News @ M-Media
Tag: singapore
  • အရက်မူးရန်ဖြစ်သည့် မြန်မာ ၇ ဦးကို စင်ကာပူ ထောင်တစ်နှစ်စီချ
    အရက်မူးရန်ဖြစ်သည့် မြန်မာ ၇ ဦးကို စင်ကာပူ ထောင်တစ်နှစ်စီချ
    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media
    – ပင်နီဆူလာပလာဇာမှာ အရက်မူးပြီးရန်ဖြစ်တဲ့ မြန်မာ ၇ ဦးကို စင်ကာပူက မနေ့မှာ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
    ဇွန်လ ၄ ရက်နေ့ ည ၁၀နာရီခွဲလောက်မှာ စီးကရက်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၈ ဦးတစ်ဖွဲ့နဲ့ ၃ ဦးတစ်ဖွဲ့တို့ စကားများရန်ဖြစ်ခဲ့တာဖြစ်ပြီး သူတို့တွေဟာ အရက်မူးနေကြတယ်လို့ ဆိုပါတယ်။
    ၈ ယောက်အဖွဲ့ဟာ ၃ ယောက်အဖွဲ့က အသက် ၃၂ နှစ်အရွယ် ၀ဏဆိုသူကို တွန်းလှဲကာ ထိုးကြိတ် ကန်ကျောက်ခဲ့ပြီး အသက် ၃၁ နှစ်အရွယ် ပြည့်ဖြိုးဇော်နဲ့ ၄၀ အရွယ် မင်းဇော်တို့ ၀င်ဆွဲခဲ့ပေမယ့် သူတို့ပါ ထိုးကြိတ်ခံခဲ့ရပါတယ်။
    သူတို့တွေဟာ သင်္ဘောကျင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ခွင့်ပါမစ်နဲ့ လုပ်ကိုင်နေသူတွေဖြစ်ပြီး ပြဿနာဖြစ်ပွားစေမှု စွဲချက်ကိုလည်း အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။
    အစိုးရရှေ့နေ ကလဲပိုးက တစ်ဦးကို အနည်းဆုံး ထောင်ဒဏ် ၉ လစီချဖို့ တောင်းဆိုခဲ့ပြီး ၀ဏရရှိခဲ့တဲ့ ဒဏ်ရာဟာ အသေးအမွှားဒဏ်ရာမဟုတ်ဘဲ ညာဘက်ခြေထောက် အဆစ်လွဲသွားကာ တစ်ပတ်လောက် ဆေးခွင့်ယူခဲ့ရတယ်လို့ ရုံးတော်ကို လျှောက်ထားခဲ့ပါတယ်။
    တရားစွဲခံရသူ မြန်မာ ၇ ဦးက ရှေ့နေမငှားခဲ့ဘဲ မိမိတို့ဟာ မြန်မာပြည်က မိသားစုတွေကို ထောက်ပံ့နေရသူတွေဖြစ်ပြီး ရမန်ယူခဲ့တဲ့ ဇွန်လကတည်း အိမ်ကို ငွေကြေးမပို့နိုင်ကြောင်း၊ အပြစ်ကိုလည်း သက်သက်ညှာညှာ ချမှတ်ပေးဖို့ လျှောက်ထားပါကြောင်း စကားပြန်ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။
    တရားသူကြီး အင်မရန်း အဘ်ဒူလ် ဟာမစ်က ၂၀၁၃ ခုနှစ်က လစ်တဲလ်အိန္ဒိယမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို ထောက်ပြခဲ့ပြီး လစ်တဲလ်မြန်မာလို့ခေါ်တဲ့ ပင်နီဆူလာပလာဇာမှာ ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ပွားအောင် ဟန့်တားတဲ့အနေနဲ့ အခုလို တစ်ဦးကို ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့တာဖြစ်ကြောင်း ပြေကြားခဲ့ပါတယ်။
    ပြစ်ဒဏ်ကနေ ချုပ်ရက်တွေကို ထုတ်နှုတ်ခံစားခွင့် ပြုခဲ့ပါတယ်။
    “မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါ စင်ကာပူကို လာချင်တဲ့ မင်းတို့ရဲ့ သူငယ်ချင်းတွေ၊ အမျိုးတွေကို – ငါတို့ရဲ့ ဥပဒေကို လာပြီး မချိုးဖောက်နဲ့- လို့ ပြောဖို့ မင်းတို့ကို အကြံပေးပါတယ်” လို့ တရားသူကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    မြန်မာ ၇ ဦးကို စွဲထားတဲ့စွဲချက်အတွက် အမြင့်ဆုံးပြစ်ဒဏ်ဟာ ထောင်ဒဏ် ၇ နှစ်နဲ့ ကြိမ်ဒဏ်တွေ ဖြစ်ပါတယ်။
