News @ M-Media

Tag: SaudiArabia

  • ဆော်ဒီတွင် ပထမဆုံး ‘အမျိုးသမီးများနေ့’ ကျင်းပ

    ဆော်ဒီတွင် ပထမဆုံး ‘အမျိုးသမီးများနေ့’ ကျင်းပ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    – နိုင်ငံ၏ သမိုင်းတွင် ပထမဆုံးအဖြစ် ဆော်ဒီမှာ ‘အမျိုးသမီးများနေ့’ ကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့ပြီး ၃ ရက်တာ ကြာမြင့်ခဲ့သည်ဟု သိရသည်။

    အဆိုပါ အခမ်းအနားကို ရီယာ့ဒ်ရှိ ‘ဘုရင်ဖာဟဒ် ယဉ်ကျေးမှုစင်တာ’ က ဦးစီးကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အမျိုးသမီးသီးသန့်သာ တက်ရောက်ခွင့်ရခဲ့သည်။

    “ဆော်ဒီအမျိုးသမီးတွေနဲ့ သူတို့ရဲ့ အောင်မြင်တဲ့အခန်းကဏ္ဍကို ကျွန်တော်တို့ ဂုဏ်ပြုဖို့၊ ပြီးတော့ ပညာရေး၊ ယဉ်ကျေးမှု၊ ဆေးဘက်၊ စာပေနဲ့ အခြားသော နယ်ပယ်တွေမှာ ဆော်ဒီအမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို အမှတ်ရစေဖို့ပါ” ဟု စင်တာ၏ ကြီးကြပ်သူ မိုဟာမက် အလ်-ဆအစ်ဖ်က ပြောကြားခဲ့သည်။

    ဆော်ဒီအမျိုးသမီးများ နိုင်ငံ၏ကဏ္ဍတိုင်းတွင် အရေးပါသည့်နေရာမှ ပါဝင်မှုကို မီးမောင်းထိုးပြရန်အတွက် ဆော်ဒီယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် အဆိုပါအမျိုးသမီးများနေ့ကို ကျင်းပခြင်းဖြစ်သည်။

    အခမ်းအနားပြုလုပ်ရာ ‘ဘုရင်ဖာဟဒ် ယဉ်ကျေးမှုစင်တာ’ တွင် ဆော်ဒီအမျိုးသမီးများ၏ အနုပညာလက်ရာများကိုလည်း ပြသထားသည်။

    ထို့ပြင် ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့ပြီး ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းမှ မင်းသမီးများ ပါဝင်ကာ ပညာရေး၊ ကျန်းမာရေးနှင့် ဥပဒေကဏ္ဍတို့အပါအ၀င် ကဏ္ဍပေါင်းများစွာကို ဆွေးနွေးခဲ့ကြသည်။

    Ref: Arabnews

  • ဥရောပ သွားဘက်ဆိုင်ရာအဖွဲ့၏ ဂုဏ်ပြုခံရသည့် ဆော်ဒီ သွားဆရာဝန်နှင့် တွေ့ဆုံခြင်း (အင်တာဗျူး)

    ဥရောပ သွားဘက်ဆိုင်ရာအဖွဲ့၏ ဂုဏ်ပြုခံရသည့် ဆော်ဒီ သွားဆရာဝန်နှင့် တွေ့ဆုံခြင်း (အင်တာဗျူး)

    ဇန်န၀ါရီ ၂၈၊ ၂၀၁၇
    M-Media

    European Academy of Esthetic Dentistry အဖွဲ့၏ ဂုဏ်ပြုဆုကို ရရှိခဲ့သည့် အလ်-ဟာနုဖ်

    – ဆော်ဒီက သွားဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အလ်-ဟာနုဖ် အလ်-အလ်ဒ်ဂီရှင်မ်ဟာ သွားနဲ့ ခံတွင်းဆိုင်ရာ အစားထိုးကုသမှုနယ်ပယ် ဖွံ့ဖြိုတိုးတက်ရေး သုတေသနစာတမ်းတစ်ခုနဲ့ ဥရောပ သွားဘက်ဆိုင်ရာ ပညာရှင်များအဖွဲ့အစည်း European Academy of Esthetic Dentistry ရဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။

    သူမရဲ့ အဲဒီစာတမ်းကို ၂၀၁၄ ခုနှစ် အေသင်မှာ ပြုလုပ်ခဲ့တဲ့ သွားဘက်ဆိုင်ရာ ပညာရှင်များ နှစ်ပတ်လည် ညီလာခံမှာ တင်သွင်းခဲ့တာပါ။

    ဒေါက်တာ အလ်-ဟာနုဖ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်အရင်က ဆော်ဒီနိုင်ငံကနေထွက်ကာ ဂျာမနီနိုင်ငံ ဖရိုင်းဘတ်မြို့က University of Freiburg တက္ကသိုလ်မှာ သွားဘက်ဆိုင်ရာ ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပါတယ်။ သူမရဲ့ တိုင်းပြည်နဲ့ လုံးဝ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတစ်ခုမှာ တွေ့ရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း၊ လူ့အဖွဲ့အစည်းအသစ်မှာ အသားကျအောင် ကြိုးစားရင်းနဲ့ပဲ ဒီကာလအတွင်းမှာ အလ်-ဟာနုဖ်ဟာ အရာရာကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ ခွန်အားကို ရရှိခဲ့ပါတယ်။

    အလ်-ဟာနုဖ်နဲ့ Alarabiya သတင်းဌာနတို့ရဲ့ တွေ့ဆုံမေးမြန်မှုကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

    မေး။ ပထမဆုံးအနေနဲ့ ရှင့်ရဲ့စာတမ်းက အကောင်းဆုံးသုတေသနစာတမ်းအဖြစ် ရွေးချယ် ဂုဏ်ပြုခံရမှုနဲ့ ပတ်သက်တဲ့အကြောင်းရယ်၊ သွားဘက်ဆိုင်ရာ နယ်ပယ်ထဲကို ဘယ်လို ရောက်ဖြစ်ခဲသလဲဆိုတာရယ် ပြောပြပေးပါ။

    ဖြေ။ ကျွန်မ အရမ်းပျော်ပါတယ်။ ဂျာမနီမှာ ဘွဲ့လွန်သွားတက်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်မဟာ မိခင်တစ်ယောက် ဖြစ်လာတယ်။ စိန်ခေါ်မှုတွေ၊ ပြဿနာတွေအများကြီးကိုလည်း ကျွန်မ ကြုံတွေ့ခဲ့ရတယ်။ လဲသွားတော့မယ်လို့ ခံစားရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုရတဲ့အတွက်ကြောင့် ကျွန်မ တော်တော်လေး ကျေနပ်မိပါတယ်။ ဒီဆုက ကျွန်မဘ၀မှာ ဖရိုဖရဲဖြစ်မှုတွေကို ကျော်ဖြတ်နိုင်မှုအတွက် ရရှိခဲ့တဲ့ ဆုတံဆိပ်လို့ ကျွန်မ ယုံကြည်ပါတယ်။

    မိသားစု သွားဆရာဝန်က ကျွန်မ စံထားစရာပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး သူ့ကြောင့်ပဲ သွားဘက်ဆိုင်ရာ လောကထဲ ၀င်ရောက်လာတာပါ။ ငယ်ငယ်တုန်းက ကျွန်မ ချယ်ရီသီးကို ပထမဆုံးမြင်ဖူးပြီး စားကြည့်တဲ့အကြောင်း သူ့ကို စိတ်လှုပ်ရှားပြီး သွားပြောတာကို မှတ်မိပါသေးတယ်။ နောက်တစ်ခေါက်လာပြတဲ့အချိန် ချယ်ရီးသီးနည်းနည်းယူလာဖို့ သူက ကျွန်မကို ပြောပါတယ်။ ကျွန်မ ယူသွားခဲ့ပြီး သူက တိရစ္ဆာန်ပုံစံ ဘီစကွတ်တွေ ပြန်ပေးပါတယ်။ သူ့ရဲ့ ဒီအြ ပုအမူကို ကျွန်မ သဘောကျခဲ့ပြီး ကြီးလာရင် သွားဆရာဝန်တစ်ယောက် ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

    မေး။ ရှင် ဂျာမနီမှာ ၆ နှစ်နေခဲ့တယ်နော်။ ဘာ့ကြောင့် ဒီတိုင်းပြည်ကို ရွေးဖြစ်တာလဲ။

    ဖြေ။ အဲဒီအချိန်တုန်းက ပညာတော်သင်အခွင့်အလမ်း အများကြီးရှိနေတဲ့အချိန်ပါ။ သွားဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်မအမျိုးသားနဲ့ ကျွန်မတို့က နောက်ထပ် ဘာသာစကားတစ်ခု သင်လို့ရမယ့် နိုင်ငံကို ရွေးခဲ့တာပါ။ ကျွန်မတို့ အဓိကထားတာက ဆေးဘက်ဆိုင်ရာနဲ့ သွားဘက်ဆိုင်ရာမှာ အဆင့်အမြင့်ဆုံးတိုင်းပြည် ဖြစ်ရမယ်ဆိုတဲ့ အချက်ပါ။ ဂျာမနီဟာ ကျွန်မတို့ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီခဲ့ပါတယ်။

    မေး။ နိုင်ငံခြားသားတစ်ယောက်၊ ပုဝါဆောင်းထားသူတစ်ယောက်အနေနဲ့ ရှင့်ရဲ့ အတွေ့အကြုံလေးကို ပြောပြပါအုံး။ ဒီအချက်တွေကြောင့် ဖယ်ကျဉ်ခံရတယ်လို့ ခံစားရသလား။

    ဖြေ။ အစကတော့ ကျွန်မဟာ မတူကွဲပြားသူတစ်ယောက်၊ နိုင်ငံခြားသားတစ်ယောက်အဖြစ် ခံစားခဲ့ရပါတယ်။ ဒါပေမယ့် အချိန်တွေကြာလာတဲ့အခါမှာ ဒီခံစားချက်က ကျွန်မရဲ့ စိတ်ထဲမှာ အစိုင်အခဲဖြစ်နေပြီး ဒါကိုလည်း ကျွန်မကိုယ်တိုင် ဖန်တီးနေတာလို့ သိလာပါတယ်။ ခေါင်းဆောင်းပုဝါက ကျွန်မနဲ့ တစ်ခြားသူတွေကြားမှာ ကွာဟချက်ဖြစ်နေတယ်။ ဒါဟာ ကျွန်မရဲ့အထင် ဖြစ်နိုင်သလို၊ အခြားသူတွေရဲ့ အထင်လည်း ဖြစ်နိုင်ပါတယ်။ မပြောတတ်ပါဘူး။

    ဆုလက်ခံရယူစဉ်

    မေး။ Fragile Isolation ဆိုတဲ့ စာအုပ်ရေး ရေးဖြစ်ခဲ့ပုံကို ပြောပြပါအုံး။

    ဖြေ။ ကျွန်မက အချိန်တိုင်း စာရေးချင်တဲ့ပိုးရှိတယ်။ ရထားစီးတဲ့အချိန် ဒါမှမဟုတ် ဆေးရုံမှာ ထိုင်စောင့်နေရတဲ့အချိန်၊ အချိန်တော်တော်ကြာကြာ တစ်ယောက်တည်း ရှိနေတဲ့ အခါမျိုးတွေမှာ စာရေးဖြစ်ပါတယ်။ ကျွန်မရေးတာတွေကတော့ ရောက်တက်ရာရာပါပဲ။ စာရွက်အပိုင်းအစတွေမှာ လျှောက်ခြစ်တယ်။ သူငယ်ချင်းမိတ်ဆွေတွေဆီကို စာတိုက်က၊ IPad နဲ့ စမတ်ဖုန်းတွေကနေတစ်ဆင့် ပို့တဲ့ စာတွေမှာလည်း ကျွန်မ စိတ်ထဲရှိတာရေးပါတယ်။ စာအုပ်တစ်အုပ်ရေးဖို့ကို ဘယ်တုန်းကမှ အတွေးမပေါ်ခဲ့ပေမယ့် ပညာတော်သင်ကာလ ပြီးသွားတဲ့အခါမှာ ကျွန်မရဲ့ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်ထဲ အသားကျသွားတဲ့ ကျွန်မရဲ့တစ်နိုင်ငံတည်းသား အလုပ်သင်တပည့်တွေရဲ့ အတွေ့အကြုံအကြား မတူညီမှုတွေကို သွားတွေ့ခဲ့ပါတယ်။

    မေး။ မိခင်တစ်ယောက်၊ ဘွဲ့လွန်ပညာသင်တစ်ယောက်၊ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ရှင့်အနေနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရာမှာ ခင်ပွန်းက ဘယ်လို ကူညီဖေးမပေးခဲ့သလဲ။

    ဖြေ။ ကျွန်မခင်ပွန်းရဲ့ ကူညီမှု၊ ထောက်ပံ့မှုသာ မရဘူးဆိုရင် ကျွန်မအနေနဲ့ ဒီလို အောင်မြင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က တစ်ခုတည်းဖြစ်တယ်ဆိုတာ သူ ယုံကြည်တယ်။ ပိုပြီး မြင့်မားတဲ့ ပညာကို သင်ယူဖို့အတွက် ကျွန်မတို့နှစ်ယောက်စလုံး အတူတူ နိုင်ငံခြားကို ထွက်သွားတယ်။ နိုင်ငံခြားမှာ မိသားစုဝင်တိုးလာခဲ့တယ်။ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကျွန်မတို့ အတူတကွ ကြိုးစားခဲ့ကြရတာပါ။

    မေး။ ရှင်တို့ ဒုက္ခသည်စခန်းတွေကိုလည်း သွားခဲ့ကြတယ်နော်။ ဒီလို တကယ့်လက်တွေ့ဘ၀ကို ထိတွေ့မှုက ရှင့်ရဲ့ စာအုပ်မှာ လွှမ်းမိုးမှု ရှိသလား။ စာအုပ်ရေးဖို့အတွက် ပိုမိုတွန်းအားဖြစ်စေခဲ့သလား။

    ဖြေ။ ဒီအတွေ့အကြုံက အတွေးအမြင်တော်တော်များများကို ဖြစ်စေခဲ့ပါတယ်။ ကျွန်မပြောလို့ရတာက ဒုက္ခသည်တော်တော်များများမှာ စိတ်ဝမ်းကွဲမှုတွေ၊ ရန်ငြှိုးတွေ၊ အငြင်းပွားမှုတွေ၊ မုန်းတီးမှုတွေ အမြစ်တွယ်နေတယ်။ မျိုးဆက်သစ်တွေကလည်း တစ်ခြားတိုင်းပြည်မှာ ခိုလှုံမှုကို ကောင်းတယ်လို့ မြင်လာနေတယ်။ သူတို့ရဲ့ မိသားစုတွေကတော့ အထုတ်ထုပ်ပြီး အိမ်ပြန်ဖို့အတွက် တိုင်းပြည်တည်ငြိမ်ရေးမျှော်လင့်ရင်းနဲ့ပဲ ကိုယ်ရော၊ စိတ်ရော ချုံးချုံးကြနေပါပြီ။

    Ref : Alarabiya

  • ဆော်ဒီသူနာပြုက ကလေးငယ်တစ်ဦးအတွက် အသည်းအစိတ်အပိုင်း လှူဒါန်း

    ဆော်ဒီသူနာပြုက ကလေးငယ်တစ်ဦးအတွက် အသည်းအစိတ်အပိုင်း လှူဒါန်း

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    အသည်းရောဂါ ခံစားခဲ့ရသည့် ကလေးငယ် ဘက်စ်ဟာယီရ်

    – အသည်း ကောင်းမွန်စွာ အလုပ်မလုပ်သည့်ရောဂါ ခံစားနေရသော ကလေးငယ်တစ်ဦး၏ ဓာတ်ပုံအား တွေ့မြင်ပြီးနောက် ဆော်ဒီ သူနာပြုတစ်ဦးမှာ သနားဂရုဏာသက်ကာ ၎င်း၏ အသည်းအစိတ်အပိုင်းအား လှူဒါန်းခဲ့သည်ဟု သိရသည်။

    “ဘက်စ်ဟာယီရ်ရဲ့ ဓာတ်ပုံက ကျွန်မရဲ့စိတ်ကို ထိခိုက်စေပါတယ်။ သူ့ကို ကျွန်မ စာနာသနားခဲ့ပါတယ်။ သူဟာ ဘယ်လောက်ခံစားနေရလဲဆိုတာ မပြောပြနိုင်တဲ့ ကလေးလေးပါ။ အဲဒီအချိန်မှာပဲ ကျွန်မ (အသည်းလှူဖို့) ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့ရဲ့ အဖေကို ကျွန်မ ဆက်သွယ်ခဲ့ပြီး ဆုံးဖြတ်ချက်ကို ပြောလိုက်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၄ ပတ်က အဖြစ်အပျက်ပါ” ဟု အသည်းအစိတ်အပိုင်း လှူဒါန်းခဲ့သည့် သူနာပြု အဘီရ် အတ္တာလာဟ် အလ်-အန်ဇီက ပြောကြားခဲ့သည်။

    အစားထိုးခွဲစိတ်မှုကို ရီယာဒ်မြို့ရှိ ဖာဟဒ် အလ်-အဟ်မာရီဆေးရုံတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံ၏ အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုဌာနမှ ညှိနှိုင်းရေးမှူးနှင့် ခွဲစိတ်ဆရာဝန်များက လိုအပ်သည်များကို အသိပေးရှင်းပြခဲ့သည်ဟု အလ်-အန်ဇီက ပြောကြားခဲ့သည်။

    “မေမေက ကျွန်မရဲ့ ဆုံးဖြတ်ချက်အတွက် အားပေးခဲ့တယ်။ ကျွန်မရဲ့ အစ်ကိုလည်း ကြိုဆိုခဲ့ပါတယ်။ ကျွန်မဟာ ရီယာ့ဒ်ကိုသွားပြီး ဆေးစစ်မှုမခံယူခင်မှာ မေမေနဲ့အတူ အွမ္မရာဟ်တစ်ခေါက် လုပ်ခဲ့တယ်။ ပြီးတော့ ဂျဝဖ်မြို့ကို ပြန်လာတယ်။ ရီယာ့ဒ်ကို နောက်တစ်ခေါက်သွားပြီး CT Scan တွေရိုက်တာ လုပ်ခဲ့တယ်။ တတိယတစ်ခေါက်ကတော့ ခွဲစိတ်ကုသမှုလုပ်ဖို့ပါ။ ဆေးရုံမှာ တစ်ပတ်လောက် နေလိုက်ရပြီး ကျွန်မ အိမ်မပြန်ခင်မှာ ဘက်စ်ဟာယီရ်လေးနဲ့ တွေ့ခဲ့ရပါတယ်” ဟု အလ်-အန်ဇီက ၎င်း၏ အတွေ့အကြုံများကို ပြန်လည် ပြောပြခဲ့သည်။

    ဘက်စ်ဟာယီရ်၏ ဖခင်ဖြစ်သူ နာဖီ အလ်-ရာရှီဒီက အလ်-အန်ဇီက ပထမဆုံး ဖုန်းခေါ်မှုနှင့်ပတ်သက်၍ ဤသို့ ဖွင့်ဟခဲ့သည်။

    “သူက တည်တည်ငြိမ်ငြိမ်အသံနဲ့ တစ်ကယ်ကို ပြောတာဗျ။ ပြီးလည်းပြီးရော ကျွန်တော့ဇနီးကို ဒီသတင်းကောင်းကို သွားပြောပြလိုက်တယ်။ သူက ရီယာ့ဒ်ကို ကုန်းတစ်တန်၊ လေတစ်တန်နဲ့ လာရတာ။ နောက်ပြီး ကုန်ကျစားရိတ်ကို ကျွန်တော်ပြန်ပေးမယ်ဆိုတော့လည်း သူက လက်မခံဘူး ဆုံးဖြတ်ချက်ပြတ်သားပြီး ရက်ရောမှုရဲ့ သရုပ်သကန်ပါပဲ”

