News @ M-Media

Tag: Syria

  • ဆီးရီးယားကလေးငယ် အလန်ကာဒီသေဆုံးမှုတွင် ပါဝင်သူ ၃ ဦးကို တူရကီက ထောင်ဒဏ် ၁၂၅ စီ ချမှတ်

    ဆီးရီးယားကလေးငယ် အလန်ကာဒီသေဆုံးမှုတွင် ပါဝင်သူ ၃ ဦးကို တူရကီက ထောင်ဒဏ် ၁၂၅ စီ ချမှတ်

    မတ် ၁၉၊ ၂၀၂၀
    M-Media

    -ဆီးရီးယားက စစ်ရှောင်ဒုက္ခသည် အသက် ၃ နှစ်အရွယ် အလန်ကာဒီလေးနဲ့ မိသားစု ရေနစ်သေဆုံးမှုမှာ တာဝန်ရှိသူ ၃ ဦးကို တူရကီက ထောင်ဒဏ် ၁၂၅ နှစ်စီ ချမှတ်လိုက်ပါတယ်။

    ၂၀၁၅ ခုနှစ်က ကာဒီအပါအဝင် ကလေးငယ် ၈ ဦးနဲ့ စုစုပေါင်း လူ ၁၄ ယောက်ပါဝင်တဲ့ ဆီးရီးယားဒုက္ခသည်အုပ်စုတစ်ခုဟာ ဂရိနိုင်ငံကကျွန်းတွေဆီသွားဖို့ အေဂျီယန်ပင်လယ်ကို အဖြတ်မှာ လှေမှောက်ခဲ့ပြီး လှေပေါ်မှာပါလာသူအများစု သေဆုံးခဲ့ပါတယ်။ ကာဒီလေးရဲ့ အသက်မဲ့ခန္ဓာကိုယ် တူရကီကမ်းခြေတစ်ခုပေါ်မှာ သွားတင်နေတဲ့ပုံရိပ်ဟာ ကမ္ဘာလူထုကို တုန်လှုပ်စေခဲ့ပြီး ဆီးရီးယားဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ ဒုက္ခ၊ သုက္ခကိုလည်း ကမ္ဘာက အာရုံစိုက်လာစေခဲ့ပါတယ်။

    ဒီလူကုန်ကူးမှုမှာပါဝင်တဲ့ ဂိုဏ်းခေါင်းဆောင်ကို ပြီးခဲ့တဲ့သီတင်းပတ် အစောပိုင်းက တူရကီနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ပြီး သူနဲ့အတူ အပေါင်းအပါ ၃ ဦးကို တရားရုံးက ထောင်ဒဏ် ၁၂၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။ လူကုန်ကူးမှုမှာ ပါဝင်ခဲ့တဲ့ အခြား တူရကီနဲ့ ဆီးရီးယားနိုင်ငံသားတွေလည်း ထောင်ဒဏ်တွေ ချမှတ်ခြင်း ခံခဲ့ရပါတယ်။

    လှေမှောက်မှုအတွင်း ကာဒီရဲ့မိခင် ရီဟန်၊ အသက် ၅ နှစ်အရွယ် အစ်ကိုဖြစ်သူ ဂါလစ်တို့လည်း သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ အဘ်ဒူလာတစ်ဦးတည်းသာ အသက်ရှင်သန်ခဲ့ပါတယ်။ အဘ်ဒူလာဟာ မိသားစုဝင်တွေရဲ့ ရုပ်ကလပ်တွေကို ဆီးရီးယားနိုင်ငံဆီ ပြန်လည်သယ်ဆောင်ကာ သင်္ဂြိုဟ်ခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူ ၆.၇ သန်းလောက်ဟာ နိုင်ငံကနေ ထွက်ပြေးကာ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်နေရပါတယ်။ ဥရောပကို ထွက်ပြေးခိုလှုံကြသူတွေလည်းရှိပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ဒုက္ခသည်ပြဿနာလည်း ဖြစ်ပါတယ်။

    Ref: Middle East Monitor

  • ရုရှားနှင့် တူရကီတို့ ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိဟု ကုလထုတ်ပြန်

    ရုရှားနှင့် တူရကီတို့ ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိဟု ကုလထုတ်ပြန်

    မတ် ၃၊ ၂၀၂၀
    M-Media

    -ဆီးရီးယားစစ်ပွဲမှာ ပါဝင်နေတဲ့ ရုရှားနဲ့ တူရကီတို့ဟာ အရပ်သားတွေကိုအပေါ် ပစ်မှတ်ထားတိုက်ခိုက်​မှုတွေ ရှိတဲ့အတွက် စစ်ရာဇဝတ်မှု ကျူးလွန်တာမျိုး ရှိနိုင်တယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက မနေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

