News @ M-Media

Tag: ShortNews

  • မြန်မာနိုင်ငံတွင် မွေးမြူရေး၊ တိရစ္ဆာန်အစာနှင့် သားငါးဆိုင်ရာပြပွဲ ပထမဆုံးအကြိမ်ပြုလုပ်

    မြန်မာနိုင်ငံတွင် မွေးမြူရေး၊ တိရစ္ဆာန်အစာနှင့် သားငါးဆိုင်ရာပြပွဲ ပထမဆုံးအကြိမ်ပြုလုပ်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၄
    M-Media
    သီရိ

    DSC00741

    ရန်ကုန်  ။        ။      မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သော မြန်မာ့မွေးမြူရေး၊ တိရစ္ဆာန်အစာနှင့် သားငါးဆိုင်ရာ နိုင်ငံတကာ ပြပွဲကြီး တစ်ခုကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ယနေ့ ဇန်န၀ါရီလ ၂၃-ရက်နေ့မှစ၍ ဇန်န၀ါရီလ ၂၅-ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်သည်။

    ၎င်းကုန်စည်ပြပွဲကြီးကို Livestock Asia၊ Vietstock Expo & Livestock Philippines Expo ပွဲများကို စီစဉ် ကျင်းပခဲ့သော အာရှပြပွဲ ကျင်းပရေးတွင် ဦးဆောင်လုပ်ငန်း တစ်ခုဖြစ်သည့် UBM Asia မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မွေးမြူရေး အဖွဲ့ချုပ်ကလည်း ထိုပြပွဲကြီးကို ပံ့ပိုးကူညီ ထားကြောင်း သိရပါသည်။

    အဆိုပါ ကုန်စည်ပြပွဲအား မွေးမြူရေး ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ၀န်ကြီး ဦးအုန်းမြင့်က ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် “စားသုံးသူများအတွက် ဈေးနှုန်း သက်သာပြီး သန့်ရှင်း လတ်ဆတ်ဖို့ ကြိုးစားလျက်ရှိပါတယ်။ မွေးမြူရေးဆိုင်ရာ ဥပဒေများကို ရေးဆွဲနေရာမှာလဲ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်၊ မွေးမြူရေးဟာ ပြည်သူကိုအကျိုးပြုတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် အစဉ်မြဲ တိုးတက်သွားဖို့ ကြိုးပမ်းနေပါတယ်” ဟု မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် မှ ဒေါက်တာမြဟန်က ပြောကြားခဲ့ပါသည်။

    “ယခုပြပွဲကြီးသည် မြန်မာနိုင်ငံ၏ တိရစ္ဆာန် ပရိုတိန်း ထုတ်လုပ်မှုတွင် အခွင့်အလမ်းများနှင့် အပြောင်းအလဲများကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပြီး အနာဂတ်တွင် များစွာ အကျိုးရှိပြီး အထောက်ကူပြုစေမှာ ဖြစ်ပါတယ်”ဟု UBM Asia , ASEAN Business မှ Managing Director Mr.M.Gandhi မှ ပြောကြားခဲ့ ပါသည်။

    ထို့နောက် ၂၀၁၃-ခုနှစ်အတွက် မွေးမြူရေးလုပ်ငန်းတွင် ထူးချွန်သော လယ်သမားများကို ဆုချီးမြှင့်ခဲ့ပြီး မြန်မာ့ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်သို့ လှူဒါန်းခဲ့သော သူတို့အား ဂုဏ်ပြု လက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ လာရောက်ကြည့်ရှုသူများ အတွက် နိုင်ငံတကာ နှင့် အစိုးရမှ ကျော်ကြားသော ဟောပြောသူများ ပါဝင်သည့် ပညာပေးဟောပြောပွဲ အစီအစဉ်များကိုလည်း မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။

    ၎င်းကုန်စည်ပြပွဲကြီးသည် မြန်မာ့မွေးမြူရေး၊ တိရစ္ဆာန်အစာနှင့် သားငါးဆိုင်ရာ လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင် လုပ်ဆောင်သည့် ပြပွဲကြီး တစ်ခုလည်း ဖြစ်ပြီး နိုင်ငံ(၁၃)ခုမှ ကုမ္ပဏီပေါင်း (၈၀)  ခင်းကျင်း ပြသသွားမည် ဖြစ်ပြီး ပြပွဲပြသသူ (၉၀) ရာခိုင်နှုန်းသည် ကမ္ဘာအနှံ့အပြားမှ ဖြစ်ကြောင်း သိရှိရသည်။