    Ref: sg.news.yahoo
  • လ၀က၀န်ထမ်းအား လာဘ်ထိုးသည့် တရုတ်အမျိုးသမီးကို စင်ကာပူ ထောင်ချ
    လ၀က၀န်ထမ်းအား လာဘ်ထိုးသည့် တရုတ်အမျိုးသမီးကို စင်ကာပူ ထောင်ချ
    အောက်တိုဘာ ၁၃၊ ၂၀၁၇
    M-Media
    – စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ လ၀က၀န်ထမ်းအား စင်ကာပူဒေါ်လာ ၂၀၀ ဖြင့် လာဘ်ငွေပေးရန်ကြိုးစားသည့် အမျိုးသမီးတစ်ဦးကို စင်ကာပူက ယမန်နေ့တွင် ထောင် ၃ လ ချမှတ်ခဲ့သည်ဟု သိရသည်။
    တရုတ်နိုင်ငံသူ လင်ရှူရောင်းဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၅ ရက်က ထိုင်းနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လာရောက်စဉ် ထိုအဖြစ်အပျက် ဖြစ်ပွားခြင်းဖြစ်သည်။
    သူမအား စစ်မေးရန်အတွက် လ၀ကကောင်တာဆီသို့ ခေါ်ဆောင်သွားစဉ် လင်ရှူရောင်းမှာ စင်ကာပူဒေါ်လာ ၅၀ တန် လေးရွက်ကို လ၀ကအရာရှိ၏ ဂျာကင်ထဲသို့ ထည့်ကာ စင်ကာပူနိုင်ငံသို့ ၀င်ရောက်ခွင့်ရရန် လာဘ်ထိုးခဲ့သည်ဟု အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ (CPIB) က သတင်းထုတ်ပြန်မှုတွင် ပြောကြားခဲ့သည်။
    သို့သော်လည်း အဆိုပါအရာရှိက လာဘ်ငွေကို ငြင်းပယ်ခဲ့ပြီး CPIB သို့ တိုင်ကြားခဲ့သည်။
    အစိုးရ၀န်ထမ်းအား လာဘ်ပေးမှုဖြင့် လင်ကို ဇန်န၀ါရီလတွင် တရားစွဲဆိုခဲ့ပြီး ယမန်နေ့တွင် ထောင်ဒဏ် ၃ လချမှတ်ခဲ့ခြင်းဖြစ်သည်။ လာဘ်ပေးမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ စင်ကာပူဒေါ်လာ တစ်သိန်းနှင့် ဒဏ်ငွေ ၅ နှစ်ဖြစ်သည်။
    “စင်ကာပူဟာ အကျင့်ပျက်ခြစားမှုကို လုံးဝသည်းခံမှာ မဟုတ်ပါဘူး။ CPIB အနေနဲ့ မည်သည့်အကျင့်ပျက်ခြစားမှုကိုမဆို ဂရုတစိုက်ကိုင်တွယ်သွားမှာဖြစ်ပြီး ပါဝင်ပက်သက်သူ မည်သူ့ကိုမဆို အရေးယူဖို့ နှောင့်နှေးနေမှာ မဟုတ်ပါဘူး” ဟု CPIB က ပြောကြားခဲ့သည်။
    Ref; CNA
  • ဘတ်စ်ကားဆိုဖာခုံတွင် သွားကြားထိုးတံစိုက်သည့် စင်ကာပူအမျိုးသား ထောင်ကျဖွယ်ရှိ
    ဘတ်စ်ကားဆိုဖာခုံတွင် သွားကြားထိုးတံစိုက်သည့် စင်ကာပူအမျိုးသား ထောင်ကျဖွယ်ရှိ
    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media
    – အများပြည်သူသုံး ဘတ်စ်ကားထိုင်ခုံများတွင် သွားကြားထိုးတံများ ထိုးစိုက်ခဲ့သည့် အသက် ၆၀ အရွယ်ရှိသူအမျိုးသားကို စင်ကာပူအာဏာပိုင်များက တရားစွဲဆိုခဲ့ပြီး ၎င်းကလည်း မလျော်ကန်သည့် အပြုအမူ ပြုလုပ်ခဲ့သည်ဟု ယမန်နေ့တွင် ၀န်ခံခဲ့သည်။
    Lim Lye Seng ဆိုသူဖြစ်ပြီး ခရိုင်တရားရုံးတစ်ခု၌ အဆိုပါပြစ်မှုကို ၀န်ခံခဲ့ကာ ရှေ့နေများက ထောင်ဒဏ်ချမှတ်ရန် အလိုရှိနေသော်လည်း ကာယကံရှင်က ဒဏ်ငွေပြစ်ဒဏ်ချမှတ်ရန်သာ တောင်းဆိုခဲ့သည်။ ထိုကဲ့သို့ မလျော်ကန်သော ဆောင်ရွက်မှုအတွက် စင်ကာပူတွင် အမြင့်ဆုံး ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်သည်။
    Lim က ၎င်းမှာ ကလေးနှစ်ယောက်နှင့် သက်ကြီးရွယ်အိုမိဘများကို ထောက်ပံ့နေရသူဖြစ်သည့်အတွက် ထောင်ဒဏ်မချမှတ်ရန် လျှောက်လဲခဲ့သည်။
    ၎င်းမှာ ဇူလိုင်နှင့် သြဂုတ်လအတွင်း လေးကြိမ်တိုင် ဘတ်စ်ကားခုံများတွင် သွားကြားထိုးတံများ ထိုးစိုက်ခဲ့ပြီး ဤသို့ပြုလုပ်ရခြင်းမှာ ပျင်း၍ ဟာသအနေနှင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
    ဘတ်စ်ကားထိုင်ခုံတစ်ခုပေါ်တွင် သွားကြားထိုးတံ သုံးကျောင်း ထိုးစိုက်ထားသည့် ဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက တင်လိုက်ရာမှ ပျံ့နှံ့သွားပြီး လူသိများလာခဲ့ခြင်း ဖြစ်သည်။
    ယင်းအမှုကို နိုဝင်ဘာလတွင် စီရင်ချက်ချမည် ဖြစ်သည်။
    Ref; CNA
  • အနာဂတ်တွင် အနံ့မပြင်းသည့် ဒူးရင်းသီးများ ပေါ်ထွက်လာရန် ရှိနေ
    အနာဂတ်တွင် အနံ့မပြင်းသည့် ဒူးရင်းသီးများ ပေါ်ထွက်လာရန် ရှိနေ
    အောက်တိုဘာ ၁၁၊ ၂၀၁၇
    M-Media
    – စင်ကာပူနိုင်ငံက ဒူးရင်းသီးနှစ်သက်သော သိပ္ပံပညာရှင်များ ပါဝင်သည့်အဖွဲ့တစ်ခုက ဒူးရင်းသီး၏ စူးရှပြင်းထန်သည့်အနံ့ကို ဖြစ်စေသော လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သည်။
    ယခုတွေ့ရှိချက်သည် အနာဂတ်တွင် အနံ့မရှိသော သို့မဟုတ် အရသာမပြင်းသော ဒူးရင်းသီးမျိုးကို ဖန်တီးနိုင်လာမည့် အနေအထားကို ဖော်ညွှန်းနေသည်။
    ကင်ဆာသိပ္ပံပညာရှင် ၅ ဦး ပါဝင်ပြီးအဖွဲ့ကို အမည်မဖော်သည့် ဒူးရင်းသီးနှစ်သက်သူများ အဖွဲ့တစ်ခု ငွေကြေးထောက်ပံ့ကာ သုံးနှစ်တာ သုတေသနပြုလုပ်ပြီးနောက် ဒူးရင်းသီး၏ ဗီဇဖြစ်ထွန်းမှု အပြည့်အစုံကို ပထမဆုံးအဖြစ် ဖော်ထုတ်နိုင်ခဲ့သည်။
    ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုကို Nature Genetics ပညာရပ်ဆိုင်ရာ ဂျာနယ်၌ လူသိရှင်ကြား ဖော်ပြခဲ့သည်။
    “ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ ဒူးရင်းသီးမှာ အငွေ့ပြန်လွယ်တဲ့ ဆာလ်ဖာထွက်ရှိမှုကို အထူးထောက်ပံ့ပေးထားတာတွေ့ရပါတယ်၊ ဒီအချက်ဟာ တစ်ချို့လူတွေ ထင်ကြသလို ဒူးရင်းသီးမှာ ဆာလ်ဖာ (ကန့်မှုန့်) လိုအနံ့မျိုး ရှိတယ်ဆိုတာနဲ့ အံဝင်နေပါတယ်” ဟု မျိုးရိုးဗီဇ ပညာရှင်တစ်ဦးဖြစ်သူ ပတ်ထရစ်တန်ကေ
    ပြာကြားခဲ့သည်။
    ဒူးရင်းသီး၏ အနံစူးရှမှုမှာ သားရဲတိရစ္ဆာန်များ စားသုံးနိုင်ရန် ဆွဲဆောင်သည့် အချက်တစ်ခုလည်း ဖြစ်သည်။
    Ref: BBC
  • သမ္မတနေရာမှာ နိုင်ငံ၏ ဘာသာစုံလူမျိုးစုံဝါဒကို ထင်ဟပ်ရမည်ဟု စင်ကာပူဝန်ကြီးချုပ်ပြော
    သမ္မတနေရာမှာ နိုင်ငံ၏ ဘာသာစုံလူမျိုးစုံဝါဒကို ထင်ဟပ်ရမည်ဟု စင်ကာပူဝန်ကြီးချုပ်ပြော