    အလ်-အန်ဇီ၏ ထိုကဲ့သို့ လှူဒါန်းမှုအတွက် ဆော်ဒီအစိုးရက ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။

    အသည်းအစိတ်အပိုင်းလှူဒါန်းခဲ့သည့် အလ်-အန်ဇီကို ဆော်ဒီတာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုဆုတံဆိပ် ပေးအပ်နေစဉ်

    Ref: english.alarabiya

  • မြင့်မြတ်ရာနေရာများတွင် မသန်စွမ်းသူများ လွယ်ကူစေရေး ဆော်ဒီအစိုးရ စီစဉ်နေ

    မြင့်မြတ်ရာနေရာများတွင် မသန်စွမ်းသူများ လွယ်ကူစေရေး ဆော်ဒီအစိုးရ စီစဉ်နေ

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    – မက္ကာဟ်၊ မဒီနာအပါအ၀င် နိုင်ငံအတွင်း မြင့်မြတ်ရာနေရာများတွင် မသန်စွမ်းသူများ အဆင်ပြေပြေဖြင့် သာသနာ့တာဝန်များ ဆောင်ရွက်နိုင်ရေး စီစဉ်ပေးရန် ဆော်ဒီအစိုးရက ညွှန်ကြားချက်များ ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ဆော်ဒီဒုတိယ၀န်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ဟဂ်ျကော်မတီအဖွဲ့ချုပ် ဥက္ကဌ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် နာအစ်ဖ်က ထုတ်ပြန်သော အဆိုပါညွှန်ကြားချက်တွင် ဟဂ်ျနှင့် အွမ္မရာဟ် ၀န်ကြီးဌာနက ပေးပို့ခဲ့သည့် အကြံပြုချက်များကို ဟဂ်ျဗဟိုကော်မတီအနေဖြင့် လေ့လာသုံးသပ် ဆောင်ရွက်ပေးရန် ဖော်ပြထားသည်။

    အကြံပြုချက်များတွင် မြင့်မြတ်သော မြို့နှစ်မြို့နှင့် အခြား မြင့်မြတ်ရာနေရာများတွင် မသန်စွမ်းသူမျာ အဆင်ပြေလွယ်ကူ ချောမွေ့စေရန်အတွက် အသုံးအဆောင်များ ထားရှိပေးခြင်း၊ အဆောက်အဦးများ၊ ဟိုတယ်များ ဆောက်လုပ်ပေးခြင်းတို့ ပါဝင်သည်။

    ပထမအဆင့်တွင် မသန်စွမ်းသူများ ချောမွေ့စွာ သွားလာနိုင်ရေး ၀န်ဆောင်မှုများ စီစဉ်ပေးရန်နှင့် နောက်ပိုင်းအဆင့်များတွင် လမ်းမများ၊ ရထားဘူတာများနှင့် Jamarat တံတားတို့ အပါအ၀င် မသန်စွမ်းသူများ အသုံးပြုနိုင်ရန် အခြေခံအဆောက်အဦးများ အဆင့်မြှင့်တင်ပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။

    တ၀ါးဖ်လှည့်သည့် နေရာများတွင် မသန်စွမ်းသူများအတွက် သီးသန့်နေရာများ၊ မြင့်မြတ်ရာနယ်မြေတွင်း နားနေဆောင်များတွင် သီးသန့်နားနေခန်းများ၊ မသန်စွမ်းသူများအတွက် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မှုလည်း စီမံကိန်းတွင် ပါဝင်မည်ဖြစ်သည်။

