News @ M-Media

တောင်ကိုရီးယားက Covid-19 ပျောက်ကင်းသူတွေမှာ ဗိုင်းရပ်စ်ပြန်တွေ့

ဧပြီ ၁၄၊ ၂၀၂၀
M-Media

-တောင်ကိုရီးယားမှာ Covid-19 ပျောက်သွားသူ အနည်းဆုံး ၁၀၀ ကျော်မှာ ဗိုင်းရပ်စ်ပြန်တွေ့လာရပြီး စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းလုံးကို တောင်ကိုရီးယားက လက်ရှိမှာ ခံစားနေရပြီး မနေ့က ကူးစက်သူအရေအတွက် ၂၅ ဦး ရှိခဲ့ပါတယ်။ ကူးစက်မှု သိသိသာသာ ကျဆင်းသွားတာဟာ တစ်ပတ်လောက် ရှိနေပါပြီ။

ဒါပေမယ့် ပျောက်ကင်းသွားသူတွေထဲမှာ ဗိုင်းရပ်စ်ပြန်တွေ့သူ အရေအတွက်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ၅၁ ဦး ရှိရာကနေ အခုတစ်ပတ်မှာတော့ ၁၁၆ ဦးအထိ ရှိလာပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်သလဲဆိုတာကို အာဏာပိုင်တွေက စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

ကိုရီးယား ကူးစက်ရောဂါ တားဆီးတိုက်ဖျက်ရေး စင်တာ KCDC က ညွှန်ကြားရေးမှူး Jeong Eun-kyeong က ဒါဟာ အပြင်ကနေ ဗိုင်းရပ်စ်ကူးစက်တာထက် ခန္ဓာကိုယ်တွင်းထဲက ဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာတာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆေးစစ်မှုမှာ မှားယွင်းခဲ့တာ ဒါမှမဟုတ် ဗိုင်းရပ်စ်အကြွင်းအကျန်က ခန္ဓာကိုယ်တွင်းမှာ ရှိနေတာတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း အခြားပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားမှာ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၁၀၅၃၇ ဦး ရှိနေပြီး သေဆုံးသူက ၂၁၇ ဦး ရှိပါတယ်။

Ref: Aljazeera