News @ M-Media

Tag: SaudiArabia

  • ၁၀ ရက်အတွင်း အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ၄ ခုကို ဆော်ဒီပြဌာန်း

    ၁၀ ရက်အတွင်း အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ၄ ခုကို ဆော်ဒီပြဌာန်း

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျ တရားရေးဝန်ကြီးဌာနမှာ ပြီးခဲ့သည့် ၁၀ ရက်အတွင်း အမျိုးသမီးအခွင့်အရေးနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက် ၄ ခုကို အတည်ပြုခဲ့သည်ဟု ဆော်ဒီနေ့စဉ်ထုတ်သတင်းစာ Okaz က ဖော်ပြခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်များမှာ ကလေးများ၊ မုဆိုးမများ၊ တစ်ခုလပ်များနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်၊ သားသမီးများကို အမျိုးသမီးများက အုပ်ထိန်းခွင့်ရရေး၊ ဥပဒေဘွဲ့ ရရှိထားသော်လည်း အမျိုးသား ရှေ့နေများကြောင့် လုပ်ငန်းခွင်ဝင်၍ မရသည့် အမျိုးသမီးများနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များ ဖြစ်သည်။

    ဥပဒေပြုရေး တာဝန်ရှိသူများမှာ အသက် ၁၇ နှစ်အောက် အမျိုးသမီးများ လက်ထပ်မှုကို ကန့်သတ်သည့် ကိစ္စကဲ့သို့ တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ၁၀ ခုကိုလည်း အတည်ပြုခဲ့သည်။ တစ်ခုလပ်အမျိုးသမီးများနှင့် ၎င်းတို့၏ သားသမီးများကို ၎င်းတို့၏ ခင်ပွန်းဟောင်းက အချိန်မီ အိမ်ထောင်စားရိတ်မပေးလျှင် အစိုးရက စိုက်ထုတ်ပေးထားနိုင်မည့် ရန်ပုံငွေအဖွဲ့တစ်ခုကို ဆော်ဒီကက်ဘိတ်က ဖွဲ့စည်းပေးခဲ့သည်။

    ဗဟိုတရားရုံးချုပ်ကလည်း သာသမီးများအား မိခင်က အုပ်ထိန်းပိုင်ခွင့်နှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့သည်။

    ဆော်ဒီ၌ ဥပဒေဘွဲ့ရ ကျောင်းသူများမှာ အလုပ်ရှာမရခြင်း၊ အချို့ရှေ့နေများထံတွင် အလုပ်သင်အဖြစ် ဆောင်ရွက်ရာ၌ ခေါင်းပုံဖြတ်ခံရခြင်းတို့ ရှိနေပြီး တရားရေးဝန်ကြီးဌာနက ၃ နှစ်တက်ရမည့် ဒီပိလိုမာသင်တန်းတစ်ခုကို အတည်ပြုခဲ့ပြီး ထိုသင်တန်းပြီးဆုံးပါက ရှေ့နေလိုင်စင် တန်းရမည်ဖြစ်သည်။

    Ref: Alarabiya

  • ယီမင်စစ်ပွဲမှ ထွက်ရေးနှင့် အီရန်နှင့် ပြန်လည်သင့်မြတ်ရေး ဆော်ဒီအိမ်ရှေ့မင်းသား ဆန္ဒရှိနေ

    ယီမင်စစ်ပွဲမှ ထွက်ရေးနှင့် အီရန်နှင့် ပြန်လည်သင့်မြတ်ရေး ဆော်ဒီအိမ်ရှေ့မင်းသား ဆန္ဒရှိနေ

    သြဂုတ် ၁၅၊ ၂၀၁၇
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – ၂ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် ယီမင်တွင် ပါဝင်တိုက်ခိုက်မှုအား အဆုံးသတ်ရန်အတွက် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ အမေရိကန်တာဝန်ရှိသူဟောင်းများနှင့် ဆွေးနွေခဲ့ပြီး အီရန်နှင့် ပြန်လည်သင့်မြတ်ရေးအတွက်လည်း တိုက်တွန်းခဲ့သည်ဟု ပေါက်ကြားလာသည့် မှတ်တမ်းများအရ သိရသည်။

    အိမ်ရှေ့မင်းသားမှာ ပြီးခဲ့သည့်ဇွန်လ ကာတာသို့ ပိတ်ဆို့မှုမလုပ်ခင် အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မာတင် အင်ဒိုက်နှင့် သမ္မတဘုရှ်လက်ထက် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော စတီဗင် ဟဒ်လေတို့နှင့် အရှေ့အလယ်ပိုင်း၌ တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ဖြစ်သည်။

