News @ M-Media
Tag: Syria
  • ဒုက္ခသည်ကလေးများအတွက် ပညာရေးရန်ပုံငွေတစ်ခု ယူအေအီးသူဌေး ထူထောင်
    ဒုက္ခသည်ကလေးများအတွက် ပညာရေးရန်ပုံငွေတစ်ခု ယူအေအီးသူဌေး ထူထောင်
    ဇွန် ၂၂၊ ၂၀၁၈
    M-Media
    – အရှေ့အလယ်ပိုင်းက ဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် ယူအေအီးအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်နဲ့ ပရဟိတသမား အဘ်ဒူလ် အဇစ် အလ် ဂူရာအီရ်ဟာ ကန်ဒေါ်လာ ၂၇ သန်းနဲ့ ရန်ပုံငွေတစ်ခု ထူထောင်လိုက်ပါတယ်။
    ရန်ပုံငွေထူထောင်ကြောင်းကို ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကြေငြာခဲ့တာဖြစ်ပြီး ၃ နှစ်အတွင်း ယူအေအီးမှာရှိနေတဲ့ ဒုက္ခသည်ကလေးငယ်ပေါင်း အနည်းဆုံး ၅၀၀၀ လောက် အကျိုးခံစားရမှာ ဖြစ်ပါတယ်။ အခြားအာရပ်နိုင်ငံတွေက ဒုက္ခသည်တွေကို နေထိုင်ခွင့်ဗီဇာ တစ်နှစ် ပေးသွားမယ်လို့ ယူအေအီးအစိုးရက ကြေငြာပြီးနောက်ပိုင်း အလ် ဂူရာအီရ်ရဲ့ ဒီအစီအစဉ် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။
    အလ် ဂူရာအီရ်ရဲ့ ကူညီမှုကို ဂျော်ဒန်နဲ့ လက်ဘနွန်တို့က ဒုက္ခသည်ကလေးငယ်တွေလည်း ရရှိခံစားရမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို ကူညီတဲ့အဖွဲ့တွေက ဒီထောက်ပံ့ကြေး ရရှိဖို့အတွက် အဆိုပြုလွှာ တင်သွင်းရမှာဖြစ်ပြီး အဲဒီအထဲကမှ ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ ပထမအသုတ် ကူညီထောက်ပံ့မှုကို ဂျော်ဒန်၊ လက်ဘနွန်နဲ့ ယူအေအီးတို့က ကျောင်းဖွင့်ရာသီမတိုင်မီ ပြုလုပ်သွားမှာပါ။
    ၇ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားနိုင်ငံက စစ်ပွဲကြောင့် လူပေါင်း ၅.၆ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ကျောင်းမနေရတဲ့ ကလေးငယ်တွေက ၂ သန်းလောက်ရှိတယ်လို့ ယူနီဆက်ဖ်က ပြောကြားထားပါတယ်။
    Ref: Forbes
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ
    ဇွန် ၂၁၊ ၂၀၁၈
    M-Media
    အရှေ့ဂူတာမှ ဆီးရီးယားပြည်သူများ
    တရုတ်-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    =================
    တရုတ်သမ္မတ ရှီကျင့်ဖျင့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ မနေ့က တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ မဟာဗျူဟာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ပြုလုပ်သွားဖို့ သဘောတူခဲ့ပါတယ်။ ကင်ဂျုံအွန်ဟာ အင်္ဂါနေ့က တရုတ်နိုင်ငံကို ၂ ရက်ကြာ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ၂ လအတွင်း ၃ ကြိမ်မြောက် ရောက်ရှိမှုလည်း ဖြစ်ပါတယ်။ ရှီနဲ့တွေ့ဆုံမှုမှာ ကင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ စင်ကာပူတွေ့ဆုံပွဲအကြောင်း အကျဉ်းချုပ် တင်ပြခဲ့သလို၊ လတ်တလော အရေးကြီးတဲ့ ကိစ္စတွေနဲ့ လာမယ့်အခင်းအကျင်းအသစ်အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။
    အမေရိကန်ကို ဥရောပက တန်ပြန်အခွန်ကောက်မည်
    =============
    အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံဖို့ ဥရောပနိုင်ငံတွေရဲ့ အစီအစဉ်ဟာ မနက်ဖြန်မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဒါဟာ ကနေဒါ၊ အီးယူနဲ့ မက္ကဆီကိုတို့က တင်သွင်းတဲ့ စတီးနဲ့ အလူမီနီယံတွေကို အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမှုကို တုန့်ပြန်တာ ဖြစ်ပါတယ်။ ထရမ့်က ဒီလို ကောက်ခံတာဟာ
    အမျိုးသားလုံခြုံရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ အီးယူ ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး စီလီယာ မာမ်စထရောင်းက သူတို့အနေနဲ့ ဒီလိုမလုပ်ချင်ပေမယ့် အမေရိကန်ရဲ့ တစ်ဖက်သတ်လုပ်ရပ်အတွက် ရွေးစရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    အရှေ့ဂူတာတွင် ဆီးရီးယားစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့
    ============
