News @ M-Media

Tag: Syria

  • ဆီးရီးယားအစိုးရတပ်များ ဓာတုလက်နက်အသုံးပြုသည်ဟု သတင်းထပ်ထွက်

    ဆီးရီးယားအစိုးရတပ်များ ဓာတုလက်နက်အသုံးပြုသည်ဟု သတင်းထပ်ထွက်

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    တိုက်ခိုက်ခံခဲ့ရသည့် ကလေးငယ်တစ်ဦး

    – ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်အနီး ဒူးမားမြို့မှာ ဆီးရီးယားအစိုးရတပ်ရဲ့ မနေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇၀ သေဆုံးခဲ့ပြီး ဓာတုလက်နက်တွေ အသုံးပြုတယ်လို့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    ဒူးမားမြို့ဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး White Helmets အဖွဲ့က သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေလည်း ရာနဲ့ချီ ရှိနေပါတယ်။

    “လူ ၇၀ လောက်ဟာ အသက်ရှူကြပ်သေဆုံးခဲ့ပြီး၊ ရာနဲ့ချီတဲ့လူတွေဟာလည်း အသက်ရှူကြပ်နေကြပါတယ်” လို့ White Helmets အဖွဲ့ခေါင်းဆောင် ရာအဒ် အလ်-ဆာလေဟ်က ဆိုပြီး သေဆုံးသူတွေ မြင့်တက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒူးမားမှာ ကလိုရင်းဓာတ်ငွေ့နဲ့ အခြား အားပြင်းတဲ့ ဓာတ်ငွေ့တစ်မျိုးကို ကြဲချခဲ့တာဖြစ်တယ်လို့လည်း ဆာလေဟ်က ပြောပါတယ်။

    “White Helmet အဖွဲ့ဝင်တွေဟာ ပြည်သူတွေကို ကူညီဖို့ ကြိုးစားနေပေမယ့် လုပ်နိုင်တာက အခြားနေရာတွေကို ခြေလျင် ပြောင်းရွှေ့ပေးနေရတာ ဖြစ်ပါတယ်။ ကားတွေအများစုနဲ့ စင်တာတွေအများစုက သုံးလို့မရပါဘူး”

    ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနကတော့ အစိုးရတပ်တွေဟာ ဓာတုလက်နက် အသုံပြုတာမျိုး မရှိဘူးလို့ ကြေငြာခဲ့ပါတယ်။

    ဒူမားဟာ အရှေ့ဂူတာဒေသမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးမြို့ဖြစ်ပြီး ဆီးရီးယားအစိုးရတပ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ သောကြာနေ့ကတည်းကစပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

    သူပုန်တွေထိန်းချုပ်ထားတဲ့ဒေသမှာ ဆီးရီးယားအစိုးရတပ်တွေဟာ ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ သတင်းတွေဟာ ယခင်ကလည်း ထွက်ခဲ့ဖူးပါတယ်။

    Ref: Aljazeera

  • ကမ္ဘာတစ်ဝှမ်း အငတ်ဘေးဆိုက်သူအရေအတွက် ၁၂၄ သန်းအထိ ရှိလာ

    ကမ္ဘာတစ်ဝှမ်း အငတ်ဘေးဆိုက်သူအရေအတွက် ၁၂၄ သန်းအထိ ရှိလာ

    မတ် ၂၄၊ ၂၀၁၈
    M-Media

    ဆီးရီးယားစစ်ပွဲကြောင့် ဒုက္ခရောက်နေကြသည့် ကလေးငယ်များ

    – ကမ္ဘာတစ်ဝှမ်းမှာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသူဟာ ၂၀၁၅ ခုနှစ်မှာ သန်း ၈၀ ရှိရာကနေ ၂၀၁၇ ခုနှစ်မှာ ၁၂၄ သန်းအထိ ရှိလာတယ်လို့ ကုလက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    ဆွစ်ဇာလန်မှာ ဗီဒီယိုကတစ်ဆင့်ပြုလုပ်တဲ့ အစည်းအဝေးမှာ ကုလ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် အကြီးအကဲ ဒေးဗစ် ဘီစလေက ‘လူတွေဟာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေတာတွေ’ မရပ်တန့်တဲ့အတွက် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ငတ်မွတ်ခေါင်းပါးသူတွေ ပိုမိုများပြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

    “ငတ်မွတ်ခေါင်းပါးသူအရေအတွက်ဟာ ၂၀၁၅ ခုနှစ်မှာ ၇၇၈ သန်း ရှိရာကနေ၊ ၂၀၁၆ ခုနှစ်မှာ ၈၁၅ သန်း ဖြစ်လာပါတယ်”

    ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ အငတ်ဘေးဆိုက်သူ အရေအတွက်ဟာ သန်း ၈၀ ကနေ ၁၂၄ သန်းအထိ တက်လာပါတယ်။

