News @ M-Media

Tag: Syria

  • ဆီးရီးယားရှိ နေရာအများအပြားကို အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ ပူးပေါင်းတိုက်ခိုက်

    ဆီးရီးယားရှိ နေရာအများအပြားကို အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ ပူးပေါင်းတိုက်ခိုက်

    ဧပြီ ၁၄၊ ၂၀၁၈

    M-Media

    – ဆီးရီးယားမှာ ဓာတုလက်နက်တွေနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ယူကေ၊ ပြင်သစ်တို့နဲ့ပူးပေါင်းပြီး တိုက်ခိုက်ဖို့အတွက် အမိန့်ပေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာလိုက်ပါတယ်။

    ဒီကနေ့မနက်က ပြုလုပ်တဲ့ အဲဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီး သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒူးမားရွာကို အစိုးရတပ်က ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အဖြစ်အပျက်ကို တုန့်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

    ဒမတ်စကတ်မှာ ပေါက်ကွဲသံတွေကြားရတယ်လို့ သတင်းတွေက ဖော်ပြပြီး ပင်တဂွန်ကလည်း သူတို့ရဲ့ တိုက်ခိုက်မှုကို အသေးစိတ် စောင့်ကြည့်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန် တာဝန်ရှိသူတစ်ဦးက ပစ်မှတ်အများအပြားကို ရည်ရွယ်တိုက်ခိုက်တာဖြစ်ပြီး တွမ်ဟော့ ခရုဇ်ဒုံးကျည်နဲ့ ပစ်ခတ်တာလည်း ပါဝင်တယ်လို့ပြောကြားခဲ့ပါတယ်။

    ယူကေ၀န်ကြီးချုပ် ထရီဇာမေက တိုက်ခိုက်မှုမှာ ဗြိတိန်ပါဝင်ကြောင်းအတည်ပြုခဲ့ပြီး အခြားနည်းလမ်းတစ်ခုကို ရွေးချယ်လိုပေမယ့် ဒီကိစ္စမှာ ရွေးစရာမရှိကြောင်း၊ ဒီတိုက်ခိုက်မှုဟာ ဆီးရီးယားအစိုးရ ပြောင်းလဲရေးအတွက်၊ ပြည်တွင်းစစ်မှာ ပါဝင်ဖို့အတွက် မဟုတ်ဘဲ ဆီးရီးယားအစိုးရက ဓာတုလက်နက် အသုံးပြုမှုကို ရပ်တန့်ရေး ရည်ရွယ်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

    ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ကလည်း တိုက်ခိုက်မှုမှာ သူတို့ပါဝင်ကြောင် အတည်ပြုခဲ့ပါတယ်။

    ထရမ့်က တိုကခိုက်မှုရည်ရွယ်ချက်ဟာ ဓာတုလက်နက်ထုတ်လုပ်၊ ဖြန့်ဝေ၊ အသုံးပြုမှုကို ပြင်းပြင်းထန်ထန် တားဆီးဖို့ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံပိုင်တင်းဌာနက ဆီးရီးယားလေကြောင်းကာကွယ်ရေးနစနစ်ဟာ ဒီတိုက်ခိုက်မှုကို တုန့်ပြန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref – Aljazeera

  • အရေးပါသော အရှေ့ဂူတာဒေသ တစ်ခုလုံးကို ဆီးရီးယားအစိုးရတပ်များက သူပုန်လက်မှ ပြန်သိမ်း

    အရေးပါသော အရှေ့ဂူတာဒေသ တစ်ခုလုံးကို ဆီးရီးယားအစိုးရတပ်များက သူပုန်လက်မှ ပြန်သိမ်း

