News @ M-Media

Tag: Syria

  • ဆီးရီးယားတွင် တူရကီက တပ်အင်အားဖြည့်၊ အာဆတ်အစိုးရနှင့် တင်းမာမှု မြင့်တက်

    ဆီးရီးယားတွင် တူရကီက တပ်အင်အားဖြည့်၊ အာဆတ်အစိုးရနှင့် တင်းမာမှု မြင့်တက်

    ဖေဖော်ဝါရီ ၈၊ ၂၀၂၀
    M-Media

    -ဆီးရီးယားနိုင်ငံက သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်ဖြစ်တဲ့ အီဒလစ်ပြည်နယ်က စစ်စခန်း း ၁၂ ခုမှာ ကွန်မန်ဒိုတွေ၊ ၊ လက်နက်ခဲယမ်းတွေပါဝင်တဲ့ စစ်တပ်ယာဉ် အစီးပေါင်း ၁၅၀ လောက်ကို ထပ်မံစေလွှတ် အင်အားဖြည့်တင်းခဲ့တယ်လို့ တူရကီ နိုင်ငံပိုင်သတင်းဌာန Anadolu က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ရုရှားကျောထောက်နောက်ခံပြုထားတဲ့ အာဆတ်အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီဒလစ်ပြည်နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်မှုတွေ အကြီးအကျယ်ပြုလုပ်နေပြီး တူရကီနဲ့ တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ် ရုရှားနဲ့ရရှိခဲ့တဲ့ သဘောတူညီချက်အရ အီဒလစ်ပြည်နယ် အရှေ့တောင်ပိုင်းမှာ စစ်စခန်း ၉ ခု တည်ဆောက်ထားရာမှာ လက်ရှိ အားလုံးကို ‌ဆီးရီးယားအစိုးရတပ်တွေရဲ့ ဝန်းရံပိတ်ဆို့မှုကို ခံနေရတယ်လို့ တူရကီက ပြောကြားခဲ့ပါတယ်။ အာဆတ်အစိုးရတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် အီဒလစ်ပြည်နယ်ကနေ ဒုက္ခသည် သိန်းချီ တူရကီထဲကို ထွက်ပြေးခဲ့ရပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှ ဒါတွေကို မရပ်တန့်ဘူးဆိုရင် ဆီးရီးယားအစိုးရတပ်ကို ပြန်တိုက်မယ်လို့ တူရကီသမ္မတ အာဒိုဂန်က ခြိမ်းခြောက်ခဲ့ပါတယ်။

    ဆီးရီးယားနဲ့ တူရကီတို့အကြား တင်းမာမှုတွေ လျော့ချဖို့အတွက် ရုရှားအာဏာပိုင်တွေဟာ အန်ကာရာကို လာရောက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

    ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေအတွင်း ရုရှား၊ တူရကီနဲ့ အီရန်တို့အကြား ရရှိခဲ့တဲ့ သဘောတူညီချက်တွေမှာ အီဒလစ်ပြည်နယ်နဲ့ အရှေ့ဂူတာဒေသက မြို့တွေကို တင်းမာမှုလျော့ချရေးဇုန်အဖြစ် သတ်မှတ်ထားပြီး တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တားမြစ်ထားတာ ဖြစ်ပါတယ်။ သဘောတူညီချက်အရ တူရကီ စစ်စခန်း ၁၂ ခု တည်ဆောက်ခွင့်ရခဲ့တာပါ။

    Ref: Aljazeera

  • တိုက်ပွဲမရပ်လျှင် ဝင်တိုက်မည်ဟု ဆီးရီးယားကို တူရကီ သတိပေး

    တိုက်ပွဲမရပ်လျှင် ဝင်တိုက်မည်ဟု ဆီးရီးယားကို တူရကီ သတိပေး

    ဖေဖော်ဝါရီ ၁၊ ၂၀၂၀
    M-Media

    -ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အီဒလစ်ဘ်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ မြန်မြန်ဆန်ဆန် မရပ်ဆိုင်းဘူးဆိုရင် တူရကီက စစ်ဆင်ရေးလုပ်သွားမယ်လို့ သမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    ၉ နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ‌အီဒလစ်ဘ်ပြည်နယ်ဟာ သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားကျောထောက်နောက်ခံပြုထားတဲ့ အာဆတ်အစိုးရတပ်တွေက ထိုးစစ်ဆင်မှု ပြုလုပ်လာတာကြောင့် လူသိန်းချီ တူရကီဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    အစိုးရက မိမိပြည်သူတွေအပေါ် သွေးချောင်းစီးသတ်ဖြတ်တာကို မိမိတို့အနေနဲ့ လက်ခံခွင့်ပြုမှာမဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကားခဲ့ပါတယ်။