    ရုရှားဟာ အာဆတ်အစိုးရရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး တူရကီက သူပုန်တွေဖက်ကနေ ဝင်ရောက် တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ သူပုန်တွေထိန်းချုပ်ထားရာ ဒေသက လူစည်ကားရာ စျေးတစ်ခုနဲ့ စစ်ရှောင်စခန်းတစ်ခုတို့ကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သားအများအပြား သေဆုံးခဲ့တာကို ကုလရဲ့ အခုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ဒီအဖြစ်အပျက် ၂ ခုစလုံးမှာ ရုရှားဟာ စစ်ဖက်ပစ်မှတ်ကို တိုက်ရိုက်တိုက်ခိုက်တာမျိုး မရှိပါဘူး။ အရပ်သားဧရိယာမှာ စစ်သား၊ အရပ်သား မခွဲခြားဘဲ တိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

    တူရကီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆီးရီးယားသူပုန်တွေ ကာ့ဒ်ဒေသအတွင်း တိုက်ခိုက်တဲ့အချိန်မှာ ကျူးလွန်မှုတွေရှိခဲ့ပြီး အဲဒီတပ်ဖွဲ့တွေသာ တူရကီတပ်မှူးတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိခဲ့တယ်ဆိုရင် တူရကီကလည်း စစ်ရာဇဝတ်မှု ကျူးလွန်မှုမှာ ပါဝင်မယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ပေါ်လို ပင်ဟီရိုက ၉ နှစ်တာကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ကျူးလွန်မှုတွေကို အရေးယူဖို့ ကမ္ဘာတစ်ဝှမ်း တရားရေးတာဝန်ရှိသူ ၂၀၀ လောက်ရဲ့ တောင်းဆိုမှုကို ရရှိထားပြီး ကျူးလွန်တယ်လို့ သံသယရှိတဲ့ သူတွေစာရင်းကို ပြုစုထားကြောင်း၊ ဒီစာရင်းဟာ လျှို့ဝှက်စာရင်းဖြစ်ပြီး မကြာသေးခင်က ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့သူတွေကိုပါ ပေါင်းထည့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဇူလိုင်လကနေ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ အခုအစီရင်ခံစာမှာ ​ဆေးရုံတွေ၊ ကျောင်းတွေလို့ အရပ်သားနေရာတွေကို ဆီးရီးယားအစိုးရနဲ့ မဟာမိတ်တပ်ဖွဲ့တွေက တမင်ပစ်မှတ်ထားတိုက်ခိုက်တာတွေကိုလည်း ရှုတ်ချထားပါတယ်။

    Ref : Aljazeera

  • ဆီးရီးယား ဒုက္ခသည်များအား ဥရောသွားရန် တံခါးဖွင့်ပေးလိုက်ပြီဟု အာဒိုဂန်ပြော

    ဆီးရီးယား ဒုက္ခသည်များအား ဥရောသွားရန် တံခါးဖွင့်ပေးလိုက်ပြီဟု အာဒိုဂန်ပြော

    ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀
    M-Media

    -လတ်တလောမတည်ငြိမ်မှုတွေကြောင့် ဆီးရီးယားကနေ ဝင်ရောက်လာတဲ့ ဒုက္ခသည်အရေးကို ကိုင်တွယ်ဖြေရှင်းတော့မှာမဟုတ်ဘဲ ဥရောပနိုင်ငံကိုသွားရောက်ဖို့ မိမိတို့အစိုးရက စတင်ခွင့်ပြုနေပြီလို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    ကြာသာပတေးနေ့က ဆီးရီးယားနိုင်ငံ အီဒလစ်ပြည်နယ်မှာ ဆီးရီးယားအစိုးရတပ်ရဲ့ လက်ချက်ကြောင့် တူရကီစစ်သား ၃၃ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး တူရကီအစိုးရက အခုလို တုန့်ပြန်လိုက်တာပါ။

    “မနေ့က ဘာလုပ်ခဲ့လဲဆိုရင် တံခါးတွေ ဖွင့်ပေးလိုက်တယ်။ တံခါးတွေ ပိတ်ထားတော့မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဥရောပသမဂ္ဂက ကတိမတည်လို့ပါ” လို့ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

    တူရကီ-ဥရောပနယ်စပ်မှာ သေကြာနေ့က ဒုက္ခသည် ၁၈၀၀၀ လောက် ရှိနေပြီး စနေနေ့မှာ ၃ သောင်းလောက်အထိ များလာလိမ့်မယ်လို့ လည်း သူက ဆိုပါတယ်။