  • ဇန်န၀ါရီ ၂၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media

    စစ်ကိုင်းတိုင်း စစ်တပ် ၃-ခုမှ တပ်မြေအဖြစ် အဓမ္မသိမ်းယူထားသည့် တောင်ယာခင်းများအတွက် ကာချုပ်ထံ တောင်းဆိုသွားမည်

    – စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ အမှတ်(၅၀၄)သံချပ်ကာတပ်၊ အမှတ်(၃၆၉)အမြောက်တပ်နှင့် အမှတ်(၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ် စသည့် စစ်တပ် ၃-ခုက တပ်မြေအဖြစ် သိမ်းယူထားပြီး စစ်တပ်ရန်ပုံငွေအဖြစ် သီးနှံများစိုက်ပျိုးနေသော တောင်ယာခင်းများတွင် မူလတောင်သူများ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရန် သို့မဟုတ် ထိုက်တန်သည့် လျော်ကြေးရရှိရန် တောင်သူများစုပေါင်း လက်မှတ်ရေးထိုး၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းဆိုမည်ဖြစ်ကြောင်းသိရသည်။
    ________________________

    ဦးသန့် ၁၀၅-နှစ်ပြည့်မွေးနေ့အမှတ်တရ သစ်ပင်စိုက်

    – ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့်၏ ယနေ့မှာ ကျရောက်သည့် ၁၀၅-နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဦးသန့်ပြတိုက် ခြံဝင်းထဲတွင် မင်းဂွတ်ပင်နှင့် ထင်းရှူးပင်ကို စိုက်ပျိုးခဲ့ကြောင်းနှင့် ဦးသန့်ပြတိုက်မှာ ယခင်က ဦးသန့်နေထိုင်ခဲ့ရာ အိမ်အား ပြတိုက်အဖြစ် ပြောင်းလဲ ထားခြင်း ဖြစ်သည်ဟုသိရသည်။
    ________________________

    မင်္ဂလာဒုံ လုံခြုံရေးတပ်ဆွယ် ဆီဂိုဒေါင်မီးလောင်မှု စစ်ဆေးမည်

    – ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် လုံခြုံရေးတပ်ဆွယ်(လေ)ရှိ ဆီဂိုဒေါင်သည် ဇန်န၀ါရီလ ၂၁-ရက် ည ၈-နာရီဝန်းကျင်ခန့်က လောင်ကျွမ်းခဲ့သည့်အတွက် အမျိုးသား ၃-ဦးဒဏ်ရာရရှိခဲ့ပြီး ကျပ်သိန်း ၂၈၀-ကျော် ဆုံးရှုံးခဲ့ပြီး ဆီဂိုဒေါင်တာဝန်ခံ တပ်ကြပ်ကြီးကို စစ်ခုံရုံးက စစ်ဆေးသွားမည်ဟု သိရသည်။
    ________________________

  • ၁၃၀၀-ပြည့်စိတ်ဓါတ်တွေ ပြန်လည်ရှင်သန်လာစေမယ့် ၁၃၀၀-ပြည့် စိန်ရတု အခမ်းအနား

    ၁၃၀၀-ပြည့်စိတ်ဓါတ်တွေ ပြန်လည်ရှင်သန်လာစေမယ့် ၁၃၀၀-ပြည့် စိန်ရတု အခမ်းအနား

    ဇန်န၀ါရီ ၂၂၊ ၂၀၁၄
    M-Media
    သီရိ

    DSC00590-1

    ရန်ကုန် ။ ။ ၁၃၀၀-ပြည့် အရေးတော်ပုံ ၇၅-နှစ်မြောက် စိန်ရတုအခမ်းနားကြီးကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ယနေ့ ဇန်န၀ါရီလ ၂၂-ရက်နေ့ နံနက် ၉-နာရီမှစတင်ကာ ကျင်းပခဲ့သည်။

