News @ M-Media

Tag: ShortNews

  • နိုင်ငံတော်ဥပဒေကို မလိုက်နာတဲ့ စည်ပင်အား သင်္ဃန်းကျွန်း ပြည်သူများ စုပေါင်းဆန္ဒထုတ်ဖော်

    နိုင်ငံတော်ဥပဒေကို မလိုက်နာတဲ့ စည်ပင်အား သင်္ဃန်းကျွန်း ပြည်သူများ စုပေါင်းဆန္ဒထုတ်ဖော်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန် ။      ။    ရန်ကုန်တိုင်းဒေသကြီး သင်္ဃကျွန်းမြို့နယ်ရှိ ဈေးသူဈေးသားများနှင့် ဦးစံဖေ ရပ်ကွက်ရှိ ပြည်သူများစုပေါင်း၍ ယနေ့ ဇန်န၀ါရီလ ၂၈-ရက်နေ့တွင် အနော်ရထာ လမ်းရှိ ခရိုင်စည်ပင်အဆောက်အဦးအား ဖယ်ရှားပေးရန် ဒုတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

    သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့သဖြင့် ဈေးအသစ်ကြီး ဆောက်လုပ်ရာတွင် ဈေးဟောင်းကတည်းက အသုံးပြုခဲ့သော အနော်ရထာလမ်းအား ဈေးဧရိယာအတွင်း သိမ်းယူထားခဲ့ရာ ယခုအခါတွင် ထိုလမ်းပေါ်တွင် အရှေ့ပိုင်းခရိုင် ဈေးများဌာနရုံး ဆောက်လုပ် အကောင်ထည် ဖော်နေသည့် အတွက် ဈေးသူဈေးသားများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက လက်မခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာအရေးယူမှုမရှိသောကြောင့် ဇန်န၀ါရီလ ၁၀-ရက်နေ့တွင် ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ဆန္ဒဖော်ထုတ်ခဲ့ သော်လည်း ထူးခြားမှု မရှိခဲ့သောကြောင့် ယခု ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါသည်။

    “နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေမှာ ပါ ပါတယ်၊ အခုလိုလမ်းပေါ်မှာ အဆောက်ဦးတွေ မဆောက်ရဘူးဆိုတဲ့ ဥပဒေရှိပါတယ်၊ အခုလို လုပ်နေ ခြင်းဟာ ဥပဒေကို ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်၊ အခုဟာက ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်နေတာပဲ ဖြစ်တယ်။ ဌာနဆိုင်ရာတွေ တောင်မှ ဥပဒေကို မလိုက်နာရင် ကျွန်တော်တို့ ပြည်သူတွေက ဘယ်သူ့ကိုယုံစားရမှာလဲ၊ ပြည်သူတွေကို ငဲ့ညာမှုမရှိဘူး၊ ဒီလမ်းကြီးကို ပိတ်လိုက်တော့ အရေးပေါ် ကားတွေဘယ်လမ်းက သွားမလဲ၊ လမ်းကလမ်းပဲ ဖြစ်ရမယ် ဘာအဆောက်အဦးမှ မရှိစေရပါဘူး၊ သူတို့နေရာမရှိလို့ လာဆောက်တာလို့ ပြောတယ်။ ပြည်သူတွေကို လုပ်ချင်တိုင်း လုပ်နေကြတယ်ဗျာ အခုအကျေနပ်လို့ ဆန္ဒပြကြတာ ဖြစ်တယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ သင်္ဃကျွန်းဈေးမှ ဈေးသားတစ်ဦးဖြစ်သူ ကိုစန်းမင်းက ပြောကြားခဲ့ပါသည်။

    ယခုလိုဆန္ဒဖော်ထုတ်သော်လည်း သက်ဆိုင်ရာမှ ဆောက်လုပ်လျက်ရှိသော ခရိုင်စည်ပင်အဆောက်အဦးကို ဖယ်ရှားခြင်းမပြုပါက ၎င်းတို့ဈေးသူ ဈေးသားများမနေနှင့် ဆက်လက်ဆန္ဒဖော်ထုတ်သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

  • မိတ္ထီလာ အကြမ်းဖက်ခံရသူများ ကယ်ဆယ်ရေး စခန်းတွင် ၁၀-ရက်တွင်း ၃-ကြိမ် မီးလောင်မှုဖြစ်၊ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

    မိတ္ထီလာ အကြမ်းဖက်ခံရသူများ ကယ်ဆယ်ရေး စခန်းတွင် ၁၀-ရက်တွင်း ၃-ကြိမ် မီးလောင်မှုဖြစ်၊ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့

