News @ M-Media

Tag: SaudiArabia

  • အကြမ်းဖက်များမှာ အစ္စလာမ်သာသနာကို အသုံးချနေသည်ဟု ကမ္ဘာ့မွတ်စလင်လိဂ်အကြီးအကဲ ပြော

    အကြမ်းဖက်များမှာ အစ္စလာမ်သာသနာကို အသုံးချနေသည်ဟု ကမ္ဘာ့မွတ်စလင်လိဂ်အကြီးအကဲ ပြော

    မတ် ၁၁၊ ၂၀၁၇
    M-Media

    ကမ္ဘာ့မွတ်စလင်လိဂ် (MWL) ဥက္ကဌ ဒေါက်တာ မိုဟာမက် ဘင် အဘ်ဒူလ် ကရင် အလ်-အီဆာ မိန့်ခွန်းပြောနေစဉ်

    – IS နှင့် အလ်ကိုင်းဒါးတို့မှာ ၎င်းတို့၏ အကျိုးစီးပွားအတွက် အစ္စလာမ်သာသနာကို အသုံးချနေကြပြီး၊ အဆိုပါ အကြမ်းဖက်အဖွဲ့များ ကမ္ဘာကိုဖြန့်နေသော အယူအဆများကို အစ္စလာမ်သာသနာက လုံးဝ လက်ခံခြင်းမရှိဟု ကမ္ဘာ့မွတ်စလင်လိဂ် (MWL) ဥက္ကဌ ဒေါက်တာ မိုဟာမက် ဘင် အဘ်ဒူလ် ကရင် အလ်-အီဆာက ပြောကြားလိုက်သည်။

    မတ်လ ၆ ရက်နေ့က ဥရောပသမဂ္ဂ ပါလီမန်တွင် “The Future of Islam and Islamophobia” (အစ္စလာမ်သာသနာ၏ အနာဂတ်နှင့် အစ္စလာမ်ကြောက်ရောဂါ) ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ညီလာခံတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အစ္စလာမ်သာသနာမှာ အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သော၊ အ
    လယ်အလတ်လမ်းစဉ်ကို အားပေးသော၊ လူသားဝါဒကို အခြေပြုသော၊ ငြိမ်းချမ်းမှုကို ရှေ့ရှုသော သာသနာဖြစ်သည်ဟုလည်း ဆိုသည်။

    “အစ္စလာမ်သာသနာရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၄၀၀ ရှိပါတယ်။ နိုင်ငံရေး ဒါမှမဟုတ် ပထ၀ီဗျူဟာ အကျိုးစီးပွားကြောင့် လုပ်နေကြတဲ့ အဖြစ်အပျက်တွေ၊ တိုက်ခိုက်မှုတွေ အနည်းငယ်နဲ့ အစ္စလာမ်ကို ညီမျှခြင်းချလို့၊ ဆုံးဖြတ်လို့ မရပါဘူး” ဟု အလ်-အီဆာက ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ်ကြောက်ရောဂါမှာ အစ္စလာမ်သာသနာနှင့်ပတ်သက်၍ သိရှိမှုမရှိခြင်း၏ ရလဒ်ကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

    Geo ရုပ်သံ သတင်းဌာနက မေးမြန်းမှုတွင် နိုင်ငံတကာ သတင်းမီဒီယာများက ဆော်ဒီအာရေဗျမှာ အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့ မြှင့်တင်ပေးနေသည်ဆိုသည့် ဖော်ပြချက်များကို ရှုတ်ချကြောင်း၊ မိမိတို့မှာ အလ် ကိုင်းဒါးနှင့် IS တို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်ဝါဒကို တိုက်ခိုက်နေကြောင်း၊ အကြမ်းဖက်သမားများမှာ မိမိတို့ဆော်ဒီကို အခြားနိုင်ငံများထက် ပို၍ ပစ်မှတ်ထားနေကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

    အကြမ်းဖက်သမားများက ဆိုရှယ်မီဒီယာများကို အသုံးပြုကာ ကမ္ဘာတစ်ဝှမ်းမှ လူငယ်များအား လမ်းမှားအောင် ဆောင်ရွက်မှုများကိုလည်း အလ်-အီဆာက သတိပေးခဲ့သည်။

    ဥရောပပါလီမန်အဖွဲ့ဝင် ရာဂျာ အဖ်ဇဲလ်ခန်းမှာ မွတ်စလင်၊ ခရစ်ယာန်နှင့် ဂျူးတို့အပါအ၀င် ဘာသာတရားအားလုံးမှ ဘာသာရေးနောက်လိုက်များမှာ လူသားများပင်ဖြစ်ကြောင်၊ ၎င်းတို့အနေဖြင့် စည်းလုံးညီညွတ်မှု၊ မတူကွဲပြားမှုတို့ကို ထိန်းသိမ်းကာ တစ်ဦးနှင့်တစ်ဦး လေစားသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ကမ္ဘာ့မွတ်စလင်လိဂ်အဖွဲ့ (MWL) မှာ အစိုးရမဟုတ်သော နိုင်ငံတကာ အစ္စလာမ့်အသင်းအဖွဲ့တစ်ခုဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် မက္ကာဟ်မြို့၌ ဖွဲ့စည်းခဲ့သည်။ MWL မှာ ကုလ၏ ICOSOC တွင် လေ့လာသူဖြစ်ပြီး၊ ယူနီဆက်ဖ်၏ အဖွဲ့ဝင်ဖြစ်သည်။

    ထို့အဖွဲ့မှာ အစ္စလာမ်သာသနာ၏ စစ်မှန်သော သင်ကြားမှုများ ပြန့်ပွားရန်၊ မှားယွင်းသော စွပ်စွဲချက်များ ပပျောက်ရန်အတွက် ကမ္ဘာတစ်ဝှမ်း ဆောင်ရွက်လျက်ရှိနေသည်။

    Ref: Geo TV

  • ဒေါ်လာ ၅၀ ဘီလီယံတန် ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်း ဆော်ဒီစမည်

    ဒေါ်လာ ၅၀ ဘီလီယံတန် ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်း ဆော်ဒီစမည်

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း ကန်ဒေါ်လာ ဘီလီယံ ၅၀ တန်ဖိုးရှိမည့် ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းကို ဆော်ဒီအာရေဗျနိုင်ငံက စတင်ရန် ရှိနေပြီး လုပ်ကိုင်လိုသည့် နိုင်ငံခြား ရင်းနှီးမြှုပ်မှုများကို ဖိတ်ခေါ်ထားသည်ဟု သိရသည်။

    ‘အမျိုးသား ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်း’ ဟု အမည်ပေးထားပြီး မတ်လ ၂၀ ရက်နေ့တွင် ပထမအဆင့် တင်ဒါအောင်မြင်သူများကို ကြေငြသွားမည်ဖြစ်သည်။ ထိုစီမံကိန်းအရ ၂၀၂၃ ခုနှစ်တွင် နိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ၉.၅ ဂီဂါဝပ်ကို ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များမှ ထုတ်ယူသွားရန် ရည်မှန်းထားပြီး ဆော်ဒီ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု စီမံကိန်း Vision 2030 ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    အဆိုပါစီမံကိန်းတွင် ကန်ဒေါ်လာ ဘီလီယံ ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရင်းမြှုပ်နှံသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် နိုင်ငံမြောက်ပိုင်း အလ်-ဂျုဖ်ပြည်နယ် ဆာကာကာတွင် ဓာတ်အား မီဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်မည့် နေစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်ရန်ဖြစ်သည်။

    ထို့ပြင် နိုင်ငံအနောက်မြောက်ပိုင်း မစ်ဒ်ယန်တွင်လည်း ၄၀၀ မီဂါဝပ် ထုတ်ပေးနိုင်မည့် ပြည့်ဖြိုးမြဲ ဓာတ်အားပေးစက်ရုံတစ်ခုကို တည်ဆောက်မည်ဟု ဆော်ဒီစွမ်းအင်ဝန်ကြီးဌာန၏ ကြေငြာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မည်သည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းစုမျိုးကိုမဆို ယခုစီမံကိန်းဆောင်ရွက်ရန် ဖွင့်ပေးထားသည်ဟုဆိုသည်။

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အမျိုးသား ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းကို စွဲဆောင်မှုအရှိဆုံး၊ ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံးတွေထဲက တစ်ခုအဖြစ် ပြုလုပ်ဖို့နဲ့ ကမ္ဘာပေါ်မှာ အစိုးရက ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်တဲ့ ပြည့်ဖြိုးမြဲ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဖြစ်လာဖို့ပါ။ ဒါမျိုးဖြစ်လာဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေလည်း ကျွန်တော်တို့မှာ အဆင်သင့် ရှိနေပါပြီ” ဟု စွမ်းအင်ဝန်ကြီး ခါလစ် အလ်-ဖာလီဟ်က ပြောကြားခဲ့သည်။

    Ref: IINA

  • အကြမ်းဖက်တိုက်ဖျက်ရေး စွမ်းဆောင်မှုအတွက် ဆော်ဒီအိမ်ရှေ့မင်းသားကို CIA ဂုဏ်ပြု

    အကြမ်းဖက်တိုက်ဖျက်ရေး စွမ်းဆောင်မှုအတွက် ဆော်ဒီအိမ်ရှေ့မင်းသားကို CIA ဂုဏ်ပြု

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့မှုကို ဂုဏ်ပြုသည့်အနေဖြင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် နာယက်ဖ်ကို အမေရိကန် ထောက်လှမ်းအေဂျင်စီ CIA အကြီးအကဲ မိုက်ကီ ပွမ်ပီယိုက ဆုတံဆိပ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    နာယက်ဖ်မှာ ၂၀၁၂ ခုနှစ်ကတည်းက ဆော်ဒီ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထောက်လှမ်းရေး လုပ်ငန်းများတွင် နှစ်များစွာ အတွေ့အကြုံရှိခဲ့သူလည်း ဖြစ်သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း နိုင်ငံအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် နိုင်ငံခြားသားများကို တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် အလ်ကိုင်းဒါးအဖွဲ့ကို နှိမ်နှင်းမှုကို နာယက်ဖ်ကိုယ်တိုင် ကြီးကြပ်ခဲ့သည်။

    ၂၀၀၉ ခုနှစ်တွင် နာယက်ဖ်မှာ အလ်ကိုင်းဒါး၏ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သည်။

    သမ္မတသစ် ထရမ့်လက်ထက် ဇန်န၀ါရီနှောင်းပိုင်းက CIA အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသည့် ပွမ်ပီယိုမှာ ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျသို့ ရောက်ရှိနေပြီး နာယက်ဖ်၏ ‘အကြမ်းဖက်တိုက်ဖျက်ရေးနယ်ပယ်တွင် ပြောင်မြောက်သည့်ထောက်လှမ်းရေးစွမ်းဆောင်ရည်၊ ကမ္ဘာ့လုံခြုံရေးနှင့် ငြိမ်းချမ်းရေး အောင်မြင်ရန် အကန့်အသတ်မဲ့ ကူညီစွမ်းဆောင်ပေးမှုများ’ အတွက် George Tenet Medal ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် ပွမ်ပီယိုမှာ နာယက်ဖ်နှင့် လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး၊ အိမ်ရှေ့မင်းသားက အမေရိကန်နှင့် ဆော်ဒီတို့၏ ဆက်ဆံရေးတွင် မည်သည့် သပ်လျှိုမှုမှ အောင်မြင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကမ္ဘာ့စံချိန်ချိုးမယ့် ဆော်ဒီက ပျားလူသား

    ကမ္ဘာ့စံချိန်ချိုးမယ့် ဆော်ဒီက ပျားလူသား

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – ဆော်ဒီနိုင်ငံက အမျိုးသားတစ်ယောက်ဟာ ဦးခေါင်း၊ မုတ်ဆိတ်နဲ့ ပါးသိုင်းမွှေးတွေမှာ ပျားတွေမွေးမြူပြီး ကမ္ဘာ့ စံချိန်တင်ဖို့ ကြိုးစားနေပါတယ်။

    ဇူဟီရန် ဖတ္တာနီဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက ပျားမွေးမြူရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့တာပါ။ သူဟာ အခြားပြားတွေကို စွဲဆောင်ဖို့အတွက် ပျားဘုရင်မတစ်ဦးကို သူ့ရဲ့ မုတ်ဆိတ်မှာ ထားခဲ့တာ ဖြစ်ပါတယ်။

    သူ့ရဲ့ ဦးခေါင်းနဲ့ မုတ်ဆိတ်တွေမှာ ပျားအကောင်ပေါင်း ၂ သောင်းလောက် ရှိနေကြပြီး၊ ဒီအခြေအနေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၂ ပုံ အခုရက်ပိုင်းအတွင်း ထွက်လာပြီးတဲ့နောက် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ သူကတော့ ပျားမွေးသူတွေဟာ ပျားတုပ်မှုကို ခံနိုင်တဲ့ အရည်အချင်းမျိုး ရှိတယ်လို့ဆိုပြီး၊ သူ့အနေနဲ့ ကမ္ဘာ့စံချိန်သစ်တင်ဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖတ္တာနီဟာ ကိုယ်ပိုင် ပျားမွေးမြူရေးခြံ ၃ ခု ရှိနေပြီး ပျားအုံးမျိုးစုံ ၁၂၀၀ လောက်ပါဝင်ကာ အလွယ်တစ်ကူ သယ်သွားလို့ရတဲ့ ပျားခြံတစ်ခုလည်း ပါဝင်ပါတယ်။

