News @ M-Media

Tag: SaudiArabia

  • ဂြိုဟ်ငယ်တစ်ခုကို နာဆာက ဆော်ဒီအမျိုသမီးအမည် ဂုဏ်ပြုမှည့်ခေါ်

    ဂြိုဟ်ငယ်တစ်ခုကို နာဆာက ဆော်ဒီအမျိုသမီးအမည် ဂုဏ်ပြုမှည့်ခေါ်

    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media

    ဖာတီမာ အလ်-ရှိခ်

    – ရုက္ခဗေဒဆိုင်ရာ သုတေသနတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည့် ဆော်ဒီအမျိုးသမီးသမီးတစ်ဦးကို ဂုဏ်ပြုသောအားဖြင့် နာဆာက ဂြိုဟ်ငယ်တစ်ခုကို သူမ၏အမည် မှည့်ခေါ်ခဲ့သည်ဟု သိရသည်။

    အဆိုပါအမျိုးသမီးငယ်မှာ ဖာတီမာ အလ်-ရှိခ်ဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ်က နိုင်ငံတကာ သိပ္ပံနှင့် အင်ဂျင်နီယာ ပြိုင်ပွဲ (Intel ISEF) တွင် ဒုတိယဆု ရရှိခဲ့သည်။ သူမမှာ ဆော်ဒီ သိပ္ပံဆိုင်ရာ ဖန်တီးမှုပြိုင်ပွဲ National Olympiad for Scientific Creativity တွင်လည်း တစ်နိုင်ငံလုံးအဆင့် ဗိုလ်စွဲခဲ့သည်။

    နာဆာကမူ သူမ၏ ထူးချွန်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့ရှာဖွေတွေ့ရှိထားသည့် ဂြိုဟ်တစ်လုံး၏ အမည်ကို Al-Sheikh 33535 ဟု မှည့်ေါ်ခဲ့သည်။

    အလ်-ရှိခ်မှာ Determination of Effectiveness of Innovative Strygolactone-Carl2-on Seed Germination of Parasitic Weeds ခေါင်းစဉ်ဖြင့် အမေရိကန်တွင် ပြုလုပ်ခဲ့သည့် သုတေသနတွင် ဒုတိယချိတ်ခဲ့သူလည်း ဖြစ်သည်။

    သိပ္ပံနယ်ပယ်တွင် ထူးချွန်မှုကြောင့် နာဆာ၏ အသိအမှတ်ပြုမှုကိုခံရသည့် ဆော်ဒီအမျိုးသမီးမှာ အလ်-ရှိခ်တစ်ဦးတည်းမဟုတ်ဘဲ အခြား ဆော်ဒီကျောင်းသူ ဆာရာ အလ်ရာဘီယာမှာ ယခုနှစ်တွင် ကျင်းပသည့် နာဆာ၏ ISEF ပြိုင်ပွဲတွင် ပြိုင်ပွဲ ၁၇၀၀ ကို ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့သည်။

    Ref: Alarabiya

  • ပင်လယ်ကွေ့ သံတမန်ပြဿနာဖြေရှင်းရေး အာဒိုဂန် ဆော်ဒီရောက်

    ပင်လယ်ကွေ့ သံတမန်ပြဿနာဖြေရှင်းရေး အာဒိုဂန် ဆော်ဒီရောက်

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    – ကာတာနှင့် ဆော်ဒီဦးဆောင်သည့် အုပ်စုအကြား ဖြစ်ပွားနေသော သံတမန်ပြဿနာကို ဖြေရှင်းရေး ကူညီရန်အတွက် တူရကီသမ္မတ ရီဖက်ပ် တိုင်ယစ် အာဒိုဂန်မှာ ဆော်ဒီအာရေဗျသို့ ယနေ့တွင် ရောက်ရှိလာသည်ဟု သိရသည်။

    ၂ ရက်တာကြာမြင့်မည့် ၎င်း၏ ခရီးစဉ်အတွင်း အာဒိုဂန်မှာ ဘုရင်ဆလ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့နှင့် တွေ့ဆုံပြိးနောက် ပင်လယ်ကွေ့သံတမန်ပြဿနာကို အဓိက ညှိနှိုင်းဆွေးနွေးပေးနေသည့် ကူဝိတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

    “ဒီပြဿနာ ရှည်နေရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး” ဟု အာဒိုဂန်က ဆော်ဒီသို့ မထွက်ခွာခင် အစ္စတန်ဘူလ်လေဆိပ်၌ ပြောကြားခဲ့ပြီး ဒေသတွင်း ညီအစ်ကိုများကြားတွင် တင်းမာမှုများဖြစ်ရန် ရန်သူများက မီးထိုးပေးနေသည်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    ထို့ပြင် ယခုပြဿနာ၌ ကာတာ၏တုန့်ပြန်မှုကို အာဒိုဂန်က ချီးကျူးခဲ့ပြီး ဆွေးနွေး ညှိနှိုင်းမှုမှတစ်ဆင့် ကာတာမှာ အဖြေရှာခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ ဒီခရီးစဉ်ဟာ ဒေသအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်”

    ကာတာမှာ အကြမ်းဖက်များကို ထောက်ပံ့သည်ဟုဆိုကာ ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်တို့က ဇွန်လ ၅ ရက်နေ့တွင် ကာတာနှင့် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့ပြီး ကာတာကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ တူရကီမှာ ကာတာဘက်က ရပ်တည်ပေးထားသည်။

    Ref: Aljzeera

  • အလ်-ဟရမ်ဗလီကို အပေါ်စီးမှ မြင်နိုင်မည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု မက္ကာတွင် ဆောက်လုပ်မည်

    အလ်-ဟရမ်ဗလီကို အပေါ်စီးမှ မြင်နိုင်မည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု မက္ကာတွင် ဆောက်လုပ်မည်

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – မက္ကာမြို့ရှိ အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားရာ မတ်စ်ဂျစ် ဟရမ် ၀တ်ကျောင်းတော်သို့ လမ်းလျှောက်သွားနိုင်သည့် အကွာအဝေးတွင် ဒူဘိုင်းအခြေစိုက် Jumeirah Group က ကြယ် ၅ ပွင့် ဟိုတယ်တစ်လုံးဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

    ရိုးရိုးအခန်းပေါင်း ၁၀၃၃ ခန်း၊ အခန်းကျယ်ပေါင်း ၉၃ ခန်းပါဝင်မည့် အဆိုပါဟိုတယ်ကို Jabal Omar Jumeirah Makkah Hotel ဟု အမည်ပေးထားပြီး တာဝါ ၄ ခု ပါရှိမည်ဖြစ်သည်။

    ထို့ပြင် ထိုဟိုတယ်မှာ အလ်-ဟရမ် ဗလီဝတ်ကျောင်းတော်ကို အပေါ်စီးမှ တွေ့မြင်ရမည်ဟု Jumeirah Group ကို ပိုင်ဆိုင်သော ဒူဘိုင်းအစိုးရပိုင်လုပ်ငန်း Dubai Holding က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် ထိုဟိုတယ်တွင် အစားသောက်နှင့် အချိုရည်မျိုးစုံ၊ အစည်းအဝေးခန်းမများ၊ အနားယူနိုင်မည့်နေရာ၊ အားကစားခန်းမတစ်ခု၊ လက်လီအရောင်းဆိုင် ၉၀ ကျော် ပါဝင်မည်ဖြစ်သည်။

    Jumeirah Group ၏ ထိုအစီအစဉ်မှာ ဆော်ဒီတွင် ယူအေအီးကုမ္ပဏီတစ်ခုက ပထမဆုံးဆောင်ရွက်မည့် လုပ်ငန်းလည်းဖြစ်သည်။

    Ref: Arabian Business

     

  • ဆော်ဒီမှ နှင်ထုတ်ခံရသည့် ကာတာလယ်သမားများ၏ ကုလားအုတ်များ သဲကန္တာရတွင် ရေငတ်သေဆုံး

    ဆော်ဒီမှ နှင်ထုတ်ခံရသည့် ကာတာလယ်သမားများ၏ ကုလားအုတ်များ သဲကန္တာရတွင် ရေငတ်သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    – ကာတာနှင့် သံတမန်ပြဿနာကြောင့် ဆော်ဒီမှ နှင်ထုတ်ခံခဲ့ရသည့် ကာတာလယ်သမားများ၏ ရာနှင့်ချီသော ကုလားအုပ်များမှာ သဲကန္တရာအတွင်း ရေငတ် သေဆုံးခဲ့ကြသည်ဟု သိရသည်။

    ဆော်ဒီမှာ ကာတာလယ်သမားများအား သဲကန္တရာမှ အဓမ္မဖြတ်ပြန်ခိုင်းခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံငယ်စပ်၌ တစ်နေ့လျှင် အကန့်အသတ်နှင့်သာ ကုလားအုပ်များကို ဖြတ်သန်းခွင့်ပြုသောကြောင့် အချိန်မီ ပြန်လည်မရောက်နိုင်ဘဲ ရှိနေသည်။

    အချို့သော ကာတာလယ်သမားများမှာ ဆော်ဒီမှ ချက်ခြင်းပြန်သွားသော်လည်း အချို့မှာ ၎င်းတို့၏ သားကောင်းများနှင့်အတူ ပြန်ရာတွင် လမ်း၌ အခြားသူများ၏ ကုလားအုပ်များနှင့် ရောသွားသောကြောင့် ရက်အတန်ကြာ အချိန်ယူကာ ရွေးထုတ်ရခြင်း၊ ကုလားအုတ်အပါအ၀င် အခြားသော သားကောင်များမှာ အပူဒဏ်မခံနိုင်ခြင်း၊ ရေငတ်ခြင်းတို့ကြောင့် လမ်းတွင် သေဆုံးခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

    ဆော်ဒီနယ်စပ်တွင်လည်း ကုလားအုတ်များကို ပူအချိန် ၅၀ ဒီဂရီအောက်တွင် ယာယီခြံများ၌ စုပြုံထည့်ထားကြသည်။

    “ကုလားအုတ်တွေက ဘယ်သွားရမှန်းမသိဘဲ မောပန်းနေကြပြီး တော်တော်လေး ကသီပါတယ်” ဟု ကုလားအုတ်ပိုင်ရှင် စအစ် အလ် ဟာဂျာရီက ပြောကြားခဲ့သည်။

    အခြားပိုင်ရှင်တစ်ဦးဖြစ်သည့် ဟူစိန် အလ်-မာရီကလည်း ဆော်ဒီမှ ၎င်းပြန်လာသည့် လမ်းတစ်လျှောက်တွင် သေဆုံးနေသော ကုလားအုတ် ၁၀၀ ကျော်၊ လမ်းပျောက်နေသည့် ရာနှင့်ချီသော ကုလားအုတ်များ၊ သိုးများကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ကာတာဘက်တွင်မူ သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာနက ဆော်ဒီမှ ပြန်ဝင်လာသည့် ကုလားအုတ် ၈၀၀၀ ကျော်အတွက် နေရာထိုင်ခင်များ၊ ရေများ၊ အစားသောက်များ စီစဉ်ပေးထားသည်။ ထို့ပြင် ကုလားအုတ်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက် တိရစ္ဆာန်ဆရာဝန်များ၊ တိရစ္ဆာန်ကျွမ်းကျင်သူများကိုလည်း ကာတာအစိုးရက စေလွှတ်ထားသည်။

    ဆော်ဒီဦးဆောင်သည့် အုပ်စုကာ ကာတာနှင့် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံး ဖြတ်တောက်ပြီးနောက်ပိုင်း ကာတာနိုင်ငံသားများ ပိုင်ဆိုင်သည့် တိရစ္ဆာန်ပေါင်း ၁၂၀၀၀ မှ ၂၅၀၀၀ အကြားမှာ ဒုက္ခရောက်ခဲ့ရသည်။

    နိုင်ငံမှာ သေးငယ်သောကြောင့် ကာတာလယ်သမားများမှာ ဆော်ဒီသို့ ၀င်ရောက်ကာ ၎င်းတို့၏ တိရိစ္ဆာန်များအတွက် စားကျက်များကို ရှာဖွေလေ့ရှိသည်။

     