    စက်တင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    စင်ကာပူ ၀န်ကြီးချုပ်၊ သမ္မတနှင့် တရားသူကြီးချုပ်
    – စင်ကာပူသမ္မတနေရာမှာ နိုင်ငံ၏ လူမျိုးစုံ၊ ဘာသာစုံဝါဒကို ထင်ဟပ်ရမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ လူမျိုးစုတိုင်း အလှည့်ကျ သမ္မတာဝန်ယူရသည့်စနစ်ကို ဆက်လက်ထားရှိသွားမည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်သည်။
    သို့သော်လည်း စင်ကာပူနိုင်ငံသားအချို့က နိုင်ငံ၏ ဦးသျှောင်ဖြစ်သော သမ္မတကို ပြည်သူအများစု၏ မဲစနစ်ဖြင့် ရွေးချယ်ခွင့်မရမှုကို ဝေဖန်ခဲ့သည်။
    “ဒီကိစ္စဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူးလို့ထင်လား။ လူကြိုက်များမှာမဟုတ်ဘူး။ ကျွန်တော်တို့မဲတွေ ဆုံးရှုံးမယ်ဆိုတာကိုရော – ဒါတွေအားလုံး ကျွန်တော်သိပါတယ်။ ဒီလို ထိလွယ်ရှလွယ်တဲ့ ကိစ္စကို ကျွန်တော် မသိဘူးဆိုရင် နိုင်ငံရေးလောကထဲမှာ ကျွန်တော် ဘယ်ရှိနိုင်မလဲ။ ဒါပေမယ့် ကျွန်တော် ဒါကို လုပ်ခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ လုပ်ရမယ့်အလုပ်ဆိုတာ ယုံကြည်လို့ကို ကျွန်တော်လုပ်ခဲ့တာပါ” ဟု လီရှန်လွန်းက ပြီးခဲ့သည့် စနေနေ့တွင် ပြုလုပ်ခဲ့သည့် PAP ပါတီ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။
    ထို့ပြင် အများဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ပါက တရုတ်လူမျိုးများမှာ လူများစုဖြစ်သည့်အတွက် တရုတ်လူမျိုးသာ သမ္မတနေရာကို ရရှိမည်ဖြစ်ကြောင်း၊ လူမျိုးစုံ၊ ဘာသာစုံညီညွတ်သည့် စင်ကာပူနိုင်ငံကို အလွန်ခက်ခဲစွာဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး ထိုဝါဒကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ စင်ကာပူတွင် လူမျိုးစုံ ဘာသာစုံမှ သမ္မတတာဝန်ကို ထမ်းဆောင်ရမှုမှာ စင်ကာပူနိုင်ငံ ရပ်တည်ချက်၏ အရေးပါသော သရုပ်သကန်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    “နိုင်ငံသားတိုင်း အထူးသဖြင့် လူများစုဖြစ်တဲ့ တရုတ်လူမျိုးတွေ သိထားရမှာက စင်ကာပူမှာ လူမျိုးစုတိုင်း ပါဝင်ရမယ့် အခန်းကဏ္ဍတစ်ခု ရှိတယ်ဆိုတာပါပဲ”
    လူမျိုးစုလိုက် အလှည့်ကျသမ္မတပေးခြင်းမှာ တိုင်းပြည်အား ပိုမို စည်းလုံးညီညွတ်စေရန်ဖြစ်သည်ဟုလည်း ၀န်ကြီးချုပ်က ဆိုသည်။
    “စည်းလုံးတဲ့ နိုင်ငံတစ်ခုအဖြစ် ဆက်လက်တိုးတက်စေဖို့ ကျွန်တော်တို့ရဲ့ ဗဟုဝါဒကို ပိုမိုခိုင်မာအောင် ပြောင်းလဲမှုတွေ လုပ်နေတာပါ။ ကျွန်တော်တို့ ဒါမျိုးမလုပ်ရင် မလေးလူမျိုးတစ်ယောက် သမ္မတအဖြစ် အရွေးခံရဖို့ အကြာကြီးစောင့်ရမယ်။ ဒီလိုစောင့်ရတဲ့အခါ စင်ကာပူက လူနည်းစုတွေဟာ သူတို့ ဘေးဖယ်ခံထားရတယ်လို့ ခံစားလာရပါလိမ့်မယ်”
    Ref: CNA