    မြို့တော်ဒမတ်စကတ် ဆင်ခြေဖုံးက အရှေ့ဂူတာဒေသကို ဆီးရီးယားအစိုးရတပ်ဖွဲ့က ၅ နှစ်ကြာ ပိတ်ဆို့မှုအတွင်း ကျူးလွန်ခဲ့တာတွေဟာ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ မြောက်နေပြီလို့ ကုလစုံစမ်းစစ်ဆေးရေးမှူးတွေက ပြောကြားလိုက်ပါတယ်။ သူပုန်တွေ သိမ်းထားတဲ့ အရှေ့ဂူတာဒေသကို ဆီးရီးယားအစိုးရတပ်က ဧပြီလမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကုလလူ့အခွင့်အရေးကောင်စီက အဲဒီဒေသမှာ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ၂၃ မျက်နှာပါတဲ့ အစီရင်ခံစာကို မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာထဲမှာ အရပ်သားတွေရဲ့ ထိခိုက်ခံစားရမှု အသေးစိတ်ကို ဖော်ပြထားပါတယ်။
    ဂါဇာကမ်းမြှောင်ကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
    ==========
    ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာကမ်းမြှောင်က ၂၅ နေရာကို မနေ့ကမနက်ပိုင်းမှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်းပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်က ဟားမက်စ်အဖွဲ့ ဒုံးကျည်နဲ့ပစ်တယ်လို့စွပ်စွဲကာ အစ္စရေးက ဒီလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဟားမက်စ်ကတော့ ပါလက်စတိုင်းပိုင်နက်ကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုက ပြဿနာရဲ့အရင်းအမြစ်ဖြစ်ကြောင်း၊ အရပ်သားတွေ၊ ရေလုပ်သားတွေ၊ လယ်သမားတွေအပေါ် အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera, CNA
  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ
    ဇွန် ၈၊ ၂၀၁၈
    M-Media
    မလေးရှား စီးပွားရေးလုပ်ငန်းရှင် Low Taek Jho
    ဆီးရီးယားတွင် ရုရှားတပ်ဖွဲ့များ ဆက်နေမည်ဟု ပူတင်ပြော
    ================
    ဆီးရီးယားကနေ မိမိတို့ရဲ့တပ်ဖွဲ့တွေ ထွက်သွားဖို့အတွက် လတ်တလော အစီအစဉ်မရှိသေးပေမယ့် ရေရှည် စခန်းချသွားမှာမဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က မနေ့က ရုပ်သံအမေးအဖြေတစ်ခုမှာ ပြောကြားလိုက်ပါတယ်။ ၇ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားဟာ ၂၀၁၅ ခုနှစ်ကတည်းက ပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ပူတင်က ဒီလိုတိုက်ခိုက်မှုဟာ ရုရှားတပ်ဖွဲ့တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ပြီး စစ်ရေးလေ့ကျင်တာနဲ့ တကယ်တိုက်ခိုက်ရတဲ့ အတွေ့အကြုံဟာ ဘယ်လိုမှ မယှဉ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
    ကင်ဂျုံအွန်ကို အိမ်ဖြူတော်ဖိတ်မည်ဟု ထရမ့်ပြော
    ===================
    စင်ကာပူက ထိပ်သီးအစည်းအဝေး စီစဉ်ထားတဲ့အတိုင်း အဆင်ပြေပြေ ဖြစ်လာမယ်ဆိုရင် ကင်ဂျုံအွန်ကို အိမ်ဖြူတော်လာရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူမှာ တွေ့ဆုံကြမှာဖြစ်ပြီး ကိုရီးယားစစ်ပွဲရပ်စဲရေး သဘောတူညီချက်တစ်ခု လက်မှတ်ထိုးနိုင်မယ်လို့လည်း ထရမ့်က ပြောပါတယ်။
    မီးတောင်လှုပ်မှုအတွင်း ပျောက်သွားသူများကို ရှာဖွေရေး ဂွါတီမာလာ ရပ်ဆိုင်း
    ==============
    တနင်္ဂနွေနေ့က မီးတောင်လှုပ်ခတ်မှုအတွင်း ပျောက်ဆုံးသွားတဲ့ လူ ၂၀၀ နီးပါး ရှာဖွေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ ဂွါတီမာလာ အမျိုးသားသဘာဝဘေးအေဂျင်စီက မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် သေဆုံးသူဟာ ၉၉ ဦးရှိခဲ့ပြီး ၁၉၇ ဦး ပျောက်ဆုံးနေတာပါ။ မီးတောင်ကထွက်တဲ့အရာတွေ အများအပြား
    ရှိနေတာ၊ ရာသီဥတုမကောင်းတာတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ပြန်တွေ့နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာလည်း မှေးမှိန်သွားပါတယ်။
    1MDB ကိစ္စအတွက် စီးပွားရေးလုပ်ငန်းရှင်များကို မလေးရှားက ဖမ်းဝရမ်းထုတ်
    ==============
    Ref: CNA, Aljazeera
  • ဆီးရီးယားသမ္မတအာဆတ် မြောက်ကိုရီးယားသို့ သွားရောက်မည်
    ဆီးရီးယားသမ္မတအာဆတ် မြောက်ကိုရီးယားသို့ သွားရောက်မည်
    ဇွန် ၃၊ ၂၀၁၈
    M-Media
    – ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်ဟာ မြောက်ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်မယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ဖော်ပြခဲ့ပြီး ကင်ဂျုံအွန် အာဏာရပြီးနောက်ပိုင်း နိုင်ငံ့အကြီးအကဲတစ်ဦး ပထမဆုံးလာရောက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။
    လာရောက်လည်ပတ်မယ့်အကြောင်းကို မေလ ၃၀ ရက်နေ့ မြောက်ကိုရီးယား သံတမန် မွန်ဂျုံနမ်နဲ့ ဒမတ်စကတ်မှာ တွေ့ဆုံမှုအတွင်း အာဆတ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    “ကျွန်တော့်အနေနဲ့ မြောက်ကိုရီးယားကို သွားရောက်လည်ပတ်ပြီး၊ ကင်ဂျုံအွန်နဲ့ တွေ့ဆုံသွားမှာပါ။ သူဟာ နောက်ဆုံးအောင်ပွဲကို အနိုင်ရပြီး ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းရေး အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် အသေအချာ ယုံကြည်ပါတယ်” လို့ အာဆတ်က ပြောကြားခဲ့ပါတယ်။
    ဒီသတင်းနဲ့ပတ်သက်ပြီး ဆီးရီးယားသမ္မတရုံးက ဘာမှ မထုတ်ပြန်သေးပါဘူး။
    မြောက်ကိုရီးယားနဲ့ ဆီးရီးယားတို့ဟာ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပြီး ကုလစောင့်ကြည့်ရေးတာဝန်ရှိသူတွေက သူတို့နှစ်နိုင်ငံဟာ ဓာတုလက်နက်တွေနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ မြောက်ကိုရီးယားကတော့ ဒီကိစ္စကို ငြင်းဆိုခဲ့ပါတယ်။
    ၂၀၁၁ ခုနှစ် အာဏာရပြီးနောက်ပိုင်းမှာ ကင်ဂျုံအွန်ဟာ မြောက်ကိုရီးယားမှာ အခြားနိုင်ငံတစ်ခုက ခေါင်းဆောင်တွေနဲ့ တရားဝင် တွေ့ဆုံတာမျိုး မရှိပါဘူး။
    Ref: Aljazeera
  • ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးထုတ်ပြန်
    ဆီးရီးယားရှိ အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးထုတ်ပြန်
    မေ ၁၀၊ ၂၀၁၈
    M-Media
    ဂိုလန်တောင်ကုန်းရှိ အစ္စရေးတပ်ဖွဲ့
    – ဆီးရီးယားနိုင်ငံအတွင်းက အီရန်အခြေစိုက်စခန်းတွေကို မနေ့က အကြီးစားတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အစ္စရေးက ဒီနေ့မှာ ပြောကြားလိုက်ပြီး အီရန်က ဂိုလန်တောင်ကုန်းမှာရှိတဲ့ သူတို့တပ်ဖွဲ့တွေအပေါ် ဒုံးကျည်နဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
    ဒုံးကျည်ပစ်ခတ်တဲ့နေရာတွေ၊ ထောက်လှမ်းရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ သိုလှောင်ရေးနေရာတွေနဲ့ ယာဉ်တွေကို ပစ်မှတ်ထားခဲ့တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ကွန်ရီကက်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
    စစ်ဆင်ရေးအတွင်း ဆီရီးယားစစ်တပ်ရဲ့ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
    ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက ဆီးရီးယားရဲ့ ရေဒါစနစ်တစ်ခု ဖျက်ဆီးခံလိုက်ရကြောင်း ဖော်ပြခဲ့ပါတယ်။
    ဂိုလန်တောင်ကုန်းဟာ ဆီးရီးယားပိုင်ဒေသဖြစ်ပြီး အစ္စရေးက ၁၉၆၇ ခုနှစ်စစ်ပွဲအပြီးမှာ ကျူးကျော်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
    အစ္စရေးဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆီးရီးယားပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်မှုပေါင်း တစ်ဒါဇင်ကျော်လောက် ပြုလုပ်ခဲ့ပြီး ဧပြီလကလည်း ဟုမ်းစ်ပြည်နယ်အနီးက လေတပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။
    ဖေဖော်ဝါရီလအတွင်းမှာ အစ္စရေး F-16 တိုက်လေယာဉ်တစ်စီးဟာ တိုက်ခိုက်ဖို့အတွက် ဆီးရီးယားကို ၀င်လာစဉ်မှာ ဆီးရီးယားတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ပါတယ်။ အစ္စရေးကတော့ ဂိုလန်တောင်ကုန်းကို အီရန်က ဒရုန်းတစ်စင်း လွှတ်မှုအတွက် တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    မနေ့ညပိုင်းက တိုက်ခိုက်မှုအတွင်းမှာ အစ္စရေး တိုက်လေယာဉ် အစီး ၂၀ လောက်ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးရဲ့ အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
    ကွန်ရီကက်စ်က တိုက်ခိုက်မှုလုပ်ခင်မှာ ရုရှားကို အကြောင်းကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera