News @ M-Media

Tag: sudan

  • ဆူဒန်တွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွား

    ဆူဒန်တွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွား

    အောက်တိုဘာ ၂၅၊ ၂၀၂၁
    M-Media

    -အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်မှာ စစ်တပ်က ၀န်ကြီးချုပ်နဲ့ အစိုးရအရာရှိတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ကာ မြို့တော်ခါတွန်ကိုသွားတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

    တနင်္ဂနွေနေ့ သန်းခေါင်းယံကတည်းက စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့သတင်းတွေ ထွက်လာတာဖြစ်ပြီး တနင်္လာနေ့ မနက်ပိုင်းမှာတော့ ပြန်ကြားရေး၀န်ကြီးက ၀န်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့ကို စစ်တပ်က အမည်မသိနေရာတစ်ခုဆီ ဖမ်းဆီးခေါ်ဆောင်သွားကာ အာဏာသိမ်းလိုက်တယ်လို့ FB စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ၀န်ကြီးချုပ်နဲ့အတူ အစိုးရအကြီးအကဲ တော်တော်များများလည်း အဖမ်းခံလိုက်ရပါတယ်။

    စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့သတင်း ထွက်လာပြီးနောက်ပိုင်း ဆူဒန်ပြည်သူတွေဟာ လမ်းပေါ်ထွက်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပြုလုပ်လာပါတယ်။

    အာဏာရှင်ဟောင်း အိုမာရ် ဘရှီးကို ၂၀၁၉ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း ဆူဒန်ကို ၀န်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေ့ါ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရက အုပ်စိုးနေတာပါ။ အာဏာရှိစဥ်မှာကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ဘရှီးကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ကို တင်ဖို့လည်း ဆူဒန်အစိုးရက ကြိုးစားနေပါတယ်။

    ဒါပေမယ့် စစ်တပ်နဲ့ ကြားဖြတ်အစိုးရတို့အကြား သဘောထားမတိုက်ဆိုင်မှုတွေ ပြီးခဲ့တဲ့ လတွေအတွင်း မြင့်တက်လာခဲ့ပါတယ်။

    စစ်တပ်က ခေါင်းဆောင်တစ်ချို့နဲ့ အာဏာရှင်ဟောင်း ဘရှီးကို ထောက်ခံသူတွေ ပူးပေါင်းပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့ပြီး တားဆီးနိုင်ခဲ့တယ်လို့ ကြားဖြတ်အစိုးရက စက်တင်ဘာလမှာ ထုတ်ပြန်ဖူးပါတယ်။

    အာဏာသိမ်းစစ်တပ်ဟာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။

    Ref: Aljazeera

  • ဆူဒန်တွင် အာဏာသိမ်းရန် ကြံစည်မှုဖြစ်

    ဆူဒန်တွင် အာဏာသိမ်းရန် ကြံစည်မှုဖြစ်

    စက်တင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -အင်္ဂါနေ့မနက်ပိုင်းမှာ အာဏာသိမ်းဖို့ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်အစိုးရက ထုတ်ပြန်ပါတယ်။

    အာဏာသိမ်းမယ့်အဖွဲ့ဟာ ဝန်ကြီးများကောင်စီ ရုံးထိုင်ရာ အဆောက်အဦး၊ နိုင်ငံပိုင် ရေဒီယိုအပါအဝင် အဓိကကျတဲ့ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ဖို့ ကြိုးစားစဉ်မှာ နှိမ်နှင်းခံလိုက်ရတာ ဖြစ်ပါတယ်။

    ဖမ်းဆီးခံထားရတဲ့ အာဏာရှင်ဟောင်း အိုမာ ဘရှီးကို ထောက်ခံတဲ့ စစ်ဖက်၊ အရပ်ဖက် အရာရှိတွေက ပူးပေါင်းကြံစည်တာဖြစ်ပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်လို့ ဆူဒန်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီး ဟမ်ဇာ ဘာလူလ်က ပြောပါတယ်။

    အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားသူဟာ အယောက် ၄၀ လောက်ရှိနေပြီး ထွက်ပြေးနေသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

    နှစ်ပေါင်း ၃၀ ကြာ တိုင်းပြည်ကို အုပ်စိုးလာတဲ့ အာဏာရှင် ဘရှီးကို ၂၀၁၉ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း ဆူဒန်နိုင်ငံရေးက တည်ငြိမ်မှု မရှိသေးပါဘူး။ ဘရှီးကို သစ္စာခံတဲ့အဖွဲ့က အာဏာသိမ်းဖို့ အကြိမ်ကြိမ်ကြိုးစားမှုဖြစ်ခဲ့တယ်လို့ အသွင်ကူးပြောင်းရေးအစိုးရက အရင်အကြိမ်တွေမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ် အလ်ဒဲလာ ဟမ်ဒေါ့ လုပ်ကြံခံခဲ့ရပေမယ့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

    အာဏာရှင်ဟောင်း ဘရှီးကို ၂၀၀၀ ပြည့်နှစ်တွေက နိုင်ငံအနောက်ပိုင်း ဒါဖာဒေသမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေအတွက် ဆူဒန်အစိုးရက ဖမ်းဆီးထားပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • အာဏာရှင်ဟောင်းကို ICC ပို့ရန် ဆူဒန်က ခြေလှမ်းစပြင်

    အာဏာရှင်ဟောင်းကို ICC ပို့ရန် ဆူဒန်က ခြေလှမ်းစပြင်

    ဩဂုတ် ၄၊ ၂၀၂၁
    M-Media

    ဆူဒန်အာဏာရှင်ဟောင်း အိုမာ အလ်-ဘရှီး

    -နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ အုတ်မြစ်ဖြစ်တဲ့ ရောမကြေငြာစာတမ်း (Rome Statute) ကို လက်မှတ်ထိုးဖို့ ဆူဒန်အစိုးရအဖွဲ့က မဲခွဲဆုံးဖြတ်ခဲ့ပြီး ဒါဟာ အာဏာရှင်ဟောင်း အိုမာ အလ်-ဘရှီးကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲနိုင်ရေး ပထမခြေလှမ်းလည်း​ ဖြစ်ပါတယ်။

    Rome Statute လက်မှတ်ထိုးရေး ဥပဒေမူကြမ်းကို အစိုးရက အတည်ပြုခဲ့ကြောင်း ဆူဒန်ဝန်ကြီးချုပ် အဘ်ဒဲလာ ဟမ်ဒေါ့က Twitter စာမျက်နှာမှာ ရေးသားခဲ့တာပါ။ အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို နိုင်ငံတော်ကောင်စီက အတည်ပြုဖို့ လိုအပ်ပါတယ်။

    ဆူဒန်ကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့ အာဏာရှင် ဘရှီးဟာ လူထုအုံကြွမှု အကြီးအကျယ်ဖြစ်လာတဲ့ ၂၀၁၉ မှာ စစ်တပ်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရ​ပါတယ်။ အဲဒီနောက် ဆူဒန်ကို စစ်တပ်နဲ့ အရပ်သား ပေါင်းထားတဲ့ အသွင်ကူးပြောင်းရေး အစိုးရက အုပ်ချုပ်ပြီး သမ္မတ ဘရှီးလက်ထက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေး ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပါတယ်။

    မိမိတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံတဲ့ ဆူဒန်ကို တည်ဆောက်နေတာဖြစ်ပြီး ဒီနိုင်ငံသစ်မှာ တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေဟာ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟမ်ဒေါ့က ပြောပါတယ်။

    Rome Statute ကို လက်မှတ်ထိုးပြီးတဲ့နောက် ICC က အလိုရှိနေတဲ့ ဘရှီးနဲ့ သူ့ရဲ့အပေါင်းအပါတွေကို ဆူဒန် ဒါမှမဟုတ် ICC ရုံးစိုက်ရာ The Hague မှာ တရားစွဲမှာလားဆိုတာကိုတော့ ဟမ်ဒေါ့က တိတိကျကျ မပြောခဲ့ပါဘူး။

