News @ M-Media

Tag: Syria

  • တူရကီနှင့် ဆီးရီးယားငလျင် လူရာချီသေဆုံး

    တူရကီနှင့် ဆီးရီးယားငလျင် လူရာချီသေဆုံး

    ဖေဖော်၀ါရီ ၆၊ ၂၀၂၃

    M-Media 

    -တူရကီနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ ဒီကနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၆၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ 

    ငလျင်ဟာ ပြင်းအား ၇.၈ မဂ္ဂနီကျုရှိပြီး တူရကီက ဂါဇီယံတက်မြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ဒဏ်ကို လက်ဘနွန်နဲ့ ဆိုက်ပရက်စ်နိုင်ငံတွေကလည်း ခံစားခဲ့ရပါတယ်။ 

    နှစ်ပေါင်း ၈၀ အတွင်း တူရကီမှာ လှုပ်ခတ်တဲ့ အင်အားအပြင်းဆုံး ငလျင်လည်း ဖြစ်ပါတယ်။ 

    တူရကီမှာ သေဆုံးအရေအတွက် ၂၈၄ ဦးအထိ ရှိလာပြီး ဆီးရီးယားမှာတော့ ၂၃၇ ဦး ရှိနေပါတယ်။ အဆောက်အဦးထောင်ချီ ပြိုကျပျက်ဆီးမှုရှိပြီး ပိတ်မိနေသူတွေလည်းရှိတာကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ် ရှိနေပါတယ်။ 

    ဆီးရီးယားက အစိုးရထိန်းချုပ်ရာဒေသမှာရော၊ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ ဒေသမှာပါ အရေးပေါ်အခြေအနေ ကြေငြာထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ 

    ကျွမ်းကျင်သူတွေက လာမယ့်ရက်အနည်းငယ်အထိ နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်ဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။ 

    Ref: Aljazeera

  • ယူကရိန်းစစ်ပွဲတွင် နိုင်ငံခြားလက်နက်ကိုင်များပါ ပါလာရန် ရုရှား စီစဥ်နေ

    ယူကရိန်းစစ်ပွဲတွင် နိုင်ငံခြားလက်နက်ကိုင်များပါ ပါလာရန် ရုရှား စီစဥ်နေ

    မတ် ၁၂၊ ၂၀၂၂

    M-Media

    -အရှေ့အလယ်ပိုင်းက လက်နက်ကိုင် ၁၆၀၀၀ လောက် ယူကရိန်းမှာ ၀င်ရောက်တိုက်ခိုက်ပေးဖို့ အဆင်သင့်ရှိနေတယ်လို့ ရုရှား ကာကွယ်ရေး၀န်ကြီး ဆာဂျီ ရှိုဂူက ပြောပါတယ်။ 

    ယူကရိန်းကို ကျူးကျော်စစ်မှာ နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေ ၀င်ရောက်တိုက်ခိုက်ပေးဖို့ သမ္မတ ဗလာဒီမီရ်ပူတင်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။ 

    အရှေ့အလယ်ပိုင်းက ပါ၀င်လာမယ့် တိုက်ခိုက်ရေးသမားတွေဟာ ဆီးရီးယားက ဖြစ်ဖို့များပြီး မြို့ပြတိုက်ပွဲကို ကျွမ်းကျင်သူတွေ ပါလာနိုင်တယ်လို့ အမေရိကန် တာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။ 

    ရုရှားဟာ ဆီးရီးယားအာဏာရှင် ဘာရှာအလ်အာဆတ်ရဲ့ အနီးကပ် မဟာမိတ် ဖြစ်ပါတယ်။ 

    မနေ့က လုံခြုံရေးဆိုင်ရာ  အစည်းအ၀ေးမှာ ပူတင်က ငွေးကြေးကြောင့်မဟုတ်ဘဲ၊ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ကူညီရေး တိုက်ခိုက်ဖို့လာတဲ့သူတွေကို ကူညီပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ဗြိတိသျှစစ်တပ်က တာ၀န်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့၀င်တစ်ချို့အပါအ၀င် ကမ္ဘာတစ်၀ှမ်းက စေတနာ့၀န်ထမ်း တိုက်ခိုက်ရေးသမား ၁၆၀၀၀ လောက် ယူကရိန်းဖက်က ၀င်ရောက် တိုက်ခိုက်ပေးနေပါတယ်။ 

    Ref: BBC 

  • ဆီးရီးယားပိုင်နက် ဂိုလန်ကုန်းမြင့်တွင် အစ္စရေးက တရားမဝင်အိမ်ယာများ ထပ်တိုးဆောက်မည်

    ဆီးရီးယားပိုင်နက် ဂိုလန်ကုန်းမြင့်တွင် အစ္စရေးက တရားမဝင်အိမ်ယာများ ထပ်တိုးဆောက်မည်

    ဒီဇင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -ကျူးကျော်သိမ်းပိုက်ထားတဲ့ ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသမှာ တရားမဝင် အခြေချအိမ်ယာတွေ ၂ ဆ တိုး တည်ဆောက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က ပြောကြားလိုက်ပါတယ်။