    အခမ်းနားကို ၁၃၀၀-ပြည့်အရေးတော်ပုံ တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး အာဠာဝက သခင်ဘိုးလှကြီးနှင့် သူ၏ သပိတ်စစ်ပွဲ စာတမ်းကို ဆရာစာရာ နေ၀င်းစံမှ ဖတ်ကြားခဲ့ပါသည်။ ယခုခေတ် ကျောင်းသူ ကျောင်းသား များသည်ချောက်မြို့တွင် ရှိသော သခင် ဘိုးလှကြီး၏ ရုပ်တုကို မြင်သာမြင်နေရပြီး ဘယ်သူ ဘယ်ဝါမှန်း မသိကြပါ။ အဘယ်ကြောင့် ဆိုသော် ဘိုးလှကြီး ရုပ်ထုအောက်တွင် ကပ်ထားသော ကျောက်ပြားမှာ ကွာကျ ပျောက်ဆုံး သွားသောကြောင့် ဖြစ်သည်။ ပြန်လည် တပ်ဆင်ရန် သက်ဆိုင်ရာသို့ ပန်ကြားသော်လည်း ဘိုးလှကြီး၏ အမည်စာလုံးပေါင်းမှာ ‘ဖ’ နှင့်လား ‘ဘ’နှင့်လား ဘိုးသည်ကို မသေချာ သေးသောကြောင့် တပ်ဆင်ခြင်း မပြုသေးသည်ဟု ပြောခဲ့သည်။ ဘိုးလှကြီးသည် နယ်ချဲ့ အင်္ဂလိပ်ကိုတော်လှန်ရာတွင် ဗိုလ်လရောင်၏ ညာလက်ရုံးတစ်ဦးဖြစ်ခဲ့ပါသည်။ ၁၉၃၈-ခု တွင် ချောက်ရေနံမြေသပိတ်ကြီးကို သခင်ဘိုးလှကြီး ဦးဆောင်ကာ ရန်ကုန်သို့ ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်း ထည့်သွင်း ဖတ်ကြား သွားခဲ့သည်။

    ၁၃၀၀-ပြည့်အရေးတော်ပုံကြီးတွင် တို့ဗမာအစည်းရုံး၏ ဦးဆောင်မှု အခန်းကဏ္ဍကို လေ့လာခြင်း စာတမ်းကို စာရေးဆရာ အောင်မြင့်ဦး (မဟာဝိဇ္ဇာ)မှ ဖတ်ကြားခဲ့ရာတွင် ‘၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟာ သူ့ကျွန်ဘ၀ နယ်ချဲ့ လက်အောက်မှ ပထမဆုံး တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ခဲ့တဲ့ အရေးတော်ပုံကြီး ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ပထမဆုံး တစ်မျိုးသားလုံး ပါဝင်ဆင်နွှဲခဲ့တဲ့ အရေးတော်ပုံကြီးလည်း ဖြစ်ပါတယ်’ဟု ၎င်းမှ ဖတ်ကြားခဲ့ပါသည်။

    ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ၁၃၀၀ ပြည့်အရေးတော်ပုံ စာတမ်းကို စာရေးဆရာ ထွန်းဝင်းငြိမ်း မှ လည်းကောင်း အသီးသီးဖတ်ကြားခဲ့ပါသည်။

    ဆက်လက်ပြီး အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက် ဦးတည်ချက်များကို ပြောကြားခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော အဖွဲ့စည်းအသီးသီးမှ အမှာစကားပြောကြားခဲ့ပါသည်။