    “ဆီးရီးယား တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို တူရကီက စိတ်စေတနာသန့်သန့်နဲ့ လိုလားပါတယ်။ အဲဒီအတွက် စစ်အင်အားအသုံးပြုတာအပါအဝင် လိုအပ်တာမှန်သမျှ လုပ်ဆောင်ဖို့ နောက်တွန့်နေမှာ မဟုတ်ပါဘူး”

    ဆီးရီးယားပြည်တွင်းစစ်မှာ ဆန့်ကျင်ဖက်အုပ်စုတွေကို ကျောထောက်နောက်ခံပြုထားတဲ့ တူရကီနဲ့ ရုရှားတို့အကြား အီဒလစ်ဘ်က တိုက်ပွဲတွေအတွက် တင်းမာမှု မြင့်တက်နေတာပါ။ ရုရှား၊ အီရန်တို့နဲ့ ရရှိထားတဲ့ ၂၀၁၇ ခုနှစ် သဘောတူညီချက်အရ အီဒလစ်ဘ်ပြည်နယ်တစ်၀ိုက်မှာ တူရကီက စစ်စခန်း ၁၂ ခုရှိပေမယ့် အာဆတ်အစိုးရတပ်တွေရဲ့ ထိုးစစ်ကြောင့် ပိတ်ဆို့ခံထားရသလို ဖြစ်နေပါတယ်။

    အီဒလစ်ဘ်မှာ တိုက်ခိုက်မှုလျော့ချရေး သဘောတူညီချက်ကို ရုရှားက ချိုးဖောက်တယ်လို့ အာဒိုဂန်က စွပ်စွဲခဲ့ပြီး ရုရှားဖက်ကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။

    တူရကီဟာ ဆီးရီးယားဒုက္ခသည် ၃.၆ သန်းလောက်ကို လက်ခံထားရတာပါ။ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဇန်နဝါရီ ၂၇ ရက်နေ့အထိ အီဒလစ်ဘ်ပြည်နယ်က လူပေါင်း ၃ သိန်း ၉ သောင်းလောက် ထွက်ပြေးခဲ့ရတယ်လို့ ကုလကဆိုပါတယ်။

    အာဒိုဂန်က ဆရီးယားဒုက္ခသည်တွေ နောက်ထပ်ဝင်ရောက်လာမှုအတွက် မိမိတို့က ကိုင်တွယ်ဖြေရှင်းမပေးနိုင်တော့ဘူးလို့လည်းသောကြာနေ့က ထပ်မံပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • စစ်ပွဲကြောင့် ကလေးများထိခိုက်မှု ၁၀ နှစ်အတွင်း ၃ ဆမြင့်တက်

    စစ်ပွဲကြောင့် ကလေးများထိခိုက်မှု ၁၀ နှစ်အတွင်း ၃ ဆမြင့်တက်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    ဆီးရီးယားမှ စစ်ဘေးသင့် ကလေးငယ်များ

    -ပဋိပက္ခတွေဖြစ်ပွားရာဒေသတွေမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကလေးငယ်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ၃ ဆအထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

    စစ်ပွဲအတွင်း ကလေးငယ်တွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ သတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါ ထိခိုက်စေတာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ပြန်ပေးဆွဲတာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ငြင်းပယ်တာ၊ တိုက်ပွဲတွေမှာ ပါဝင်ဖို့ လူသစ်စုဆောင်းတာ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။

    ၂၀၁၀ ခုနှစ်နောက်ပိုင်း ကမ္ဘာတစ်ဝှမ်း ကလေးငယ်တွေအပေါ် ချိုးဖောက်မှုအရေအတွက်ဟာ ၁၇၀၀၀၀ ကျော် ရှိလာပြီး တစ်နေ့ကို ချိုးဖောက်မှုပေါင်း ၄၅ ခုကျော် ဖြစ်ပွားနေတာဖြစ်ပါတယ်။

    UNICEF အမှုဆောင်ဒါရိုက်တာ ဟင်နရီယက်တာ ဖိုရီက ကမ္ဘာတစ်ဝှမ်း ပဋိပက္ခတွေဟာ ပိုမိုရှည်ကြာကာ၊ သွေးထွက်သံယိုမှုတွေ ပိုများလာပြီး၊ ကလေးငယ်တွေလည်း ပိုမိုသေကြေလာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    “စစ်ပွဲမှာ ပါဝင်နေကြတဲ့သူတွေဟာ ‘ကလေးငယ်တွေကို ကာကွယ်ပေးရေး’ ဆိုတဲ့ စစ်ပွဲရဲ့ အခြေခံအကျဆုံး စည်းမျဉ်းကို မလိုက်နာကြတာကြောင့် ကလေးငယ်တွေအပေါ် တိုက်ခိုက်မှုတွေဟာ မြင့်တက်လာပါတယ်”

