News @ M-Media

Tag: Syria

  • ဆီးရီးယားမှ နာမည်ကျော် White Helmet ကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦး ရုံးခန်းတွင် သတ်ဖြတ်ခံရ

    ဆီးရီးယားမှ နာမည်ကျော် White Helmet ကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦး ရုံးခန်းတွင် သတ်ဖြတ်ခံရ

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – ဆီးရီးယားတွင် ပြည်တွင်းစစ်ဒဏ် ခံစားနေရသည့် ပြည်သူများအား ကူညီကယ်တင်ပေးနေသည့် White Helmets အဖွဲ့၏ အီဒလစ်ဘ်ပြည်နယ်မှ ရုံးခန်းကို သေနတ်သမားများက ၀င်ရောက်စီးနင်းခဲ့ပြီး အဖွဲ့ဝင် ၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

    White Helmets အဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဆာရ်မင်းမြို့မှ ထိုတိုက်ခိုက်မှုမှာ ယနေ့မနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ သေနတ်သမားများမှာ ကားနှစ်စီးနှင့် အခြားပစ္စည်းကိရိယာများကိုလည်း ခိုးယူသွားခဲ့သည်။

    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်းမရှိသေးပေ။ အီဒလစ်ဘ်ပြည်နယ်မှာ သမ္မတ ဘာရှာ အလ်အာဆတ်ကို ဆန့်ကျင်သည့် သူပုန်များ ထိန်းချုပ်ထားရာ ဒေသဖြစ်ပြီး ဆာရ်မင်းမြို့တွင် အလ်ကိုင်းဒါးနှင့် ဆက်နွယ်နေသည့် တိုက်ခိုက်ရေးသမားများနှင့် လက်ယာစွန်းရောက် Ahrar al-Sham အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားကာ မြို့၏ ဒေသအများအပြားကို အလ်ကိုင်းဒါးအဖွဲ့က ထိန်းချုပ်ထားသည်။

    ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က White Helmets အဖွဲ့ဝင်များမှာ အသံတိတ်ပစ္စတိုဖြင့် ဦးခေါင်းကို ပစ်သတ်ခံရခြင်းဖြစ်ပြီး၊ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ မနက်တွင် ရောက်လာသည့်အချိန်ကျမှ သေဆုံးကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးကမူ ထိုတိုက်ခိုက်မှုကို IS အဖွဲ့ဝင်များက ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

    White Helmets အဖွဲ့မှာ ပြည်တွင်းစစ်ဒဏ် ခံစားနေရသော ပြည်သူများကို စွမ်းစွမ်းတမံ ကူညီကယ်တင်မှုကြောင့် ပြီးခဲ့သည့်နှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ဇကာတင်စာရင်းဝင်ခဲ့သည်။

    Ref: Alarabiya

  • မလျှော့သောဇွဲဖြင့် ဆရာဝန်ဖြစ်အောင်ကြိုးစားခဲ့သည့် ဆီးရီးယားဒုက္ခသည်ကို လန်ဒန်မြို့တော်ဝန် ချီကျူး

    မလျှော့သောဇွဲဖြင့် ဆရာဝန်ဖြစ်အောင်ကြိုးစားခဲ့သည့် ဆီးရီးယားဒုက္ခသည်ကို လန်ဒန်မြို့တော်ဝန် ချီကျူး

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    – နိုင်ငံ ၄ နိုင်ငံတွင် ခိုလှုံကာ ၂၁ ကြိမ်တိုင်တိုင် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် ဆီရီးယားဒုက္ခသည်တစ်ဦးမှာ လန်ဒန်တက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပြီး ၎င်း၏ မလျှော့သောလုံ့လကို လန်ဒန်မြို့တော်ဝန်က ချီးကျူးခဲ့သည်။

    ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့မှ ထွက်ပြေးလာရသည့် တီရက်ဂ်ျ ဘရီမိုမှာ ယူကေတွေ ခိုလှုံခွင့်တောင်းခံခဲ့ပြီးနောက် ပြီးခဲ့သည့် ၄ နှစ်မှစ၍ လန်ဒန်တက္ကသိုလ်တွင် တက်ရောက်ခဲ့ကာ ဒေါက်တာဘွဲ့ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ဘရီမိုကို ချီးကျူးခဲ့ပြီး ၎င်းနှင့် တွဲရိုက်ထားသည့်ပုံကို Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

    ဘရီမိုက မိမိအနေဖြင့် အရေးပေါ် ဆေးဝါးကုသမှု ဘာသာရပ်တွင် ထူးချွန်ပေါက်မြောက်ချင်ကြောင်း၊ ဘ၀သစ်ကိုစတင်ကာ ချစ်ရသူများကို ကြည့်ရှုစောင့်ရှောက်ချင်ကြောင်း London Evening Standard သို့ ပြောကြားခဲ့သည်။

    “(ဆီးရီးယားနဲ့ ယူကေကို) ကျွန်တော် သံယောဇဉ်ရှိတယ်။ ဒီနှစ်နိုင်ငံစလုံးအတွက် လုပ်ပေးချင်တယ်။ တစ်နေ့ကျရင် စစ်ဖြစ်ခဲ့တဲ့နေရာ (ဆီးရီးယား) ကို ကျွန်တော်သွားမယ်။ ဘာ့ကြောင့်လည်းဆိုတော့ အရာအားလုံးကို တစ်ကြိမ်တည်းမှာ ဆုံးရှုံးလိုက်ရတာဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ကျွန်တော် နားလည်တယ်။ တစ်ယောက်ယောက်က နောက်တစ်ယောက်ကို ထွေးပွေ့ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒါကို ဗြိတိန်လူ့အဖွဲ့အစည်းအပေါ်ထားတဲ့ ကျွန်တော့်ရဲ့စေတနာနဲ့တော့ နှိုင်းယှဉ်မှာမဟုတ်ပါဘူး”

    ဘရီမိုမှာ အလက်ပိုတွင် ဆေးကျောင်းတက်ခဲ့ပြီး ၆ နှစ်တာမြင့်မည့် သင်ကြားမှုတွင် ၁၀ လသာ တက်ခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာခဲ့ရသည်။ ထို့နောက် လက်ဘနွန်မှတစ်ဆင့် အီဂျစ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဆေးကျောင်း အပြီးအထိတက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

    ၂၀၁၃ ခုနှစ်တွင် မိခင်၊ ညီ၊ ညီမများနှင့်ယူကေသို့ ရောက်ရှိလာခဲ့ပြီးနောက် ဘရီမိုမှာ ဆေးကျောင်းတိုင်းကို လိုက်လံလျှောက်ထားခဲ့ပြီး သင်ရိုးများ မတူသောကြောင့် အများစုက ၎င်းအား လက်မခံခဲ့ပေ။ သို့သော်လည်း လန်ဒန်တက္ကသိုလ်ရှိ စိန့်ဂျော့ကောလိပ်က ၎င်းအား အင်တာဗျူးခဲ့ပြီး တတိယနှစ်မှစ၍ တက်ရောက်ခွင့်ပေးခဲ့သည်။

    Ref: Alarabiya

  • ရာနီယာ ကီဆာရ် (သို့) စစ်သွေးကြွများကိုအန်တုကာ ဆီးရီးယားတွင် ပညာဖြန့်ဝေနေသူ

    ရာနီယာ ကီဆာရ် (သို့) စစ်သွေးကြွများကိုအန်တုကာ ဆီးရီးယားတွင် ပညာဖြန့်ဝေနေသူ

    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media

    ဆီးရီးယားက အလ်ကိုင်းဒါးမဟာမိတ် အုပ်စိုးတဲ့ ဒေသလေးတစ်ခုမှာ စာသင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားတဲ့ ဆီးရီးယား-အမေရိကန် အမျိုးသမီး ရာနီယာ ကီဆာရ်တစ်ယောက် ဒီစစ်သွေးကြွအုပ်စုနဲ့ ညှိနှိုင်းတန် ညှိနှိုင်း၊ ဆန့်ကျင်တန်ဆန့်ကျင်နဲ့ သူရည်မှန်းထားတဲ့ ခရီးကို ဆက်လက်ချီတက်နေပါတယ်။