    အခမ်းနားသို့တက်ရောက်လာသော ၁၃၀၀-ပြည့်အရေးတော်ပုံတွင် ကိုယ်တိုင်ပါဝင်ခဲ့သော ဦးဘသော် မှ “အဘ ၁၃၀၀-ပြည့် အရေးတော်ပုံမှာ ပါဝင်ခဲ့ချိန်က ၁၇-နှစ် ကျောင်းသားဘ၀ပဲ ရှိခဲ့သေးတယ်။ ရဲစခန်းရဲ့ နှိပ်စက်မှုတွေကိုလည်း ခံခဲ့ရတယ်၊ ဒါပေမယ့်လည်း အဘတို့က ဆက်လက် လုပ်ဆောင် နေခဲ့တယ်၊ အခုလို ပွင့်လင်း မြင်သာအောင် စွမ်းဆောင် ဂုဏ်ပြုနေတဲ့ ခေတ်မှာ သမိုင်းစစ် သမိုင်းမှန်တွေ မပျောက်ပျက်အောင် မျိုးချစ်စိတ်ဓါတ် တက်ကြွစွာနဲ့ နိုင်ငံကြီးသားများပီပီ ဆောင်ရွက်နိုင်ကြပါဖို့ မျှော်လင့်မိပါတယ်”ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်ကတော့ သခင် ခေါင်းဆောင်တွေရယ် လယ်သမားတွေရယ် သူတို့ကို လာအားပေးတဲ့ အနေနဲ့ တက်ရောက်တာပါ၊ အခုလို လယ်သမားတွေ အများကြီး တက်ရောက်လာတော့ ကျွန်တော့အနေနဲ့ ၀မ်းသာပါတယ်၊ ဒီပွဲကနေ သူတို့တွေ ဆုံးရူံးနေတဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကို အနည်းနဲ့ အများ ပြန်ရမယ်လို့ ထင်ပါတယ်၊ ၁၃၀၀-ပြည့်စိတ်ဓာတ်တွေလည်း ပြန်လည် ရှင်သန် လာမယ်လို့ ထင်မိပါတယ်” ဟု ကျောင်းသားသမဂ္ဂမှ တစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်းမှ ပြောကြားခဲ့ပါသည်။

    နေ့လည်ပိုင်းတွင် စန္ဒရားတင်ဝင်းလှိုင်နှင့် အဖွဲ့မှ ဖျော်ဖြေခြင်း၊ DVB နှင့် MRTV-4 တို့မှ ထုတ်လွှင့် ခဲ့သော ရုပ်သံများကို ပြသခြင်းများ၊ နိုင်ငံတော်အလံ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ ၁၃၀၀-ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူ များအား အလေးပြုခဲ့ကြပါသည်။ ထို့နောက် အလုပ်သမား ခေါင်းဆောင်ကြီး သခင်ဘိုးလှကြီး၊ လယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံနှင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် အပါဝင် ကျဆုံးသွားသော ခေါင်းဆောင်ကြီးများအား သတိရအောက်မေ့ခြင်း အထိမ်းမှတ် တစ်မိနစ် ငြိမ်သက်၍ အလေးပြုခဲ့ကြသည်။

    အခမ်းအနားသို့ သခင် သခင်မ မိသားစုများ၊ သံတမန်များ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားများ၊ အလုပ်သမား၊ လယ်သမားများ၊ နိုင်ငံရေးပါတီများ နှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြည်သူတို့၏ စည်းလုံးမှုကို ပြသခဲ့သော ၁၃၀၀-ပြည့် အရေးတော်ပုံ၏ ပုံရိပ်တချို့ကို ထင်ဟပ်ပေါ်လွင်စေခဲ့သည့် အခမ်းအနားတစ်ရပ်ဖြစ်ခဲ့သည်။

  • ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ ပညာရေးပဲ ဖြစ်သင့်ကြောင်း ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ပြောကြား

    ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ ပညာရေးပဲ ဖြစ်သင့်ကြောင်း ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ပြောကြား

    ဇန်န၀ါရီ ၂၁၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန်    ။     ။     ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ)က ဦးစီးပြီး ဒီမိုကရေစီ ပညာရေး ဟောပြောဆွေးနွေးပွဲ တစ်ခုကို ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး) ၌ ယနေ့ ဒီဇင်ဘာ ၂၁-ရက်နေ့ နေ့လည် တွင် ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း (လက်ထောက် ကထိက) မှ ဟောပြောဆွေးနွေးခဲ့ရာ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

    “ပညာဆိုတာ နေရာတိုင်းမှာ လိုအပ်နေတာပါ၊ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ ပညာရေးပဲ ဖြစ်ရမယ်၊ ကျောင်းသားတွေကို စာသင်ကြားနေတဲ့ ဆရာ/ဆရာမတွေ ဟာလည်း ကျောင်းသူ ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးရမယ်၊ ဆရာတွေ ပြောတာကိုပဲ ကျောင်းသား နားထောင်နေတာမျိုး မဖြစ်စေရဘူး၊ ကျောင်းသူ ကျောင်းသားတွေကို ပညာသင်ခွင့် ရွေးချယ်တဲ့အခါမှာလည်း ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရသင့်တယ်၊ ကျောင်းသားတွေ အားလုံးလည်း တန်းတူ အခွင့်အရေး ရသင့်ပါတယ်” ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်း မှ ပြောကြားခဲ့ပါသည်။