    ဇန်န၀ါရီ ၂၇၊ ၂၀၁၄
    M-Media
    ဇာနည်

    အကြမ်းဖက်ခံရသူများ နေထိုင်ရာ ကယ်ဆယ်ရေးစခန်း တခုဖြစ်ပါတယ်။

    မိတ္ထီလာ ။      ။      မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် ၂၀၁၃-ခုနှစ် မတ်လအတွင်းက ရွှေအရောင်းအ၀ယ်မှ အစပြုကာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု အတွင်း အကြမ်းဖက်ခံရသည့် အစ္စလာမ်ဘာသာဝင်များ ယာယီနေထိုင်သော ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ဇန်န၀ါရီ ၂၄-ရက် သောကြာနေ့က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ကယ်ဆယ်ရေး စခန်းများအနက် ရေအရင်းအမြစ် ကယ်ဆယ်ရေးစခန်းရှိ အဆောင်တစ်ခု၏ ခေါင်မိုး(မိုးကာဖျင်) လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ နံနက် ၃ နာရီခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ စခန်းအတွင်းရှိနေသူများက အချိန်မီသိရှိပြီး မီးငြှိမ်းသက်နိုင်ခဲ့သည်ဟု ထိုစခန်းတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၅-ရက်ခန့်ကလည်း မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းမှာ ၁၀-ရက်အတွင်း ၃-ကြိမ်ရှိပြီ ဖြစ်ကာ ပထမအကြိမ်နှင့် တတိယအကြိမ် မီးလောင်သည့် ပုံစံနှင့် အချိန်မှာ အတူတူဖြစ်သည်ဟု သိရသည်။

    မီးလောင်သည့် အချိန်နှင့် လောင်ကျွမ်းပုံများမှာ မတော်တဆလောင်ကျွမ်းသည့် ပုံစံမျိုးမဟုတ်ဘဲ တမင်ရှို့သည့်မီးဟု ယူဆနိုင်ကြောင်း၊ စခန်းရှိ တာဝန်ရှိသူများက စုံစမ်းမှုများကို ပြုလုပ်နေကာ၊ စခန်းအတွင်း နေထိုင်သူများမှာလည်း ညစဉ် အလှည့်ကျ ကင်းစောင့်၍ သတိဝီရိယနှင့် နေထိုင် နေရကြောင်း ထိုစခန်းရှိ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောကြားခဲ့သည်။

    မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မိသားစုထောင်ပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ အကြမ်းဖက်မှု များ ငြိမ်သက်သွားပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား အိမ်ယာ များ ပြည်လည်ဆောက်လုပ်ပေးမည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ သော်လည်း၊ တစ်နှစ်နီးပါး ကြာမြင့်လာခဲ့သည့်တိုင် မည်သည့် စီစဉ်ဆောင်ရွက်မှုမှ ပြုလုပ်ပေးခြင်း မရှိဘဲ ပြည်သူများမှာ ကယ်ဆယ်ရေး စခန်းများတွင်သာ ဆက်လက်နေထိုင်နေရပြီး မိမိတို့ အိမ်များသို့ အမြန်ဆုံး ပြန်လည်ပြောင်းရွေ့ နေထိုင်ရန်သာ ဆန္ဒရှိကြကြောင်း သိရသည်။

  • ပသီ လူမျိုးတို့အား ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်ကြောင်း အတိအလင်းကြေညာပေးရန် UNC ကြေညာချက်ထုတ်ပြန်

    ပသီ လူမျိုးတို့အား ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်ကြောင်း အတိအလင်းကြေညာပေးရန် UNC ကြေညာချက်ထုတ်ပြန်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media
    သူရိန်

    အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC) ၏ ဗဟိုဦးစီး ညီလာခံကို ဇန်န၀ါရီလ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် မင်္ဂလာဒုံ ဗုခါရီရှားခန်းမဆောင်၌ ကျင်းပခဲ့ရာ ယနေ့ နေ့လည်ပိုင်းက ညီလာခံပိတ်သိမ်းပွဲကို တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့ပြီး ညီလာခံမှ ထွက်ပေါ်လာခဲ့သော အဆို(၈)ချက်ကိုတင်သွင်း၍ မင်္ဂလာဒုံ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

    ဗဟိုဦးစီး ညီလာခံကြိးတွင် တက်ရောက်ခဲ့ကြသူ ဦးစီးကိုယ်စားလှယ်များက အဆိုပါများကို တညီတညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။

    ၎င်းအဆို(၈)ချက်မှာ

    (၁) ပသီလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရှေးမူလ ဘူတ တိုင်းရင်းသား လူမျိုးစုတစ်စုဖြစ်ကြောင်း အတိအလင်း ကြေညာပေးရန်၊

    (၂) ပသီလူမျိုးအဖြစ် တိုင်းရင်းသားလူမျိုးများ စာရင်းတွင် ထည့်သွင်းဖော်ပြပေးရန်နှင့် ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်း ကောက်ယူ ရာတွင် ကြိုတင် Pre Code ဖြင့် ဖော်ပြပေးရန်၊

    (၃) လူနည်းစု အခွင့်အရေးကာကွယ်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးနိုင်ရန်အတွက် ဥပဒေကြမ်း ရေးဆွဲ၍ အမြန်ဆုံးတင်သွင်းရန်၊

    (၄) ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် တင်သွင်းထားသည့် ကိစ္စကို ဆက်လက် ဆောင်ရွက်ရန်၊

    (၅) လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုင်ရှင်မဲ့ လယ်ယာစနစ်ကို ဖျက်သိမ်း၍ ပိုင်ရှင်အမည်ပေါက် လယ်ယာစနစ်သို့ ပြုပြင် ပြောင်းလဲရေး အတွက် ဆောင်ရွက်ရန်၊

    (၆) နိုင်ငံနှင့်အ၀ှမ်း တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ထိရောက်စွာ ရှိစေရေး တိုက်တွန်း ဆောင်ရွက်ရန်၊

    (၇) နှစ်ပေါင်း (၆၀)ကျော်ကြာ ပြည်တွင်းစစ်နှင့် လက်ရှိ မငြိမ်မသက်မှုများ အားလုံး ချုပ်ငြိမ်းရေးဆောင်ရွက်ရန်၊

    (၈) ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြင်ဆင်နိုင်ရန်၊ နိုင်ငံသားတိုင်း၏ အခွင့်အရေးများ လွတ်လပ်စွာရရှိမှု အာမခံနိုင်ရန်၊ ပြည်ထောင်စုသားများ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတို့ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရန်နှင့် အနာဂတ်မျိုးဆက်များအတွက် သမိုင်း အမွေကောင်း တစ်ခုအနေနှင့် ပသီလူမျိုးအမည်ကိုသာ အမျိုးသားအမည်အဖြစ် အသုံးပြုနိုင်ရေး ခိုင်မာအောင် ဆောင်ရွက်ရန် တို့ကို ကြေညာခဲ့ ပါတယ်။

    အဆိုပါ အဆို(၈)ရပ်ကို အမျိုးသားညီညွတ်ရေးကွန်ဂရက် (UNC)၏ ရှေ့လုပ်ငန်းစဉ်များ၊ လုပ်ငန်းလမ်းညွှန်များအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း သိရပါတယ်။

    ၎င်းအခမ်းအနားသို့ တက်ရောက်သူ ၉၅၀-၀န်းကျင်ရှိပြီး ‘ပသီအမျိုးသားအရေး – တို့အရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ် – တည်ဆောက်ကြ’ ‘အမျိုးသား ညီညွတ်ရေးကွန်ဂရက် အဓွန့်ရှည်ပါစေ’ဟူသော ကြွေးကြော်သံများဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြပါတယ်။

  • ဘာသာကြီး လေးခုဟာ ဖြိုဖျက်လို့ မရတဲ့ ကျောက်ဆောင်တွေပါဟု အရှင်ဆန္ဒာဓိက မိန့်ကြား

    ဘာသာကြီး လေးခုဟာ ဖြိုဖျက်လို့ မရတဲ့ ကျောက်ဆောင်တွေပါဟု အရှင်ဆန္ဒာဓိက မိန့်ကြား

    ဇန်န၀ါရီ ၂၆၊ ၂၀၁၄
    M-Media
    သီရိ

    ရန်ကုန်  ။        ။   အရှင်ဆန္ဒာဓိက (နတ်မှီတောရ၊ တောင်တွင်းကြီး)က  “Buddhism is Not Religion” “ဗုဒ္ဓသည် ဘာသာမဟုတ်” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံ ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IYCA -Myanmar) ရုံးခန်းတွင် ယနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂း၀၀-နာရီမှ ညနေ ၅း၀၀-နာရီထိ ပြုလုပ်ခဲ့ပါသည်။