    ဘီစလေက အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတဲ့ လူပေါင်း ၈၁၅ သန်းရဲ့ ၆၀ ရာခိုင်နှုန်းဟာ ပဋိပက္ခတွေ ဖြစ်ပွားတဲ့ ဒေသတွေမှာ နေထိုင်နေရပြီး ပဋိပက္ခတွေသာ ဆက်ဖြစ်နေမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရမယ်ဆိုတဲ့ ရည်မှန်းချက် အောင်မြင်မှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

    ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယ အတွင်းရေးမှူး မာ့ခ် လိုကော့ခ်က ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း အငတ်ဘေးနဲ့ပတ်သက်ပြီး ဆိုးဆိုးဝါးဝါး ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့်လည်း ခန်းမှန်းသလိုဖြစ်တာ၊ အသက်သေလောက်တဲ့အထိဖြစ်တာမျိုး သိပ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

    လက်ရှိ အငတ်ဘေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ကောင်းနေတာက ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ နိုင်ငံတွေဖြစ်လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အာဆတ်အစိုးရလက်ချက်ကြောင့် အရှေ့ဂူတာတွင် လူ ၃၀ ကျော် မီးလောင်သေဆုံး

    အာဆတ်အစိုးရလက်ချက်ကြောင့် အရှေ့ဂူတာတွင် လူ ၃၀ ကျော် မီးလောင်သေဆုံး

    မတ် ၂၃၊ ၂၀၁၈
    M-Media

    တိုက်ခိုက်မှုဒဏ် ခံရသည့် ကလေးငယ်တစ်ဦး

    – မြို့တော်ဒမတ်စကတ်အနီး အရှေ့ဂူတာဒေသတွင် ဆီးရီးယားအစိုးရက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် အနည်းဆုံး ၃၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အာရ်ဘင်းမြို့တွင်ဖြစ်ပြီး အရပ်သားများ ပုံးအောင်းနေသည့် မြေအောက်ခန်းတစ်ခုသို့ အာဆတ်အစိုးရတပ်များက ယမန်နေ့တွင် မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    မြေပြင်သတင်းရင်းမြစ်များနှင့် White Helmets အဖွဲ့က သေဆုံးသူများမှာ မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း ဆိုးဆိုးရွားရွား မီးလောင်ဒဏ်ရာ ရသူများလည်း ရှိနေပြီး ဆေးကုသမှု ခံယူနေရသည်။

    ယခုလအစောပိုင်းကလည်း ဆီးရီးယားအစိုးရတပ်မှာ အာရ်ဘင်းမြို့တွင် ကလိုရင်းဓာတ်ငွေ့များ၊ မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု White Helmets အဖွဲ့က ပြောကြားခဲ့သည်။ သူပုန်များ ထိန်းချုပ်ထားသည့် အဆိုပါ အရှေ့ဂူတာဒေသတွင် အာဆတ်အစိုးရတပ်မှာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သတင်းများ ထွက်ခဲ့သည်။

    အရှေ့ဂူတာကို ၂၀၁၃ ခုနှစ်ကတည်းက လက်နက်ကိုင်သူပုန်များက သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

    ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစ၍ ဆီးရီးယားအစိုးရတပ်နှင့် ရုရှားတပ်များ တိုက်ခိုက်မှုကြောင့် ထိုဒေသတွင် သေဆုံးသူ အရပ်သားအရေအတွက်မှာ ၁၅၀၀ ကျော်သွားခဲ့ပြီဖြစ်သည်။

    Ref: Aljazeera

  • ၂၀၀၇ ခုနှစ်က ဆီးရီးယားရှိ နျူဓာတ်ပေါင်းဖိုကို တိုက်ခိုက်ခဲ့မှုကို အစ္စရေးအတည်ပြု

    ၂၀၀၇ ခုနှစ်က ဆီးရီးယားရှိ နျူဓာတ်ပေါင်းဖိုကို တိုက်ခိုက်ခဲ့မှုကို အစ္စရေးအတည်ပြု

    မတ် ၂၁၊ ၂၀၁၈
    M-Media

    တိုက်ခိုက်မှုမဖြစ်ခင် (၀ဲ) နှင့် တိုက်ခိုက်မှုဖြစ်ပြီး (ယာ)

    – လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဆီးရီးယားရှိ နျူကလီးယား ဓာတ်ပေါင်းဖိုဟု ယုံကြည်ရသည့် နေရာတစ်ခုအား ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးမှုကို အစ္စရေးစစ်တပ်က ယနေ့တွင် အတည်ပြု ပြောကြားလိုက်သည်။

