Tag: singapore
-
အစွန်းရောက်အန္တရာယ် မြင့်တက်လာမှုကို စင်ကာပူသမ္မတ သတိပေး
ဇန်န၀ါရီ ၂၇၊ ၂၀၁၈M-Media– အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုကို စင်ကာပူက တိုးမြှင့် ခံစားလာရပြီး နိုင်ငံခြား တရားဟောဆရာများ၏ အမုန်းတရား ဟောကြားမှုများကို ပိုမို မြင်တွေ့လာရနိုင်သည်ဟု စင်ကာပူသမ္မတ ဟာလီမာယာကွဘ်က ပောကြားလိုက်သည်။စင်ကာပူနိုင်ငံတွင် ယနေ့ပြုလုပ်သည့် လူမျိုးစုံ ဘာသာစုံ ယုံကြည်မှုတည်ဆောက်ရေးအ၀န်းအ၀ိုင်း (IRCC) ညီလာခံ အဖွင့်မိန့်ခွန်းတွင် သမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် IS အကြမ်းဖက်အဖွဲ့က စင်ကာပူနိုင်ငံအား တိုက်ခိုက်ရန် ကြံစည်မှုမျိုး ထပ်ဖြစ်လာနိုင်သည်ဟုလည်း သတိပေးခဲ့သည်။ “၂၀၁၆ ခုနှစ်မှာ IS က ကြံစည်းထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခုကို ကျွန်မတို့ရဲ့ လုံခြုံရေးအဖွဲ့တွေကြောင့် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီခြိမ်းခြောက်မှုဟာ နောက်ဆုံး ခြိမ်းခြောက်မှုမျိုး မဟုတ်ပါဘူး”အင်ဒိုနီးရှားနိုင်ငံ ဘန်တန်အခြေစိုက် အကြမ်းဖက်သမားများက စင်ကာပူ မရီနာဘေးအား ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ကြံစည်မှုကို အင်ဒိုအာဏာပိုင်များ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဖော်ထုတ်နိုင်ခဲ့သည်။ ထိုအဖြစ်အပျက်မတိုင်ခင် လအနည်းငယ် အရင်ကလည်း နိုင်ငံခြား IS စစ်သွေးကြွများက စင်ကာပူ၌ တိုက်ခိုက်ရန် ကြံစည်မှုကို စင်ကာပူ တာဝန်ရှိသူများက ဖော်ထုတ်ခဲ့သည်။ဟာလီမာ ယာကွဘ်က အွန်လိုင်းတွင် အကြမ်းဖက်အုပ်စုများ၊ အစွန်းရောက်အဖွဲ့များ၏ သွေးဆောင်မှုကြောင့် အစွန်းရောက် သဘောထားများ ၀င်ရောက်၍ ဖမ်းဆီးခဲ့ရသည့် စင်ကာပူနိုင်ငံသား ၄ ဦးအကြောင်းကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး လူမျိုးစုံ ဘာသာစုံ နားလည်မှုတည်ဆောက်ရန်လည်း တိုက်တွန်းခဲ့သည်။“အပြင်အလှန် ဆက်ဆံမှု၊ ရင်းနှီးကျွမ်းဝင်မှုတို့လိုပဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကလည်း လူ့အဖွဲ့အစည်းတွေအကြား လေးစားမှုတည်ဆောက်ဖို့အတွက် အရေးကြီးပါတယ်”Ref : CNA -
မြန်မာအိမ်အကူကို နှိပ်စက်မှုအတွက် စင်ကာပူလင်မယားနှစ်ဦး တရားစွဲခံရ
ဇန်န၀ါရီ ၈၊ ၂၀၁၇