    Ref : Indepndent

  • မက္ကာရှိ မြင့်မြတ်ရာဗလီကို ဗုံးခွဲရန်ကြံစည်မှု ကမ္ဘာ့မွတ်စလင်နိုင်ငံများ ရှုတ်ချ၊ အစွန်းရောက်ဝါဒကို အမြစ်ဖြတ်ရန် တိုက်တွန်း

    မက္ကာရှိ မြင့်မြတ်ရာဗလီကို ဗုံးခွဲရန်ကြံစည်မှု ကမ္ဘာ့မွတ်စလင်နိုင်ငံများ ရှုတ်ချ၊ အစွန်းရောက်ဝါဒကို အမြစ်ဖြတ်ရန် တိုက်တွန်း

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဒီလုပ်ရပ်အတွက် ကမ္ဘာ မွတ်စလင်နိုင်ငံတွေက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

    ကအ်ဗာဟ်ကျောင်းတော်တည်ရှိရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ လုံခြုံရေး ဂိတ်နဲ့ ၀တ်ပြုသူတွေကို မကြာခင်မှာ ပစ်မှတ်ထားတိုက်ခိုက်မယ့် အကြမ်းဖက် ကွန်ယက် ၃ ခုကို မနေ့မှာ ဖြိုခွင်းခဲ့တယ်လို့ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

    မက္ကာနဲ့ ဂျစ်ဒါက နေရာ ၃ ခုမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း တစ်ဦးကို အသေမိခဲ့ပြီး အမျိုးသမီး တစ်ဦးအပါအ၀င် လူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆော်ဒီမီဒီယာတွေကတော့ တိုက်ခိုက်ဖို့ ကြံစည်ပြီး အသေဖမ်းဆီးရမိခဲ့သူဟာ အကြမ်းဖက်မှုအတွက် အလိုရှိနေတဲ့ IS အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဒီ မတ်စ်ဂျစ်ဒ်ဟရမ်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်း မွတ်စလင်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

    ယူအေအီး

    ယူအေအီး နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်ဆောင်ရွက်ရေးဝန်ကြီး အဘ်ဒူလာ ဘင် ဇေယဒ် ဘင် ဆူလ်တန် အလ် နဟ်ယန်က ဒီလို တိုက်ခိုက်ဖို့ ကြံစည်မှုဟာ အကြမ်းဖက်ဝါဒကို ထောက်ခံသူတွေအပေါ် တိုက်ဖျက်ဖို့ ‘မိမိတို့ရဲ့ စိတ်ဆန္ဒ’ ကို ပိုမို ခိုင်မာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီ စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုက အကြမ်းဖက်ဝါဒနယ်ပယ်နဲ့ ကြမ်းကြုတ်မှု ဘယ်လောက်ထိကျယ်သွားလဲဆိုတာကို ပြသနေပါတယ်။ ဒီလုပ်ရပ်အတွက် ဘယ်လို လူကောင်းသူကောင်းကမှ ဖာထေးလို့၊ ဆင်ခြေပေးလို့ မရပါဘူး” လို့ အလ် နဟ်ယန်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး သူက ဒီလိုတိုက်ခိုက်မှုကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဆော်ဒီ လုံခြုံရေးလုပ်ငန်းစဉ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

    ဂျော်ဒန်

    ဂျော်ဒန် မီဒီယာနဲ့ ဆက်သွယ်ရေးဆိုင်ရာ ၀န်ကြီး မိုဟာမက် မိုမာနီက ဒီကြံစည်မှုကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ ဆော်ဒီအာရေဗျကို ထောက်ခံသွားမယ်လို့ ဆိုပါတယ်။

    အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်းဖြစ်တဲ့ မိုမာနီက အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းကို ချေမှုန်းရေး နိုင်ငံတကာက စုစုစည်စည်းနဲ့ ကြိုးပမ်းအားထုတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အီရန်

    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပြီး ဒီလုပ်ရပ်က အကြမ်းဖက်ဝါဒမှာ စည်းမရှိဘူးဆိုတာ ပြသနေတယ်လို့လည်း ဆိုပါတယ်။

    အီရတ်

    အီရတ်လွှတ်တော်ဥက္ကဌ စလင်း အလ်-ဂျာဘူရီက IS အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လွတ်မြောက်အောင်လုပ်တာထက် ‘အစွန်းရောက် အတွေးအခေါ်တွေ လွတ်မြောက်အောင်လုပ်ဖို့’ ပိုပြီး အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလို အတွေးအခေါ်တွေကို တိုက်ဖျက်ဖို့အတွက် အစွန်းလွတ် အစ္စလာမ်သာသနာကို ပိုမို ပံ့ပိုးပေးရေး ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ ရပ်တည်ဖို့ လိုပါတယ်” လို့ ဂျာဘူရီက ပြောကြားခဲ့ပြီး မွတ်စလင်လူငယ်တွေမှာ အတွေးအခေါ် ရင်းနှီးမြှုပ်နှံမှုလုပ်ပေးဖို့လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

    အစွန်းရောက် အတွေးအခေါ်တွေဟာ တစ်နေရာမှာ အခြေမလှရင် နောက်တစ်နေရာ ရှာတတ်တာကြောင့် ဒါကို အမြစ်ဖြတ်ရမယ်လို့လည်း သူက ဆိုပါတယ်။

    အီဂျစ်

    အီဂျစ် သာသနာရေးဆိုင်ရာဝန်ကြီး မိုဟာမက် မွခ်တာရ် ဂွမ်မာကလည်း ဒီလို တိုက်ခိုက်ဖို့ ကြံစည်မှုကို ရှုတ်ချခဲ့ပြီး အီဂျစ်နိုင်ငံဟာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးမှာ ဆော်ဒီနဲ့အတူ ညီရင်းအစ်ကိုပမာ ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အီဂျစ်အစိုးရနဲ့ မွဖ်သီ ဓမ္မသတ်မှူးချုပ်ကလည်း ဒီအစီစဉ်ကို ရှုတ်ချခဲ့ပါတယ်။

    ဘာရိန်း

    ဘာရိန်းကလည်း ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့တဲ့ ဆော်ဒီအစိုးရကို ကျေးဇူးတင်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို အမြစ်ဖြတ်ဖို့ ဆော်ဒီရဲ့ ဆောင်ရွက်မှုတိုင်းကို ဘာရိန်းနိုင်ငံ အပြည့်အ၀ထောက်ခံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့မွတ်စလင်လိဂ်

    ကမ္ဘာ့မွတ်စလင်လိဂ် အတွင်းရေးမှူး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ် ကရမ် အလ်-အီဆာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်ဖို့ ကြံစည်မှုကို ရှုတ်ချခဲ့ပြီး အစ္စလာမ်အပေါ် ဒီလို ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ဆောင်ရွက်ဖို့ အကြမ်းဖက်ဝါဒဟာ လူတွေကို လှည့်ဖျားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အိုအိုင်စီ

    အိုအိုင်စီ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ယူဆက်ဖ် ဘင် အဟ်မဒ် အလ်-အိုသိုင်မင်ကလည်း ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဆော်ဒီလုံခြုံရေးတပ်ဖွဲ့တွေကို ချီးကျူးခဲ့သလို၊ အကြမ်းဖက်ဝါဒရဲ့ ပုံစံအားလုံးကို ရှုတ်ချတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်း

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကလည်း ဒီအကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်ဝါဒနဲ့ အစွန်းရာက်ဝါဒကို ရင်ဆိုင်ရာမှာ ပါလက်စတိုင်ပြည်သူတွေဟာ ဆော်ဒီအာရေဗျဘက်က အပြည့်အ၀ ရပ်တည်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ကူဝိတ်

    ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလိုအကြမ်းဖက်ဖို့ စီစဉ်မှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ ဒီလုပ်ရပ်ဟာ မွတ်စလင်တွေရဲ့ အထွဋ်အမြတ်ထားရာတွေအပေါ် ရန်လိုခြင်းကို ထင်ထင်ရှားရှား ပြသတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်

    ပါကစ္စတန် အိုလမာ အစ္စလာမ့် သာနသာပညာရှင်ကောင်စီကလည်း ဒီလိုအကြမ်းဖက်ဖို့ စီစဉ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Alarabiya, Press TV