News @ M-Media

Tag: SaudiArabia

  • ဆော်ဒီက ဗီဇာကြေးရုပ်သိမ်းမှုသတင်း မဟုတ်မှန်

    ဆော်ဒီက ဗီဇာကြေးရုပ်သိမ်းမှုသတင်း မဟုတ်မှန်

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    umrah

    – အောက်တိုဘာ ၂ ရက်နေ့မှစ၍ အကျုံးဝင်သည့် ဆော်ဒီအာရေဗျ၏ ဗီဇာကြေး တိုးမြှင့်သတ်မှတ်မှုကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်၏ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ထိုသတင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံတကာ သတင်းစာမျက်နှာ၌ ပြန့်နှံ့ခဲ့ပြီး ရီယာ့ဒ်ရှိ မလေးရှားသံရုံးက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းမှုတွင် ဒီဇင်ဘာ ၆ ရက်နေ့အထိ အစိုးရက ထိုကဲ့သို့ ဗီဇာကြေးရုပ်သိမ်းသည့် သတင်းမျိုး ထုတ်ပြန်ခဲ့ခြင်းမရှိဟု ဆိုသည်။

    ကွာလာလမ်ပူရှိ ဆော်ဒီသံရုံးကလည်း ဆော်ဒီအစိုးရထံမှ ဗီဇာနှင့်ပတ်သက်သည့် ညွှန်ကြားမှုအသစ် ရရှိခြင်းမရှိဟု အတည်ပြုခဲ့သည်။

    “ဒါ့ကြောင့် ရှုပ်ထွေးမှုတွေမဖြစ်အောင် မခိုင်မာတဲ့သတင်းတွေကို မယုံကြည်ဖို့ မီဒီယာနဲ့ ပြည်သူလူထုကို တိုက်တွန်းပါတယ်” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ဗီဇာနှင့်ပတ်သက်၍ မည်သည့်ပြောင်းလဲမှုမျိုးမဆို ဆော်ဒီအစိုးရက ၎င်းတို့၏ သံရုံးများနှင့် တရားဝင်မီဒီယာမှတစ်ဆင့် ကြေငြာသွားမည်ဖြစ်ကြောင်း ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီက အောက်တိုဘာ ၂ ရက်နေ့ကစ၍ ပြင်ဆင်သတ်မှတ်လိုက်သည့် ဗီဇာကြေးမှာ နိုင်ငံအားလုံးအပေါ် သက်ရောက်မည်ဖြစ်သည်။

    အဆိုပါ ဗီဇာကြေားတွင် ပထမဆုံး ဟဂ်ျနှင့် အွမ္မရာဟ် လာရောက်သည့်သူမှလွဲ၍ အခြားလည်ပတ်သူများမှာ တစ်ဦးလျှင် ဗီဇာကြေး ရီယဲလ် ၂၀၀၀ (ကန်ဒေါ်လာ ၈၀၀) ခန့် ပေးဆောင်ရမည်ဖြစ်သည်။

    Ref: Freemalaysiatoday

  • မက္ကာ-မဒီနာ အမြန်ရထားလမ်းသစ်ကို ၂၀၁၈ နှစ်ဆန်းတွင် ဖွင့်လှစ်မည်

    မက္ကာ-မဒီနာ အမြန်ရထားလမ်းသစ်ကို ၂၀၁၈ နှစ်ဆန်းတွင် ဖွင့်လှစ်မည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    train

    – ဆော်ဒီအာရေဗျရှိ မက္ကာနှင့် မဒီနာမြို့တို့ကို တိုက်ရိုက်ပြေးဆွဲမည့် အမြန်ရထားလမ်းတစ်ခုကို ၂၀၁၈ ခုနှစ်မတ်လတွင် ဖွင့်လှစ်နိုင်မည်ဟု အဆိုပါ စီမံကိန်းကို ဆောင်ရွက်နေသော စပိန်ဆောက်လုပ်ရေးလုပ်ငန်းက ပြောကြားလိုက်သည်။

    အစ္စလာမ်သာသနာ၏ အမြင့်မြတ်ဆုံး မြို့နှစ်ခုကို ဆက်သွယ်မည့် အဆိုပါရထားလမ်းကို ကနဦးက ယခုနှစ်ကုန်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသော်လည်း ပြီးစီးမည့်ရက်ကို ၂၀၁၇ နှစ်ကုန်အထိ ရွှေ့ဆိုင်းထားခဲ့ရသည်။

    ယခုတွင် Al-Shoula ဆောက်လုပ်ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူက ရထားလမ်း၏ လုပ်ငန်းအပြည့်အ၀ကို ၂၀၁၈ ခုနှစ် မတ်လမှ လည်ပတ်နိုင်မည်ဟု ဆိုသည်။ တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်မှုကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်နိုင်မည်ဖြစ်သည်။

    ဟဂ်ျရာသီတွင် လာရောက်သည့် ကမ္ဘာတစ်ဝှမ်းမှ ဟဂ်ျပြုသူများအတွက် ထိုမြို့နှစ်ခုအကြား သွားလာရေး တိုးတက်စေရန် ရည်ရွယ်သည့် အဆိုပါ ရထားလမ်းဆောက်လုပ်ရန် စပိန်ကုမ္ပဏီ ၁၂ ခုနှင့် ဆော်ဒီကုမ္ပဏီ ၂ ခုတို့ဖြင့် ဖွဲ့စည်းထားသည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက ၂၀၁၁ ခုနှစ်တွင် ကန်ထရိုက် ရရှိခဲ့ခြင်းဖြစ်သည်။

    စပိန်လုပ်ငန်းများ နိုင်ငံရပ်ခြားတွင် ရရှိသည့် စီမံကိန်းမျာမှ အကြီးဆုံးစီမံကိန်းဖြစ်သည့် အဆိုပါ ရထားလမ်းမှာ ၄၄၄ ကီလိုမီတာရှည်လျားမည်ဖြစ်သည်။ ပြီးဆုံးပါက နေ့စဉ် ခရီးသည် ၁၆၆၀၀၀ ကို သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။

    သို့သော်လည်း စီမံကိန်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ငွေကြေးများ ထပ်မံလိုအပ်ခဲ့ကာ ပြဿနာကို မည်သို့ဖြေရှင်းမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းတွင်ပါဝင်သည့် ကုမ္ပဏီများအကြား အငြင်းပွားမှုများလည်း ဖြစ်ခဲ့သည်။

    သဲမုန်တိုင်းများ တိုက်ခတ်ကာ သဲသောင်များ မကြာခဏ ဖြစ်ထွန်းလေ့ရှိသည့် အာရေဗျသဲကန္တာရတွင် ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းမှာ မလွယ်ကူသောကြောင့် ယခုစီမံကိန်းမှာ နှောင့်နှေး ကြန့်ကြာရခြင်းလည်းဖြစ်သည်။

    Ref: Arabnews

  • ထရမ့်၏ရေနံပေါ်လစီ ကောင်းကျိုးရှိမည်မဟုတ်ဟု ဆော်ဒီသတိပေး

    ထရမ့်၏ရေနံပေါ်လစီ ကောင်းကျိုးရှိမည်မဟုတ်ဟု ဆော်ဒီသတိပေး

    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    oil

    – မိမိတို့ဆီမှ ရေနံဝယ်ယူမှုကို လျှော့ချမည်ဆိုသည့် ပြောစကားအတွက် ဆော်ဒီအာရေဗျက ဒေါ်နယ်ထရမ့်ကို သတိပေးလိုက်ပြီး ကမ္ဘာစီးပွားရေးကို ကမောက်ကမဖြစ်စေမည်ဟု ပြောကြားလိုက်သည်။

    ထရမ့်က IS အဖွဲ့ကို မြေပြင်တပ်များဖြင့် တိုက်ခိုက်ခြင်း၊ အမေရိကန်က ထိုအဖွဲ့အား တိုက်ခိုက်မှုအတွက် ကုန်ကျစားရိတ်အား ပြန်ပေးခြင်းတို့ မပြုလုပ်ပါက ဆော်ဒီနှင့် အခြားသော အာရပ်နိုင်ငံများမှ ရေနံတင်သွင်းမှုကို ရပ်တန့်မည်ဟု ယခုနှစ်အစောပိုင်းက ပြောကြားခဲ့သည်။

    ထို့ပြင် နောက်ပိုင်း စွမ်းအင်နှင့်ပတ်သက်၍ ၎င်း၏ပေါ်လစီအား ပြောကြားရာတွင် အမေရိကန်အနေဖြင့် ရန်သူများနှင့် ရေနံအင်အားကြီးနိုင်ငံများမှ စွမ်းအင်ဆိုင်ရာ မီခိုနေရမှုကို လုံးဝ လွတ်လပ်အောင် ဆောင်ရွက်မည်ဟုလည်း ဆိုသည်။

    ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ် အလ်-ဖာလီဟ်ကမူ ဆော်ဒီမှ ရေနံတင်သွင်းမှုကို ပိတ်ပင်ပါက ဆိုးရွားသည့်နောက်ဆက်တွဲနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။

    “သူကတော့ အကျိုးရှိမယ်လို့ ထင်မှာပေါ့လေ။ ဘယ်လိုရေနံထွက်ကုန်မျိုးမဆို ပိတ်ပင်တာက အခြေအနေကေင်းမှာ မဟုတ်ဘူးဆိုတာကို ရေနံလုပ်ငန်းက သူ့ကို သင်ပေးသွားမယ်လို့ ကျွန်တော် ထင်ပါတယ်”

    ထို့ပြင် အလ်-ဖာဟီလ်က စွမ်းအင်မှာ ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောဖြစ်ပြီး ကမ္ဘာ့လွတ်လပ်စွာကုန်သွယ်မှုမှတစ်ဆင့် အမေရိကန်မှာ အားလုံးထက်ပို၍ အမြတ်ထွက်နေသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

    ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခဖြစ်ပြီး အိုဘားမား၏ စွမ်းအင်ဆိုင်ရာ အကြံပေးဟောင်းဖြစ်သူ ဂျေဆန် ဘောဒေါ့ဖ်က ယနေ့ကဲ့သို့ ခွဲခြား၍မရတော့သည့် ကမ္ဘာ့ရေနံဈေးကွက်တွင် မည်သည့်နိုင်ငံမှမဆို အမေရိကန်သို့ ရေနံတင်သွင်းမှု ပိတ်ပင်ခြင်းမှာ လက်တွေ့မကျဟုဆိုပြီး၊ နိုင်ငံတစ်ခုကို သံတမန်ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း အန္တရာယ်ဖြစ်အောင် ဆောင်ရွက်ခြင်းမှာ အမေရိကန်၏ လွတ်လပ်ပြီး ပွင့်လင်းသော စွမ်းအင်ဈေးကွက်ဖြစ်ရေး ကတိက၀တ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း သတိပေးခဲ့သည်။

    အမေရိကန်မှာ ပြည်တွင်းရေနံထုတ်လုပ်မှု မြင့်တက်လာသော်လည်း နိုင်ငံ၏ ကြီးမားသော စီးပွားရေး အလျင်မီစေရန်အတွက် အိုပက်နိုင်ငံများမှ ရေနံတင်သွင်းမှုကို အဓိကထားနေရသည်။

    Ref: CNN

  • IS က ဘောလုံးကွင်းဗုံးခွဲရန် ကြံစည်မှုကို ဆော်ဒီဖော်ထုတ်နိုင်ခဲ့

    IS က ဘောလုံးကွင်းဗုံးခွဲရန် ကြံစည်မှုကို ဆော်ဒီဖော်ထုတ်နိုင်ခဲ့

    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media

    football

    – ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ဘောလုံးကွင်းတွင် ဗုံးခွဲရန်နှင့် ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ရန် IS အကြမ်းဖက်အဖွဲ့၏ ကြံစည်မှုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆော်ဒီပြည်ထဲရေးဝန်ကြီးက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ဂျစ်ဒါမြို့ရှိ ဘုရင်အဘ်ဒူလာဘောလုံးကွင်းတွင် အောက်တိုဘာ ၁၁ ရက်နေ့က ကစားခဲ့သည့် ယူအေအီးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ဗုံးခွဲရန် ကြံစည်ခဲ့ခြင်းဖြစ်ပြီး မကစားခင် ၁ ရက်အလို၌ လူ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါပွဲသို့ ပရိသတ်ပေါင်း ၆၀၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြသည်။

    “IS အဖွဲ့ဟာ ထိခိုက်သူ အမြင့်ဆုံးဖြစ်စေမယ့် ဗုံးခွဲမှုမျိုးကို လုပ်ချင်တာပါ” ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး မန်ဆူရ် အလ်-တူရ်ကီက ပြောကြားခဲ့သည်။

    ပေါက်ကွဲစေတတ်သောပစ္စည်း ၄၀၀ ကီလိုဂရမ် တင်ဆောင်ထားသည့် ကားတစ်စီးကိုလည်း ရဲတပ်ဖွဲ့က ဘောလုံးကွင်းအနီးတွင် တွေ့ရှိခဲ့ရပြီး လုံခြုံရေးတာဝန်ရှိသူ ဗိုလ်ချုပ် ဘက်ဆမ် အတ္တီယာဟ်ကမူ ဘောလုံးကွင်း၏ ကားပါကင် သို့မဟုတ် ဘောလုံးပွဲကြည့်ရှုသူများကို ပစ်မှတ်ထားရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။

    ၎င်းတို့ ကြံစည်ထားမှု အောင်မြင်ပါက ပေါက်ကွဲမှုဧရိယာမှာ မီတာ ၁၁၀၀ ၀န်းကျင်အထိ ရှိနိုင်ပြီး၊ စကွဲယားမီတာ ၈ သိန်း ကျယ်ပြန့်သော နေရာကို ထိခိုက်ပျက်ဆီးနိုင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    တိုက်ခိုက်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုမပြုလုပ်ခင် ၂ ရက်အလို၌ ရရှိခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် မြို့တော်ရီယာ့ဒ်၌ ရဲတပ်ဖွဲ့ဝင်များကို တိုခိုက်ရန် ကြံစည်မှုအတွက် IS အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သည့် လူ ၄ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Press TV

  • ကမ္ဘာ့လုံခြုံမှုအရှိဆုံး ထိပ်တန်း ၃ နိုင်ငံတွင် ဆော်ဒီ ပါဝင်လာ

    ကမ္ဘာ့လုံခြုံမှုအရှိဆုံး ထိပ်တန်း ၃ နိုင်ငံတွင် ဆော်ဒီ ပါဝင်လာ

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    saudi 4

    – သဘာဝဘေးအန္တရာယ် နည်းပါးမှု၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် အခြေခံအဆောက်အဦးများ ကောင်းမွန်ရေး အစိုးရ၏ စဉ်ဆက်မပြတ် အားထုတ်မှုများကြောင့် ကမ္ဘာ့ ဘေးကင်းလုံခြုံမှုအရှိဆုံး နိုင်ငံများစာရင်း၏ ထိပ်ဆုံးသုံးနိုင်ငံတွင် ဆော်ဒီအာရေဗျ ပါဝင်လာသည်ဟု သိရသည်။

    တိုကျိုအခြေစိုက် UN တက္ကသိုလ်၏ ပတ်ဝန်းကျင်နှင့် လူထုလုံခြုံရေးဌာနက ထုတ်ပြန်ခဲ့သည့် စစ်တမ်းကောက်ယူမှု ရလဒ်တွင် ဖော်ပြထားခြင်းဖြစ်ပြီး မော်လ်တာနှင့် ကာတာနိုင်ငံတို့ပြီးနောက် ဆော်ဒီမှာ ကမ္ဘာပေါ်တွင် တတိယမြောက် ဘေးကင်းလုံခြုံမှုအရှိဆုံး တိုင်းပြည်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

    အမေရိကန်ကမူ ထိုစာရင်းတွင် အဆင့် ၄၅ သာ ချိတ်ခဲ့ပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး နိုင်ငံများမှာ ဗနူအာတူ၊ တွန်ဂါ၊ ဖိလစ်ပိုင်၊ ဂွာတီမာလာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ကြသည်။ အမေရိကန် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်သည့် TakePart ကမူ မီးဘေး၊ ဆူနာမီနှင့် မြေငလျင်ကဲ့သို့သော် သဘာဝဘေးများက ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်သည့် အချိုးအစားကို လျော့ကျစေသည်ဟု ဆိုသည်။

    UN တက္ကသိုလ်ရှိ သုတေသီများက နိုင်ငံပေါင်း ၁၇၁ နိုင်ငံတွင်ရှိသော သဘာဝဘေးများနှင့် ထိခိုက်ပျက်စီးမှုများကို လေ့လာခဲ့ခြင်းဖြစ်ပြီး စီမံကိန်းမန်နေဂျာ Peter Myuk က ယင်းစစ်တမ်းမှာ ပတ်ဝန်းကျင်၊ သဘာဝနှင့် လူသားကဏ္ဍများသာမက နိုင်ငံများစွာရှိ အခြေခံအဆောက်အအုံများ၊ နိုင်ငံသားများအတွက် လုံခြုံမှုပေးနိုင်စွမ်းနှင့် အချို့ သဘာဝဘေးဖြစ်စဉ်များတွင် အစိုးရ၏ ကယ်ဆယ်ရေးအကူအညီ လျင်မြန်စွာ ပေးပို့နိုင်စွမ်းတို့အပေါ် လေ့လာဆန်းစစ်ချက်များ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    ပြည်သူများ ဘေးအန္တရာယ်ကင်းမှု အနိမ့်ဆုံးနိုင်ငံ ၁၅ ခုတွင် အာဖရိကတိုက်မှ ၁၃ နိုင်ငံ ပါဝင်နေသည်။ ချမ်းသာသော နိုင်ငံများမှာ အခြေခံအဆောက်အဦးများ ကောင်းမွန်မှု၊ စားနပ်ရိက္ခာ အများအပြား ထောက်ပံ့နိုင်မှု၊ ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်၊ မိလ္လာစနစ်၊ ရေပေးဝေမှုနှင့် ပြည်သူများလိုအပ်သော အခြားဝန်ဆောင်မှုများ ကောင်းမွန်ခြင်းတို့ကြောင့် ထိုစာရင်းတွင် မြင့်မားသောအဆင့်၌ ရှိနေကြသည်။

    Ref : IINA