    – ဆီးရီးယားက အလ်ကိုင်းဒါးမဟာမိတ် အုပ်စိုးတဲ့ ဒေသလေးတစ်ခုမှာ စာသင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားတဲ့ ဆီးရီးယား-အမေရိကန် အမျိုးသမီး ရာနီယာ ကီဆာရ်တစ်ယောက် ဒီစစ်သွေးကြွအုပ်စုနဲ့ ညှိနှိုင်းတန် ညှိနှိုင်း၊ ဆန့်ကျင်တန်ဆန့်ကျင်နဲ့ သူရည်မှန်းထားတဲ့ ခရီးကို ဆက်လက်ချီတက်နေပါတယ်။

    ကျောင်းသားတွေအတွက် ဘွဲ့နှင်းသဘင်လုပ်ဖို့ စီစဉ်ချိန် အဲဒီစစ်သွေးကြွအုပ်စုက အခမ်းအနားနာမှာ သီချင်းဖွင့်လားဆိုတာကို စောင့်ကြည့်ဖို့ ကြီးကြပ်သူတစ်ယောက်လွှတ်ခဲ့ပြီး ကီဆာရ်က ဒါနဲ့ပတ်သက်လို့ လက်မခံပါဘူး။ ဒါပေမယ့် ဘွဲ့နှင်းသဘင်နေ့မှာ သူမဟာ ဒီအုပ်စုကို ဖိတ်ကြားခဲ့ပါတယ်။

    ကြီးကြပ်သူရဲ့ဆန္ဒအတိုင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ဧည့်သည့်တော်တွေ၊ မိသားစုဝင်တွေနဲ့ စစ်သွေးကြွအဖွဲ့က ကိုယ်စားလှယ်တွေအရှေ့မှာ ကျောင်းသားတွေအားလုံးကို စုရုံးပြီးတဲ့အခါမှာတော့ ကီဆာရ်ဟာ အမေရိကန်ကျောင်းတွေရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဖွင့်လေ့ရှိတဲ့ Pomp and Circumstance သီချင်းကို ဖွင့်ခဲ့ပါတယ်။

    ဒါဟာ တွက်ချက်ထားပြီးသား အလောင်းအစားတစ်ခုလည်း ဖြစ်ပါတယ်။ စစ်သွေးကြွတွေ ဘယ်လိုတုန့်ပြန်မလဲဆိုတာက သူမက သွေးတိုးစမ်းလိုက်တာပါ။

    “ဘာမှ ထူးခြားမလာဘူးရှင့်။ သူတို့ ဘာမှမလုပ်ပါဘူး” လို့ ကီဆာရ်က ပြောပါတယ်။ အစောပိုင်းက ဒီကိစ္စမှာ ဘာဖြစ်လို့ သူတို့ဝင်ပါလဲဆိုတာကိုလည်း သူမက သိနေပါတယ်။

    “ဒီလိုဝင်မပါလို့ရှိရင် သူတို့ ပါဝါမရှိဘူးလို့ လူတွေက ထင်ကြမှာပေါ့”

    ကီဆာရ် ကျောင်းဖွင့်ထားတဲ့ အစ်ဒလစ်ဘ်ပြည်နယ်ဟာ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိပြီး သမ္မတ ဘာရှာ အာဆတ်ကို ဆန့်ကျင်ကာ ၂၀၁၁ ခုနှစ်ကတည်းက ထခဲ့တဲ့ သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်စခန်းဖြစ်ပါတယ်။ အဲဒီပြည်နယ်မှာ အလ်ကိုင်းဒါကို သစ္စာခံတဲ့အုပ်စုက အင်အားအတောင့်တင်းဆုံးဖြစ်ပြီး အုပ်စုငယ်လေးတွေစုထားတဲ့ သူတို့အုပ်စုကို Hayat Fatah al-Sham အဖွဲ့က ဦးဆောင်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှာတော့ အတိုက်အခံတွေက ဖွဲ့စည်းထားတဲ့ အစိုးရက လွှမ်းမိုးပါတယ်။

