News @ M-Media

Tag: SaudiArabia

  • မိသားစုပြဿနာများ ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များ ဆော်ဒီဖွင့်လှစ်

    မိသားစုပြဿနာများ ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များ ဆော်ဒီဖွင့်လှစ်

    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    Saudi Arabia opened new court to solve family disputes, amid steps aimed at making the kingdom’s legal system faster
    – နိုင်ငံ၏ ဥပဒေရေးရာစနစ်ကို ပိုမိုမြန်ဆန်စေပြီး ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်နေသော ဆော်ဒီအာရေဗျနိုင်ငံမှာ မိသားစုဆိုင်ရာ ပြဿနာများကို အာရုံစိုက်ဖြေရှင်းရန်အတွက် အထူးခုံရုံးသစ်များကို သြဂုတ်လ တတိယပတ်အတွင်း ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ အထူးခုံရုံးများကို ရီယာ့ဒ်၊ မက္ကာ၊ ဂျစ်ဒါ၊ မဒီနာနှင့် ဒန်မန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုခုံရုံးများတွင် ရုံးထိုင်မည့် တရားသူကြီးများနှင့် ၀န်ထမ်းများအား မိသားစု ပြဿနာများဖြစ်သည့် ကွာရှင်းခြင်း၊ ဇနီးအား စားရိတ်ထောက်ပံ့ခြင်း၊ ကလေးများအား အုပ်ထိန်းခွင့် စသည်တို့နှင့် ပတ်သက်၍ အထူးသင်တန်းများ ပေးအပ်သွားမည်ဖြစ်သည်။

ုထို့ပြင် ကုန်သွယ်ရေးရာနှင့်သက်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းပေးမည့် အထူးခုံရုံးများကို လေးလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်နေပြီး အဆိုပါခုံရုံးများ၌ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်သည်။

    ထိုကဲ့သို့ အထူးခုံရုံးသစ်များ ဖွင့်လှစ်ခြင်းမှာ တိုင်းပြည်၏ လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးပါသောခြေလှမ်းဖြစ်ပြီ လူငယ်များ၊ ခေတ်သစ် စီးပွားရေးနှင့် ဆော်ဒီ၏ ရှေးရိုးစွဲ ယဉ်ကျေးမှုအကြား ရင်ကြားစေ့ ပေးခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

    ဆော်ဒီတွင် အစ္စလာမ့်ဥပဒေဖြစ်သည့် ရှရီအာ ဥပဒေကို ကျင့်သုံးသော်လည်း အစ္စလာမ့် ကျမ်းဂန်များထဲမှ ဥပဒေသများကို တရားသူကြီးများက မိမိတို့၏ကိုယ်ပိုင်ပုံစံဖြင့် ပြန်ဆိုကာ အသုံးချနေကြခြင်းဖြစ်သည်။ ထို့ပြင် လျှောက်လဲချက်များကို လက်ခံခြင်း၊ စီရင်ချက်ချခြင်း စသည်လုပ်ဆောင်မှုပိုင်းတွင်လည်း တရားသူကြီးများကသာ လုပ်ပိုင်ခွင့် အလွန်အကျွံရယူထားကြသည့် ဟု ဝေဖန်သူများလဲ ရှိပါသည်။

    _Reuters

  • မက္ကာရှိ  ကမ္ဘာ့ဒုတိယအမြင့်ဆုံး နာရီစင်တာဝါအား ဟဂ်ျကာလ အပြီးတွင် ဖွင့်လှစ်မည်

    မက္ကာရှိ ကမ္ဘာ့ဒုတိယအမြင့်ဆုံး နာရီစင်တာဝါအား ဟဂ်ျကာလ အပြီးတွင် ဖွင့်လှစ်မည်

    သြဂုတ် ၁၉ ၊ ၂၀၁၄
    M-Media
    Makkah Clock Tower to open for tourists after Haj
    – ကမ္ဘာ့ဒုတိယအမြင့်ဆုံး တာဝါဖြစ်လာမည့် မက္ကာမြို့ရှိ နာရီစင်တာဝါကို ၂၀၁၄ ဟဂ်ျဘုရားဖူးကာလအပြီးတွင် ကမ္ဘာလှည့်ခရီးသွားများအတွက် ဖွင့်လှစ်တော့မည်ဟု သိရသည်။

    အဆိုပါ နာရီစင်တာဝါမှာ ဘုရင် အဘ်ဒူလ်အဇစ် တည်ဆောက်မည့် တာဝါပရောဂျက် ၇ ခုမှ တာဝါနံပါတ် ၅ ဖြစ်ပြီး ဟိုတယ်များလည်းပါဝင်သည်။ အဆိုပါ တာဝါမှာ ၆၀၁ မီတာ အမြင့်ရှိပြီး ၇၆ ထပ် ရှိကာ ဟိုတယ်အခန်းပေါင်း ၈၅၈ ခန်းပါဝင်သည်။ ထိုတာဝါမှ ကအ်ဗာကျောင်းတော်ကို လှမ်း၍ ရှုမြင်နိုင်သည်။

    ထိုတာဝါတွင်ပါရှိသည့် နာရီမှာ မီတာ ၈၀ အမြင့်ရှိကာ ၆၅ မီတာအကျယ်ရှိသည်။ နာရီ၏ အချင်းမှာ ၃၅ မီတာရှိသည်။ ထိုနာရီကို တာဝါအမြင့် မီတာ ၃၈၀ တွင် ထည့်သွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး မျက်နှာစာလေးခုပါဝင်က နာရီထိပ်ဆုံးတွင် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို ရေးထိုးထားသည်။

    ဘုရင် အဘ်ဒူလ်အဇစ်၏ တာဝါပရောဂျက်မှာ ဆော်ဒီ၏ ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထိုတာဝါမှနေ၍ ကအ်ဗာကျောင်းတော်အပါအ၀င် မက္ကာမြို့၏ အလှအပကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုတာဝါ၏ ထိပ်ဆုံးသို့တက်ရောက်ကြည့်ရှုရန်အတွက် လက်မှတ်ဝယ်ယူရမည်ဖြစ်သည်။

    ref_ Arab news

  • အကြမ်းဖက်မှု တားဆီးရေး ဆော်ဒီ၏  ထိပ်တန်း ရှေ့ဆောင် အီမာမ် တိုက်တွန်း

    အကြမ်းဖက်မှု တားဆီးရေး ဆော်ဒီ၏ ထိပ်တန်း ရှေ့ဆောင် အီမာမ် တိုက်တွန်း

    သြဂုတ် ၁၆ ၊ ၂၀၁၄
    M-Media

    အကြမ်းဖက်မှု တားဆီးရေး ကမ္ဘာလုံးဆိုင်ရာ သောကြာနေ့ ၀တ်ပြုမှု မိန့်ခွန်းတွင် ဆော်ဒီ၏ ထိပ်တန်း ရှေ့ဆောင်အီမာမ် တိုက်တွန်း

    Sheikh Abdul-Rahman al-Sudais

    – မတည်ငြိမ်သည့် အရှေ့အလယ်ပိုင်း ဒေသအတွင်း တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှု ထပ်မံဝင်ရောက်လာခြင်းကို တားဆီးရန် ခေါင်းဆောင်များ၊ ပညာရှင်များနှင့် လူငယ်များအတွက် ကမ္ဘာလုံးဆိုင်ရာ ဥပဒေ သတ်မှတ်ချက်တစ်ခု ပေါ်ပေါက်လာရန် ဆော်ဒီရှိ ထင်ရှားသည့် ရှေ့ဆောင်အီမာမ်တစ်ပါးက တိုက်တွန်းလိုက်သည်။

    ကအ်ဗာကျောင်းတော်၏ ရှေ့ဆောင်ဆရာတော် ရှိခ် အဘ်ဒူလ် ရဟ်မာန် အလ်-ဆူဒါအစ်က သောကြာနေ့ ၀တ်ပြုမှုမိန့်ခွန်းတွင် ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ဆီးရီးယား၊ အီရတ်နှင့် ဂါဇာတို့တွင်ဖြစ်ပွားနေသည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကာ လူမဆန်သည့် လုပ်ရပ်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ISIS အဖွဲ့မှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေဒေသ အချို့အား သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက်မှုများ ပြုလုပ်လာခဲ့ပြီးနောက်  ဆော်ဒီမှာ ထိုကိစ္စအတွက် ပိုမိုသတိထားလာခဲ့ပြီး သတိပေးမှုများလည်း ပြုလုပ်ခဲ့သည်။

    “ဒါတွေအားလုံးဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ မျက်စိအောက်မှာ ဖြစ်ပျက်နေတာပါ…. ဒီလို တိုက်ခိုက်မှု၊ အကြမ်းဖက်မှုနဲ့ လူ့ယဉ်ကျေးမှုတွေ ထိပ်တိုက်ဖြစ်နေတာတွေက လာမယ့်မျိုးဆက်အပေါ် လွှမ်းမိုးသွားမယ်ဆိုတဲ့ စိုးရိမ်မှုကိုလည်း မြင့်တက်စေပါတယ်” ဟု ဆူဒါအစ်၏ ပြောကြားမှုကို SPA သတင်းဌာနက ဖော်ပြခဲ့သည်။

    ထို့ပြင် ကမ္ဘာ့လုံးဆိုင်ရာ ဥပဒေ သတ်မှတ်ချက်မှတစ်ဆင့် နိုင်ငံခေါင်းဆောင်များ၊ ပညာရှင်များမှာ သတင်းစကားများကို ပေးပို့နိုင်မည်ဖြစ်ပြီး၊ လူငယ်များ၏ အတွေးများကို မှန်ကန်စေကာ၊ မီဒီယာအသစ်၏ မှန်ကန်သော လမ်းကြောင်းကိုလည်း သတ်မှတ်ပေးနိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အီရတ်နှင့် ဆီးရီးယားတို့တွင် ISIS ၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် အထိုဖွဲ့၏ ပြောကြားမှုများကြောင့် မျိုးဆက်သစ်များအတွင်း စစ်သွေးကြွများ ပေါ်ထွက်လာမည်ကို ဆော်ဒီအာဏာပိုင်များက စိုးရိမ်နေသည်။

    အကြမ်းဖက်အဖွဲ့အစည်းများအား ကူညီပေးနေသူများကို အရေးယူနိုင်ရေးအတွက် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို လုံခြုံရေးကောင်စီတွင် ဗြိတိန်က တင်သွင်းခဲ့ပြီး ယမန်နေ့ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့သည်။

    အဆိုပါ ဆုံးဖြတ်ချက်တွင် ISIS  တာဝန်ရှိသူ ၆ ဦးအား ပိတ်ပင်မှုများပြုလုပ်ရန်လည်း ပါဝင်ခဲ့ပြီး၊ အဆိုပါ အကြမ်းဖက်အဖွဲ့ အားနည်းသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု လုံခြုံရေးကောင်စီက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဆော်ဒီမှာ ကုလ၏ အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေး စင်တာသို့ ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့သည်။

    Ref- CNN,Al Jazeera and agencies

  • အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွက် ကုလသို့ ဆော်ဒီ ဒေါ်လာ သန်း ၁၀၀ လှူဒါန်း

    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွက် ကုလသို့ ဆော်ဒီ ဒေါ်လာ သန်း ၁၀၀ လှူဒါန်း

    သြဂုတ် ၁၄၊ ၂၀၁၄
    M-Media

    2013816153550816734_20

    –  နိုင်ငံတကာတွင် ခေါင်းထောင်ထလာသည့် အကြမ်းဖက်ဝါဒအား တွန်းလှန်ရေးအတွက် ကုလသမဂ္ဂ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး စင်တာသို့ ဆော်ဒီအာရေဗျက ကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

    ကုလ ရုံးချုပ်ရှိ ဘန်ကီမွန်၏ ရုံးခန်းတွင် ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံအမတ်ကြီးက ယမန်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဘန်ကီမွန်က ဆော်ဒီ၏ ကူညီမှုကို ကြိုဆိုကြောင်း၊ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့အပါအ၀င် အရှေ့အလယ်ပိုင်းနှင့် နိုင်ငံအများအပြားရှိ အကြမ်းဖက်ဝါဒက မိမိတို့အတွက် စိန်ခေါ်မှုများပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အလှူငွေ ပေးအပ်ပွဲတွင် ပါဝင်ခဲ့သည့် အမေရိကန်ဆိုင်ရာ ဆော်ဒီသံအမတ်ကြီး အဒဲလ် အလ်ဂျူဘီရ်ကမူ အကြမ်းဖက်ဝါဒမှာ မိမိတို့အားလုံးကို ထိခိုက်စေသော အန္တရာယ် တစ်ခုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “အကြမ်းဖက်ဝါဒမှာ ဘာသာတရားမရှိပါဘူး။ လူမျိုးဆိုတာ မရှိပါဘူး။ နိုင်ငံသားဆိုတာ မရှိပါဘူး။ လူသားဆန်မှုဆိုတာလည်း မရှိပါဘူး။ မေတ္တာတရား၊ တရားမျှတမှု ဘာဆိုဘာမှမရှိပါဘူး။ အကြမ်းဖက်ဝါဒဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတရားအားလုံးကို ချိုးဖောက်ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက ပြင်းထန် ထိရောက်တဲ့ ဆောင်ရွက်မှုတွေလုပ်ပြီး ဒီအန္တရာယ်ကို သုတ်သင်ပစ်ရပါမယ်” ဟု အလ်ဂျူဘီရ်က ဆိုသည်။