    ကလေးငယ်တွေအပေါ် အကြမ်းဖက်မှု တော်တော်များများကို သတင်းမရဘူးလို့လည်း UNICEF က ဆိုပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ ကလေးငယ်တွေ တိုက်ခိုက်ခံရမှု အရေအတွက်ဟာ ၂၄၀၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်ကထက် ၃ ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ထက်ဝက်လောက်မှာ သေဆုံးတာ၊ ကိုယ်လက်အင်္ဂါချို့တဲ့တာတွေ ဖြစ်ပွားခဲ့ပါတယ်။

    စစ်ပွဲကြောင့် ထိခိုက်ပျက်ဆီးမှုဖြစ်ပွားတဲ့ နိုင်ငံအရေအတွက်ဟာ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးကို ရောက်လာတယ်လို့လည်း UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဆီးရီးယား၊ ယီမင်နဲ့ အာဖဂန်နစ္စတန်တို့က ကလေးငယ်တွေဟာ အလွန်အမင်း အန္တရာယ်ရှိတဲ့ အနေအထားကို ကြုံတွေ့ခဲ့ရပါတယ်။

    UNICEF ကတော့ စစ်ပွဲတွေမှာ ပါဝင်တဲ့သူတွေ အနေနဲ့ ကလေးငယ်တွေအပေါ် ကျူးလွန်မှုတွေကို ရပ်တန့်ဖို့၊ အရပ်သားတွေရဲ့ အဆောက်အဦးတွေကို ရှောင်ကျဉ်တိုက်ခိုက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားတိုက်ပွဲတစ်ခုအတွင်း မြန်မာနိုင်ငံသား ဆေးမှူးတစ်ဦး သေဆုံး

    ဆီးရီးယားတိုက်ပွဲတစ်ခုအတွင်း မြန်မာနိုင်ငံသား ဆေးမှူးတစ်ဦး သေဆုံး

    နိုဝင်ဘာ ၄၊ ၂၀၁၉
    M-Media

    -ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ တူရကီကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ပရဟိတအဖွဲ့က မြန်မာနိုင်ငံသား ဆေးမှူးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

    တူရကီဟာ ပြီးခဲ့တဲ့လကစလို့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို ကျူးကျော်ဝင်ရောက်ကာ ကာ့ဒ်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ အပြန်အလှန်တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားနေပါတယ်။

    Free Burma Rangers ပရဟိတအဖွဲ့ကို တည်ထောင်ထားသူ အမေရိကန်စစ်သားဟောင်း ဒေးဗစ်ယူဘန့်က တူရကီနယ်စပ်အနီး တာလ် တာမာရ်မြို့မြောက်ဖက် ၃ မိုင်အကွာမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုအတွင်း သူတို့အဖွဲ့ဝင် မြန်မာနိုင်ငံသား ဆေးမှူး Zau Seng သေဆုံးသွားတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    Zau Seng ရဲ့ ဦးခေါင်းကို တစ်ဖက်ကပစ်လိုက်တဲ့ မော်တာကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် Free Burma Rangers အဖွဲ့ဝင် အီရတ်နိုင်ငံသားတစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

    ယူဘန့်က တိုက်ခိုက်မှုအတွက် Free Syrian Army နဲ့ တူရကီတို့ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ကာဒ့်တပ်ဖွဲ့ဦးဆောင်တဲ့ SDF အဖွဲ့ကလည်း Free Burma Rangers အဖွဲ့က ဆေးမှူးတစ်ဦး သေဆုံးသွားတာကို အတည်ပြုခဲ့ပါတယ်။

    တူရကီတပ်ဖွဲ့တွေဟာ အကူအညီပေးရေးယာဉ်တန်းကို တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေကို တူရကီကာကွယ်ရေးဝန်ကြီး‌ဌာနက ငြင်းဆိုခဲ့ပါတယ်။

    Free Burma Rangers အဖွဲ့ဟာ လူမျိုးပေါင်းစုံပါဝင်တဲ့ အကူအညီပေးရေးအဖွဲ့တစ်ခု ဖြစ်ပြီး မြန်မာ၊ ဆီးရီးယား၊ အီရတ်၊ ကာ့ဒ်ဒေသတွေမှာ အကူအညီပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • IS ခေါင်းဆောင်အား သုတ်သင်မှု ဗီဒီယိုတစ်စိတ်တစ်ပိုင်းကို အမေရိကန် ထုတ်ပြန်