    F-16 နှင့် F-15 တိုက်လေယာဉ် စုစုပေါင်း ၈ စင်းမှာ ဆီးရီးယားနိုင်ငံ ဒီအက်ဇိုဒေသရှိ နျူးကလီးယား ဓာတ်ပေါင်းဖိုကို ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ၄ နာရီတာ ကြာမြင့်သည့် လျှို့ဝှက်စစ်ဆင်ရေးအတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

    တိုက်ခိုက်မှုဖြစ်ပွားကတည်းက အစ္စရေး၏ လက်ချက်ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောကြားမှုများ ရှိခဲ့သော်လည်း အစ္စရေးကမူ ၁၁ နှစ်လုံးလုံး တုန့်ပြန်ခဲ့ခြင်း မရှိပေ။

    “၂၀၀၇ ခုနှစ် ဒီနျူကလီးယားဓာတ်ပေါင်းဖိုကို တိုက်ခိုက်မှုဟာ မိမိတို့ တည်ရှိမှုကို ခြိမ်းခြောက်နိုင်မယ့် ဘယ်လို တည်ဆောက်မှုမျိုးကိုမဆို အစ္စရေးက ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ သတင်းစကား ပေးလိုက်တာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က ဒီသတိပေးမှုဟာ ဒီနေ့အချိန်အထိလည်း ရှိနေပြီး အနာဂတ်ဘယ်အချိန်အထိမဆို ဆက်ရှိနေအုံးမှာပါ” ဟု အစ္စရေးစစ်တပ် အကြီးအကဲ ဂါဒီ အီဇန်ကွတ်က ပြောကြားခဲ့သည်။

    ထိုကိစ္စကို ယခုမှ အဘယ့်ကြောင့် ထုတ်ပြန်သလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အီရန်ကို သတိပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားမှုများ ရှိနေသည်။

    တိုက်ခိုက်ခံရပြီးနောက် ဆီးရီးယားအစိုးရမှာ ထိုနေရာအား နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ကို ၀င်ရောက်ကြည့်ရှုခွင့် မပေးမှုကြောင့် နျူဓာတ်ပေါင်းဖို မုချဖြစ်နိုင်သည်ဆိုသည့် ယူဆချက်များ ခိုင်မာလာခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် IAEA အကြီးအကဲ ယူကီယာ အေမာနိုက အစ္စရေး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် အဆောက်အဦးမှာ အနာဂတ်တွင် နျူဓာတ်ပေါင်းဖိုအဖြစ် ရည်ရွယ်ဆောင်ရွက်နေသည့် နေရာဖြစ်သည်ဟု အတည်ပြုခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားရှိ အက်ဖရင်ဒေသအား သိမ်းယူနိုင်ပြီဟု တူရကီ ကြေငြာ

    ဆီးရီးယားရှိ အက်ဖရင်ဒေသအား သိမ်းယူနိုင်ပြီဟု တူရကီ ကြေငြာ

    မတ် ၁၈၊ ၂၀၁၈
    M-Media

    အက်ဖရင်မြို့လယ်ကောင်တွင် တူရကီနှင့် ဆီးရီးယားအလံများကို တွေ့ရစဉ်

    – ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အက်ဖရင်မြို့အား အပြည့်အ၀ သိမ်းပိုက်နိုင်ပြီဟု တူရကီစစ်တပ်နှင့် သမ္မတ အာဒိုဂန်တို့က ယနေ့တွင် ကြေငြာလိုက်သည်။

    အက်ဖရင်ဒေသမှာ ယခင်က ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသဖြစ်ပြီး တူရကီက ကာ့ဒ်တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့ဟုဆိုကာ ဇန်န၀ါရီလမှ စတင်၍ ၀င်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တူရကီစစ်တပ်က ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ၎င်းတို့တပ်ဖွဲ့နှင့် အာဆတ်အစိုးရအား ဆန့်ကျင်သော Free Syrian Army တပ်ဖွဲ့တို့မှာ အက်ဖရင်မြို့လယ်ကောင်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ကျွမ်းကျင်သူများမှာ မြေမြှုပ်မိုင်းနှင့် အခြား ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ရှာဖွေနေကြောင်း ဖော်ပြထားသည်။

    သမ္မတ အာဒိုဂန်ကလည်း စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ အကြမ်းဖက်သမား ၃၆၀၃ ဦးကို လက်နက်ဖြုတ်သိမ်းနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အက်ဖရင်မြို့လယ်ကောင်တွင် တူရကီအလံ လွှင့်တင်ထားသော ဗီဒီယိုတစ်ခုကိုလည်း တူရကီစစ်တပ်က ဆိုရှယ်မီဒီယာတွင် မျှဝေခဲ့သည်။

    ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အက်ဖရင်မြို့ တိုက်ပွဲများကြောင့် ဗုဒ္ဓဟူးနေ့မှစ၍ အနည်းဆုံး လူပေါင်း ၁၅၀၀၀၀ ခန့် ထွက်ပြေးခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera