News @ M-Media

Tag: singapore

  • စင်ကာပူ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး တစ်ဦးလျှင် ဒေါ်လာ ၈၀ စီ လခတိုးမည်

    စင်ကာပူ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး တစ်ဦးလျှင် ဒေါ်လာ ၈၀ စီ လခတိုးမည်

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    sg

    – ဒီဇင်ဘာ ၁ ရက် အင်္ဂါနေ့မှစ၍ အချိန်ပြည့်လက်နက်ကိုင်ဝန်ထမ်းများနှင့် အရန် လက်နက်ကိုင်ဝန်ထမ်းများ အားလုံးကို ရာထူးတိုင်းအတွက် လစဉ် စင်ကာပူဒေါ်လာ ၈၀ စီ တိုးမြှင့်မည်ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေငြာလိုက်သည်။

    တိုးမြှင့်မှုသည် စင်ကာပူလက်နက်ကိုင်တပ်ဖွဲ့၊ စင်ကာပူရဲတပ်ဖွဲ့၊ စင်ကာပူမြို့ပြလုံခြုံရေးတပ်ဖွဲ့များရှိ အချိန်ပြည့်ဝန်ထမ်းနှင့် အရန်ဝန်ထမ်းများအားလုံး ခံစားခွင့်ရှိမည်ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ အခြေခံအသုံးစားရိတ်ကို အထောက်ပံ့ဖြစ်စေတဲ့ ခံစားခွင့်ကို အခါအားလျော်စွာ ဆန်းစစ်မှုတွေ ပြုလုပ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    စင်ကာပူလက်နက်ကိုင်တပ်ဖွဲ့ရှိ အနိမ့်ဆုံးအဆင့်ဖြစ်သော တပ်သားသစ်တစ်ယောက်မှာ တစ်လလျှင် စင်ကာပူဒေါ်လာ ၄၈၀ ရရှိရာမှ ယခုကဲ့သို့ တိုးမြှင့်မှုကြောင့် ၅၆၀ ရရှိမည်ဖြစ်သည်။

    Ref: Channelnewsasia

  • နားမကြားသူများ အသံနားထောင်နိုင်မည့် ကိရိယာနှင့် မျက်မမြင်များ စာဖတ်နိုင်မည့် ကိရိယာတို့ကို စင်ကာပူ တီထွင်

    နားမကြားသူများ အသံနားထောင်နိုင်မည့် ကိရိယာနှင့် မျက်မမြင်များ စာဖတ်နိုင်မည့် ကိရိယာတို့ကို စင်ကာပူ တီထွင်

    နိုဝင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    ear
    – အကြားအာရုံ ချို့ယွင်းနေသူများ အသံကို သိရှိခံစား နားလည်နိုင်စေမည့် မီးလုံးစနစ်နှင့် အမြင်အာရုံ ချို့တဲ့သူများအတွက် စာများကို အသံဖြင့် ထွက်ပြပေးမည့် လက်စွပ်တို့ကို စင်ကာပူရှိ သိပ္ပံပညာရှင်များက တီထွင်လိုက်သည်ဟု သိရသည်။

    တီးလုံးသံနှင့် လှုပ်ရှားသံများကို အလင်းဖြင့် ဖော်ပြပေးနိုင်မည့် ထိုကိရိယာကို StickEar ဟု အမည်ပေးထားပြီး စင်ကာပူရှိ Embodied Sensing အဖွဲ့မှ ထုတ်လုပ်ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ အကြားအာရုံ ချို့တဲ့သူတွေ တော်တော်များများနဲ့ အင်တာဗျူးခဲ့ပြီး သူတို့အသိချင်ဆုံး အခြေအနေအတွေထဲက အရေးပါဆုံးတစ်ခုဟာ တစ်ယောက်ယောက်က တံခါးခေါက်တဲ့အချိန် ဖြစ်ပါတယ်” ဟု Embodied Sensing အဖွဲ့ကို ပူးထွဲတည်ထောင်သူ ကီယန်ပင်းက ပြောကြားခဲ့သည်။

    ၎င်းတို့ တီထွင်လိုက်သည့် StickEar ကိရိယာကို တံခါးတွင်ဖြစ်စေ အသံကြားလိုသော မည်သည့်နေရာတွင်ဖြစ်စေ အလွယ်တကူ ကပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုမီးလုံးတွင် “လူမီ” ဟု အမည်ပေးထားသည့် ဆင်ဆာကို အသုံးပြုထားပြီး တံခါးခေါက်ပါက အစိမ်းရောင်လင်းမည်ဖြစ်ကာ၊ တစ်ယောက်ယောက်က အော်ပါက အနီရောင်လင်းမည်ဖြစ်သည်။

    အကြားအာရုံ ချို့တဲ့သူများ အသံကို ခံစားနားဆင်နိုင်ရန်အတွက် ဈေးကွက်တွင် အလင်းအခြေပြုကိရိယာများ၊ တုန်ခါမှုအခြေပြု ကိရိယာများ အများအပြား ထွက်ရှိနေသော်လည်း StickEar မှာ အလွယ်တကူ ယူသွားနိုင်ပြီး တပ်ဆင်ခ သီးသန့်ကုန်ကျမှုလည်း မရှိဟု တီထွင်သည့်အဖွဲ့က ဆိုသည်။

    “ဟိုတယ်လို ဒါမှမဟုတ် အလုပ်တွေမှာပဲဖြစ်ဖြစ် သူတို့ ခရီးတွေဘာတွေသွားတဲ့အခါမှာ ဒီလိုစနစ်မျိုးက မရှိပါဘူး။ StickEar ကတော့ အလွယ်တကူသယ်လို့ရပြီး ကြိုက်တဲ့နေရာကို ယူသွားနိုင်ပါတယ်” ဟု ပင်းက ပြောကြားခဲ့သည်။

    မျက်မမြင်များအတွက် လက်စွပ်

    deaf

    Embodied Sensing အဖွဲ့မှာ မျက်မမြင်များအတွက် စာဖတ်ပြနိုင်မည့် လက်စွပ်တစ်ခုကိုလည်း တီထွင်ခဲ့ပြီး FingerReader ဟု အမည်ပေးခဲ့သည်။

    “သင့်လက်ညှိုးထိပ်က သင့်ရဲ့ cursor ပါပဲ။ လက်ညှိုးနဲ့ထောက်ထားတဲ့ စာလုံးကို အသံထွက်ပေးပါတယ်။ တကယ်လို့ စာရေးထားတဲ့လိုင်းကနေ လွဲချော်သွားပြီဆိုရင် တုန်ခါမှာဖြစ်ပြီး စာကြောင်းဆီကို ပြန်သွားဖို့ အချက်ပေးပါလိမ့်မယ်” ဟု အဖွဲ့ကို ပူးတွဲတည်ထောင်သူ ပါမောက္ခ ဆူရန်ဂါ နာနာယက်ကာရာက ပြောကြားခဲ့သည်။

    လေဆာစနစ် အသုံးပြုထားသည့် FingerReader ကို စာလုံးကြီးများအား ဖတ်ရှုရန် ဖန်တီးထားခြင်းမဟုတ်ဘဲ၊ လိတ်စာကဒ်များ၊ စာရင်းများနှင့် စာကြည့်တိုက်မှ စာအုပ်များကို ဖတ်ရှုရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ထိုကိရိယာမှာ အခြားဘာသာစကာသို့ ဘာသာပြန် အသံထွက်ပေးနိုင်မည့် ကိရိယာတစ်ခုအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး စာမဖတ်တတ်သေးသည့် ကလေးများ ၎င်းတို့နှစ်သက်သည့် စာအုပ်များကို နားထောင်နိုင်ရန်လည်း အသုံးဝင်မည်ဖြစ်သည်။

    Ref : CNN

  • ငလျင်တွင် တပည့်များအား ကာကွယ်ပေးခဲ့သူ ပညာရေးဝန်ထမ်းများကို စင်ကာပူ ဂုဏ်ပြု

    ငလျင်တွင် တပည့်များအား ကာကွယ်ပေးခဲ့သူ ပညာရေးဝန်ထမ်းများကို စင်ကာပူ ဂုဏ်ပြု

    နိုဝင်ဘာ ၉၊ ၂၀၁၁
    M-Media

    sing

    – ပြီးခဲ့သည့် ဇွန်လက မလေရှားနိုင်ငံ ကင်နာဘာလူတောင် ငလျင်လှုပ်မှုတွင် ထိခိုက်ခံစားခဲ့ရသည့် Tanjong Katong မူလတန်းကျောင်း လေ့လာရေးအဖွဲ့မှ ခေါင်းဆောင် ၁၆ ဦးကို စင်ကာပူအစိုးရက Commendation Medal ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ထို ၁၆ ဦးထဲတွင် ကျောင်းသားများအား ကာကွယ်ရင်း အသက်စွန့်သွားခဲ့ရသည့် ၅ ဦးလည်း ပါဝင်သည်။