    ထိုပြောကြားမှုအတွက် အသေးစိတ်အချက်အလက်များမှာ အင်ဒိုက်နှင့် ၀ါရှင်တန်မှ ယူအေအီးသံအမတ် ယူဆက်ဖ် အလ်-အိုတိုင်ဘာတို့အကြား အပြန်အလှန်ပေးပို့သော အီးမေးလ်များမှတစ်ဆင့် ပေါက်ကြားလာခြင်းဖြစ်ပြီး GlobalLeaks အဖွဲ့က ထို အီးမေးလ်များကို ရရှိခဲ့သည်ဟု Middle East Eye သင်တင်းဌာနက ဆိုသည်။

    မင်းသားက ယီမင်တွင် ၎င်းတို့ ပါဝင်တိုက်ခိုက်နေမှုမှာ ဆော်ဒီသို့ရောက်ရှိနေသည့် ပြည်ပြေးသမ္မတ အဘ်-ရဘ်ဘူ မန်ဆူရ်ဟာဒီ၏ အခြေအနေကို ပိုမိုဆိုးဝါးစေသည်ဟု ပြောကြားမှု၊ အင်ဒိုက်က ဆော်ဒီ၏ ခေါင်းဆောင်ပိုင်းအကြောင်းဆွေးနွေးကာ မင်းသားမှာ အမြော်အမြင်ရှိသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ချီးကျူးမှုများလည်း အဆိုပါအီးမေးလ်တွင် ပါဝင်သည်။

    အင်ဒိုက်နှင့် အလ်-အိုတိုင်ဘာတို့မှာ အနာဂတ် ဆော်ဒီနှင့်ပတ်သက်၍ ယူအေအီးခေါင်းဆောင်ပိုင်း၏ အမြင်များ၊ အစ္စရေးလိုလားသည့် ရပ်တည်ချက်၊ ယူအေအီး၏ အရှေ့အလယ်ပိုင်းဒေသအတွင်း ရည်မှန်းချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

    အီရန်က ထောက်ပံ့ပေးနေသည်ဟု သတင်းထွက်သည့် ဟူသီသူပုန်များကို ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီဦးဆောင်သောအဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယီမင်ပဋိပက္ခမှာ တစ်ဖြည်းဖြည်း ဆိုးရွားလာခဲ့ပြီး လူပေါင်း တစ်သောင်းကျော် သေဆုံးကာ သန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Aljazeera

  • အီရန်နှင့် ဆက်ဆံရေးပြန်ကောင်းရန် ဆော်ဒီက အီရတ်ကို အကူအညီတောင်း

    အီရန်နှင့် ဆက်ဆံရေးပြန်ကောင်းရန် ဆော်ဒီက အီရတ်ကို အကူအညီတောင်း

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    အီရတ် ပြည်ထဲရေးဝန်ကြီး ကာစင် အလ်-အေရာဂျီ အီရန်သို့ရောက်ရှိစဉ်က

    – အီရန်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် ဆော်ဒီမှာ အီရတ်ဝန်ကြီးချုပ်ကို အကူအညီတောင်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    အီရတ် ပြည်ထဲရေးဝန်ကြီး ကာစင် အလ်-အေရာဂျီ၏ ပြောကြားမှုကို ကိုးကား၍ အီရတ် ဂြိုဟ်တုသတင်းဌာန Alghadeer က ယမန်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆလ်မန်က အီရန်နှင့် ဖြန်ဖြေရေးအဖွဲ့ကို ဦးဆောင်ရန်အတွက် အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

    “ဆော်ဒီအာရေဗျကိုသွားတဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှာ သူတို့က အဲဒီလိုလုပ်ဖို့ ပြောပါတယ်။ ကျွန်တော်တို့က အီရန်ဘက်ကို ပြောလိုက်တယ်။ အီရန်ကလည်း ဒီတောင်းဆိုမှုကို အပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။ အီရတ်က အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက်ပိုင်းမှာ ဆော်ဒီကလည်း အီရတ်အပေါ် အမြင်တည့်လာပါတယ်။ အီရန်နဲ့ ဆော်ဒီကြား တည်ငြိမ်မှု၊ ဆက်ဆံရေး ပြန်လည်ရရှိမှုဟာ ဒေသတစ်ခုလုံးအပေါ် အပြုသဘောဆောင်တဲ့ တန်ပြန်သက်ရောက်မှု ရှိမှာဖြစ်ပါတယ်” ဟု Alghadeer သတင်ဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အေရာဂျီမှာ အီရန်မြို့တော် တီဟီရန်သို့ စနေနေ့တွင် သွားရောက်ခဲ့ပြီး အီရန် ထိပ်တန်းတာဝန်ရှိသူများနှင့် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့သည်။ ၎င်းမှာ ဇူလိုင်လကလည်း ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့သည်။

    အီရန်သတင်းဌာနဖြစ်သော ISNA က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ အီရန်နှင့် တင်းမာမှုများကို လျော့ကျစေချင်နေသည်ဟု ဖော်ပြခဲ့သည်။

    သီးခြားအနေဖြင့် အီရတ်နိုင်ငံ၏ ထင်ရှားသော ရှီအာပညာရှင် မွတ်က်တာဒါ အလ်-ဆဒါရ်မှာ ယူအေအီးနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟု စနေနေ့တွင် ကြေငြာခဲ့သည်။ ၎င်းမှာ ဇူလိုင်လကလည်း ဆော်ဒီသို့ မသွားစဖူး သွားရောက်ခဲ့ပြီး အိမ်ရှေ့မင်းသား၊ အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

    Ref: Aljazeera

  • မက္ကာမှာ ဇမ်ဇမ်ရေကို ဘယ်မိသားစုတွေက ဦးစီး ဝေငှနေသလဲ

    မက္ကာမှာ ဇမ်ဇမ်ရေကို ဘယ်မိသားစုတွေက ဦးစီး ဝေငှနေသလဲ

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    မဒီနာရှိ တမန်တော်မြတ်ဗလီတွင် တွေ့ရသည် ဇမ်ဇမ်းရေဘူးများ

    – ဆော်ဒီအာရေဗျကို ဟဂ်ျကျင့်စဉ်အတွက် သွားရောက်သူတွေကို များသောအားဖြင့် လူငယ်တွေက ‘ဇမ်ဇမ်ရေ’ ပုလင်းတွေကို ဝေငှပေးလေ့ ရှိပါတယ်။

    တမန်တော်ကြီး အီဗရာဟင်သခင်ရဲ့ သားတော် အစ္စမာအီလ်သခင်ရဲ့ အကြောင်းခံနဲ့ ဘုရားသခင်က သဲကန္တာရခေါင်ခေါင်ကနေ ပေါ်ထွက်စေခဲ့တယ်လို့ မွတ်စလင်တွေက ယုံကြည်တဲ့ ‘ဇမ်ဇမ်ရေတွင်း’ ဟာ မက္ကာမှာရှိပြီး ဒီရေတွင်းကရေကို သောက်ခြင်းဟာ ဂုဏ်ယူစရာတစ်ခုလို့ ယူဆထားပါတယ်။

    မက္ကာကိုလာရောက်တဲ့ သူတွေကို ဒီဇမ်ဇမ်ရေ ဝေငှပေးတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင် အစ္စလာမ်သာသနာ မပေါ်ထွန်းခင်ကတည်းက ရှိခဲ့တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။

    အဲဒီတုန်းက တမန်တော်မုဟမ္မဒ်သခင်ရဲ့ ဘိုးတော် အဘ်ဒူလ် မူတာလစ်ဘ်မိသားစုက ရေဝေငှရေး တာဝန်ကို ယူခဲ့ပြီး၊ နောက်ပိုင်းမှာ တမန်တော်က ဦးရီးတော် အဘတ်စ် ဘင် အဘ်ဒူလ် မူတာလစ်ဘ်ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီနောက် အလ်-ဇူဘိုင်းမိသားစုက ဇမ်ဇမ်ရေ ပေးဝေမှုကို စီမံခန့်ခွဲခဲ့ပါတယ်။

    ဟဂ်ျကျင့်စဉ်အတွက် လာရောက်သူတွေ တစ်နှစ်ထက်တစ်နှစ် များပြားလာတာကြောင့် အခြားသာ မိသားစုဝင်တွေကလည်း ဒီတာဝန်ကို နောက်ပိုင်းမှာ ရယူခဲ့ကြပါတယ်။

    ဇမ်ဇမ်ရေပေးဝေရေးရုံး Zamazemah United Office က ဥက္ကဌ အဘ်ဒူလ်ဟာဒီ အဘ်ဒူလ် ဂျာလီ ဇမ်ဇာမီက မက္ကာရဲ့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ရေအေးစက်တွေ မရှိခင်တုန်းက ဇမ်ဇမ်ရေပေးဝေရေး မိသားစုတွေဟာ နေရာတွေခွဲတာ ဒီရေတွေကို ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