    ဒါပေမယ့် ဒီအုပ်စုဟာ သူတို့ရဲ့ခြေလှမ်းကို ဂရုတစ်စိုက်နဲ့ လှမ်းနေရပြီး ဒေသကို ထိန်းချုပ်ထားမယ့် သူတို့ရဲ့ရည်ရွယ်ချက်၊ ဒေသခံတွေ၊ အခြားသောအုပ်စုတွေနဲ့ အတိုက်အခံမဖြစ်ဖို့ဆိုတဲ့ အခြေအနေကြားမှာ ချိန်ညှိဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ အခြေအနေက တည်တည်ငြိမ်ငြိမ်ရှိနေပြီး သူတို့အာဏာရှိကြောင်း ပြသနိုင်မယ့် အခွင့်အလမ်းတိုင်းကို ဒီစစ်သွေးကြွအဖွဲ့က လက်လွှတ်မခံပေမယ့် အစွန်းရောက်အုပ်စုတွေရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ အစ္စလာမ့်မစ်ဥပဒေ ပြဌာန်းမှုကိုတော့ သိပ်ပြီ စိတ်ဝင်စားပုံမရပါဘူး။

    ရာဇ၀တ်ကောင်တွေကို လူသူရှေ့မှာ သတ်ပြတာမျိုး မရှိသလို၊ ဘာသာရေးပုလိပ်တွေ ပတ္တရောင်လှည့်ပြီး လူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ အမျိုးသမီးတွေကို အတင်းမျက်နှာအုပ်ခိုင်းတာမျိုးလည်း မရှိပါဘူး။ ဒါဟာ အဲဒီစစ်သွေးကြွအုပ်စုနဲ့ IS တို့ကြားက ကွာခြားချက်ဖြစ်ပါတယ်။

    ပြည်တွင်းစစ်ကြောင့် နိုင်ငံတစ်ဝှမ်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၉ သိန်းကျော်လောက် အစ်ဒလစ်ဘ်ပြည်နယ်မှာ ရှိနေပါတယ်။

    SHINE ဖောင်ဒေးရှင်း

    ၂၀၁၅ ခုနှစ်မှာ ကီဆာရ်ဟာ အစ်ဒလစ်ဘ်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မာရကတ် အလ်-နူမန်မှာ အမျိုးသား စွမ်းအားမြှင့်တင်ရေးဆိုင်ရာ ဆီးရီးယား လူသားချင်းစာနာထောက်ထားမှု အင်စတီကျု (SHINE) ကို တည်ထောင်ခဲ့ပြီး အရွယ်ရောက်တဲ့သူတွေကို ကွန်ပျူတာသင်တန်း၊ ပရိုဂရမ်ရေးဆွဲနည်းသင်တန်း၊ ၀ဘ်ဒီဇိုးသင်တန်းတွေ သင်ပေးနေပါတယ်။

    SHINE အဖွဲ့ကို အမေရိကန်ပြည်ထေင်စု ဒါးလက်စ်မြို့မှာ မှတ်ပုံတင်ထားပြီး တူရကီ၊ အမေရိကနဲ့ အခြားနေရာတွေက ပြည်သူတွေရဲ့ထောက်ပံ့ပေးမှုနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီအင်စတီကျုကနေ လက်ရှိမှာ ကျောင်းသားပေါင်း ၂၃၇ ဦးကို ဘွဲ့ပေးနိုင်ခဲ့ပါတယ်။