    “သူတို့ရဲ့တာဝန်ကို ကျေပွန်ဖို့အတွက် ဒီ ပုဂ္ဂိုလ် ၅ ဦးဟာ နောက်ဆုံးမှာ အသက်ကိုပါ ပေးလိုက်ပါတယ်။ နောက်ပြီး ဒီဆိုးရွားတဲ့ အခြေအနေမှာ အသက်ရှင်ကျန်ခဲ့တဲ့ ၁၁ ဦးဟာလည်း သူတို့ တာဝန်ယူထားတဲ့ ကလေးတွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ အားထုတ်ခဲ့ကြပါတယ်” ဟု ဆုပေးပွဲအခမ်းအနားတွင် ကြေငြာခဲ့သည်။

    ဇွန်လ ၅ ရက်နေ့က အဆိုပါတောင်တွင် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် စင်ကာပူ Tanjong Katong မူလတန်းကျောင်း၏ လေ့လာရေးအဖွဲ့မှ ကျောင်းသား ၇ ဦး၊ ဆရာ ၂ ဦးနှင့် စင်ကာပူနိုင်ငံသား လမ်းပြတစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည်။

    ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသူများထဲမှ တစ်ဦးဖြစ်သူ မိုဟာမက် ဖိုင်ဇယ် အဘ်ဒူလ် စလာမ်က မိမိတို့အား အစိုးရက ထိုကဲ့သို့ ဂုဏ်ပြုခြင်းမှာ ကောင်းမွန်သော ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဘ်ဒူလ် စလာမ်မှာ ငလျင်လှုပ်စဉ် ၎င်း၏ဘေးနားရှိ ကျောင်းသားများကို သိုင်းဖက်ကာ မထိခိုက်အောင် ကာကွယ်ပေးခဲ့ပြီး တောင်ပေါ်မှ ကျလာသည့် ကျောက်တုံးကျောက်ခဲများကြောင့် ၎င်း၏ ဦးခေါင်းခွံမှာ ကွဲအက်ခဲ့ရသည်။

    “ဒါပေမယ့် ကျွန်တော်တို့တင်မဟုတ်ဘဲ ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တောင်တက်လမ်းပြတွေကို ဒီလိုဂုဏ်ပြုတာဟာလည်း သိပ်ကောင်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီအဖြစ်အပျက်မှာ ကျွန်တော်တို့အားလုံးဟာ တူညီတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြသူတွေ မို့လို့ပါပဲ” ဟု အဘ်ဒူလ် စလာမ်က ပြောကြားခဲ့သည်။

    အဆိုပါ Commendation Medal ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသည့် သေဆုံးသွားသူများမှာ မူလတန်းကျောင်းမှ ဆရာများဖြစ်ကြသော မိုဟာမက် ဂါဇီ မိုဟာမက်နှင့် တာရန့် စီဘက်စတီယန် လူ၊ ခရီးသွားနည်းပြ မိုဟာမက် ဒန်းနစ်ရှ် အင်မ်ရန်းနှင့် တောင်တက်လမ်းပြများဖြစ်သော ရစ်ကီ၊ မက်စ်ဆီရင်နှင့် ဗဲလာရင် ဂျိုအန်နက်စ်တို့ ဖြစ်ကြသည်။

    စင်ကာပူအမျိုးသားတက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဆုပေးပွဲ အခမ်းအနားသို့ ဂုဏ်ပြုဆုရရှိသူ စုစုပါင်း ၄၈၄ ဦးနှင့် ဧည်သည့်တော် ၈၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

    Ref: Channelnewsasia

  • မြန်မာနိုင်ငံဖွား ကချင်အမျိုးသမီးတစ်ဦး ၂၀၁၅ စင်ကာပူအလှမယ်ဘွဲ့ရ

    မြန်မာနိုင်ငံဖွား ကချင်အမျိုးသမီးတစ်ဦး ၂၀၁၅ စင်ကာပူအလှမယ်ဘွဲ့ရ

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    sing

    – ၂၀၁၅ ခုနှစ် စင်ကာပူအလှမယ်ရွေးပွဲ Miss World Singapore တွင် မြန်မာနိုင်ငံဖွား ကချင်အမျိုးသမီးတစ်ဦးက သရဖူရရှိခဲ့သည်ဟု သိရသည်။

    အသက် ၂၄ နှစ်ရွယ် ချယ်ရတီ မာရူဖြစ်ပြီး ၂၀၀၇ ခုနှစ်က စင်ကာပူနိုင်ငံသားဖြစ်ခဲ့ကာ လက်ရှိတွင် အလွတ်တန်း ဘာသာပြန်အဖြစ် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

    အောက်တိုဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် သူမမှာ ဇကာတင် ၁၄ ယောက်နှင့် ယှဉ်ပြိုင်ခဲ့ရပြီးနောက် ထိုကဲ့သို့ စင်ကာပူအလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ သူမကို ချယ်ရတီ လုလုဆန်ဟုလည်း သိကြသည်။

    “ကျွန်မက ဒီမှာရှိတဲ့ လူနည်းစုဝင်တွေထဲက တစ်ယောက်ပါ။ ကျွန်မဟာ ကချင်လူမျိုးဖြစ်တယ်။ ဆိုလိုတာက မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်ကနေ ကျွန်မ ဒီကို ရောက်လာတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံက ကျွန်မကို ဒီလိုအခွင့်အရေးပေးခဲ့ပြီး၊ ဒီလိုတာဝန်ကိုလည်း ယုံယုံကြည်ကြည် အပ်နှင်းခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မ အရမ်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ နိုင်ငံတကာ Miss World ပြိုင်ပွဲမှာ ဆုရဖို့အတွက် ကျွန်မ အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု ဆုရအပြီးတွင် ပြောကြားခဲ့သည်။

    သူမ၏ နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ စင်ကာပူပြည်သူအချို့က ဝေဖန်မှုများ ရှိခဲ့သော်လည်း အများစုမှာ သူမအား ချီးကျူးခဲ့ကာ၊ ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။

    Ref: Yahoo

  • စင်ကာပူတွင် မောင်းသူမဲ့ဘတ်စ်ကားများ မကြာမီလာမည်

    စင်ကာပူတွင် မောင်းသူမဲ့ဘတ်စ်ကားများ မကြာမီလာမည်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    sing

    – စင်ကာပူနိုင်ငံတွင် မောင်းသူမဲ့ Auto Rider ဘတ်စ်ကားများကို စမ်းသပ်မောင်းနှင်လျက် ရှိနေပြီး အစောဆုံး ဒီဇင်ဘာလတွင် Gardens by the Bay သို့ လာရောက်လည်ပတ်သူများ ပန်းခြံများကို လှည့်လည်ကြည့်ရှုနိုင်ရန် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်သည်။

    အဆိုပါ Auto Rider တစ်စီးတွင် လူ ၁၀ ဦး တင်ဆောင်နိုင်မည်ဖြစ်ပြီး လက်တွန်းလှည်း အသုံးပြုသူများအတွက် အဆင်ပြေစေရန် အဆင်းအတက်တွင် ဆင်ခြေလျှောတစ်ခုကို ထည့်သွင်းပေးထားကာ Touch ခလုပ်နှိပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။

    ဘတ်စ်ကားများကို ဆွစ်ဇာလန်တွင် စမ်းသပ်ခဲ့ပြီး အေဂျင်စီအများအပြား ပါဝင်သော မောင်းသူမဲ့ကားများ စမ်းသပ်မှု ပွဲဦးထွက်အဖြစ် အာရှတွင် စမ်းသပ်ခြင်းဖြစ်သည်။

    စင်ကာပူ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနမှာ ယမန်နေ့က နားလည်မှုစာချွန်လွှာနှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး တစ်ခုမှာ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ PSA နှင့်ဖြစ်ကာ ဆိပ်ကမ်းများအကြား ကုန်များ သယ်ယူပို့ဆောင်ရာတွင် ဗဟိုထိန်းချုပ်မှု နည်းပညာသုံး မောင်းသူမဲ့ ထရပ်ကားများ ထုတ်လုပ်ရန်အတွက် ဖြစ်သည်။ အဆိုပါ ထရပ်ကားများမှာ ရထားများကဲ့သို့ အတွဲလိုက်သွားမည်ဖြစ်ပြီး ထိပ်ဆုံးတစ်စီးကိုသာ ထိန်းချုပ်ရန် လိုအပ်မည်ဖြစ်သည်။

    အခြား စာချွန်လွှာတစ်ခုမှာ Sentosa ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း၊ ST အင်ဂျင်နီယာကုမ္ပဏီတို့နှင့် ဖြစ်ပြီး Sentosa တစ်ဝိုက်တွင် မောင်းသူမဲ့ ဘတ်စ်ကားများ စမ်းသပ်မောင်းနှင်ရေးအတွက်ဖြစ်သည်။

    လက်ရှိအချိန်တွင် A*Star ကုမ္ပဏီမှ Institute for Infocomm Research အသင်း၊ သုတေသနနှင့် နည်းပညာဆိုင်ရာ Singapore-MIT Alliance အဖွဲ့တို့မှာ one-north စီးပွားရေးဇုန်ကြီးတွင် မောင်းသူမဲ့ကားများကို စမ်းသပ်မောင်းနှင်နေပြီး၊ Nanyang နည်းပညာတက္ကသိုလ်ကလည်း ၎င်းတို့၏ ကျောင်းဝန်းထဲတွင် မောင်းသူမဲ့ကားများကို စမ်းသပ်လျက် ရှိနေသည်။

    Ref: News.asiaone