    “တစ်နေရာစီမှာ မိသားစုတစ်စုစီ ထားရှိပြီး သူတို့တွေက မြေအိုးကြီးတွေ၊ ကြေးအိုးကြီးတွေကိုတည်ကာ လာရောက်လည်ပတ်သူတွေ၊ ဟဂ်ျပြုဖို့ လာရောက်သူတွေကို ဇမ်ဇမ်ရေ ဝေငှခဲ့ကြပါတယ်” လို့ အဘ်ဒူလ်ဟာဒီက ပြောကြားခဲ့ပြီး ဟဂ်ျပြုကျင့်ဖို့ လာရောက်သူတွေကလည်း ကူညီကြပါသတဲ့။

    ၁၉၈၂ ခုနှစ်မှာတော့ ဆော်ဒီအစိုးရက ဒီ ဇမ်ဇမ်ရေဝေငှရေးလုပ်ငန်းကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီနဲ့ မဒီနာက တမန်တော်မြတ်ဗလီ စီမံခန့်ခွဲရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်မယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် ဇမာဇီမဟ် မိသားစုတွေဟာ မတ်စ်ဂျစ်ဒ် ဟရမ် ၀တ်ကျောင်းတော်အတွင်းမှာ ဇမ်ဇမ်ရေပေးဝေရေးလုပ်ငန်းကို ရပ်တန့်ခဲ့ရပါတယ်။

    ဒါပေမယ့် သူတို့ဟာ အစိုးရက ကြီးကြပ်တဲ့ Zamazemah United Office အောက်မှာ ဆက်လက်ပါဝင်ခဲ့ပြီး ဇမ်ဇမ်ရေကို နေ့စဉ် ဝေငှနေကြပါတယ်။

    အဘ်ဒူလ်ဟာဒီက သူတို့တွေဟာ တစ်နှစ်ကို ဟဂ်ျခရီးသွားပေါင်း ၂ သန်းကျော်လောက်ကို ဇမ်ဇမ်ရေ ဝေငှပေးနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ဟဂ်ျကိစ္စအတွက် ဆော်ဒီနှင့် ကာတာအကြား တင်းမာမှု မြင့်တက်လာ

    ဟဂ်ျကိစ္စအတွက် ဆော်ဒီနှင့် ကာတာအကြား တင်းမာမှု မြင့်တက်လာ

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ နှစ်စဉ်သွားရောက်ကြတဲ့ ဟဂ်ျဘုရားဖူးခရီးစဉ်ကို ဆော်ဒီက နိုင်ငံရေးအတွက် အသုံးချဖို့ ကြိုးစားနေတယ်လို့ ကာတာက ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံအကြား ဒီကိစ္စအတွက် တင်းမာမှုတွေ မြင့်တက်လာပါတယ်။

    အစ္စလာမ်သာသနာရဲ့ အဓိကမဏ္ဍိုင် ၅ ခုထဲက တစ်ခုဖြစ်တဲ့ ဒီဟဂ်ျကျင့်စဉ်အတွက် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းက မွတ်စလင် သန်းနဲ့ချီ လာရောက်ကြတာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဟဂ်ျကာလက သြဂုတ်နှောင်းပိုင်းနဲ့ စက်တင်ဘာ အစောပိုင်းမှာ ကျရောက်မှာပါ။

    လက်ရှိမှာ ဆော်ဒီဦးဆောင်တဲ့ အုပ်စုနဲ့ ကာတာတို့ဟာ သံတမန်ရေးရာ ပြဿနာဖြစ်နေပြီး ကာတာက သူတို့နိုင်ငံသားတွေ ဟဂ်ျသွားရောက်မှုမှာ အဟန့်အတားတွေ ကြုံနေရတဲ့အတွက် စိုးရိမ်ကြောင်း၊ ဆော်ဒီအနေနဲ့ ဟဂ်ျခရီးစဉ်ကို နိုင်ငံရေးအတွက် အသုံးချနေကြောင်း၊ ကုလရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ စနေနေ့က တွေ့ဆုံစဉ်အတွင်း ကာတာလူ့အခွင့်အရေးကော်မရှင် (NHRC) က ပြောကြားခဲ့ပြီး၊ အစီရင်ခံစာတစ်စောင်လည်း တင်သွင်းခဲ့ပါတယ်။