    ကီဆာရ်ဟာ geek squad (ဂုရုအဖွဲ့) ဆိုတဲ့ အဖွဲ့အလေးတစ်ခုကိုလည်း ဖွဲ့စည်းပေးထားပြီး အဲဒီအဖွဲ့က အမျိုးသား၊ အမျိုးသမီးတွေဟာ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေကို ပြင်ဆင်ပေးနိုင်နေပါပြီ။ ဒါဟာ တယ်လီဖုန်းလိုင်းတွေမရှိဘဲ အင်တာနက်ဆက်သွယ်မှုအတွက် ဂြိုဟ်တုဆက်သွယ်ရေးကို မှီခိုနေရတဲ့ ဒီဒေသအတွက်တော့ တော်တော်လေး အရေးပါပါတယ်။

    “ပုဂ္ဂလိကကျောင်းမရှိဘူး၊ တက္ကသိုလ်မရှိဘူး၊ ဆေးရုံတွေလည်း မရှိပါဘူး။ ဒီဒေသက လူနည်းနည်း၊ စတနာ့ဝန်ထမ်း နည်းနည်းနဲ့ ကျွန်မတို့အုပ်စုကပဲ ရှေ့ဆက်လျှောက်နေရပြီး ‘ရတယ်။ ငါတို့ လမ်းတွေဖောက်သွားမယ်။ ဆေးရုံတွေမှာ စေတနာ့ဝန်ထမ်းလုပ်မယ်။ ကျောင်းတွေဆောက်မယ်။ ဒါဟာ ငါတို့ရဲ့ အလုပ်၊ ငါတို့ရဲ့ ဂုဏ်’ လို့ အားပေးနေရပါတယ်” လို့ ကီဆာရ်က ပြောကြားခဲ့ပါတယ်။

    ကီဆာရ်တစ်ယောက် စစ်သွေးကြွတွေနဲ့ ပထမဆုံး ရင်ဆိုင်ရတာက သူမရဲ့ အလုပ်အတွက် ဒီဒေသကို စီမံနေတဲ့အဖွဲ့ကနေ အသိအမှတ်ပြုမှုရဖို့ ရှင်းပြရတဲ့အချိန် ဖြစ်ပါတယ်။ တာဝန်ရှိသူတစ်ယောက်နဲ့ သူမ ကတောက်ကဆဖြစ်ခဲ့ပြီး လက်နက်ကိုင်အုပ်စုတွေအနေနဲ့ ပြည်သူတွေရဲ့ ကိစ္စတွေကို မထိန်းချုပ်သင့်ဘူးလို့ သူက ပြောခဲ့ပါတယ်။

    သူမဟာ အမျိုးသမီးဖြစ်တာကြောင့် အဲဒီတာဝန်ရှိသူက မျက်လုံးချင်းဆုံပြီး မကြည့်ပါဘူး။ ဒါပေမယ့် ကီဆာရ်ဟာ အမေရိကန်ကလို့ ကြားတဲ့အခါ ဒီလူက “အမေရိကန်မွတ်စလင်တစ်ယောက် ဒီမှာရှိတဲ့အတွက် ငါတို့ဂုဏ်ယူတယ်။ ခင်ဗျားကို ဒီမှာရှိစေချင်တယ်” လို့ ပြန်ပြောခဲ့ကြောင်း ကီဆာရ်က ပြောပါတယ်။

    ထိပ်တိုက်တွေ့ဆုံမှုများ

    စစ်သွေးကြွတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ သူမဟာ လေးစားတဲ့အနေအထားမျိုးနဲ့ပဲ စကားပြောဆိုခဲ့ပြီး ဒါက သူမရဲ့အလုပ်အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။ သူမဟာ အမျိုးသမီးတစ်ယောက် ဖြစ်နေတာကလည်း တစ်ပန်းသာပါတယ်။

    “ကိစ္စတော်တော်များများကို ကျွန်မ ဖြတ်ကျော်နိုင်ခဲ့တယ်။ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် ကျွန်မဟာ သက်ညာမှုလည်း တော်တော်ရခဲ့ပါတယ်”

