News @ M-Media

Tag: ShortNews

  • ဇန်န၀ါရီ ၆၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၆၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၆၊ ၂၀၁၄
    M-Media

    သမ္မတရော ကာချုပ်ကပါ ယုံကြည်မှုပိုမိုတဲ့ KNU

    – ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် စုစုပေါင်း(၇)ကြိမ်တိတိ တွေ့ဆုံထားသော အဖွဲ့အစည်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)ဖြစ်နေရခြင်းမှာ သမ္မတရော ကာချုပ်ကပါ KNU ကို တခြားအဖွဲ့အစည်းတွေထက် ယုံကြည်မှုပိုမို၍ဖြစ်ပြီး အခွင့်အရေးတော့ ပိုမပေးပါဟု ဖဒိုမန်းငြိမ်းမောင်က ဧရာဝတီကို ပြောခဲ့ကြောင်းသိရသည်။
    ________________________

    ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းသို့ ခရီးစဉ်

    – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်းရေး လူထုဆန္ဒကောက်ပွဲတွင် ဟောပြောရန် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၃-နာရီက ရောက်ရှိခဲ့ရာ ဒေသခံ ထောင်ပေါင်းများစွာ လာရောက်ကြိုဆိုကြပြီး မနက်ဖြန်မှာတော့ ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ် မြို့များမှာ ဟောပြောမည်ဖြစ်ကြောင်း သိရသည်။
    ________________________

    ကူကီးတိုင်းရင်းသားအမည်ဖြင့်သာ သန်းခေါင်စာရင်း ကောက်ယူရန် အဆိုပြု

    – ကူကီးလူမျိုး နှစ်သိန်းနီးပါးရှိပြီး မျိုးနွယ်စုနာမည်တွေ ကွဲပြားစွာသုံးနှုန်းနေသည်ကို လ၀ကအနေနှင့် သတိထားသင့်ပြီး တိုင်းရင်းသားများ၏ နာမည်အမှန်ဖြစ်စေရန် ကူကီးတိုင်းရင်းသားများ၏ သဘောဆန္ဒကို ရယူပေးရန် တောင်းဆိုကြောင်း ကူကီအမျိုးသားရေးရာအဖွဲ့ နာယက ဒေါက်တာလျူခိုပေါင်က ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

  • ဇန်နဝါရီ ၄ ပြည်တွင်းသတင်းတို

    ဇန်နဝါရီ ၄ ပြည်တွင်းသတင်းတို

    ဇန်နဝါရီ ၄၊ ၂၀၁၄
    M-Media

    မွတ်စလင်များကို အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲသည့် ရခိုင်တွင် ၉၆၉ တရားပွဲများ စည်ကားစွာကျင်းပလျက်ရှိ

    ၉၆၉ တရားပွဲများကို ပေါက်တော၊ မင်းပြား၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့များတွင် လွန်ခဲ့သော ဒီဇင်ဘာလက စပြီး ဆက်ဆိုက်ပြုလုပ်ခဲ့ရာ သံတွဲမြို့တွင် မနေ့က စတင်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံအနှံ့ မွတ်စလင်ဆန့်ကျင်ရေး တရားပွဲများကို ၉၆၉ အဖွဲ့မှ အရှိန်အဟုန်မြင့်လုပ်ဆောင်ခဲ့သည့် နောက်ပိုင်း မွတ်စလင်မျာအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ နေရာအနှံဖြစ်ပွားခဲ့သည်။
    ————————————–
    ဖွဲ့စည်းပုံပြင်ဖို့ အစိုးရ မဆိုင်သလို နေလို့ မရဘူးလို့ ဒေါ်စု သတိပေး

    တရားမျှတမှုမရှိတဲ့ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရေးကိစ္စ အစိုးရအနေနဲ့ မဆိုင်သလိုနေလို့ မရဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့မှာ သတိပေး ပြောဆိုလိုက်တဲ့ကြောင်း ကမာရွတ် မီဒီယာရဲ့ ဖော်ပြချက်အရ သိရှိရပါသည်။
    ————————————–
    ၈၈မျိုးဆက် NLD လွတ်လပ်ရေး အခမ်းအနားတက်၊ ဒေါ်စု ကျန်းမာရေးသတင်းမေး

    ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ခေါင်းဆောင်များသည် ယနေ့ NLD မှကျင်းပတဲ့ (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပြိး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်သို့သွားရောက်ပြိး သူမ၏ ကျန်းမာရေးအတွက် နှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း ၈၈ မျိုးဆက်အဖွဲ့၏ FB စာမျက်နှာမှာ သတင်းထုတ်ပြန်ခဲ့တာကို တွေ့ရှိရပါသည်။

  • ဇန်နဝါရီ ၃ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်နဝါရီ ၃ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်နဝါရီ ၃၊ ၂၀၁၄
    M-Media

    သမ္မတ၏ လွတ်လပ်ရေး အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ရိုဟင်ဂျာ ၁၈၇ ဦးလွတ်မြောက်

    ဇန်န၀ါရီလ ၂ ရက်နေ့ကထုတ်ပြန်တဲ့ သမ္မတရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်အရ ယနေ့ ဇန်နဝါရီလ ၃ ရက်၊ နေ့လည် ၃ နာရီမှာ ဘူးသီးတောင် အကျဉ်းထောင်မှ ရိုဟင်ဂျာ မွတ်စလင် ၁၈၇ ဦးလွတ်မြောက်ခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးမှ တာဝန်ခံအရာရှိ၏ တင်ပြချက်အရ သိရှိရဟု ဘူးသီးတောင် ပြည်သူလွှတ်တော်အမတ် ဦးရွှေမောင်၏ FaceBook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

    လွတ်မြောက်လာသူများတွင်  ဘူးသီးတောင်မြို့နယ်မှ ၅၅ ဦးနှင့် မောင်တောမြို့နယ်မှ ၁၃၂ ဦး ဖြစ်ပြီး မနက်ဖြန်လွတ်လပ်ရေးနေ့မှာလဲ ထပ်မံလွတ်မြောက်လာဖွယ်ရှိကြောင်းကို ၄င်းက ဆက်လက်ရေးသားထားပါတယ်။
    ____________________________________

    ဘာသာလေးမျိုးတရားပွဲ ကျင်းပ

    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် အနီးစခန်း ၀ါးဘိုးကျေးရွာ အာရှအလင်းရောင် ပရိယတ္တိစာသင်တိုက်၌  ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီမှ ၁၂ နာရီထိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာများစုပေါင်း၍ ဘာသာလေးမျိုး တရားပွဲ ကျင်းပပြုလုပ် ခဲ့သည်။
    _____________________________________

    လွတ်လပ်ရေး အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ၇၀၀၀ ကျော်တွင် နိုင်/ကျဉ်း ၃ ဦးသာပါဝင်သေး

    ဇန်န၀ါရီလ ၂ ရက်နေ့ကထုတ်ပြန်တဲ့ သမ္မတရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်အရ  ဒီနေ့လွတ်လာတဲ့ အကျဉ်းသား ၇၀၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသားက သုံးဦးပဲ ပါဝင်ပြီး မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေတဲ့ မောင်ဝိတ် လည်း လွတ်မြောက်တဲ့ထဲမှာပါဝင်လာကြောင်းကို VOA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
    _______________________________________

    သမ္မတအရည်အချင်း ကန့်သတ်ချက် အခြေခံဥပေဒ ပုဒ်မ ပယ်ဖျက်ရန် ရန်ကုန်မှာ ဆန္ဒပြ

    ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်တဲ့  ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့  ပုဒ်မတွေဖြစ်တဲ့ ၅၉ (စ) နဲ့ ၅၉ (ဃ) တွေကို ဖျက်သိမ်းပေးဖို့ ဒီနေ့ မနက်က ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ လူ ၂၀၀ နီးပါး ဆန္ဒပြခဲ့ကြပါတယ်။

  • ဇန်န၀ါရီ ၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၊ ၂၀၁၄
    M-Media

    သေဒဏ်နှင့် နှစ်ရှည်ကျ အကျဉ်းသားများ လွတ်ငြိမ်းခွင့်ထုတ်ပြန်

    – သေဒဏ်ချမှတ်ခံထားရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ)၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူ များအား  ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ်နှစ် ၄၀နှင့်အထက် ကျခံနေရသူများအား ထောင်ဒဏ် နှစ် ၄၀၊ ထောင်ဒဏ် နှစ် ၄၀-အောက် ကျခံ နေသူများအား ၎င်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံသို့ လျော့၍ ကျခံစေရန် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သမ္မတရုံးမှ
    ယနေ့ညနေပိုင်းက ထုတ်ပြန်လိုက်သည်။
    ________________________

    အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူများပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အဖွဲ့အစည်းများအနေဖြင့် ကိုယ်တိုင်အစည်းအဝေးများပြုလုပ်ပြီး ကြေညာချက်များထုတ်ပြန်နေသည်မှာ ညီညွတ်သည့်အတွက် ကောင်းမွန်သော်လည်း အရေးအကြီးဆုံးမှာ ပြည်သူလူထုပါဝင်ရန်လည်း လိုအပ်ကြောင်း UNDP မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ ယနေ့တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    အချက် ၃-ချက်အား အခြေခံ၍ ဖွဲ့စည်းပုံပြင်ရန်ဟု သမ္မတပြော

    – ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်၊ ဒီမိုကရေစီစံနှုန်းပြည့်မီရေးနှင့် နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်ချက် စသည့် ၃-ချက်အား အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း သမ္မတ၏ ယနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
    ________________________

    မြစ်ဆုံစာချုပ်ပါ ကတိကဝတ် လက်မှတ်ထိုးသူများ တာဝန်သိဖို့လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ ကတိကဝတ်တွေရဲ့ အကျိုးဆက်တွေကို နိုင်ငံနဲ့ပြည်သူက ခံရမှာကြောင့် စာချုပ်ကိုလက်မှတ်ထိုးသူတွေ တာဝန်သိဖို့လိုတယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂ရက်နေ့မှာ ပြောဆိုလိုက်ကြောင်း ကမာရွတ်မီဒီယာမှတဆင့် သိရှိရပါသည်။
    ________________________

    ရှမ်းပြည်နယ်တွင် ပတ်စ်ပို့စ်ရုံးများဖွင့်လှစ်

    – မြန်မာနိုင်ငံကူးလက်မှတ်ရုံးများကို ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ယနေ့ ထပ်မံ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
    ________________________

  • ဇန်န၀ါရီ ၁၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၊ ၂၀၁၄
    M-Media

    ထိုင်းနိုင်ငံမှာ ရန်ဖြစ်တဲ့ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

    – ထိုင်းနိုင်ငံ လယောင်းမြို့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀ ခန့်နှင့် ဒေသခံ ထိုင်းလူမျိုးများ မနေ့ညပိုင်းက ခိုက်ရန်ဖြစ်ပွားပြီး မြန်မာအလုပ်သမား ၁၅၀ ခန့်အား လယောင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသည် မြန်မာ အလုပ်သမား ၆၀ ခန့်သည်လည်း လုပ်ငန်းခွင်သို့ ပြန်မသွားရဲသည့်အတွက် ပုန်းရှောင်နေကြကြောင်း သိရသည်။
    ________________________

    ကရင်နှစ်သစ်ကူးနေ့အား ကရင်လက်နက်ကိုင်၃-ဖွဲ့ ပူးပေါင်းကျင်းပ

    – ယနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) အစရှိသည့် ကရင်လက်နက်ကိုင် အဖွဲ့များပူးပေါင်း၍ ကရင်ပြည်နယ် မြ၀တီခရိုင် ရွှေကုက္ကိုမြိုင်ဒေသ မှာ ယနေ့ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
    ________________________

    KIA တပ်သားအဖြစ် ဖမ်းဆီးခံရသူ ၃-ဦး သီပေါထောင်မှ လွတ်မြောက်

    – ၂၀၁၂-ခုနှစ်အတွင်း တပ်မတော်မှ ဖမ်းဆီးခဲ့သော KIA တပ်မဟာ (၁၂)တွင် တာဝန်ထမ်းခဲ့ကြသည့် အကျဉ်းသား ၃-ဦးအား မနေ့က နေ့လည်ပိုင်း မှာ အစိုးရ၏ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှု အစီအစဉ်ဖြင့် သီပေါအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။
    ________________________

    မန္တလေး ချော်ဆိပ် သင်္ဘောပေါက်ကွဲမှု ပျောက်ဆုံးသူများမှ ၃-ဦး အလောင်းပြန်တွေ့

    – မန္တလေး ဧရာဝတီမြစ်ကမ်း ချော်ဆိပ်တွင် ဒီဇင်ဘာ ၂၇-ရက်နေ့တွင် သင်္ဘောပြန်လည်ထွက်ခွာရန် ကျောက်ဆူးရစ်ခုံအား ဂဟေဆော်ရာမှာ လက်ကျန်ဆီငွေဖြင့် သင်္ဘောပေါက်ကွဲမှုတွင် ပျောက်ဆုံးနေသူများအနက် ၃-ဦး၏ အလောင်းများအား ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။
    ________________________

    တိုင်းရင်းသားအမည်ခံကုမ္ပဏီများ ကိုယ်ပိုင်အမည် ပြန်လည် ပြောင်းလဲ

    – မြန်မာပြည်တွင် ယခင်အစိုးရလက်ထက်က စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရာ၌ နိုင်ငံခြားသားများအနေဖြင့် တိုင်းရင်းသားတစ်ဦးတစ်ယောက် အမည်ခံပြီး လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ မူလပိုင်ရှင်အမည်သို့ ပြန်လည် ပြောင်းလဲ လုပ်ဆောင်လာနေသည့်အတွက် ပွင့်လင်းမြင်သာမှု ရှိလာ သည်ဟု အဓိပ္ပါယ်သက်ရောက်ကြောင်း ဒေါက်တာအောင်ထွန်းသက်က ဧရာဝတီသို့ ပြောကြားခဲ့သည်ဟု သိရသည်။
    ________________________