News @ M-Media

Tag: singapore

  • အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူက ဖမ်းဆီးကာ နေရပ်ပြန်ပို့

    အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူက ဖမ်းဆီးကာ နေရပ်ပြန်ပို့

    ဇန်န၀ါရီ ၂၀၊ ၂၀၁၆
    M-Media

    sg

    – အခြားသောနိုင်ငံများ၌ အစွန်းရောက်လုပ်ရပ်များတွင် ပါဝင်ရန်စီစဉ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးကာ၊ နေရပ်ပြန့်ပို့လိုက်ပြီဟု စင်ကာပူ ပြည်တွင်းလုံခြုံရေးဌာနက ယနေ့တွင် ကြေငြာလိုက်ပြီး စင်ကာပူတွင်မူ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားခြင်းမရှိဟု ပြောကြားခဲ့သည်။

    အဆိုပါ ၂၇ ဦးစလုံးမှာ စင်ကာပူရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများဖြစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သညည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    စစ်ကာပူနိုင်ငံမှ တရားမ၀င်ထွက်ခွာရန် ကြိုးပမ်းမှုအတွက် ထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက် ၎င်းတို့ထဲမှ တစ်ဦးမှလွဲ၍ ကျန်အားလုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

    ဖမ်းဆီးခံခဲ့ရသူများမှ ၂၆ ဦးမှာ အလ်ကိုင်းဒါး၊ ဆီရီးယားနှင့် အီရတ်ရှိ IS စသည့် အကြမ်းဖက်အဖွဲ့အစည်းများကဲ့သို့ လက်နက်ကိုင်တိုက်ခိုက်မှု သဘောတရားကို ထောက်ခံအားပေးသည့် အုပ်စုမှဖြစ်သည်ဟု ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    အခြားတစ်ဦးမှာ ထိုအုပ်စုထဲမှမဟုတ်ဘဲ အစွန်းရောက်လာမည့်အခြေအနေတွင် ရှိနေသည်ကို တွေ့ရှိခဲ့ရပြီး အစွန်းရောက်စကားများကို ထောက်ခံအားပေးသူဖြစ်သည်ဟု ဆိုသည်။

    ၎င်းတို့ထဲမှ အများအပြားမှာ ဘာသာရေးအတွက် လက်နက်ကိုင်တိုက်ခိုက်မှုတွင် ပါဝင်သင့်သည်ဟူသော အယူအဆကို လက်ခံသူများဖြစ်သည်ဟု ၀န်ခံခဲ့ပြီး၊ အများစုမှာ အရှေ့အလယ်ပိုင်းသို့ သွားရောက်၍ လက်နက်ကိုင်တိုက်ခိုက်မှုများတွင် ပါဝင်ရန် စဉ်းစားနေသည်ဟုဆိုသည်။

    အဖွဲ့ဝင်အချို့ကမူ ရှီယိုက်များမှာ သွေဖည်သူများဖြစ်ပြီး ၎င်းတို့အား သတ်ဖြတ်ပစ်ရမည်ဟူသော အစွန်းရောက်အတွေးအခေါ်ကို ထောက်ခံသူများဖြစ်သည်ဟု စင်ကာပူအာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်ရှိ အစွန်းရောက်အုပ်စုများနှင့် ဆက်သွယ်သည်ဟု ယူဆရသည့် အဖွဲ့အစည်းများကိုလည် ငွေကြေးလှူ ဒါန်းမှုများ ရှိခဲ့သည် ဆိုသည်။

    ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရောက်လာသည့် ၂၆ ဦးမှ ၁၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး အက်ဥပဒေဖြင့် အကျဉ်းထောင်သို့ ပို့ဆောင်ထားသည်ဟု စင်ကာပူရှိ ဘင်္ဂလာဒေ့ရှ်ကော်မရှင်က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • အစ္စလာမ်ကမ္ဘာ၏ ထိပ်တန်းသိပ္ပံဆိုင်ရာဆုကို စင်ကာပူမှ တရုတ်မွတ်စလင် ပရော်ဖက်ဆာအမျိုးသမီးတစ်ဦး ရရှိ