    အစ္စရေးက အီဂျစ်ကို စတင်ကျူးကျော်တိုက်ခိုက်ရာကနေ စတင်ခဲ့တဲ့ ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားထံကနေ သိမ်းခဲ့ပြီး အဲဒီနောက် ၁၉၈၁ ခုနှစ်မှာ ပိုက်နက်ထဲထည့်တယ်လို့ အစ္စရေးက ကြေငြာခဲ့ပါတယ်။

    နိုင်ငံတကာဥပဒေအရ ဒါဟာ တရားမဝင်တဲ့အတွက် ကမ္ဘာ့နိုင်ငံအများစုက လက်မခံပါဘူး။

    ၂၀၁၉ ခုနှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်အဖြစ် သတ်မှတ်မှုက ဒီဒေသမှာ တိုးချဲ့မှုတွေ ပိုလုပ်ဖို့ မိမိတို့ကို တွန်းအားဖြစ်စေခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်းနက်က မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

    ဂိုလန်ကုန်းမြင့်က အစ္စရေးရဲ့ တရားမဝင်အိမ်တွေမှာ ဂျူးအခြေချသူ ၂၅၀၀၀ လောက် နေထိုင်ကြပြီး ဘန်းနက်က ဒီပမာဏကို ၂ ဆတိုးချင်နေတာ ဖြစ်ပါတယ်။

    ဆီးရီးယားစစ်ပွဲကြောင့် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးကစိုးမိုးရေးဆိုတဲ့ အယူအဆကို နိုင်ငံတကာ မဟာမိတ်တွေက ပိုမိုလက်ခံလာကြပြီး၊ ဒီလိုမဟုတ်ရင် အခြေအနေက ပိုဆိုးမယ်လို့လည်း ဘန်းနက်က ပြောပါတယ်။

    ဘန်းနက်ရဲ့ ဒီအစီအစဉ် အကောင်အထည်ဖော်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ သဘောတူညီချက် လိုအပ်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားတွင် အစိုးရနှင့် ရုရှားတပ်များ စစ်ရာဇဝတ်မှု ကျူးလွန်မှုရှိဟု AI အဖွဲ့ပြော

    ဆီးရီးယားတွင် အစိုးရနှင့် ရုရှားတပ်များ စစ်ရာဇဝတ်မှု ကျူးလွန်မှုရှိဟု AI အဖွဲ့ပြော

    မေ ၁၂၊ ၂၀၂၀
    M-Media

    -ပြီးခဲ့တဲ့နှစ်အတွင်း ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ အာဆတ်အစိုးရတပ်တွေနဲ့ ရုရှားတပ်တွေရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။

    AI အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်ထဲမှာ အာဆတ်အစိုးရတပ်နဲ့ ရုရှားတပ်တွေဟာ ၂၀၁၉ ခုနှစ် မေလ ၅ ရက်နေ့ကနေ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်အတွင်း လက်နက်ကိုင်၊ အရပ်သား မခွဲခြားဘဲ တိုက်ခိုက်တာ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို အနည်းဆုံး ၁၈ ကြိမ်လောက် ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်။

    “မှတ်တမ်းတင်ထားနိုင်တဲ့ အထောက်အထားတွေအရ ဆီးရီးယားအစိုးရတပ်နဲ့ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ဆိုးဆိုးရွားရွားနဲ့ အကြီးအကျယ် ချိုးဖောက်နေတယ် ဆိုတာကို ပြသနေပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

    ဆီးရီးယားမှာ အာဆတ်အစိုးရတပ်နဲ့ လက်နက်ကိုင်သူပုန်တွေအကြား ပြည်တွင်းစစ် ဖြစ်ပွားနေတာ ၁၀ နှစ်ရှိလာပြီး သေဆုံးသူ ၄ သိန်းကျော်ကာ သန်းနဲ့ချီ အိုးအိမ်စွန်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ၃၉ မျက်နှာ ပါဝင်တဲ့ AI အဖွဲ့ရဲ့ အစီရင်ခံစာဟာ တိုက်ခိုက်မှုဒဏ်ကို တိုက်ရိုက်ခံစားခဲ့ရသူတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ၊ နိုင်ငံတကာ အကူအညီပေးရေးလုပ်သားတွေနဲ့ ကုလဝန်ထမ်းတွေ စုစုပေါင်း ၇၉ ဦးကို တွေ့ဆုံမေးမြန်းကာ ရေးသားထားတာ ဖြစ်ပါတယ်။

    အရပ်ဖက်ပစ်မှတ်တွေအပါအဝင် တိုက်ခိုက်မှုတွေမှာ ဆီးရီးယားအစိုးရတပ်ဟာ တားမြစ်လက်နက်တွေ အသုံးပြုတယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကြားထဲမှာ ရှိနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေကိုလည်း ထောက်ပြထားပါတယ်။

    Ref: Aljazeera