News @ M-Media
Tag: singapore
  • ရခိုင်ရှိ နှစ်ဖက်အသိုင်းအ၀ိုင်းကို စင်ကာပူက ကူညီထောက်ပံ့ပေးမည်
    ရခိုင်ရှိ နှစ်ဖက်အသိုင်းအ၀ိုင်းကို စင်ကာပူက ကူညီထောက်ပံ့ပေးမည်
    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media
    နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ဟာ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
    – ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေကြောင့် ထိခိုက်ခံစားနေရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
    နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ဟာ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
    ရခိုင်အရေးနဲ့ပတ်သက်ပြီး စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူအားလုံး အခြေအနေတွေ ပိုမိုဆိုးရွားစေမယ့် အပြုအမူတွေကို ထပ်မလုပ်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။
    မြန်မာနိုင်ငံရဲ့ အနီးကပ်မိတ်ဆွေနိုင်ငံအဖြစ် စင်ကာပူဟာ ရခိုင်ပြည်နယ်က ထိခိုက်ခံစားရသူတွေအတွက် အကူအညီပေးအပ်ရး အာဆီယံအဖွဲ့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ အဖွဲ့အ၀င်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေကြောင်းလည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
    Ref: CNA
  • လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာယာကွဘ်ကို သမ္မတသစ်အဖြစ် စင်ကာပူ ကြေငြာ
    လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာယာကွဘ်ကို သမ္မတသစ်အဖြစ် စင်ကာပူ ကြေငြာ
    စက်တင်ဘာ ၁၃၊ ၂၀၁၇
    M-Media
    – သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမှု လုပ်ငန်းစဉ်တွေအပြီးမှာ လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာယာကွဘ်ကို နိုင်ငံရဲ့ ၈ ယောက်မြောက် သမ္မတအဖြစ် စင်ကာပူနိုင်ငံက ကြေငြာလိုက်ပါတယ်။
    မလေးလူမျိုးတစ်ဦးဖြစ်တဲ့ ဟာလီမာဟာ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နေ့ ည ၆ နာရီမှာ သမ္မတနန်းတော်မှာ ကျမ်းသစ္စာကျိန်ဆိုရမှာဖြစ်တယ်လို့ ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    “စင်ကာပူပြည်သူတိုင်းဟာ ပုခုံချင်းထိတဲ့အထိ စည်းလုံးညီညွတ်နေဖို့လိုပါတယ်။ ကျွန်မတို့ဟာ အဆုံးစွန်ဆုံး အောင်မြင်မှုဆီ မရောက်သေးပါဘူး။ အကောင်းဆုံးဟာ ရောက်မလာသေးပါဘူး။ ကျွန်မတို့ကြားထဲက ကွဲပြားမှုတွေကိုဖယ်ကာ၊ တူညီမှုတွေမှာ အလေးထား အာရုံစိုက်သွားဖို့ ကျွန်မ တောင်းဆိုပါတယ်” လို့ ဟာလီမာယာကွဘ်က ဒီနေ့မနက်မှာ ပြည်သူတွေကို ပြောကြားခဲ့ပါတယ်။
    စင်ကာပူနိုင်ငံဟာ ဘာသာစုံ လူမျိုးစုံဝါဒကို တန်ဖိုးထားတဲ့တိုင်းပြည်ဖြစ်ပြီး၊ သူမအနေနဲ့ အခုလို သမ္မတဖြစ်လာတာဟာ နိုင်ငံရဲ့ ဘာသာစုံ၊ လူမျိုးစုံဝါဒကို ဖော်ကျူးနေတာဖြစ်ကြောင်း၊ အမျိုးသမီးတွေဟာ ပြင်းပြင်းထန်ထန် ကြိုးစားမယ်ဆိုရင် နိုင်ငံရဲ့ဦးသျှောင်ဖြစ်နိုင်ကြောင်း သူမက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    စင်ကာပူရဲ့ သမ္မတရာထူးဟာ ဒီတစ်ကြိမ်မှာ မလေးလူ့အဖွဲ့အစည်းက ထမ်းဆောင်ဖို့ အလှည့်ကျတာဖြစ်ပြီး ဟာလီမာယာကွဘ်၊ စီးပွားရေးသမား မိုဟာမက် ဆာလေဟ် မာရီကန်နဲ့ ဖာရစ်ခန်းတို့က သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ကြတာပါ။