    အစ္စလာမ်ကမ္ဘာ၏ ထိပ်တန်းသိပ္ပံဆိုင်ရာဆုကို စင်ကာပူမှ တရုတ်မွတ်စလင် ပရော်ဖက်ဆာအမျိုးသမီးတစ်ဦး ရရှိ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    sg

    – အစ္စလာမ်ကမ္ဘာအတွက် ထိပ်တန်း သိပ္ပံနှင့် နည်းပညာဆိုင်ရာဆုကို စင်ကာပူနိုင်ငံမှ ဇီဝအင်ဂျင်နီယာနှင့် နာနိုနည်းပညာဆိုင်ရာ ပရော်ဖက်ဆာဖြစ်သူ တရုတ်မွတ်စလင်အမျိုးသမီးက ရရှိခဲ့သည်ဟု သိရသည်။

    အသက် ၄၉ နှစ်အရွယ် ပရော်ဖက်ဆာ ဂျက်ကီယင်ဖြစ်ပြီး စင်ကာပူ ဇီဝအင်ဂျင်နီယာနှင့် နာနိုနည်းပညာအသင်း IBN ၏ အမှုဆောင်ဒါရိုက်တာတစ်ယောက်လည်း ဖြစ်သည်။ သူမမှာ အီရန်နိုင်ငံကပေးအပ်သော Mustafa Prize မှ သိပ္ပံဆိုင်ရာ ထိပ်တန်းအောင်မြင်မှုကဏ္ဍအတွက် ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုမှာ လူသားများ၏ ဘ၀အတွက်တိုးတက်စေသောနည်းလမ်းများ ရှာဖွေစူးစမ်းကာ၊ ကမ္ဘာကြီးအား သိမြင်နိုင်မှုကို ချဲ့ထွင်ပေးသူများကို ပေးအပ်ချီးမြှင့်ခြင်းဟု သိရသည်။

    ပရော်ဖက်ဆာယင်၏ သိပ္ပံဆိုင်ရာ တွေ့ရှိမှုမှာ အမြောက်အများ ရှိခဲ့ပြီး ဆီးချိုရောဂါသည်များ၏ သွေးအတွင်း၌ ဂလူးကို့စ်ဓာတ် မြင့်တက်လာသည့်အခါတွင် ကုသပေးနိုင်သည့် ဂလူးကို့စ်တုန့်ပြန်နိုင်သော နာနိုအမှုန်အသုံးပြု အင်ဆူလင်ကို လေ့လာဖော်ထုတ်ပေးနိုင်သည့်အတွက် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ယင်၏ အဆိုပါတွေ့ရှိချက်က ဆီးချိုရောဂါသည်များအား သွေးဖောက်စစ်ရန်မလိုတော့ဘဲ အင်ဆူလင်ကိုလည်း ဆေးထိုးအပ်ဖြင့် ထိုးသွင်းမည့်အစား သောက်သုံးခြင်း၊ နှာခေါင်းမှ ပိုက်ဖြင့်ထည့်သွင်းခြင်းတို့ကို ပြုလုပ်လာနိုင်ခဲ့သည်။

    သူမ၏ သုတေသနပြုမှုများက ဆေးဘက်ဆိုင်ရာ၊ ဓာတုဗေဒနှင့် စွမ်းအင်ကဏ္ဍများတွင် ပြီးပြည့်စုံသည့်လုပ်ဆောင်ချက်များ၊ စွမ်းဆောင်ရည်များ ပါဝင်သော စနစ်သစ်၊ ပုံစံသစ် အများအပြားကို ပေါ်ထွက်လာစေခဲ့သည်။