    IS ခေါင်းဆောင်အား သုတ်သင်မှု ဗီဒီယိုတစ်စိတ်တစ်ပိုင်းကို အမေရိကန် ထုတ်ပြန်

    အောက်တိုဘာ ၃၁၊ ၂၀၁၉
    M-Media

    စစ်ဆင်ရေးမတိုင်ခင်နှင့် စစ်ဆင်ရေးအပြီးတွင် တွေ့ရသည့် ဘဂ္ဂဒါဒီပုန်းအောင်ရာ နေရာ

    -IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီကို သုတ်သင်တဲ့ စစ်ဆင်‌ရေးရဲ့ ဗီဒီယို အစိတ်အပိုင်းတစ်ခု၊ ဓာတ်ပုံတွေနဲ့ စစ်ဆင်ရေး အချက်အလက်တစ်ချို့ကို အမေရိကန်က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒလစ်ပြည်နယ်က ရွာတစ်ရွာမှာ စနေနေ့က အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးအတွင်း ဘဂ္ဂဒါဒီဟာ အသေခံဗုံးခွဲကာ အဆုံးစီရင်သွားခဲ့တာပါ။ စစ်ဆင်ရေးမှာ ဘဂ္ဂဒါဒီရဲ့ အနီးကပ်လူယုံ တော်တော်များများကို သုတ်သင်နိုင်ခဲ့သလို၊ အရေးပါတဲ့ စာရွက်စာတမ်းတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

    လက်စားချေမှုတွေ ရှိလာနိုင်

    အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ် ဖရန့် မက်ကင်ဇီက ‌ဘဂ္ဂဒါဒီရဲ့ ရုပ်အလောင်းကို သေဆုံးပြီး ၂၄ နာရီအတွင်းမှာပဲ ပင်လယ်ထဲ မြုပ်နှံခဲ့တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဘဂ္ဂဒါဒီ အသေခံဗုံးခွဲတဲ့အချိန်မှာ သူနဲ့အတူ သားသမီး ၃ ယောက်လည်း သေဆုံးသွားတယ်လို့ စောစောပိုင်းမှာ သမ္မတထရမ့်က ပြောကြားခဲ့ပေမယ့် ဗိုလ်ချုပ် မက်ကင်ဇီက ၂ ဦးသာဖြစ်ပြီး အသက် ၁၂ အောက်တွေလို့ ယူဆရကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နေအိမ်ထဲက ကလေးငယ် ၁၁ ဦးကို အထိအခိုက်မရှိ ကယ်တင်နိုင်ခဲ့သလို၊ အသေခံဗုံးခွဲအင်္ကျီတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးတို့ကိုတော့ လက်နက်ချဖို့ ငြင်းဆန်တဲ့အတွက် အသေပစ်သတ်ခဲ့တယ်လို့ မက်ကင်ဇီက ဆိုပါတယ်။

    ဘဂ္ဂဒါဒီသေဆုံးသွားပေမယ့် IS ကို လုံး၀ချေမှုန်းလိုက်ပြီလို့ ယူဆလို့မရသေးဘဲ အချိန်တစ်ခုယူကာ ခေါင်းဆောင်ရွေးပြီး လူပြန်စုလာနိုင်သလို၊ လစ်စားချေတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်လာနိုင်တယ်လို့လည်း ဗိုလ်ချုပ်က သတိပေးခဲ့ပါတယ်။

    ဗီဒီယိုထုတ်ပြန်

    ဘဂ္ဂဒါဒီ သုတ်သင်မှု စစ်ဆင်ရေးရဲ့ ဗီဒီယိုအစိတ်အပိုင်းတစ်ချို့ကိုလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီ အဖြူအမဲ ဗီဒီယိုမှာ ဘဂ္ဂဒါဒီ ပုန်းအောင်းရာ အဆောက်အဦးနားကို အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ ချဉ်းကပ်သွားတာ၊ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လက်နက်ကိုင်တွေက ကွန်မန်ဒိုတွေကိုချပေးတဲ့ အမေရိကန် ရဟတ်ယာန်ဉ်ကို လှမ်းပစ်တာ၊ သေနတ်သမားတွေအပေါ် ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲချတာ၊ စီးနင်းတိုက်ခိုက်မှုအပြီး အဆောက်အဦး မီးလောင်နေတာ စတဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။

    စစ်ဆင်ရေးအပြီးမှာတော့ အမေရိကန်ဟာ ဘဂ္ဂဒါဒီပုံးအောင်းခဲ့ရာနေအိမ်ကို ဗုံးကြဲဖြိုချခဲ့ပြီး ဒီပုံရိပ်တွေကိုလည်း ဗီဒီယိုမှာ တွေ့ရပါတယ်။

    Ref: Aljazeera