကားမမောင်းရဆိုတဲ့ တားမြစ်ချက်ကို ပယ်ဖျက်တဲ့ အမိန့်ကို ဆော်ဒီဘုရင် ဆလ်မန်က စက်တင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဆော်ဒီအမျိုးသမီးတွေဟာ နောက်နှစ် ဇွန်လက စတင်ပြီး ကားမောင်းခွင့် ရတော့မှာ ဖြစ်ပါတယ်။

    ဆော်ဒီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြီးအကဲက အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုမယ့် စည်းမျဉ်းတွေထဲမှာ ထရပ်ကားမောင်းခွင့်တွေ၊ ဆိုင်ကယ်မောင်းခွင့်တွေပါ ပါဝင်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ယာဉ်တွေမောင်းနှင်ခွင့်မှာ အမျိုးသားနဲ့ အမျိုးသမီးတွေ တန်းတူအခွင့်ရေး ရှိကြောင်း၊ အမျိုးသမီးတွေ မောင်းနှင်တဲ့ကားအတွက် နံပါတ်ပြား သီးသန့် ထုတ်ပေးသွားမယ်ဆိုတာ မဟုတ်ကြောင်း သူက ဆိုပါတယ်။

    ဒါပေမယ့် အမျိုးသမီးတွေ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေအတွက် အမျိုးသမီး တရားရေးတာဝန်ရှိသူတွေသာ စစ်ဆေးတဲ့ တရားရုံးတစ်ခု ဆော်ဒီက ဖန်တီးသွားမှာပါ။

    အမျိုးသမီးတွေ ကားမောင်းခွင့်ကို ပိတ်ပင်ထားတာဟာ ကမ္ဘာပေါ်မှာ ဆော်ဒီတစ်နိုင်ငံတည်း ရှိခဲ့တာပါ။

    ပြီးခဲ့တဲ့နှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ၂၀၃၀ စီမံကိန်းမှာ နိုင်ငံအတွင်း စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။

    Ref : CNA