    ၂၀၀၃ ခုနှစ်က နိုင်ငံအနောက်ပိုင်း ဒါဖာရ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုတွေရဲ့ လက်နက်ကိုင်ပုန်ကန်မှုမှာ ဘရှီးအစိုးရဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

    ဒီအဖြစ်အပျက်မှာ လူပေါင်း ၃ သိန်းလောက် အသတ်ခံရပြီး ၂.၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။

    Ref: Aljazeera

  • ဆူဒန်က အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်ရန် ဆော်ဒီ၊ ယူအေအီးတို့ ဒေါ်လာသန်းချီသုံးခဲ့

    ဆူဒန်က အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်ရန် ဆော်ဒီ၊ ယူအေအီးတို့ ဒေါ်လာသန်းချီသုံးခဲ့

    အောက်တိုဘာ ၂၉၊ ၂၀၂၀
    M-Media

    -ဆူဒန်နဲ့ အစ္စရေးတို့ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့အတွက် ဆော်ဒီက အမေရိကန်ကို ဒေါ်လာသန်းရာချီ ပေးခဲ့ပြီး ယူအေအီးကလည်း ဆူဒန်ကို ထောက်ပံ့မှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့အတွက် ဆူဒန်ဟာ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါ့ကြောင့် အာရပ်နဲ့ မွတ်စလင်ကမ္ဘာက အခုနှစ်အတွင်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ နိုင်ငံအရေအတွက်ဟာ ယူအေအီးနဲ့ ဘာရိန်းတို့အပါအဝင် ၃ နိုင်ငံ ဖြစ်လာတာပါ။

    ဒီလိုသဘောတူညီချက်တွေရရှိအောင် အမေရိကန်က ကြားဝင်စေ့စပ်ပေးတာ ဖြစ်ပါတယ်။ ဆူဒန်ဟာ အကြမ်းဖက်အားပေးတဲ့နိုင်ငံတစ်ခုအဖြစ် အမေရိကန်ရဲ့ အကြမ်းဖက်စာရင်းမှာ ပါဝင်နေတာပါ။ ဒီစာရင်းကနေ ဖယ်ရှားဖို့အတွက် ကန်ဒေါ်လာ ၃၃၅ သန်း အမေရိကန်က တောင်းခံခဲ့ပြီး ဒါကို ဆော်ဒီက ပေးချေခဲ့ပါတယ်။

    ဆူဒန်က ဒီငွေတွေပေးကြောင်း ​အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာမှာ တနင်္လာနေ့က ရေးသားခဲ့ပါတယ်။ ဒါဟာ ၁၉၉၈ ခုနှစ် အရှေ့အာဖရိကမှာ အမေရိကန်သံရုံး ဗုံးခွဲခံရမှု၊ ၂၀၀၀ ခုနှစ် ယီမင်ကမ်းလွန်မှာ ဒုံးခွင်းသင်္ဘော USS Cole တိုက်ခိုက်ခံရမှုမှာ ထိခိုက်ခံစားရသူတွေအတွက် လျော်ကြေးရတာဖြစ်ပြီး အမေရိကန်ပြည်သူတွေအတွက် တရားမျှတမှုကို ရလိုက်တာဖြစ်သလို၊ ဆူဒန်အတွက် ကြီးမားတဲ့ ခြေလျမ်းတစ်ခု ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    အစ္စရေးနဲ့ သဘောတူညီချက် ရပြီးပြီးချင်းမှာပဲ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)က ဆူဒန်ကို ကန်ဒေါ်လာ ၅၅၆ သန်းကျော် ထောက်ပံ့ခဲ့ပြီး ဆူ​ဒန်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး ၁.၅ ၁.၆ ဘီလီယံ အကူအညီထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ယူအေအီး၊ ဘာရိန်းတို့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မှုဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ပါလက်စတိုင်းခေါင်းဆောင်တွေက ပြောခဲ့သလို၊ ဆူဒန်ရဲ့ဆောင်ရွက်မှုကလည်း နိုင်ငံရေးပြစ်မှုတစ်ခုဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    Ref: Press TV, Middle East Monitor, Alarabiya

  • ဆူဒန်အာဏာရှင်ဟောင်းဖမ်းဆီးရေး ICC ကိုယ်စားလှယ်အဖွဲ့ ဆူဒန်သို့ ရောက်ရှိ

    ဆူဒန်အာဏာရှင်ဟောင်းဖမ်းဆီးရေး ICC ကိုယ်စားလှယ်အဖွဲ့ ဆူဒန်သို့ ရောက်ရှိ

    အောက်တိုဘာ ၁၈၊ ၂၀၂၀
    M-Media

    -လူမျိုးစုတွေအပေါ် ဖိနှိပ်သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆူဒန်အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီရ်းကို ဖမ်းဆီးနိုင်ရေး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခုက ဆူဒန်နိုင်ငံကို သွားရောက်ဆွေးနွေးနေပါတယ်။

    လနဲ့ချီ လူထုအုံကြွမှုဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ၂၀၁၉ ခုနှစ် ဧပြီလမှာ စစ်တပ်က ဘရှီးရ်ကို ဖယ်ရှားခဲ့ပါတယ်။ နိုင်ငံအနောက်ပိုင်း ဒါဖာရ်ဒေသမှာ ၂၀၀၃ ခုနှစ်က စတင်ခဲ့ပြီး လူ ၃ သိန်းလောက် သေဆုံးခဲ့တဲ့ လူမျိုးစုလက်နက်ကိုင်ပဋိပက္ခမှာ ဘရှီးရ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

    ဆူဒန်ကိုသွားရောက်ခဲ့တဲ့ ICC ကိုယ်စားလှယ်အဖွဲ့ကို ရှေ့နေချုပ် ဖာတူ ဘန်ဆူဒါက ဦးဆောင်ပါတယ်။ ဆူဒန်ဝန်ကြီးချုပ် အဘ်ဒဲလ်လာ ဟမ်ဒွတ်က်ရဲ့ ထုတ်ပြန်ချက်မှာတော့ ICC ကိုယ်စားလှယ်အဖွဲ့နဲ့ ဖမ်း၀ရမ်းထုတ်ရေးကိစ္စ ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ICC ကိုယ်စားလှယ်အဖွဲ့ဟာ ဆူဒန်နိုင်ငံမှာ အောက်တိုဘာ ၂၁ ရက်နေ့အထိ ရှိမှာဖြစ်ပြီး အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဘရှီးရ်နဲ့ သူ့လက်ထက်က တာဝန်ရှိသူတွေကို လွှဲပြောင်းရယူရေးအတွက်လည်း ICC ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    ဘရှီးရ်အပြင် ICC က အလိုရှိနေတဲ့ ဆူဒန်တာဝန်ရှိသူဟောင်း အဟ်မဒ် ဟာရွန်နဲ့ အဘ်ဒဲလ် ရဟင်း မိုဟာမက်တို့ကိုလည်း မြို့တော်ခါတွန်မှာ ဆူဒန်အစိုးရက ထိန်းသိမ်းထားပါတယ်။

    ဒါဖာရ်ပြဿနာမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Popular Defence Forces အဖွဲ့ အကြီးအကဲ အလီ ကူရှက်ဘ်ဟာ ICC မှာ အဖမ်းခံခဲ့ပါတယ်။ ICC က အလိုရှိနေတဲ့ သူပုန်ခေါင်းဆောင် အဘ်ဒဲလာ ဘန်ဒါကတော့ ယခုအချိန်အထိ လွတ်မြောက်နေပါတယ်။

    Ref: Aljazeera