News @ M-Media

Tag: Syria

  • IS ခေါင်းဆောင်အား သုတ်သင်နိုင်မှု၏ နောက်ကွယ်မှ စိတ်၀င်စားဖွယ်ရာများ

    IS ခေါင်းဆောင်အား သုတ်သင်နိုင်မှု၏ နောက်ကွယ်မှ စိတ်၀င်စားဖွယ်ရာများ

    အောက်တိုဘာ ၃၀၊ ၂၀၁၉
    M-Media

    -IS အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီကို အမေရိကန်က အထူးစစ်ဆင်ရေးတစ်ရပ်နဲ့ စနေနေ့မှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားတို့က နယ်မြေအများအပြားကို သိမ်းယူပြီးနောက်ပိုင်း ဘဂ္ဂဒါဒီဟာ ဘုန်းမီးနေလ တောက်ခဲ့ပြီး သူ့ကိုယ်သူ မွတ်စလင်အားလုံးရဲ့ ခေါင်းဆောင် ‘ခလီဖာ’ အဖြစ် ကြေငြာခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ IS အဖွဲ့ရဲ့ နယ်မြေတွေ တစ်စတစ်စ ကျဉ်းမြောင်းလာခဲ့ပြီး ဘဂ္ဂဒါဒီတစ်ယောက်လည်း ပုန်းရှိုးကွယ်ရှိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ အရင်က ဘဂ္ဂဒါဒီ သေဆုံးသွားပြီလို့ ကောလဟလ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။

    အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘဂ္ဂဒါဒီဟာ ဆီးရီးယားနိုင်ငံ အီဒလစ်မြို့က အမေရိကန်အထူးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း ကိုယ့်ကိုကိုယ် ဗုံးခွဲသတ်သေသွားတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    ဘဂ္ဂဒါဒီနေထိုင်ရာနေရာ အတိအကျကို သိရဖို့အတွက် အမေရိကန်ဟာ အီရတ်၊ ဆီးရီးယား၊ တူရကီ၊ ရုရှား စတဲ့ နိုင်ငံတွေရဲ့ အကူအညီကို ယူခဲ့ရသလို၊ ဆီးရီးယားက လက်နက်ကိုင်တွေ အထူးသဖြင့် ကာ့ဒ်တပ်ဖွဲ့ဦးဆောင်တဲ့ SDF ရဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို အဓိက အားထားခဲ့ရပါတယ်။

    အတွင်းခံဘောင်းဘီကို DNA စစ်ခဲ့

    စစ်ဆင်ရေးမတိုင်ခင်မှာ ဘဂ္ဂဒါဒီမှန်း သေချာစေဖို့အတွက် သူ့ရဲ့ အတွင်းခံဘောင်းဘီကို ရအောင်ယူဆောင်ကာ DNA စစ်ဆေးခဲ့တယ်လို့ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့ ဦးဆောင်တဲ့ ဆီးရီးယား လက်နက်ကိုင်အဖွဲ့ SDF က အကြီးတန်း အကြံပေး ပိုလတ်ကန်က ပြောပါတယ်။

    IS ခေါင်းဆောင်ကို သုတ်သင်နိုင်မှုမှာ ကာ့ဒ်တပ်ဖွဲ့ကပေးအပ်တဲ့ သတင်းအချက်အလက်တွေဟာ တော်တော်လေး အထေက်အကူ ဖြစ်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားပါတယ်။

    ပိုလတ်ကန်က ဘဂ္ဂဒါဒီကို ရှာဖွေနိုင်ရေး SDF ဟာ မေလ ၁၅ ရက်နေ့ကတည်းက CIA နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီရ် အက်ဇိုရ်ကနေ အီဒလစ်ပြည်နယ် ရွှေ့ပြောင်းသွားမှုကို အတည်ပြုနိုင်ခဲ့တယ်လို့ Twitter စာမျက်နှာမှာ ထုတ်ဖော် ရေးသားခဲ့ပါတယ်။

    ဘဂ္ဂါဒီအမှန်တကယ်ဖြစ်တယ်ဆိုတာ သေချာရေး DNA စစ်ဆေးဖို့အတွက် သူ့ရဲ့အတွင်းခံကို ရအောင်ယူပေးတာ၊ နေထိုင်တဲ့နေရာ အတိအကျကို ရှာဖွေကာ ကိုဩဒိနတ်တွေပေးတာ၊ ကန်အထူးတပ်ဖွဲ့ဝင်တွေ ရဟတ်ယာဉ်နဲ့ ဆင်းရမယ့်နေရာကို သတ်မှတ်ပေးတာ‌ စတာတွေကို မိမိတို့အဖွဲ့က လုပ်ပေးတာဖြစ်ပြီး စစ်ဆင်ရေး နောက်ဆုံးမိနစ်အထိ မိမိတို့ ပါဝင်ခဲ့တယ်လို့လည်းက ပိုလတ်ကန်က ဆိုပါတယ်။

    ဘဂ္ဂဒါဒီကို အီဒလစ်ကနေ ဂျာရာဘလက်စ်မြို့ကို ပြောင်းရွှေ့မယ့်ဆဲဆဲမှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်။

    စစ်ဆင်ရေးတွေ ရွှေ့ဆိုင်းခဲ့ရ

    ဘဂ္ဂဒါဒီ နောက်ဆုံးပုန်းအောင်းခဲ့သည့်နေရာ

    စစ်ဆင်ရေးလုပ်တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ မတိုင်ခင် ၂ ပတ်အလိုကတည်းက
    ဘဂ္ဂဒါဒီကို ခြေရာခံမိနေတာဖြစ်ပါတယ်။

    ခြေရာခံမိပြီးနောက်ပိုင်း ဝင်ရောက်စီးနင်းမယ့် စစ်ဆင်ရေး အနည်ဆုံး ၂ ခုကနေ ၃ ခုလောက်အထိ စီစဉ်ခဲ့ပေမယ့် ဘဂ္ဂဒါဒီက မကြာခဏ နေရာရွှေ့ပြောင်းနေထိုင်တာကြောင့် စစ်ဆင်ရေးတွေကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။

    အီဒလစ်မြို့ကို ဘဂ္ဂဒါဒီ ပြောင်းရွှေ့သွားတာဟာ IS အဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်တယ်လို့ ထောက်လှမ်းရေး သတင်းတွေက ဆိုပါတယ်။

    စစ်ဆင်ရေးမှာ အမေရိကန်တပ်ဖွဲ့တွေဟာ ရဟတ်ယာဉ် ၈ စီး အသုံးပြုခဲ့ရပြီး ကွန်မန်ဒိုတွေဟာလည်း အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဘဂ္ဂဒါဒီနေထိုင်ရာ အဆောက်အဦးအတွင်း ဝင်ရောက်ရာမှာတော့ မူလ တံခါးမကြီးက မဝင်ဘဲ နံရံကို ဖောက်ခွဲကာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပေမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။

    ဘဂ္ဂဒါဒီတစ်ယောက် ဆီးရီးယားမှာ တစ်ရွာကနေတစ်ရွာ ရွှေ့ပြောင်းနေထိုင်‌နေတာကို လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက အတည်ပြုနိုင်ခဲ့ပြီး နေရာအတိကျကိုတော့ အီရတ်အာဏာပိုင်တွေရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ ၅ လအရင်က ဂြိုဟ်တုတွေ၊ ဒရုန်းတွေနဲ့ ထောက်လှမ်း ကြည့်ရှုနိုင်ခဲ့ပါတယ်။

    အနီးကပ်အကြံပေးက သတင်းပေး

    ဘဂ္ဂဒါဒီကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းမှုမှာ အနီးကပ်အကြံပေး အစ္စမာအီလ် အလ်-အီသာဝီထံကနေ ရရှိခဲ့တဲ့ သတင်းတွေက အလွန်အရေးပါခဲ့တယ်လို့ အီရတ်အာဏာပိုင်တွေက ပြောပါတယ်။

    အလ်-အီသာဝီကို တူရကီက ဖမ်းဆီးကာ အီရတ်ကို လွှဲ‌ပြောင်းပေးခဲ့တာပါ။ ဘဂ္ဂဒါဒီရဲ့ သွားလာလှုပ်ရှားမှုတွေ၊ တိမ်းရှောင်နေထိုင်ရာနေရာတွေနဲ့ပတ်သက်ပြီး အီရတ်အာဏာပိုင်တွေ လိုအပ်နေတဲ့ ကွက်လပ်ကို အီသာဝီထံကရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။

    ဘဂ္ဂဒါဒီဟာ အသီးအရွက်တွေတင်ပြီး မောင်းနေတဲ့ မီနီဘတ်စ်ကားထဲမှာ တပ်မှူးတွေနဲ့ အစည်းအဝေးလုပ်တာ၊ သူအပါအဝင် ဘဂ္ဂဒါဒီရဲ့ ထိပ်တန်းအကြံပေး ၅ ဦးအကြောင်း အသေးစိတ်၊ ဆီးရီးယားမှာ အစည်းအဝေးလုပ်တဲ့အခါ အသုံးပြုတဲ့နေရာတွေ စတဲ့အချက်အလက်တွေကိုလည်း အီသာဝီက ဖွင့်ပြောခဲ့ပါတယ်။

    ဆက်ခံမယ်သူလည်း သေပြီ

    အီဒလစ်မှာ ဘဂ္ဂဒါဒီကို သုတ်သင်တဲ့ စစ်ဆင်ရေးအတွင်း သူ့ရဲ့ အနီးကပ်လူယုံတွေ၊ တပ်မှူးတွေကိုလည်း ရှင်းလင်းနိုင်ခဲ့သလို ဆီးရီးယားက အခြားနေရာတွေမှာလည်း IS အဖွဲ့က ထိပ်တန်းခေါင်းဆောင်တွေကို သုတ်သင်နိုင်ခဲ့ပါတယ်။

    ဘဂ္ဂဒါဒီသေဆုံးအပြီး တစ်ရက်အကြာ အောက်တိုဘာ ၂၆ ရက်နေ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း သူ့ရဲ့ ညာလက်ရုံးဖြစ်သူ အဘူ အလ်-ဟာဆန် အလ်-မူဟာဂျီကို သုတ်သင်နိုင်ခဲ့ပါတယ်။ မူဟာဂျီဟာ ဘဂ္ဂဒါဒီရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် နာမည်ကြီးနေသူ ဖြစ်ပါတယ်။

    ဘဂ္ဂဒါဒီကို သုတ်သင်ရှင်းလင်းတဲ့ ဗီဒီယိုက တစ်စိတ်တစ်ပိုင်းကို ထုတ်ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစောပိုင်းမှာ ပြောခဲ့ပေမယ့် အမေရိကန် စစ်ဦးစီးအရာရှိချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မိုက်မီလီက လက်ရှိမှာတော့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်ပြမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဗုံးခွဲသေဆုံးမှုကြောင့် ဘဂ္ဂဒါဒီရဲ့ ခန္ဓာကိုယ်ဟာ အပိုင်းပိုင်းပြတ်သွားခဲ့ပြီး အဲဒီရုပ်ကြွင်းတွေကို ရေချသင်္ဂြိုဟ်လိုက်တယ်လို့ အမေရိကန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    Ref: Reuters, Aljazeera, BBC

  • ဆီးရီးယားမြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်မှု တူရကီ ရပ်ဆိုင်းမည်

    ဆီးရီးယားမြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်မှု တူရကီ ရပ်ဆိုင်းမည်

    အောက်တို ၁၈၊ ၂၀၁၉
    M-Media

    -ဆီးရီး‌ယားမြောက်ပိုင်းမှာ ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်နေတာကို ယာယီရပ်တန့်ဖို့အတွက် တူရကီဟာ အမေရိကန်နဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့ SDF ကလည်း ဒီသဘောတူညီချက်ကို လိုက်နာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    SDF ဟာ ဆီးရီးယားက IS အကြမ်းဖက်အဖွဲ့ကို သုတ်သင်ရှင်းလင်းရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး လက်ရှိ မြောက်ပိုင်းဒေသကိုလည်း တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။

    တူရကီက SDF ကို အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ကာ ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့ကစလို့ ဆီးရီးယားမြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာ‌ဖြစ်ပါတယ်။

    မနေ့မှာတော့ အမေရိကန် ဒုတိယသမ္မတ မိုက် ပန့်စ်နဲ့ တူရကီသမ္မတ အာဒိုဂန်တို့ ဆွေးနွေးကာ ၅ ရက်ကြာ အပစ်ရပ်ရေး သဘောတူညီခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အမေရိကန်ကလည်း တူရကီအပေါ် မကြာသေးခင်က ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

    တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က အပစ်ရပ်ရေးသဘောတူညီချက် ရရှိ‌ကြောင်း အတည်ပြုခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့ ပိတ်ဆို့မှု နောက်ဆက်တွဲအဖြစ် ဒီလိုအပစ်ရပ်ရေး ဖြစ်လာတာဖြစ်ကြောင်း၊ တူရကီသမ္မတ အာဒိုဂန်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချတတ်တဲ့ လေးစားစရာ ခေါင်းဆောင်မျိုးဖြစ်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်ကလည်း ဒီအပစ်ရပ်ရေးကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဆီးရီးယားမြောက်ပိုင်းကို တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွင်း အရပ်သားအမြောက်အများ သေဆုံးခဲ့သလို၊ သိန်းနဲ့ချီတဲ့ ပြည်သူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ SDF က ဖမ်းဆီးအကျဉ်းကျထားတဲ့ IS အကြမ်းဖက်သမားတွေ လွတ်မြောက်သွားတာလည်းရှိခဲ့ပြီး ဒီအတွက် စိုးရိမ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ပြောကြားထားပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားကိုကျူးကျော်သည့် တူရကီကို အမေရိကန်က ပိတ်ဆို့မှုလုပ်

    ဆီးရီးယားကိုကျူးကျော်သည့် တူရကီကို အမေရိကန်က ပိတ်ဆို့မှုလုပ်

    အောက်တိုဘာ ၁၅၊ ၂၀၁၉
    M-Media

    ဆီးရီးယားမြောက်ပိုင်းမြင်ကွင်း

    -ဆီးရီးယားမြောက်ပိုင်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် တူရကီအာဏာပိုင်တ‌ွေကို အမေရိကန် မနေ့မှာ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပြီး ချက်ခြင်း အပစ်ရပ်ဆဲဖို့လည်း တိုက်တွန်းဆော်ဩလိုက်ပါတယ်။

    အမေရိကန်တပ်တွေ ဆုတ်ခွာသွားခဲ့ပြီးတဲ့နောက် တူရကီဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ကာ ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်တပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    တပ်တွေဆုတ်ခွာဖို့ အမိန့်ပေးခဲ့မှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ရီပက်ဘလစ်ကန်ပါတီက အမတ်တွေအပါအဝင်၊ အမေရိကန် နိုင်ငံရေးသမားတွေရဲ့ ဝေဖန်တွေကို ခံနေရပါတယ်။

    တနင်္လာနေ့မှာတော့ တူရကီအစိုးရ တာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ သက်ဆိုင်သူတွေအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှု အမျိုးမျိုး ပြုလုပ်ခဲ့ပြီး ဆီးရီးယားမြောက်ပိုင်းမှာ အရပ်သားတွေကို ထိခိုက်စေတာ၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး ပျက်ပြားအောင် ဆောင်ရွက်တာတွေကြောင့်ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။

    ထရမ့်ကလည်း တူရကီနဲ့ ကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုကို ရပ်ဆိုင်းကာ၊ စတီးတင်ပို့မှုအခွန်ကိုလည်း ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်တို့ကို တူရကီကိုစေလွှတ်ပြီး ဆွေးနွေးမှုတွေ ချက်ခြင်း လုပ်ဆောင်ခိုင်းမယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    တူရကီခေါင်းဆောင်တွေအနေနဲ့ အန္တရာယ်ရှိပြီး ဖျက်လိုဖျက်ဆီးလိုတဲ့ လမ်းကြောင်းကို ဆက်လျှောက်နေမယ်ဆိုရင် တူရကီရဲ့ စီးပွားရေးကို အလျင်အမြန် ဖျက်ဆီးဖို့ အပြည့်အ၀ ပြင်ဆင်ထားတယ်လို့ ထရမ့်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆီးရီးယားမြောက်ပိုင်းကို တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ မြင့်တက်လာသလို ကာ့ဒ်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ IS အကြမ်းဖက်အဖွဲ့ဝင် အမြောက်အများ ပြန်လည်လွတ်မြောက်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • တူရကီ၏ ကျူးကျော်မှုကို ခုခံရန် ကာ့ဒ်တပ်ဖွဲ့နှင့် ဆီးရီးယားအစိုးရတို့ သဘောတူ

    တူရကီ၏ ကျူးကျော်မှုကို ခုခံရန် ကာ့ဒ်တပ်ဖွဲ့နှင့် ဆီးရီးယားအစိုးရတို့ သဘောတူ

    အောက်တိုဘာ ၁၄၊ ၂၀၁၉
    M-Media

    ကာ့ဒ်တပ်ဖွဲ့ဝင်များ

    -ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံဖို့အတွက် ကာ့ဒ်တပ်ဖွဲ့နဲ့ ဆီးရီးယားအစိုးရတို့အကြား သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက အစိုးရတပ်တွေကို နိုင်ငံမြောက်ပိုင်းမှာ တပ်ဖြန့် ချထားလိုက်ပြီလို့ မနေ့မှာ ဖော်ပြခဲ့ပါတယ်။ သဘောတူညီချက်အရ ကာ့ဒ်တွေ ထိန်းချုပ်ထားပြီး တူရကီနဲ့ကပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ ဆီးရီးယားအစိုးရတပ်တွေ ချထားနိုင်မှာဖြစ်ပါတယ်။

    ဆီးရီးယားအစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ သဘောတူညီချက်ဟာ SDF က တူရကီရဲ့ ကျူးကျော်မှုကို တွန်းလှန်မှု၊ သိမ်းပိုက်ထားတဲ့နေရာတွေကို ပြန်လည်လွတ်မြောက်အောင်လုပ်ဆောင်မှုကို ကူညီဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့ SDF ထိန်းချုပ်ရာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို တူရကီက ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့ကစလို့ ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ SDF ဟာ တူရကီက ကာ့ဒ်အလုပ်သမားပါတီ PKK နဲ့ အဆက်အသွယ်ရှိတယ်လို့ဆိုကာ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာပါ။

    တူရကီက တိုက်ခိုက်မှုမလုပ်ခင် အမေရိကန်က ဆီးရီးယားမြောက်ပိုင်းမှာရှိတဲ့ သူတို့ရဲ့တပ်တွေကို ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။

    တူရကီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ မြင့်တက်လာခဲ့ပါတယ်။ SDF က တိုက်ခိုက်မှုတွေအတွင်း IS အဖွဲ့က နိုင်ငံခြားတပ်ဖွဲ့ဝင်တွေရဲ့ ‌မိသားစု၊ ဆွေမျိုး စုစုပေါင်း ၈၀၀ နီးပါးလောက် အကျဉ်းထောင်တွေက‌နေ လွတ်မြောက်သွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    တူရကီရဲ့ကျူးကျော်မှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြစ်တင်ဝေဖန်မှုတွေလည်း လုပ်ဆောင်နေပြီး ဥရောပနိုင်ငံတစ်ချို့က တိုက်ခိုက်မှုကို မရပ်မချင်း တူရကီကို လက်နက်ရောင်းချတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန် ပြောကြားထားပါတယ်။

    Ref: BBC

  • ဆီးရီးယားမြောက်ပိုင်းကို တူရကီ၏ ကျူးကျော်မှုတွင် အရပ်သားသေဆုံးမှု မြင့်တက်

    ဆီးရီးယားမြောက်ပိုင်းကို တူရကီ၏ ကျူးကျော်မှုတွင် အရပ်သားသေဆုံးမှု မြင့်တက်

    အောက်တိုဘာ ၁၃၊ ၂၀၁၉
    M-Media

    -ဆီးရီးယားမြောက်ပိုင်းကို တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ မြင့်တက်လာခဲ့ပြီး၊ တူရကီစစ်တပ်ကတော့ အဓိကမြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ကာ့ဒ်တပ်ဖွဲ့ SDF က ထိန်းချုပ်ထားတဲ့ ဒေသတွေကို တူရကီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ စတင် ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက အဓိကကျတဲ့ ရက်စ် အလ်-အင်မြို့ကို SDF လက်ကနေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    SDF က ဒီထုတ်ပြန်မှုကို ငြင်းဆိုခဲ့ပြီး မြို့ရဲ့ စက်မှုရပ်ကွက်တစ်ဝိုက်ကိုသာ ၀င်ရောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

    တူရကီဟာ မြေပြင်တပ်တွေအပြင်၊ လေကြောင်းကနေလည်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

    ၅ ရက်တာ ကြာမြင့်နေပြီဖြစ်တဲ့ တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက် ၁ သိန်းကျော်လောက် ရှိနေပြီး၊ သေဆုံးသူ အရပ်သားအရေအတွက်ကလည်း မြင့်တက်လာပါတယ်။

    ဆေးရုံတွေ၊ ကျောင်းတွေ ပိတ်ထားရသလို၊ လူပေါင်း သန်းဝက်လောက် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကုလက သတိပေးထားပါတယ်။

    SDF အဖွဲ့ဟာ အမေရိကန်ကျောထောက်နောက်ခံပြု အဖွဲ့အစည်းဖြစ်ပြီး ဆီးရီးယားနိုင်ငံအတွင်း IS အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းသုတ်သင်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပါ။ တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ မလုပ်ခင် သမ္မတ ဒေါ်နယ်ထရမ့်က SDF ကို ထောက်ပံ့ပေးနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဆုတ်ခွာခိုင်းခဲ့ပါတယ်။

    Ref: Aljazeera