M-Mediaမြန်မာအိမ်အကူကို နှိပ်စက်မှုအတွက် တရားစွဲခံထားရသည့် လင်မယား – မြန်မာအိမ်အကူကို ရေနွေးပူပူနဲ့ ခန္ဓာကိုယ်ပေါ် လောင်းချိုးစေတာ၊ ကြမ်းတိုက်ဆေးရည်ကို ရေနဲ့ရောပြီး သောက်ခိုင်းတာတို့အပါအ၀င် ညှင်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးကို စင်ကာပူက စွဲချက်တင်ကာ တရားစွဲဆိုထားပါတယ်။
အသက် ၃၈ နှစ်အရွယ် အမျိုးသမီး Linda Seah Lei Sie ကို ၂၀၁၆ ခုနှစ်က ကျူးလွန်ခဲ့တဲ့ ကိစ္စတွေအတွက် စွဲချက် ၆ ခုနဲ့ တရားစွဲဆိုထားတာပါ။
သူမဟာ အသက် ၂၀ ကျော်အရွယ်ရှိတဲ့ မြန်မာအမျိုးသမီး မဖြူဖြူမာကို ဆံပင်တွေကျွတ်ထွက်တဲ့အထိ ဆံပင်ဆွဲဆောင့်တာ၊ ရေနွေးပူပူကို ကိုယ်ပေါ်ကနေ အတင်း လောင်းချိုးစေတာ၊ ကြမ်းတိုက်ဆေးရည်ကို ရေနဲ့ဖျော်ပြီး သောက်ခိုင်းတာတွေ လုပ်ခဲ့တယ်လို စွပ်စွဲခံထားရပါတယ်။
Seah ရဲ့ ခင်ပွန်း အသက် ၄၃ နှစ်အရွယ် Lim Toon Leng က ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ မဖြူဖြူမာရဲ့ နဖူးကို နှစ်ကြိမ် ထိုးနှက်ခဲ့တဲ့အတွက် တရားရင်ဆိုင်နေရပါတယ်။
ဒီလို နှိပ်စက်မှုကို Lim ရဲ့ အလှပြင်ဆိုင်က အလုပ်သမားဟောင်း အမျိုးသမီး Lee Lee Yen က ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ Seah တို့ ဇနီးမောင်နှံဟာ အရင်ကလည်း သူမကို ‘အငတ်ထားတယ်’ လို့ မဖြူဖြူမာက သူ့ကို ပြောပြခဲ့ကြောင်း Lee က ထွက်ဆိုထားပါတယ်။
ဖြူဖြူမာတစ်ယောက် မျက်လုံးဖူးယောင်နေတာတွေ၊ ဒဏ်ရာဒဏ်ချက်ဖြစ်နေတာတွေကို တွေ့ခဲ့တာကြောင့် Lee က အိမ်ရှင်အမျိုးသမီးမသိအောင် မေးမြန်းကာ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
Lim ရဲ့ အလှပြင်ဆိုင်မှာ အလုပ်လုပ်တဲ့ အခြား အလုပ်သမားတစ်ဦးကလည်း မဖြူဖြူမာ နှိပ်စက်ခံရမှုနဲ့ပတ်သက်ပြီး အမှုဖွင့်ပေးဖို့ တစ်ခြားတစ်ယောက်ကို အကူအညီတောင်းခဲ့ဖူးပါတယ်။
ကြားနာမှုကို မနက်ဖြန်မှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဧပြီလမှာလုပ်မယ့် ကြားနာမှုမှာတော့ မဖြူဖြူမာကိုယ်တိုင် ထွက်ဆိုမှာ ဖြစ်ပါတယ်။
ပြစ်မှုထင်ရှားရင် Seah နဲ့ Lim တို့ ဇနီးမောင်နှံဟာ စွဲချက်တစ်ခုအတွက် ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၇၅၀၀ ကျခံရမှာ ဖြစ်ပါတယ်။
Ref: CNA
-
ဘတ္ထရီသက်တမ်းပိုခံစေမည့် နည်းလမ်းကို စင်ကာပူတက္ကသိုလ်မှ သိပ္ပံပညာရှင် ဖော်ထုတ်
ဇန်န၀ါရီ ၈၊ ၂၀၁၈
M-Mediaပရော်ဖက်ဆာ ရာချစ် ယာဇာမီ – အီလက်ထရောနစ် ပစ္စည်းတွေမှာ အသုံးပြုနေတဲ့ ဘတ္ထရီအဟောင်းတွေကို အားပိုခံစေမယ့် နည်းပညာတစ်ခုကို စင်ကာပူ Nanyang Technological University (NTU) တက္ကသိုလ်က သုတေသနပညာရှင်တစ်ယောက်က ရှာဖွေဖော်ထုတ်လိုက်ပါတယ်။
ပရော်ဖက်ဆာ ရာချစ် ယာဇာမီဆိုသူဖြစ်ပြီး သူ့ရဲ့ နည်းလမ်းသစ်ဟာ စမတ်ဖုန်းတွေကနေ လက်ပ်တော့တွေအထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ လစ်သီယံဘတ္ထရီတွေအတွက် တော်လှန်မှုတစ်ခုဖြစ်မယ်လို့ ဆိုပါတယ်။
အသက် ၆၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ယာဇာမီက ဒီနည်းလမ်းသစ်ကို လျှပ်စစ်ကားတွေမှာ အသုံးပြုချင်နေတာပါ။
“စမတ်ဖုန်းတွေလို လူတွေက ကားတွေကို ခဏခဏ လဲမစီးပါဘူး။ ဖုန်းတစ်လုံးကို ၂ နှစ်လောက်နေရင် လဲကြပေမယ့် ကားကိုတော့ ၁၀ နှစ်ကျော်လောက်အထိ စီးကြပါတယ်” လို့ The Straits Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ကမ္ဘာကျော် အီလက်ထရောနစ်ကုမ္ပဏီတွေဖြစ်တဲ့ Apple၊ Panasonic၊ Samsung စတာတွေဟာ ဘတ္ထရီသက်တမ်း ကြာရှည်ခံစေမယ့် နည်းလမ်းတွေကို ရှာဖွေနေကြတာပါ။
ယာဇာမီကတော့ သူ့ရဲ့ တီထွင်ဆန်းသစ်မှုကို ပြီးခဲ့တဲ့မတ်လ အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ ‘ဘတ္ထရီဆိုင်ရာနိုင်ငံတကာ နှီးနှောဖလှယ်ပွဲ’ မှာ မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ နည်းလမ်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ သင့်လျော်ပြီး ဘတ္ထရီ ထုတ်လုပ်တာတွေ၊ စွန့်ပစ်တာတွေ လျော့ကျသွားမယ်လို့ ဆိုပါတယ်။
ယာဇာမီဟာ ဘတ္ထရီမှာ တတိယမြောက် electrode တစ်ခု ထည့်သွင်းကာ ဒီ electrode က ဘတ္ထရီအားကျဆင်းစေတဲ့ လစ်သီယံအိုင်းယွန်း အကြွင်းအကျန်ကို စစ်ချပေးတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဘတ္ထရီရဲ့ မူလသက်တမ်းကို ၉၅ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိစေပါတယ်။
ခြေထောက် ၃ ချောင်းနဲ့ ကြက်လိုမျိုး ဖြစ်နေတဲ့အတွက် ဒီနည်းလမ်းကို ဘယ်သူမှ မစဉ်းစားမိခဲ့ကြောင်း သူက ဖွင့်ဟခဲ့ပါတယ်။
ဒီလို electrode ၃ ခု ပါဝင်တဲ့ ဖုန်းဘတ္ထရီ နမူနာကို ဇွန်လက ထုတ်လုပ်ခဲ့ပြီး ယာဇာမီကတော့ သူ့ရဲ့ ဒီနည်းလမ်းဟာ iPhone အသုံးပြုသူတွေရဲ့ ဘတ္ထရီပြဿနာအတွက် အဖြေဖြစ်မယ်လို့ ယုံကြည်နေပါတယ်။
Ref: Strates Times
-
အစ္စလာမ်မုန်းတီးရေးရောဂါ နိုင်ငံအတွင်း အ၀င်မခံဟု စင်ကာပူပြည်ထဲရေးဝန်ကြီး ပြော
ဒီဇင်ဘာ ၃၁၊ ၂၀၁၇
M-Media– ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်မုန်းတီးရေးရာဂါဟာ ပိုမိုမြင့်တက်လာပြီး ဒါဟာ လက်ခံနိုင်စရာမဟုတ်ဘဲ အကြမ်းဖက်အန္တရာယ် ပိုရှိလာစေတယ်လို့ စင်ကာပူပြည်ထဲရေးဝန်ကြီး ကေ ရှန်မူဂမ်က ပြောကြားလိုက်ပါတယ်။
“အစ္စလာမ်မုန်းတီးရေးရောဂါဆိုတာ မကောင်းတဲ့ကိစ္စတစ်ခုပါ။ လက်မခံနိုင်စရာ ဖြစ်ပြီး၊ ဒါဟာ အစ္စလာမ်နာမည်ခံ လူသတ်နေတဲ့ အကြမ်းဖက်သမားတွေဆီကသာမက မွတ်စလင်တွေကို တိုက်ခိုက်ချင်တဲ့သူတွေထံကပါ အကြမ်းဖက်မှုတွေ မြင့်တက်လာစေမှာ ဖြစ်ပါတယ်” လို့ Canberra Drive မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ၀န်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အစ္စလာမ်မုန်းတီးရေးရောဂါဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေကို နားမလည်မှုရဲ့ ရလဒ်ဖြစ်ကြောင်း၊ အစ္စလာမ့်မစ် အစွန်းရောက်သမားတွေရဲ့ တိုက်ခိုက်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်အပေါ် နားလည်မှုလွဲတာတွေ အလွန်အမင်း မြင့်တက်လာစေကြောင်းလည်း ရှန်မူဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“အစွန်းရောက်တဲ့မွတ်စလင်တွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ သူတို့တွေဟာ သည်းခံနိုင်စွမ်းမရှိဘူး၊ ကျွေးကြော်သံတွေအော်တယ်၊ အကြမ်းဖက်ဖို့တိုက်တွန်းတယ်၊ ရူးကြောင်ကြောင်တွေလုပ်တယ်၊ မွတ်စလင်မဟုတ်သူတွေ၊ အမျိုးသမီးတွေ၊ တစ်ခြားသူတွေအပေါ်မှာ ရူးနှမ်းတဲ့ ပြောကြားမှုတွေ လုပ်ပါတယ်။ ဒါပမယ့် တကယ်တော့ သူတို့တွေဟာ လူနည်းနည်းလေးသာဖြစ်ပြီး မဖြစ်စလောက်လေးပါ။ ရိုးရိုးသားသားပြောရရင် ဘာသာတိုင်းမှာ ဒီလိုလူတွေ ရှိပါတယ်။ အကြမ်းဖက်သမားတွေရဲ့ သားကောင်ဖြစ်နေရသူ အများစုဟာ မွတ်စလင်တွေ ဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ သိထားသင့်ပါတယ်”
စင်ကာပူအနေနဲ့ အစ္စလာမ်မုန်းတီးရေးရောဂါ တိုင်းပြည်အတွင်းမှာ မရှိစေဖို့၊ ဘာသာပေါင်းစုံညီညွတ်ရေးကို မြှင့်တင်ဖို့ အကောင်းဆုံး ကြိုးစားမှာဖြစ်ကြောင်း ရှန်မူဂန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
“လက်ရှိ ဒီမှာ ကျွန်တော်တို့ဟာ အခြေအနေတွေကို အခြားနေရာနဲ့မတူတဲ့ပုံစံနဲ့ စောင့်ကြည့်လို့ရနေတယ်လို့ ထင်ပြီး၊ ကောင်းကောင်းလုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျေနပ်လောက်စရာတော့ မဟုတ်ပါဘူး”
ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ရှန်မူဂန်က ဒီအတွက် မှတ်ချက်မပေးချင်ကြောင်း၊ ကုလမှာ အမေရိကန်ရဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ပြီး စင်ကာပူဟာ သူ့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
Ref: CNA
-
စင်ကာပူနိုင်ငံကူးလက်မှတ် ကမ္ဘာ့တွင် ထိပ်တန်းအဆင့် ဖြစ်လာ
အောက်တိုဘာ ၂၆၊ ၂၀၁၇
M-Media– ပါရာဂွေးက စင်ကာပူနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့် ပေးလိုက်သောကြောင့် စင်ကာပူနိုင်ငံကူးလက်မှတ်မှာ ကမ္ဘာပေါ်တွင် ဗီဇာကင်းလွတ်ခွင့်အများဆုံးရသည့် နိုင်ငံကူးလက်မှတ် ဖြစ်လာခဲ့သည်။
ကမ္ဘာ့ဘဏ္ဍာရေးအကြံပေးလုပ်ငန်း Arton Capital မှ ထုတ်ပြန်သည့် နိုင်ငံကူလက်မှတ် အဆင့်သတ်မှတ်ချက်တွင် စင်ကာပူမှာ ဂျာမနီကို ကျော်တက်ကာ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။
ကမ္ဘာ့တန်းအ၀င်ဆုံး နိုင်ငံကူးလက်မှတ်စာရင်း၏ ထိပ်ဆုံး ၁၀ နေရာတွင် အများစုမှာ ဥရောပနိုင်ငံများဖြစ်ပြီး ဂျာမနီက ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ဦးဆောင်ခဲ့သည်။
၂၀၁၇ ခုနှစ်အစပိုင်းမှစ၍ စင်ကာပူသည် ဂျာမနီနှင့် နံပါတ် ၁ နေရာကို ပူးတွဲရရှိခဲ့သည်။ အောက်တိုဘာ ၂၅ ရက်နေ့က နောက်ဆုံးပြန်မှုတွင် စင်ကာပူသည် ဗီဇာကင်းလွတ်ခွင့် အမှတ် ၁၅၉ မှတ် ရရှိခဲ့ပြီး ဂျာမနီက ၁၅၈ မှတ် ရရှိခဲ့သည်။
“စင်ကာပူဟာ ကမ္ဘာ့တန်းအ၀င်ဆုံး နိုင်ငံကူးလတ်မှတ်အဖြစ် ပထမဆုံး သတ်မှတ်ခံရတဲ့ အာရှနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံရဲ့ သံတမန်ဆက်သွယ်ရေး၊ နိုင်ငံခြားရေးမူဝါဒ အားကောင်းမှုရဲ့ သက်သေတစ်ခုပါပဲ” ဟု စင်ကာပူရှိ Arton Capital ရုံးမှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ ဖိလစ်မေက ပြောကြားခဲ့သည်။
ကမ္ဘာ့တန်းအ၀င်ဆုံး နိုင်ငံကူးလက်မှတ်စာရင်း ထိပ်ဆုံး နိုင်ငံ ၂၀ တွင် အာရှမှ တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားတို့ ပါဝင်ခဲ့သည်။
အမေရိကန်နိုင်ငံကူးလက်မှတ်မှာ ဒေါ်နယ်ထရမ့်တက်လာပြီးနောက်ပိုင်း အဆင့်ကျင်ဆင်းခဲ့ပြီး လက်ရှိ ၁၅၄ မှတ်သာ ရရှိကာ မလေးရှား၊ အိုင်ယာလန်၊ ကနေဒါတို့နှင့် အမှတ်တူနေသည်။
အဆိုပါရမှတ်များကို နယ်စပ်ဖြတ်ကျော်နိုင်ခွင့်၊ ဗီဇာကင်းလွတ်ခွင့်၊ ဆိုက်ရောက်ဗီဇာရရှိခွင့် စသည့် အချက်များအပေါ် မူတည်၍ သတ်မှတ်ခြင်းဖြစ်သည်။
Ref : CNA