    ပရော်ဖက်ဆာ ဂျက်ကီ ယင်မှာ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်သို့ ၁၉၉၂ ခုနှစ်တွင် တက်ရောက်ခဲ့ပြီး ထိုတက္ကသိုလ်၌ ဓာတုဗေဒဆိုင်ရာ အင်ဂျင်နီယာ ပါမောက္ခအဖြစ် ၂၀၀၅ ခုနှစ်အထိ လုပ်ဆောင်ခဲ့သည်။၂၀၀၃ ခုနှစ်တွင် IBN အား စတင်ဖွဲ့စည်းသည့် အမှုဆောင်ဒါရိုက်တာများတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေသည်။

    ယင်မှာ သိပ္ပံဆိုင်ရာ စာတမ်းပေါင်းများစွာကိုလည်း ရေးသားခဲ့သူဖြစ်ပြီး ယခုနှစ်အတွင်း အမေရိကန်သိပ္ပံဆိုင်ရာ အသင်းအဖွဲ့များမှအပါအ၀င် သိပ္ပံနှင့်ပတ်သက်သည့် ဂုဏ်ပြုဆုပေါင်း အမြောက်အများ ရရှိခဲ့သည်။

    Mustafa Prize ၏ သိပ္ပံဆိုင်ရာကော်မတီအကြီးအကဲ ပရော်ဖက်ဆာ ဟိုစိန် ဇူဟိုရ်ကမူ ပရော်ဖက်ဆာ ဂျက်ကီယင်၏ လက်ဖျားခါလောက်သော တွေ့ရှိချက်များက “လူသားထု၏ ဘ၀အဆင့်အတန်းကို တိုးတက်စေရန်အတွက် ကြီးမားသည့် ကတိက၀တ်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Mustafa Prize ၏ နာနိုသိပ္ပံနှင့် နာနိုနည်းပညာဆိုင်ရာကဏ္ဍတွင် ကယ်လီဖိုးနီးယာတက္ကသိုလ်၏ Kavli Energy နာနိုသိပ္ပံအသင်းမှ ပူးတွဲဒါရိုက်တာဖြစ်သူ ဂျော်ဒန်ဓာတုဗေဒပညာရှင် အိုမာရ် ယဂ်ဟီက ရရှိခဲ့သည်။ ဂျက်ကီယင်နှင့် အိုမာရ်ယဂ်ဟီတို့မှာ နာနိုသိပ္ပံနယ်ပယ်အတွက် နိုဘယ်ဆုပါအ၀င် သိပ္ပံဆိုင်ရာ ထိပ်တန်းဆုပေါင်း ၆၀၀ တွင် အမည်စာရင်း တင်သွင်းခံရသူများဖြစ်သည်။

    Mustafa Prize မှာ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ သုတေသနပညာရှင်များနှင့် သိပ္ပံပညာရှင်များ၊ ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်း မွတ်စလင် သုတေသနပညာရှင်များကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

    ပရော်ဖက်ဆာယင်မှာ ထိုင်ပေတွင်မွေးဖွားသူဖြစ်ပြီး စင်ကာပူနှင့် နယူးယောက်တို့တွင် ကြီးပြင်းကာ အသက် ၃၀ ကျော်အရွယ်တွင် အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ခဲ့သည်။ သူမကမူ Mustafa Prize အတွက် သူမရရှိခဲ့သည့် ကန်ဒေါ်လာ ၅ သိန်းမှ အချို့ကို ကျောင်းသားများ သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာမှုများ ပြုလုပ်ရေးကဏ္ဍနှင့် ကျောင်းဓာတ်ခွဲခန်းများ၌ ပိုမိုကောင်းမွန်သည့် ပစ္စည်းများ တပ်ဆင်ပေးရေးတွင် အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။ သူမ၏ ထိုလုပ်ဆောင်မှုကို စင်ကာပူရှိ Raffles မိန်းကလေးကျောင်းတွင်
    စတင်ပြုလုပ်သွားမည်ဖြစ်သည်။