    “ဘာသာကြီးလေးခုဟာ ကမ္ဘာ့အမှောင်ထုကို ဖယ်ရှားပေးတဲ့ အလင်းရောင်ကြီးလေးခု ဖြစ်ပါတယ် ကမ္ဘာ့အလင်းအိမ်တွေပါပဲ၊ ဘာသာတရားတိုင်းရဲ့ အဆိုအမိန့်ကို နားလည်ထား တာဟာ ကောင်းပါတယ်။ ဘာသာတိုင်းကတော့ လူတွေကို ငြိမ်းချမ်းရေးတွေဆီ ရောက်အောင် ပို့နေကြတာပါပဲ။ ဘာသာကြီး လေးခုဟာ ဖြိုဖျက်လို့ခက်တဲ့ ကျောက်ဆောင်တွေပါပဲ။ လူတွေကို ယဉ်ကျေးစေချင်လို့ ပေါ်ထွက်လာတာပါ။ ကံသုံးပါးနဲ့ လောကကြီးကို ယဉ်ကျေးအောင် ပြုလုပ်ရမှာက အားလုံးရဲ့ တာဝန်ပါ။ ဖန်ဆင်းရှင် ဘုရားသခင်ရှိတယ် ဆိုတာကိုယုံကြည်ရမယ်။ ဘုရားဝတ်ပြု ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး အကျိုးတရားရှိတာကို ယုံကြည်ရမယ်။ ဘ၀ကူးပြောင်းမှုကိုလည်း ယုံကြည်ရမယ်”ဟု ဆရာတော်က မိန့်ကြားခဲ့ပါသည်။

    ဆက်လက်ပြီး ဆရာတော်သည်” ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ပါဘူး၊ ဟောပြောချက်ပါ ဆုံးမချက်ပါ။ အဓိကတော့ ယုံကြည်မှုပါပဲ။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ယုံကြည်မှုခိုင်မာရမယ်၊ ဘာသာတိုင်း ဘာသာတိုင်းမှာ အစွန်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေရှိနေသလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အစွဲလွန်နေတာတွေလဲ မဖြစ်ဖို့ လိုတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားဟာ သမိုင်းဝင် ဗုဒ္ဓဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားက သူပရိနိဗ္ဗာန်စံခါနီးမှာ အားလုံးကို လွတ်လပ်ခွင့် ပေးခဲ့ပါတယ်။ ဂေါတမဗုဒ္ဓဟာ ဗုဒ္ဓ၀ါဒကို တည်ထောင်ခဲ့သူမဟုတ်ပါဘူး သူ့ဟောပြောချက်တွေကို နှောင်းလူတို့ကနေ ဗုဒ္ဓ၀ါဒကို စုစည်းခဲ့တာပါ။ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ သူ့ကိုယ်သူမသတ်မှတ်ခဲ့ပါဘူး” ဟု ဗုဒ္ဓ၏ အဆိုအမိန့်များ ကိုလည်း မိန့်ကြားခဲ့ပါသည်။

    ဘာသာကြီးတွေ အားလုံးပူးပေါင်းပြီး လောကကြီးကို ငြိမ်းချမ်းတဲ့ အသွင်ကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန် ဆရာတော်မှ တိုက်တွန်း နှိုးဆော်ခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသမျှကို ဆရာတော်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။

  • ဇန်န၀ါရီ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၅၊ ၂၀၁၄
    M-Media
    – ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ရိုဟင်ဂျာ ၄၈-ဦး အသတ်ခံရကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မစ္စ နဗီပေလေးက စုံစမ်းစစ်ဆေးရေး ပြုလုပ်ပေးရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနိုင်းဆောင်ရွက်ရေးမှူး မစ္စ ဗလာရီအမော့စ်က ဇန်န၀ါရီလ ၂၂-ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် တောင်းဆိုထားသည်ကို မြန်မာအစိုးရက လက်ခံနိုင်ဖွယ်ရာမရှိဟု ပြောဆို ပယ်ချခဲ့ကြောင်း သိရသည်။
    ________________________

    – သန်းခေါင်စာရင်းကောက်ယူမှုတွင် ဇိုမီးဆိုသည့် အမည်ကိုသာ တစ်စုတစ်ဝေးတည်း သုံးစွဲရန် ဇိုမီးမျိုးနွယ်စုများနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဂါလီလဲ ဘုရားကျောင်းတွင် မနေ့က ပြုလုပ်သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၏ ဆွေးနွေးပွဲတွင် ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    – ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲတစ်ရပ်ကို ဇန်န၀ါရီလ ၂၅-ရက်နေ့ ညနေ ၃း၃၀-နာရီက ပြုလုပ်ခဲ့ရာ တက်ရောက်သူ ရာနှုန်းပြည့်က အခြေခံဥပဒေကို ပြင်ဆင်ရန် ထောက်ခံခဲ့ကြောင်း သိရသည်။
    ________________________