    ရှေးရိုးစွဲ စစ်သွေးကြွတွေက အမျိုးသားနဲ့ အမျိုးသမီးတွေကို စာအတူတူတွဲသင်မှာ စိုးရိမ်ပြီး ကီးဆာရ်က အမျိုးသားတွေကို အောက်ထပ်မှာသင်စေကာ၊ အမျိုးသမီးတွေကိုတော့ အပေါ်ထပ်မှာ သင်စေခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အပေါ်ထပ်ပြိုသွားတဲ့အခါ ကီဆာရ်ဟာ အောက်ထပ်မှာပဲ အမျိုးသား၊ အမျိုးသမီး ခွဲသင်ပေးခဲ့ပါတယ်။

    သူတို့ကိုမထိခိုက်ရအောင် သင်ရိုးကို ရေးစွဲထားပေမယ့် စစ်သွေးကြွတွေဟာ အတန်းတွေကို လာလာစစ်ဆေးကြပါတယ်။

    “အားလုံးကို သူတို့က ၀င်စွက်ချင်တာရှင့်” လို့ ကီဆာရ်က ပြောပါတယ်။

    Hayat Fatah al-Sham အဖွဲ့ဟာ အစ်ဒလစ်ဘ်ပြည်နယ်က နေ့စဉ်ကိစ္စတွေနဲ့ လှုမှုအဖွဲ့အစည်းတွေအပေါ် ၀င်စွက်မှု တိုးလာခဲ့ပြီး ပစ္စည်းတွေ သိမ်းတာ၊ ကုန်သွယ်ဌာနတွေကို ထိန်းချုပ်တာ လုပ်လာတယ်လို့ Century Foundation အဖွဲ့က ဆမ် ဟယ်လာက ဆိုပါတယ်။ အကူအညီပေးရေးကိစ္စကို ထိန်းချုပ်ဖို့ ကြိုးစားလာတာကြောင့် အကူအညီပေးရေး အသိုင်းအ၀ိုင်းအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အလ်ကိုင်းဒါကို သစ္စာခံတဲ့အဖွဲ့တွေနဲ့ ဆီးရီးယားလွတ်မြောက်ရေးအဖွဲ့တွေအကြား ဇွန်လမှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ဒီပြဿနာတွေကြောင့် ကီဆာရ်က စိတ်ဓာတ်ကျဆင်းကာ အန္တရာယ်ကင်းအဖွဲ့အတွက် မြို့ကနေ ရက်အနည်းငယ်လောက် ထွက်သွားခဲ့ပါတယ်။

    နောက်ပိုင်း တိုက်ခိုက်မှုတွေ ရပ်ဆဲသွားတဲ့ခါမှာ ကီဆာရ်ဟာ အစ်ဒလစ်ဘ်ကို ပြန်သွားခဲ့ပြီး မွတ်စလင်တွေရဲ့ ၀ါကျွတ်အီးဒ်ပွဲတော်အတွက် ကလေးတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။

    “ရှင်တို့ ဗီဒီယိုတွေ ကြည့်ကြည့်ရှင့်။ ဒစ္စနေလန်းလိုပဲ ရှိုင်းလန်းပေါ့။ တော်တော်မိုက်ပါတယ်” လို့ ကီဆာရ်တစ်ယောက် ရယ်ကျဲ့ကျဲ့နဲ့ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ဆီးရီးယားဒေသတစ်ချို့ အပစ်ရပ်ရေး ကန်-ရုရှား သဘောတူ

    ဆီးရီးယားဒေသတစ်ချို့ အပစ်ရပ်ရေး ကန်-ရုရှား သဘောတူ

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသ အပစ်ရပ်ရေး ကိစ္စအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့မှာ ဟမ်းဘတ်မြို့တွင် ကျင်းပပြုလုပ်နေသည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီခဲ့သည်ဟု သိရသည်။