    နောက်ပိုင်းတွင် မသန်စွမ်းသူများအတွက် ဘတ်စ်ကားသီးသန့်လည်း စီစဉ်ပေးသွားရန် ရှိနေပြီး တာဝန်ရှိသူများအနေဖြင့် ဟဂ်ျနှင့် အွမ္မရာဟ်ရာသီများတွင် မသန်စွမ်းခရီးသည်များ၏ အရေအတွက်ကို ၀န်ကြီးဌာနသို့ အတိအကျ တင်ပြရမည်ဖြစ်သည်။

    မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်နှစ်လုံးအား စောင့်ရှောက်မှုဆိုင်ရာ အကြံပေးဖြစ်ပြီး ဗဟိုဟဂ်ျကော်မတီ၏ ဥက္ကဌလည်းဖြစ်သူ မက္ကာဟ်အုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုက်ဆယ်ထံသို့ ပေးပို့ခဲ့သည့် ၀န်ကြီးဌာန၏ အကြံပြုချက်များတွင် ဟဂ်ျကာလအတွင်း အသုံးပြုမည့် ဟိုတယ်များ၊ အဆောက်အဦးများတွင် မသန်စွမ်းသူများအတွက် သီးသန့်နေရာများ စီစဉ်ပေးထားရမည်ဟုလည်း ဖော်ပြထားသည်။

    Ref : Alarabiya

  • ဆော်ဒီက ဗီဇာကြေးရုပ်သိမ်းမှုသတင်း မဟုတ်မှန်

    ဆော်ဒီက ဗီဇာကြေးရုပ်သိမ်းမှုသတင်း မဟုတ်မှန်

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    umrah

    – အောက်တိုဘာ ၂ ရက်နေ့မှစ၍ အကျုံးဝင်သည့် ဆော်ဒီအာရေဗျ၏ ဗီဇာကြေး တိုးမြှင့်သတ်မှတ်မှုကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်၏ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ထိုသတင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံတကာ သတင်းစာမျက်နှာ၌ ပြန့်နှံ့ခဲ့ပြီး ရီယာ့ဒ်ရှိ မလေးရှားသံရုံးက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းမှုတွင် ဒီဇင်ဘာ ၆ ရက်နေ့အထိ အစိုးရက ထိုကဲ့သို့ ဗီဇာကြေးရုပ်သိမ်းသည့် သတင်းမျိုး ထုတ်ပြန်ခဲ့ခြင်းမရှိဟု ဆိုသည်။

    ကွာလာလမ်ပူရှိ ဆော်ဒီသံရုံးကလည်း ဆော်ဒီအစိုးရထံမှ ဗီဇာနှင့်ပတ်သက်သည့် ညွှန်ကြားမှုအသစ် ရရှိခြင်းမရှိဟု အတည်ပြုခဲ့သည်။

    “ဒါ့ကြောင့် ရှုပ်ထွေးမှုတွေမဖြစ်အောင် မခိုင်မာတဲ့သတင်းတွေကို မယုံကြည်ဖို့ မီဒီယာနဲ့ ပြည်သူလူထုကို တိုက်တွန်းပါတယ်” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ဗီဇာနှင့်ပတ်သက်၍ မည်သည့်ပြောင်းလဲမှုမျိုးမဆို ဆော်ဒီအစိုးရက ၎င်းတို့၏ သံရုံးများနှင့် တရားဝင်မီဒီယာမှတစ်ဆင့် ကြေငြာသွားမည်ဖြစ်ကြောင်း ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီက အောက်တိုဘာ ၂ ရက်နေ့ကစ၍ ပြင်ဆင်သတ်မှတ်လိုက်သည့် ဗီဇာကြေးမှာ နိုင်ငံအားလုံးအပေါ် သက်ရောက်မည်ဖြစ်သည်။

    အဆိုပါ ဗီဇာကြေားတွင် ပထမဆုံး ဟဂ်ျနှင့် အွမ္မရာဟ် လာရောက်သည့်သူမှလွဲ၍ အခြားလည်ပတ်သူများမှာ တစ်ဦးလျှင် ဗီဇာကြေး ရီယဲလ် ၂၀၀၀ (ကန်ဒေါ်လာ ၈၀၀) ခန့် ပေးဆောင်ရမည်ဖြစ်သည်။

    Ref: Freemalaysiatoday