News @ M-Media

ကမ္ဘာတစ်ဝှမ်း အငတ်ဘေးဆိုက်သူအရေအတွက် ၁၂၄ သန်းအထိ ရှိလာ

မတ် ၂၄၊ ၂၀၁၈
M-Media

ဆီးရီးယားစစ်ပွဲကြောင့် ဒုက္ခရောက်နေကြသည့် ကလေးငယ်များ

– ကမ္ဘာတစ်ဝှမ်းမှာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသူဟာ ၂၀၁၅ ခုနှစ်မှာ သန်း ၈၀ ရှိရာကနေ ၂၀၁၇ ခုနှစ်မှာ ၁၂၄ သန်းအထိ ရှိလာတယ်လို့ ကုလက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်မှာ ဗီဒီယိုကတစ်ဆင့်ပြုလုပ်တဲ့ အစည်းအဝေးမှာ ကုလ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် အကြီးအကဲ ဒေးဗစ် ဘီစလေက ‘လူတွေဟာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေတာတွေ’ မရပ်တန့်တဲ့အတွက် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ငတ်မွတ်ခေါင်းပါးသူတွေ ပိုမိုများပြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

“ငတ်မွတ်ခေါင်းပါးသူအရေအတွက်ဟာ ၂၀၁၅ ခုနှစ်မှာ ၇၇၈ သန်း ရှိရာကနေ၊ ၂၀၁၆ ခုနှစ်မှာ ၈၁၅ သန်း ဖြစ်လာပါတယ်”

ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ အငတ်ဘေးဆိုက်သူ အရေအတွက်ဟာ သန်း ၈၀ ကနေ ၁၂၄ သန်းအထိ တက်လာပါတယ်။

ဘီစလေက အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတဲ့ လူပေါင်း ၈၁၅ သန်းရဲ့ ၆၀ ရာခိုင်နှုန်းဟာ ပဋိပက္ခတွေ ဖြစ်ပွားတဲ့ ဒေသတွေမှာ နေထိုင်နေရပြီး ပဋိပက္ခတွေသာ ဆက်ဖြစ်နေမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရမယ်ဆိုတဲ့ ရည်မှန်းချက် အောင်မြင်မှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယ အတွင်းရေးမှူး မာ့ခ် လိုကော့ခ်က ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း အငတ်ဘေးနဲ့ပတ်သက်ပြီး ဆိုးဆိုးဝါးဝါး ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့်လည်း ခန်းမှန်းသလိုဖြစ်တာ၊ အသက်သေလောက်တဲ့အထိဖြစ်တာမျိုး သိပ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိ အငတ်ဘေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ကောင်းနေတာက ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ နိုင်ငံတွေဖြစ်လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Ref: Aljazeera