    Ref: Straitstimes

  • မြောက်ကိုရီးယားသို့ လက်နက်မှောင်ခိုပို့ရန် စင်ကာပူသင်္ဘောကုမ္ပဏီ စီစဉ်ပေးခဲ့

    မြောက်ကိုရီးယားသို့ လက်နက်မှောင်ခိုပို့ရန် စင်ကာပူသင်္ဘောကုမ္ပဏီ စီစဉ်ပေးခဲ့

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    spore

    – စင်ကာပူနိုင်ငံ မှတ်ပုံတင်ထားသော ချင်ပို ပို့ဆောင်ရေးကုမ္ပဏီ (Chinpo Shipping Company) သည် မြောက်ကိုးရီးယားသို့ လက်နက်များတင်ပို့သည့်လုပ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု စင်ကာပူတရားရုံးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ချင်ပိုကုမ္ပဏီမှာ ပနားမား ပို့ဆောင်ရေးအေးဂျင့်ဖြစ်သူ စီဘီဖန်တွန်နှင့် လက်ထောက်တို့အား ပနားမားတူးမြောင်းမှတဆင့် မြောက်ကိုးရီးယားကုန်တင်သင်္ဘော ချွန်ချွန်ဂန်း ဖြတ်သန်းရန် လမ်းကြောင်းအတွက် ကန်ဒေါ်လာ ၇၂၀၁၆ ဒသမ ၇၆ ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

    ဤသို့လုပ်ဆောင်ခြင်းဖြင့် ချင်ပိုကုမ္ပဏီမှာ “မြောက်ကိုရီးယား၏ နျူးကလီးယားနှင့်ဆက်စပ်နေသော အစီအစဉ်များ သို့မဟုတ် လှုပ်ရှားမှုများကို အထောက်အကူဖြစ်စေသည်ဟု ယူဆနိုင်သော ဘဏ္ဍာရေးဆိုင်ရာ သို့မဟုတ် ရင်းမြစ်ပိုင်းဆိုင်ရာများကို လွှဲပြောင်းပေးအပ်ခဲ့သည်” ဟု ကုမ္ပဏီအား တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

    ထိုကိစ္စက နျူကလီးယားစီမံကိန်းများကြောင့် မြောက်ကိုးရီးယားပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။

    ချွန်ချွန်ဂန်းသင်္ဘောမှာ “မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များနှင့် ဆက်စပ်နေသည့် ကုန်သေတ္တာခြောက်လုံး၊ တစ်စစီဖြုတ်ထားသည့် လေယာဉ်နှစ်စီးထည့်ထားသော ကွန်တိန်နာ ၂၅ ခု၊ လေယာဉ်အင်ဂျင် ၁၅ ခု၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် အစိတ်အပိုင်းများနှင့် လက်နက်ခဲယမ်းများ” စသည်တို့ကို မက်ထရစ်တန်ချိန် ၁၀၅၀၀ တန် ရှိသော သကြားများအောက်တွင် ဖုံးဝှက်၍ သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

    ထိုပမာဏမှာ ၂၀၀၆ နှစ်က မြောက်ကိုရီးယားအပေါ် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများ ချမှတ်သည်ဟု ကုလက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက်ပိုင်းတွင် မြောက်ကိုရီးယားသို့ လက်နက်နှင့် စက်ဆပ်ပစ္စည်းများ မှောင်ခိုသွားရောက်မှု အမြင့်ဆုံးပမာဏလည်း ဖြစ်သည်။