    ဧပြီ ၁၃၊ ၂၀၁၈
    M-Media

    အရှေ့ဂူတာဒေသအား ဆီးရီးယားအစိုးရတပ်များ၏ တိုက်ခိုက်မှုမြင်ကွင်းတစ်ခု

    – ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းထွက်ခဲ့သော ဒူးမားမျိုးကို ဆီးရီးယားအစိုးရတပ်က ပြန်သိမ်းနိုင်ခဲ့ပြီး မြို့တော် ဒမတ်စတ်ဆင်ခြေဖုံးရှိ သူပုန်များထိန်းချုပ်ထားသည့် အရှေ့ဂူတာဒေသတစ်ခုလုံးအား ပြန်လည်ရယူနိုင်ခြင်းဖြစ်သည်။

    ဒူးမားမှာ အရှေ့ဂူတာဒေသတွင် သူပုန်များ ထိန်းချုပ်ထားသည့် နောက်ဆုံးမြို့ဖြစ်ပြီး ဆီးရီးယားအစိုးရတပ်များက ယမန်နေ့တွင် ပြန်သိမ်းနိုင်ခဲ့သည်ဟု ဆီးရီးယားပြန်လည်ရင်ကြားစေ့ရေး ရုရှားစင်တာမှ အကြီးအကဲ ယူရီ ယက်တူရှန်ကိုက သတင်းထောက်များအား ယနေ့တွင် ပြောကြားခဲ့သည်။

    “ဒီကနေ့ ဆီးရီးယားနိုင်ငံရဲ့ သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ နိုင်ငံတော်အလံကို ဒူးမားမြို့မှာ လွှင့်ထူနိုင်ခဲ့တာဟာ ဒီဒေသကို ပြန်လည်ထိန်းချုပ်နိုင်မှု၊ တစ်ဆက်တည်း အရှေ့ဂူတာတစ်ခုလုံးကို ထိန်းချုပ်နိုင်မှု အမှတ်အသား ဖြစ်ပါတယ်”

    ထိုကိစ္စနှင့်ပတ်သက်၍ ဆီးရီးယားအစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

    ပြီးခဲ့သည့်စနေနေ့တွင် ဒူးမားမြို့အား ဆီးရီးယားအစိုးရတပ်များ၏ တိုက်ခိုက်မှုတွင် ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောကြားခဲ့ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများက ထိုကိစ္စအတွက် ဆီးရီးယားအစိုးရအား စစ်ရေးဖြင့် တုန့်ပြန်မည်ဟု ခြိမ်းခြောက်ထားကြသည်။

    အရှေ့ဂူတာဒေသအား ရုရှားလေတပ်၏ ကျောထောက်နောက်ခံဖြင့် ဆီးရီးယားအစိုးရတပ်က သီတင်းပတ်ပေါင်းများစွာကြာ ပြုလုပ်ခဲ့သော တိုက်ခိုက်မှုအတွင်း အရပ်သား အမြောက်အများ သေဆုံးဒဏ်ရာရခဲ့သည်။

    Ref: Aljazeera

  • ထရမ့်၏ Twitter ဒီပလိုမေစီတွင် ပါဝင်မည်မဟုတ်ဟု ရုရှားပြော

    ထရမ့်၏ Twitter ဒီပလိုမေစီတွင် ပါဝင်မည်မဟုတ်ဟု ရုရှားပြော

    ဧပြီ ၁၂၊ ၂၀၁၈
    M-Media

    – မိမိတို့အနေနဲ့ Twitter ဒီပလိုမေစီမှာ ပါဝင်မှာမဟုတ်ဘဲလက် ရေရာသေချာတဲ့ ဆောင်ရွက်မှုတွေကိုသာ ပြုလုပ်သွားမယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားလိုက်ပါတယ်။

    ဆီးရီးယားအစိုးရတပ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အမေရိကန်က မစတ်ဖြစ်တဲ့ ဒုံးကျည်တွေနဲ့ လက်တုန့်ပြန်သွားမှာဖြစ်ပြီး ဒီအတွက် အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့ ရုရှားကို အမေရိကန်သမ္မတထရမ့်က မနေ့မှာ Twitter ကနေတစ်ဆင့် သတိပေးခဲ့ပါတယ်။

    “Twitter ဒီပလိုမေစီမှာ ကျွန်တော်တို့ ပါဝင်မှာ မဟုတ်ပါဘူး။ ရေရာသေချာတဲ့ နည်းလမ်းတွေကိုသာ ကျွန်တော်တို့ ထောက်ခံပါတယ်။ ဆိုးရွားနေတဲ့အခြေအနေကို ပိုပြီး ဆိုးရွာစေမယ့် ခြေလှမ်းမျိုး မလှမ်းဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” လို့ ပက်စ်ကော့ဗ်ရဲ့ ပြောကြားမှုကို Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း စမတ်ဒုံးကျည်တွေဟာ နိုင်ငံတကာအကြမ်းဖက်ဝါဒကို နှစ်တော်တော်ကြာ တိုက်ခိုက်နေတဲ့ တရားဝင်အစိုးရထက် အကြမ်းဖက်သမားတွေဆီပဲ သွားသင့်တယ်လို့ မနေ့မှာ တုန့်ပြန်ခဲ့ပါတယ်။

    ပက်စ်ကော့ဗ်က ပြီးခဲ့တဲ့တစ်ပတ် ဒူးမားမျိုးမှာ ဆီးရီးယားအစိုးရတပ်က ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှားယွင်းတဲ့ ပြောကြားမှုဖြစ်ပြီး ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်ဖို့အတွက် ဒီခေါင်းစဉ် တပ်လို့မရဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒူးမားကိစ္စအတွက် ဆီးရီးယားအစိုးရအပေါ် စစ်ရေးနဲ့တုန့်ပြန်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆွေးနွေးမှုတွေ လုပ်နေပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဒီကနေ့မှာ အစိုးရအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားကိုပစ်မယ့် ဒုံးကျည်အတွက် အသင့်ပြင်ထားဖို့ ရုရှားကို ထရမ့်သတိပေး

    ဆီးရီးယားကိုပစ်မယ့် ဒုံးကျည်အတွက် အသင့်ပြင်ထားဖို့ ရုရှားကို ထရမ့်သတိပေး

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    – ဆီးရီးယားကို မိမိတို့က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို ဒီကနေ့မနက်ပိုင်းမှာ Twitter ကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။

    သူပုန်တွေထိန်းချုပ်ထားတဲ့ ဒေသကို ဆီးရီးယားအစိုးရတပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် အမေရိကန်က လက်တုန့်ပြန်ဖို့ စီစဉ်နေတာပါ။

    လက်ဘနွန်ဆိုင်ရာ ရုရှားသံအမတ်က အမေရိကန်အနေနဲ့ ဆီးရီးယားကို ဒုံးကျည်နဲ့ တိုက်ခိုက်မယ်ဆိုရင် သမ္မတပူတင်နဲ့ စစ်ဦးစီးအရာရှိချုပ်တို့ရဲ့ စကားအတိုင်း ဒီဒုံးကျည်တွေကို ပစ်ချသွားမှာဖြစ်သလို၊ ဒုံးကျည်တိုက်ခိုက်တဲ့နေရာကိုလည်း ချေမှုန်းသွားမယ်လို့ မနေ့က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီနေ့မနက် Twitter မှတ်ချက်မှာ ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်ကို ရုရှားက ပံ့ပိုးမှုအတွက်လည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

    “ဆီးရီးယားကိုပစ်တဲ့ ဘယ်လိုဒုံးကျည်ကိုမဆို ပစ်ချမယ်လို့ ရုရှားက သန္ဓိဌာန်ချထားတယ်။ အဲဒါဆိုရင် အဆင်သင့်သာလုပ်ထားလိုက်ပါ ရုရှားရေ။ ဒုံးကျည်တွေလာတော့မှာ၊ တော်တော်ကောင်းတဲ့ စမတ်ကျတဲ့ ဒုံးကျည်အသစ်တွေပေါ့။ ကိုယ့်ပြည်သူကိုသတ်ပြီး ပျော်နေတဲ့ ဓာတ်ငွေ့တိရစ္ဆာန်လိုကောင်နဲ့ မင်းတို့ မိတ်ဆွေမဖြစ်သင့်ဘူး”

    မြို့တော်ဒမတ်စကတ် ဆင်ခြေဖုံး အရှေ့ဂူတာဒေသက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒူးမားမြို့မှာ စနေနေ့က ဆီးရီးယားအစိုးတပ်ရဲ့ တိုက်ခိုက်မှုမှာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် လူ ၇၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေက အဲဒီတိုက်ခိုက်မှုမှာ ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ ပြောကြားခဲ့ပြီး အမေရိကန်နဲ့ အခြား ဥရောပနိုင်ငံ တော်တော်များများက ဒီကိစ္စအတွက် ဆီးရီးယားအစိုးရကို စစ်ရေးနဲ့ လက်တုန့်ပြန်ဖို့ အခုရက်ပိုင်းအတွင်းမှာ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

    ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ကတော့ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားအစိုးရတပ်များ ဓာတုလက်နက်အသုံးပြုသည်ဟု သတင်းထပ်ထွက်

    ဆီးရီးယားအစိုးရတပ်များ ဓာတုလက်နက်အသုံးပြုသည်ဟု သတင်းထပ်ထွက်

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    တိုက်ခိုက်ခံခဲ့ရသည့် ကလေးငယ်တစ်ဦး

    – ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်အနီး ဒူးမားမြို့မှာ ဆီးရီးယားအစိုးရတပ်ရဲ့ မနေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ပြီး ဓာတုလက်နက်တွေ အသုံးပြုတယ်လို့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    ဒူးမားမြို့ဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး White Helmets အဖွဲ့က သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေလည်း ရာနဲ့ချီ ရှိနေပါတယ်။

    “လူ ၇၀ လောက်ဟာ အသက်ရှူကြပ်သေဆုံးခဲ့ပြီး၊ ရာနဲ့ချီတဲ့လူတွေဟာလည်း အသက်ရှူကြပ်နေကြပါတယ်” လို့ White Helmets အဖွဲ့ခေါင်းဆောင် ရာအဒ် အလ်-ဆာလေဟ်က ဆိုပြီး သေဆုံးသူတွေ မြင့်တက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒူးမားမှာ ကလိုရင်းဓာတ်ငွေ့နဲ့ အခြား အားပြင်းတဲ့ ဓာတ်ငွေ့တစ်မျိုးကို ကြဲချခဲ့တာဖြစ်တယ်လို့လည်း ဆာလေဟ်က ပြောပါတယ်။

    “White Helmet အဖွဲ့ဝင်တွေဟာ ပြည်သူတွေကို ကူညီဖို့ ကြိုးစားနေပေမယ့် လုပ်နိုင်တာက အခြားနေရာတွေကို ခြေလျင် ပြောင်းရွှေ့ပေးနေရတာ ဖြစ်ပါတယ်။ ကားတွေအများစုနဲ့ စင်တာတွေအများစုက သုံးလို့မရပါဘူး”

    ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနကတော့ အစိုးရတပ်တွေဟာ ဓာတုလက်နက် အသုံပြုတာမျိုး မရှိဘူးလို့ ကြေငြာခဲ့ပါတယ်။

    ဒူမားဟာ အရှေ့ဂူတာဒေသမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးမြို့ဖြစ်ပြီး ဆီးရီးယားအစိုးရတပ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ သောကြာနေ့ကတည်းကစပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

    သူပုန်တွေထိန်းချုပ်ထားတဲ့ဒေသမှာ ဆီးရီးယားအစိုးရတပ်တွေဟာ ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ သတင်းတွေဟာ ယခင်ကလည်း ထွက်ခဲ့ဖူးပါတယ်။

    Ref: Aljazeera