    ထို့နောက် ၎င်းမှ ဆက်လက်ပြီး ကျောင်းသူ ကျောင်းသားများကို တစ်ဦးနှင့် တစ်ဦး စေ့စပ် ဆွေးနွေးခြင်းသည် ဒီမိုကရေစီ၏ စံနှုန်းဖြစ်ကြောင်း၊ ပညာရေးမှာ နောက်ကျနေတယ် ဆိုတာ မရှိသင့်ကြောင်း၊ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အရာရာကို ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများသည် ဘာသာရပ်များကို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိပြီး အသင်းဖွဲ့စည်းများ ကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရမည် ဖြစ်ကြောင်း၊ ကျူရှင် ဆိုသည်မှာလည်း ကျောင်းသူ ကျောင်းသားများကို အမြတ်ထုတ်သည့် ကျူရှင်မျိုး မဖြစ်သင့်ကြောင်း၊ ကျောင်းသူ ကျောင်းသားများ ယခုလက်ရှိ အနာဂတ်တွင် ဖြစ်ပေါ် ကြုံတွေ့နေရသည့် ကိစ္စအ၀၀ တို့ကို အလေးပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။

    “ယခုလို ဟောပြောပွဲကို လာရောက်တဲ့ ကျောင်းသားတွေရဲ့ ရင်ထဲမှာလည်း အရာတစ်ခုကို စွဲထင် ကျန်သွားမယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။ သူတို့တွေ မသိသေးတာတွေလဲ သိရှိသွားတယ်။ သိနေတာတွေကိုလည်း ဒီမှာ ဖလှယ်လို့ ရနိုင်ခဲ့တယ်။ နောက်ကိုလည်း ဒီပွဲမျိုးတွေကို မကြာခဏ လုပ်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ကျောင်းသားသမဂ္ဂ (တ.က.သ) မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကိုစည်သူမောင်မှလည်း ပြောကြားခဲ့ပါသည်။

  • လူငယ်များဘက်စုံ တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်မည့် ကချင်ပြည်နယ် လူငယ်ကွန်ရက်

    လူငယ်များဘက်စုံ တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်မည့် ကချင်ပြည်နယ် လူငယ်ကွန်ရက်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၄
    M-Media
    K K

    myit-sone-view-1-b305
    ကချင်ပြည်နယ် မြစ်ဆုံမြင်ကွင်း (ဓါတ်ပုံ – အင်တာနက်)

    ကချင် ။     ။         ကချင်ပြည်နယ်အတွင်းနေထိုင်သော ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ လူငယ် ပါဝင်သော လူငယ် ကွန်ရက် တစ်ခုကို ကချင်ပြည်နယ်ရှိ ဘာသာပေါင်းစုံ အဖွဲ့အစည်း (၁၃)ခုက  ဇန်န၀ါရီလ ၁၇-၁၈ ရက်နေ့များက အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကာ ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

    အဆိုပါ လူငယ်ကွန်ရက်တွင် ကချင်ပြည်နယ်ရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများမှ လူငယ်များ ပါဝင် ကြပြီး ကချင်ပြည်နယ် ဒေသတွင်း သာမက နိုင်ငံနှင့် လူငယ်များ ဘက်စုံ တိုးတက်ရေး အတွက်လည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ကချင်ပြည်နယ် လူငယ်ကွန်ရက်၏ ပထမဆုံး စတင်မည့် လှုပ်ရှားမှုအနေဖြင့် ရှေ့လာမည့် အပတ်တွင် မြစ်ဆုံ စီမံကိန်း လှုပ်ရှားမှု တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ပြီး၊ စစ်ဒဏ် ခံစားရသည့် အရေးကိစ္စနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်နိုင်နေရေး အတွက် လူငယ် ညီလာခံ တစ်ရပ်ကိုလည်း ဖေဖော်ဝါရီလတွင် ပြုလုပ်မည်ဟု သိရသည်။