    တရားသူကြီး ဂျက်စ်ဗန်ဒါရ် ကာအူရ်ကမူ ထိုပို့ဆောင်မှုမှာ မအောင်မြင်ခဲ့သော်လည်း “လက်နက်များ ပို့ဆောင်ရေးကို စီစဉ်မှု မြောက်သည်” ဟု ပြောကြားခဲ့သည်။ စင်ကာပူဥပဒေအရ ဤကဲ့သို့ ဥပဒေချိုးဖောက်သူ မည်သူမဆို ထောင်ဒဏ်ငါးနှစ်နှင့် ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀၀ ထိ ပြစ်ဒဏ်ပေးခံရနိုင်သည်။

    ချင်ပိုကုမ္ပဏီအား စွဲဆိုမှုတွင် မြောက်ကိုရီးယားသို့ လိုင်စင်မဲ့ ငွေလွှဲလုပ်ငန်း ဆောင်ရွက်သည့်အမှုလည်း ပါဝင်ပြီး စုစုပေါင်း ကန်ဒေါ် သန်း ၄၀ သန်းကျော်တန်ဖိုးရှိ ငွေလွှဲပြောင်းမှုပေါင်း ၆၀၅ ကြိမ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    လိုင်စင်မဲ့ငွေလွှဲပြောင်းခဲ့သည့်အတွက် စင်ကာပူဒေါ်လာ တစ်သိန်းထိ ဒဏ်ငွေဆောင်ရနိုင်သည်။ ထိုအမှုအတွက် အမိန့်ချမှတ်ခြင်းကို ၂၀၁၆ ဇန်န၀ါရီ ၂၉ တွင် ပြုလုပ်မည်ဖြစ်သည်။

    Ref: Channelnewsasia

  • စင်ကာပူတွင် ဆေးလိပ်များကို ၂၀၁၇ မှစ၍ ခင်းကျင်းပြသခွင့် ရှိတော့မည်မဟုတ်

    စင်ကာပူတွင် ဆေးလိပ်များကို ၂၀၁၇ မှစ၍ ခင်းကျင်းပြသခွင့် ရှိတော့မည်မဟုတ်

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    smoke

    – ဆေးလိပ်လက်လီရောင်းချသူများ ၎င်းတို့၏ဆိုင်တွင် ဆေးလိပ်ခင်းကျင်းပြသထားခြင်းကို ၂၀၁၇ မှစ၍ ခွင့်ပြုမည်မဟုတ်တော့ဟု စင်ကာပူ ကျန်းမာရေးဝန်ကြီးက ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

    လက်လီရောင်းချသူများမှာ ဆေးလိပ်အား လက်ရှိထည့်သွင်းသိမ်းဆည်းထားသည့် နေရာများ(စင် သို့မဟုတ် ဘီဒို) ဆက်လက်အသုံးပြုခြင်း၊ သို့မဟုတ် ၎င်းတို့အား ပြုပြင်မွမ်းမံခြင်း သို့မဟုတ် အလုံပိတ်၊ တစ်ဝက်ပိတ်ကာ ထည့်သွင်းသိမ်းဆည်းသည့် ပုံစံအသစ်များကို အသုံးပြုခြင်း စသည့် နည်းလမ်းများကို ရွေးချယ် အသုံးပြုနိုင်မည်ဖြစ်သည်။

    အဆိုပါ စင် သို့မဟုတ် ဘီဒိုများမှာ ဆေးလိပ်များကို လူထု၏မြင်ကွင်းမှ မည်သည့်အချိန်တွင်မဆို ဖျောက်ထားရမည်ဟူသော သတ်မှတ်ချက်ကို လိုက်နာရမည်ဖြစ်သည်။

    ရောင်းချမည့်ဆေးလိပ်များကို ၀ယ်ယူထည့်သွင်းခြင်း လုပ်ငန်းစဉ် သို့မဟုတ် ရောင်းချသည့်လုပ်ငန်းစဉ်တို့တွင် ၀န်ထမ်းမှာ တစ်ခုခုလုပ်ရန် ထိုလုပ်ငန်းစဉ်အား (တစ်ဝက်တစ်ပြတ်နှင့်) မရပ်သမျှကာလပတ်လုံး ဆေးလိပ်များ လူမြင်ကွင်းတွင် ရှိနေမှုကို ချွင်းချက်အဖြစ် ခွင့်ပြုထားသည်။