    ဆော်ဒီဘုရင်ကြီး အဘ်ဒူလာကလည်း လွန်ခဲ့သည့် ၁၀ နှစ်အရင်ကပင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နိုင်ငံတကာနှင့်ဆိုင်သော စင်တာတစ်ခု တည်ထောင်ရန် တိုက်တွန်းခဲ့သည်။ ထိုတိုက်တွန်းချက်အား ၂၀၀၅ ခုနှစ်တွင် ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့၌ ပြုလုပ်ခဲ့သော အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေး ညီလာခံကြီးတွင် နိုင်ငံပေါင်း ၅၅ နိုင်ငံက သဘောတူ ထောက်ခံခဲ့သည်။

    ထို့နောက် ၂၀၁၁ ခုနှစ်တွင် နယူးယောက်မြို့ရှိ ကုလရုံးချုပ်တွင် ကုလသမဂ္ဂ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး စင်တာကို ထူထောင်နိုင်ခဲ့ပြီး ထိုစဉ်ကလည်း ဆော်ဒီဘုရင်က ဒေါ်လာ ၁၀ သန်းလှူးဒါန်းခဲ့သည်။

    အီရတ်နိုင်ငံတွင် ISIS ကြောင့် ဒုက္ခရောက်နေကြသည့် လူမျိုးစုများနှင့် အီရတ်နိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် မကြာသေးမီကပင် ဆော်ဒီက ကန်ဒေါ်လာ သန်း ၅၀၀ လှူဒါန်းခဲ့သေးသည်။

    AP

  • အီရတ်ပဋိပက္ခတွင် သွားရောက် တိုက်ခိုက်ရန် စီစဉ်သူများအား ဆော်ဒီထောင်ဒဏ် ချမှတ်

    ဇူလိုင် ၈ ၊ ၂၀၁၄
    M-Media

    2013326181712151734_20
    – အီရတ်နိုင်ငံတွင် သွားရောက် တိုက်ခိုက်ရန်နှင့် အလ်ကိုင်းဒါး၏ စစ်ဆင်ရေးများတွင် ပါဝင်ရန် ကြိုးစားမှုဖြင့် လူလေးဦးအား ဆော်ဒီ တရားရုံးက ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်ဟု သိရသည်။

    အဆိုပါ တရားခံလေးဦးအား ထောင်ဒဏ်၂ နှစ်မှာ ၅ နှစ်နှင့် ၆ လအထိ ချမှတ်ခဲ့ခြင်းဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ နိုင်ငံရပ်ခြားသို့ခရီးသွားခွင့် ပိတ်ပင်ခြင်းလည်းပါဝင်သည်။ ၎င်းတို့၏ စွဲချက်များတွင် တားမြစ်တားထားသော စာရွက်စာတမ်းများ လက်ဝယ်ထားရှိခြင်းနှင့် ပြည်သူများအား ပြဿနာဖြစ်နေသောနိုင်ငံများတွင် တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် သွားရောက်ရန် ကူညီခြင်းတို့လည်းပါဝင်သည်။

    ဆော်ဒီအစိုးရမှာ ၎င်းတို့၏ နိုင်ငံသားများ နိုင်ငံရပ်ခြားသို့ သွားရောက်တိုက်ခိုက်မှုများအတွက် စိုးရိမ်လျက်ရှိပြီး ထိုကဲ့သို့ သွားရောက်တိုက်ခိုက်သောသူအား အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်မည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဥပဒေ ပြဌာန်းခဲ့သည်။ ထို့ပြင် ထိုဥပဒေတွင် အစိုးရက အကြမ်းဖက် သို့မဟုတ် အစွန်းရောက်အဖွဲ့များအဖြစ် သတ်မှတ်ထားသော အဖွဲ့များနှင့် ဆက်သွယ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်းတို့ ပြုလုပ်ပါကလည်း အရေးယူခြင်းခံရမည်ဟု ပါရှိသည်။