    သောကြာနေ့က ခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံမှုအတွင်း ထိုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်ပြီး ဒါရာ၊ ကွမ်အစ်ထရာ၊ ဆူဝေဒါဒေသများမှာ အဆိုပါ အပစ်ရပ်ရေးသဘောတူညီချက်တွင် အကျုံးဝင်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ပြောကြားခဲ့သည်။ ဆွေးနွေးမှုအတွင်း ဂျော်ဒန် တာဝန်ရှိသူများလည်း ပါဝင်သည်။

    အပစ်ရပ်ရေးကို ဇူလိုင် ၉ ရက်နေ့တွင် စတင်မည်ဖြစ်ကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြိး ရက်စ် တီလာဆန်က အဆိုပါ သဘောတူညီချက်မှာ ဆီးရီးယားကိစ္စတွင် အမေရိကန်နှင့် ရုရှားတို့ ပူးတွဲဆောင်ရွက်နိုင်သည်ဆိုသည်ကို ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားတွင် ယခင်ကလည်း အပစ်ရပ်ရေးသဘောတူညီချက်များ ရယူခဲ့ပြီး အောင်မြင်ခြင်းမရှိခဲ့ပေ။

    ၆ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲတွင် လူသန်းဝက်ခန့် သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။

    ရုရှားမှာ အာဏာရှင် အာဆတ်အစိုးရကို ကျောထောက်နောက်ခံပြုထားပြီး အမေရိကန်က သူပုန်များကို ထောက်ပံ့မှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • ကမ္ဘာ့ခေါင်းဆောင်တွေ ဒုက္ခသည်ဖြစ်ရင် ဘယ်လိုနေမလဲ

    ကမ္ဘာ့ခေါင်းဆောင်တွေ ဒုက္ခသည်ဖြစ်ရင် ဘယ်လိုနေမလဲ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – ၂၀၁၆ ခုနှစ်ကုန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ဒုက္ခသည်ပေါင်း ၆၅ သန်းကျော်လောက် ရှိပါတယ်။

    အဲဒီအထဲမှာ ဆီးရီးယားနိုင်ငံက ဒုက္ခသည် ၁၂ သန်းနဲ့ ဒုက္ခသည်အများဆုံးတိုင်းပြည် ဖြစ်နေပါတယ်။

    ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ အာဏာရှင်အာဆတ်ကို ဖြုတ်ချရေး လှုပ်ရှားမှုဟာ သူပုန်အားပေးတဲ့ အမေရိကန်နဲ့ မဟာမိတ်အုပ်စု၊ အာဆတ်ကိုထောက်ခံတဲ့ ရုရှားနဲ့ အီရန်လို နိုင်ငံတွေ မီးထိုးပေးမှုကြောင့် ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်လာတာ ဒီနေ့အထိပါပဲ။

    ဆီးရီးယားက ဒုက္ခသည်အရေးဟာလည်း ကမ္ဘာ့အရေးဖြစ်လာခဲ့ပြီး လူသားချင်းစာနာစိတ်နဲ့ ဖေးမကူညီသူတွေရှိသလို၊ ၀န်ထုတ်ဝန်ဖိုးအဖြစ် မှတ်ယူသူ ကမ္ဘာ့ခေါင်းဆောင်တွေလည်း ရှိပါတယ်။

    ဆီးရီးယားက ပန်းချီပညာရှင် အဘ်ဒဲလာ အလ်-အိုမာရီကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ဒုက္ခသည်ဘ၀ရောက်ရင် ဖြစ်လာနိုင်တဲ့ ပုံစံတွေကို ပုံဖော်ကွန်မြူးခဲ့ပြီး သူတို့ရဲ့ ဒုက္ခသုက္ခတွေကို ထင်ဟပ်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    အလ်-အိုမာရီရဲ့ ဖန်တီးမှု၊ သူ့ရဲ့ ရင်ဖွင့်သံတွေကို ဒီဗီယိုအတိုလေးမှာ မြင်ရ၊ ကြားရမှာပါ။

    Aljazeera က ဗီဒီယိုက M-Media က ဘာသာပြန်ဆို တင်ဆက်တာ ဖြစ်ပါတယ်။