    ဆော်ဒီက ကာတာနိုင်ငံသားတွေကို ဟဂ်ျပြုခွင့်ပေးပေမယ့် ဂျစ်ဒါက ဘုရင် အဘ်ဒူလ်အဇစ် လေဆိပ်၊ မဒီနာက မင်းသား မိုဟာမက်ဘင် အဘ်ဒူလ်အဇစ် လေဆိပ် စတဲ့ လေဆိပ်နှစ်ခုကနေသာ ၀င်ရောက်ခွင့်ပေးတာ ဖြစ်ပါတယ်။ ပြည်ပရောက်နေတဲ့ ကာတာနိုင်ငံသားတွေလည်း ဟဂ်ျပြုချင်တယ်ဆိုရင် ကာတာကိုပြန်လာပြီးမှသာ ဆော်ဒီကို သွားရောက်ရပါတယ်။

    ဆော်ဒီ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ (GACA) က ဟဂ်ျကာလအတွင်း ဘုရားဖူးတွေကို ပို့ဆောင်ပေးမယ့် ကာတာလေကြောင်းလိုင်းက လေယာဉ်တွေကို ၀င်ရောက်ခွင့် မပေးပါဘူး။ ကုန်းနယ်စပ်ကိုလည်း ဇွန်လ ၅ ရက်နေ့က ပိတ်ပစ်ခဲ့တာကြောင့် ကာတာနိုင်ငံသားတွေဟာ ကုန်လမ်းကနေလည်း ၀င်ရောက်ခွင့် မရပါဘူး။

    ဆော်ဒီက တုန့်ပြန်

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဘ်ဒဲလ် ဂျူဘိုင်းရ်က ကာတာရဲ့ ဒီပြောကြားချက်တွေဟာ ‘စစ်ကြေငြာခြင်း’ သာ ဖြစ်တယ်လို့ မနေ့မှာ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    “မြင့်မြတ်ရာနေရာတွေကို နိုင်ငံတကာရဲ့ ကိစ္စဖြစ်အောင် လုပ်တဲ့လုပ်ရပ်ဟာ ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး၊ ဘုရင့်နိုင်ငံကို စစ်ကြေငြာမှုလည်း ဖြစ်ပါတယ်” လို့ အာရပ်နိုင်ငံတွေရဲ့ Anti-Terror Quartet (ATQ) အစည်းအဝေးမှာ ပြောခဲ့ပြီး ဒီလိုတောင်းဆိုမှုမျိုး ပြုလုပ်တဲ့ ဘယ်သူ့ကိုမဆို ဆော်ဒီက တုန့်ပြန်ခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။

    ကုလကိုယ်စားလှယ်ကို ကာတာကတင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ ဆော်ဒီအနေနဲ့ နိုင်ငံတကာ ဥပဒေ၊ ဘာသာရေးလွတ်လပ်ခွင့်တွေကို ချိုးဖောက်နေကြောင်း ဖော်ပြထားပြီး ဂျူဘိုင်းရ်က မိမိတို့ဟာ ဘာသာရေး လွတ်လပ်ခွင့်ကို မတားဆီးကြောင်း၊ ဟဂ်ျအတွက်လာရောက်မယ့် ကမ္ဘာတစ်ဝှမ်းက မွတ်စလင်အားလုံးကို ကြိုဆိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကာတာအနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ သံတမန်ပြဿနာအပေါ် ပြည်သူတွေရဲ့ အာရုံစိုက်မှုကို ရှောင်လွှဲလိုတဲ့အတွက် ဒီလို ပြောကြားခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

    ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် အလ် သာနီကလည်း ဂျူဘိုင်းရ်ရဲ့ ဒီပြောကြားချက်ကို ဒီနေ့မှာ ပယ်ချခဲ့ပါတယ်။

    “ဟဂ်ျကိစ္စကို ကာတာက ဘယ်တော့မှ နိုင်ငံရေးအတွက် အသုံးမချပါဘူး။ ပင်လယ်ကွေ့ပြဿနာရှိနေတဲ့အချိန် ဆော်ဒီကသာ ဒီခရီးစဉ်ကို နိုင်ငံရေးဇာတ်သွင်းဖို့ ကြိုးစားနေတာပါ။ ဟဂ်ျကိစ္စကို နိုင်ငံတကာကိစ္စဖြစ်အောင် ကာတာက ဘယ်တာဝန်ရှိသူကမှ မပြောခဲ့ပါဘူး” လို့ ၀န်ကြီးက ပြောခဲ့ပါတယ်။

    Ref: Aljazeera, RT