    ဒါပေမယ့် မာရီကန်နဲ့ ဖာရစ်တို့ဟာ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေ ပြည့်မီခြင်း မရှိတာကြောင့် ဟာလီမာက ပြိုင်ဘက်မရှိ သမ္မတဖြစ်လာတာဖြစ်ပါတယ်။
    စင်ကာပူရဲ့ သမ္မတရာထူးဟာ နိုင်ငံရဲ့ ဦးသျှောင် အမှတ်သညာတစ်ခု ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး သမ္မတအဖြစ် မလေးလူမျိုး ယူစွဖ်အစ္စဟက်က တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဟာလီမာက စင်ကာပူသမ္မတဖြစ်လာတဲ့ ဒုတိယမြောက် မလေးလူမျိုး ဖြစ်ပါတယ်။
    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဟာလီမာကို ချီးကျူးခဲ့ပြီး သူမအနေနဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ သူမဟာ လူ့အဖွဲ့အစည်းခေါင်းဆောင်၊ လွှတ်တော်အမတ်၊ ၀န်ကြီးနဲ့ လွှတ်တော်ဥက္ကဌ ရာထူးတွေကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြောင်း ဒီနေ့မနက် Facebook
    စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
    “နယ်ပယ်တိုင်းမှာ စင်ကာပူပြည်သူတွေရဲ့ လက်တွဲလုပ်ဆောင်ခဲ့တဲ့ ရင့်ကျက်တဲ့အတွေကအကြုံကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်မှုအထိ သူမက ယူဆောင်လာမှာဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
    သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ မာရီကိန်နဲ့ ဖာရစ်ခန်းတို့ကိုလည်း ကျေးဇူးတင်ကြောင်း လီရှန်လွန်းက ထည့်သွင်း ရေးသားခဲ့ပါတယ်။
    Ref: CNA
  • လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာယာကွဘ် စင်ကာပူ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာ
    လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာယာကွဘ် စင်ကာပူ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာ
    စက်တင်ဘာ ၁၁၊ ၂၀၁၇
    M-Media
    – စင်ကာပူလွှတ်တော်ဥက္ကဌဟောင်း မွတ်စလင်အမျိုးသမီး ဟာလီမာယာကွဘ်ဟာ နိုင်ငံရဲ့ နောက်တက်မယ့်သမ္မတ ဖြစ်လာတော့မှာဖြစ်ပြီး စင်ကာပူရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
    စင်ကာပူနိုင်ငံရဲ့ သမ္မတအဖြစ် အခုတစ်ကြိမ် တာဝန်ထမ်းဆောင်ဖို့ အလှည့်ကျတဲ့ လူ့အဖွဲ့အစည်းဟာ မလေးလူ့အဖွဲ့အစည်းဖြစ်ပြီး ဟာလီမာ ယာကွဘ်၊ စီးပွားရေးသမား မိုဟာမက် ဆာလေဟ် မာရီကန်နဲ့ ဖာရစ်ခန်းတို့က သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာပါ။
    စင်ကာပူ ရွေးကောက်ပွဲဌာနက သူတို့ ၃ ဦးကို စီစစ်မှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ မာရီကန်နဲ့ ဖာရစ်ခန်းတို့ဟာ သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီခြင်းမရှိဘူးလို့ ဆုံးဖြတ်ကြောင်း ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
    ဒါ့ကြောင့် အရည်အချင်းပြည့်မီတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ ဟာလီမာယာကွဘ်ဟာ ရွေးကောက်ခံစရာမလိုဘဲ သမ္မတဖြစ်လာခဲ့ကာ လာမယ့် ဗုဒ္ဓဟူးနေ့ သမ္မတအဖြစ် တရားဝင်တင်မြှောက်တဲ့ အခမ်းအနားပြီးတဲ့နောက် ကြာသာပတေးနေ့မှာ စတင် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
    အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟာလီမာ ယာကွဘ်ဟာ နိုင်ငံရဲ့ ၈ ဦးမြောက် သမ္မတလည်း ဖြစ်ပါတယ်။
    သမ္မတဟောင်း တိုနီတန်ရဲ့ ၆ နှစ်တာ သက်တမ်းဟာ သြဂုတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးခဲ့ပြီး လက်ရှိမှာ သမ္မတအကြံပေးကောင်စီရဲ့ ဥက္ကဌ ဂျေ ၀ိုင် ပီလေးက ခေတ္တသမ္မတာဝန် ရယူထားပါတယ်။
    သမ္မတရာထူးဟာ စင်ကာပူနိုင်ငံမှာ တိုင်းပြည်ရဲ့ အမှတ်သညာတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ပထမဆုံး သမ္မတအဖြစ် မလေးမွတ်စလင် ယူစွဖ် အစ္စဟက်က သူကွယ်လွန်ချိန် ၁၉၇၀ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
    ဟာလီမာယာကွဘ်ဟာ ၁၉၇၈ ခုနှစ်မှာ ဥပဒေဘာသာရပ်ကို ဂုဏ်ထူးတန်းကနေ အောင်မြင်ခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အာဏာရ People’s Action Party ပါတီရဲ့ အမတ်အဖြစ် နိုင်ငံရေးလောကထဲကို ၀င်ရောက်လာတာဖြစ်ပါတယ်။
    လူ့အဖွဲ့အစည်း၊ လူငယ်နှင့် အာကစား ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ၀န်ကြီး၊ လူမှုဖူလှုံရေးဝန်ကြီးဌာန ၀န်ကြီး စတဲ့ ရာထူးတွေအပါအ၀င် စင်ကာပူနိုင်ငံရေးနယ်ပယ်မှာ ထိပ်တန်းတာဝန်တွေကို ရယူခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှာ စင်ကာပူ လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်ခံခဲ့ရကာ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
    Ref: CNA,Todyaonline
  • အစ္စလာမ်နှင့် ဗုဒ္ဓဘာသာကို စော်ကားသည့် ခရစ်ယာန်ဘုန်းကြီးနှစ်ဦးကို စင်ကာပူက ပြည်ဝင်ခွင့်မပေး
    အစ္စလာမ်နှင့် ဗုဒ္ဓဘာသာကို စော်ကားသည့် ခရစ်ယာန်ဘုန်းကြီးနှစ်ဦးကို စင်ကာပူက ပြည်ဝင်ခွင့်မပေး
    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media
    စင်ကာပူ ပြည်ထဲရေးဝန်ကြီး မစ္စတာ ရှန်မူဂမ်
    – အခြားသော ဘာသာတရားများအပေါ် ထိခိုက်အမုန်းပွားစေသည့် တရားဟောမှုများကို ပြုလုပ်ခဲ့သော နိုင်ငံခြား ခရစ်ယာန်တရားဟောဆရာနှစ်ဦး၏ နိုင်ငံအတွင်း တရားဟောခွင့် လျှောက်ထားမှုကို ပယ်ချခဲ့သည်ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာန MHA က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    နိုင်ငံရပ်ခြား ဘာသာရေးဆရာများမှာ စင်ကာပူတွင် လာရောက်တရားဟောပြောခွင့် ရရှိရန်အတွက် MWP ပါမစ် လိုအပ်ပြီး ခရစ်ယာန်တရားဟောဆရာနှစ်ဦးက ထိုအတွက်လျှောက်ထားမှုကို MHA ၏ အကြံပြုချက်ဖြင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန (MOM) က ပယ်ချခဲ့သည်ဟု ၀န်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    “မွတ်စလင်တရားဟောဆရာတွေ စင်ကာပူကိုလာရောက်ခွင့် ပိတ်ပင်တာမျိုးလိုပဲ မကြာသေးခင်က ခရစ်ယာန် တရားဟောဆရာတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ နိုင်ငံခြားမှာဟောတဲ့ သူတို့ရဲ့ တရားတွေထဲမှာ အစ္စလာမ်ကို တော်တော်လေးစော်ကားထားပါတယ်။ ဒါ့ကြောင့် သူတို့ကို လာခွင့်မပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ” ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီး မစ္စတာ ရှန်မူဂမ်က ပြောကြားခဲ့သည်။
    အဆိုပါ ခရစ်ယာန်တရားဟောဆရာနှစ်ဦးတွင် တစ်ဦးက အလ္လာဟ်ဆိုသည်မှာ ‘မှားယွင်းသော ဘုရား’ ဟု ဆိုပြီး၊ ‘အစ္စလာမ်ဆိုသည့် အမှောင်တိုက်တွင်း ပိတ်မိနေသူများအတွက်’ ဆုတောင်ပေးရန်လည်း ပရိတ်သတ်ကို တိုက်တွန်းခဲ့သည်။
    ထို့ပြင် ဗုဒ္ဓဘာသာဝင်များမှာ Tohuw များဖြစ်ကြောင်း စော်ကားပြောဆိုခဲ့သည်။ Tohuw ဆိုသည်မှာ ဂျူးဘာသာစကားဖြစ်ပြီး ‘ဆုံးရှုံးသော၊ ဘ၀မရှိသော၊ နာမ်ပိုင်းဆိုင်ရာ အလင်းပျောက်သောသူများ’ ဟု အဓိပ္ပါယ်ရသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်များအား ခရစ်ယာန်ဘာသာသို့ သွတ်သွင်းကာ ကယ်တင်ရမည်ဟုလည်း ဟောကြားခဲ့ကြောင်း MHA ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
    အခြား ခရစ်ယာန်တရားဟောဆရာတစ်ဦးမှာလည်း အစ္စလာမ်သာသနာ၊ တမန်တော်မုဟမ္မဒ်တို့ကို စော်စော်ကားကား ပြောကြားဖူးသည်ဟု ဆိုသည်။
    “လူမျိုးစုံ၊ ဘာသာစုံရှိတဲ့ စင်ကာပူလူ့အဖွဲ့အစည်းမှာ ဒီလိုပြောကြားမှုတွေကို လက်မခံပါဘူး။ ဘယ်ဘာသာကပဲဖြစ်စေ အခြားဘာသာတရားတွေကို နှိမ့်ချပြီး ဘာသာတရားတွေကြားမှာ အမြင်ဆိုးတွေဖြစ်အောင် ဖြန့်နေတဲ့ တရားဟောဆရာတွေကို စင်ကာပူက ခွင့်ပြုမှုမှာ မဟုတ်ပါဘူး” ဟု MHA ၏ ကြေငြာချက်ထဲတွင် ဖော်ပြထားသည်။
    “ဒါဟာ စင်ကာပူ လွတ်လပ်ရေးရကတည်းက ထိန်းသိမ်းလာခဲ့တဲ့ လူမှုသဟဇာတဖြစ်မှုကို ကာကွယ်ဖို့ဖြစ်ပါတယ်”
    သောကြာနေ့ တရားဟောကြားမှုတွင် ခရစ်ယာန်နှင့် ဂျူးများအား နှိမ့်ချသည့်စကားများ ပြောဆိုခဲ့သောအိန္ဒိယမှ မွတ်စလင်တရားဟောဆရာတစ်ဦးကို ယခုနှစ်အစောပိုင်းတွင် စင်ကာပူက တရားစွဲဆို ဒဏ်ရိုက်ခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့သည်။
    Ref: CNA
  • ရခိုင်တွင် မတည်ငြိမ်မှုအတွက် အလွန်စိုးရိမ်သည်ဟု စင်ကာပူ ဗုဒ္ဓဘာသာအသင်း ပြော
    ရခိုင်တွင် မတည်ငြိမ်မှုအတွက် အလွန်စိုးရိမ်သည်ဟု စင်ကာပူ ဗုဒ္ဓဘာသာအသင်း ပြော
    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု မြင့်တက်လာသည့်အတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု စင်ကာပူဗုဒ္ဓဘာသာအသင်းက ပြောကြားလိုက်သည်။
    “ဘယ်လိုခေါင်းစဉ်မျိုးနဲ့ဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်အားလုံးကို ရပ်တန့်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု အဖွဲ့ဥက္ကဌ ဆရာတော် Seck Kwang Phing က ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။
    ရခိုင်ပြည်နယ်အတွင်း ထိခိုက်ခံစားရသူ အားလုံးအတွက် အလိုအပ်ဆုံး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီ MUIS က အလှူငွေ ကောက်ခံနေမှုကို မိမိတို့ အသင်းနှင့် အခြားသော ဗုဒ္ဓဘာသာအသင်းအားလုံးက အပြည့်အ၀ ထောက်ခံသည်ဟု ဆိုသည်။
    “ဘယ်လူမျိုး၊ ဘယ်ဘာသာဖြစ်ဖြစ် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဘုန်းတော်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။
    သြဂုတ်လနှောင်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်း ၃၀ ခန့်ကို ရိုဟင်ဂျာလက်နက်ကိုင် ARSA အဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားလာသည့် မတည်ငြိမ်မှုများကြောင့် ပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားများကို အစိုးရက ကယ်ဆယ် စောင့်ရှောက်ထားသည်။
    ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့သည့် ၂ ပတ်အတွင်း လူပေါင်း ၁၆၀၀၀၀ ကျော် ရှိနေသည်ဟု ကုလက ဆိုသည်။
    Ref: CNA