    Ref: Alarabiya

  • ဆော်ဒီမှ မြန်မာအသိုင်းအ၀ိုင်း၏ မှတ်တမ်းရုပ်ရှင် မကြာမီ ထွက်မည်

    ဆော်ဒီမှ မြန်မာအသိုင်းအ၀ိုင်း၏ မှတ်တမ်းရုပ်ရှင် မကြာမီ ထွက်မည်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Media

    ဆော်ဒီမြို့တော် ရီယာ့ဒ်မြို့ မြင်ကွင်းတစ်ခု

    – ဆော်ဒီအာရေဗျနိုင်ငံတွင် ရှိနေသော မြန်မာအသိုင်းအ၀ိုင်း၏ လူမှုဘ၀အခြေအနေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးထားသည့် မှတ်တမ်းရုပ်ရှင်တစ်ခုကို မက္ကာအစိုးရက ရိုက်ကူးထားပြီး မကြာခင် ဆိုရှယ်မီဒီယာတွင် ထုတ်လွှင့်သွားမည်ဟု သိရသည်။

    မက္ကာအစိုးရ၏ ပြည်သူ့ဆက်ဆံရေးနှင့် မီဒီယာ ဦးစီးဌာနမှ ရိုက်ကူးထားခြင်းဖြစ်ပြီး၊ ပြောရေးဆိုခွင့်ရှိသူ ဆူလ်တန် အလ်-ဒိုဆာရီက နိုင်ငံအတွင်းရှိ မြန်မာအသိုင်းအ၀ိုင်း၏ အခြေအနေကို တိုးတက်အောင် ဆောင်ရွက်ပေးထားမှုအကြောင်းကို အသေးစိတ် ဖော်ပြထားသည်ဟု ဆိုသည်။

    ဆော်ဒီမှာ နိုင်ငံအတွင်းမှ ဒေသများ နာမည်ကျော်ကြားစေရန်နှင့် နိုင်ငံတကာမှ စိတ်ဝင်စားမှု ရရှိရေး၊ ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများအတိုင်း အကောင်အထည်ဖော်ရေးတို့အတွက် နိုင်ငံအတွင်းရှိ နိုင်ငံခြားသား အသိုင်းအ၀ိုင်းများ လူနေမှုအဆင့်အတန်း တိုးတက်စေရန် ဆောင်ရွက်ပေးနေသည်။

    ယခု မှတ်တမ်းရုပ်ရှင်တွင် ထိုဆောင်ရွက်မှုနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူများ၏ မှတ်ချက်များ၊ ကုလ ကိုယ်စားလှယ်များနှင့် မြန်မာအသိုင်အ၀ိုင်းမှ ပြည်သူများ၏ မှတ်ချက်များ ပါဝင်မည်ဖြစ်သည်။

    ထို့ပြင် နိုင်ငံတစ်ဝှမ်းရှိ မြန်မာနိုင်ငံသား ၂၅၀၀၀၀ က လူဝင်မှုကြီးကြပ်ရေးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အခြားသော အသင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ နိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်ရရှိမှု စသည့် အကြောင်းများ၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းအားဖြင့် ဆော်ဒီနိုငံအတွင်း အကျိုးဖြစ်ထွန်းမှုများကို ဖော်ပြထားသည်ဟု ဆိုသည်။

    နိုင်ငံအတွင်းရှိ မြန်မာအသိုင်းအ၀ိုင်းအား လူနေမှုအဆင့်အတန်း တိုးတက်ရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်အတွင်း ကူး စက်ရောဂါရှိသူ ၈၃၀၀၀ ဦး၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိသူ ၂၂၅၇ ဦးတို့ကို တွေ့ခဲ့ရပြီး ဆော်ဒီအစိုးရက
    ကုသမှုများ ပြုလုပ်ပေးခဲ့သည်။

    မက္ကာရှိ မြန်မာအသိုင်းအ၀ိုင်းအတွက် အခမဲ့ စာသင်ကျောင်းပေါင်း ၁၂၁ ကျောင်း ရှိနေကာ ယခု မှတ်တမ်းရုပ်ရှင်တွင် အဆိုပါကျောင်းများအား အဆင့်မြှင့်တင်မှု၊ ကျောင်းသေား ၆၂၅၆၀ ကို တတိယတန်းမှ အထက်တန်းအထိ အစိုးကျောင်းများတွင် သင်ကြားစေခြင်း၊ ၁၃၀၇ ဦးကို တက္ကသိုလ် ပညာသင်ဆုများ ပေးခြင်း စသည်တို့ကိုလည်း ဖော်ပြထားသည်။

    Ref: Arab News