    ကျန်းမာရေးဝန်ကြီးဌာနက ဈေးနှုန်းကပ်ရာတွင် စာသားများသာပါဝင်သည့် “စံ” ပုံစံဖြင့်ရိုက်နှိပ်ထားသော ဈေးနှုန်းစာရင်းများကိုသာ ခွင့်ပြုရန် စီစဉ်ထားပြီး ထိုသို့ခွင့်ပြုမှုမှာ အရောင်းအ၀ယ်ကို လွယ်ကူစေရန်နှင့် ဈေးနှုန်းစတစ်ကာများအား ကြော်ငြာပုံစံတစ်ခုအဖြစ် အသုံးချခြင်းကို တားဆီးနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ဆေးလိပ်များ ထားရှိရာနေရာများ(စင် သို့မဟုတ် ဘီဒို) ကိုလည်း အတွင်းအပြင် အရောင်တစ်ရောင်တည်းသာ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး အဆိုပါ အရောင်မှာလည်း စားသုံးသူအား ဆွဲဆောင်နိုင်သည့်အရောင်မျိုး မဖြစ်ရဟု ကျန်းမာရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    “အဓိကရည်ရွယ်ချက်ကတော့ ဆေးလိပ်မသောက်သူတွေ အထူးသဖြင့် လူငယ်တွေကို ဆွဲဆောင်မှုရှိတဲ့ ကြော်ငြာတွေနဲ့ ဆိုင်တွေက ဆေးလိပ်ရောင်းကောင်းအောင် လုပ်တာကို ကာကွယ်ဖို့ရယ်၊ ပြီးတော့ ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေတဲ့သူတွေကိုလည်း ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးချင်တာရယ်ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်လက်လီရောင်းချတဲ့သူတွေ စီးပွားရေးမှာ အဆင်မပြေဖြစ်တာတွေကို လျော့ချတဲ့နေရမှာလည်း ကျွန်တော်တို့ဟာ ကြိုးစားကူညီချင်ပါတယ်” ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူ ဒေါက်တာ အေမီခေါရ်က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • စင်ကာပူတွင် ရော်နယ်ဒင်ဟို ဘောလုံးအကယ်ဒမီ ဖွင့်မည်

    စင်ကာပူတွင် ရော်နယ်ဒင်ဟို ဘောလုံးအကယ်ဒမီ ဖွင့်မည်

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    rndh

    – ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ်အသင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူ ရော်နယ်ဒင်ဟိုမှာ ဘောလုံးအကယ်ဒမီတစ်ခု ဖွင့်လှစ်ရန်အတွက် စင်ကာပူနိုင်ငံသို့ လာမည့်တစ်ပတ်တွင် ရောက်ရှိလာမည်ဟု သိရသည်။

    စင်ကာပူဘောလုံးအဖွဲ့ချုပ် FAS ကမူ ရော်နယ်ဒင်ဟိုမှာ “ရော်နယ်ဒင်ဟို ဘောလုံးအကယ်ဒမီ” ထူထောင်ရန်အတွက် S.League ချန်ပီယံ ၅ ကြိမ်ဖြစ်ထားသော Tampines Rovers အသင်း၊ International Football Group တို့နှင့် နားလည်မှု စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးသွားမည်ဟု ပြောကြားခဲ့သည်။

    ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲပြီးနောက် ရော်နယ်ဒင်ဟိုမှာ e-scooter စီး၍ သရုပ်ပြမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ITE ကောလိပ်သို့သွားရောက်ကာ ပရိတ်သတ်များနှင့် တွေ့ဆုံသွားမည်ဟု သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်မှုအရ သိရသည်။

    Ref: Channelnewsasia