    တူရကီ-ဂရိ နယ်စပ်မှာ ဂရိလုံခြုံရေးအဖွဲ့တွေက ဒုက္ခသည်တွေကို အင်အားသုံးဖြိုခွင်းမှုတွေလည်း ရှိလာပါတယ်။

    သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်ဖြစ်တဲ့ အီဒလစ်ပြည်နယ်ကို ပြန်ရရေး ဆီးရီးယားအစိုးရတပ်က အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ ပြီးခဲ့တဲ့ လတွေအတွင်း အဲဒီပြည်နယ်မှာ စစ်စခန်းတွေရှိနေတဲ့ တူရကီနဲ့ တင်းမာမှု မြင့်တက်လာတာပါ။ ဒီတင်းမာမှုအသစ်ကြောင့် တူရကီဖက်ကို ‌ဒုက္ခသည်တွေ နောက်ထပ် ထွက်ပြေးရတာ‌တွေလည်း ရှိလာပါတယ်။

    တူရကီအစိုးရဟာ ဒုက္ခသည်အရေးကို နိုင်ငံရေးနဲ့ စစ်ရေးအကျိုးအမြတ်အတွက် အသုံးချနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    Ref: Ajazeera

  • ဆီးရီးယားစစ်တပ်၏ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၃၀ ကျော်သေဆုံး

    ဆီးရီးယားစစ်တပ်၏ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၃၀ ကျော်သေဆုံး

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀
    M-Media

    ဆီးရီးယားရှိ တူရကီတပ်ဖွဲ့ဝင်များ

    -ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် အီဒလစ်ပြည်နယ်မှာ သောကြာနေ့က ဆီးရီးယားအစိုးရတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း တူရကီစစ်သား အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့ပြီး တူရကီကတော့ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါဟာ ၂၀၁၆ ခုနှစ်က ဆီးရီးယားပြည်တွင်းစစ်မှာ စတင်ပါဝင်ပြီးနောက်ပိုင်း တစ်ရက်အတွင်း တူရကီစစ်သား အများဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း သေဆုံးခဲ့တဲ့ စစ်သည်အရေအတွက်ဟာ ၅၄ ဦး ရှိလာပြီလို့လည်း တူရကီက ထုတ်ပြန်ထားပါတယ်။

    သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ အီဒလစ်ပြည်နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဆီးရီးယားအစိုးရတပ်တွေက ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ထိုးစစ်အရှိန်မြှင့်ရာမှာ စစ်စခန်းတွေရှိနေတဲ့ တူရကီနဲ့ တင်းမာမှု မြင့်တက်လာ ဖြစ်ပါတယ်။

    အာဆတ်အစိုးရတပ်ကို ကူညီပေးနေတဲ့ ရုရှားက တူရကီဟာ သူတို့တပ်ဖွဲ့တွေ သူပုန်နဲ့ပေါင်းပြီး တိုက်နေတာကို သတင်းပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ တူရကီဖက်ကတော့ ဒီပြောဆိုချက်ကို ငြင်းပါတယ်။

    တူရကီကတော့ ဆီးရီးယားအစိုးရတပ်ရဲ့ သိသမျှစခန်းတွေကို လက်တုန့်ပြန်တိုက်ခိုက်သွားမှာဖြစ်ပြီး၊ နိုင်ငံအတွင်းရှိနေတဲ့ ဆီးရီးယားဒုက္ခသည်တွကိုလည်း ဥရောပနိုင်ငံတွေဆီသွားဖို့ ဖွင့်ပေးလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အီဒလစ်ပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ တူရကီဖက်က ချက်ခြင်း လက်တုန့်ပြန်တိုက်ခိုက်မှုတွေ ရှိနေပြီး အနည်းဆုံး ဆီးရီးယားစစ်သား ၁၆ ဦး သေဆုံးခဲ့တယ်လို့ ယူကေအခြေစိုက် စောင့်ကြည့်အဖွဲ့ Syrian Observatory for Human Rights က ပြောပါတယ်။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီတင်းမာမှုအတွက် အလွန်စိုးရိမ်တယ်လို့ ပြောကြားခဲ့ပြီး နှစ်ဖက်စလုံး အပစ်ရပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • တူရကီနှင့် ဆီးရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    တူရကီနှင့် ဆီးရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀
    M-Media

    ဆီးရီးယားမှ တူရကီတပ်ဖွဲ့ဝင်များ

    -ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် အီဒလစ်ဘ်ပြည်နယ်မှာ ဆီးရီးယားအစိုးရတပ်တွေနဲ့ တူရကီတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး တင်းမာမှု မြင့်တက်လာပါတယ်။

    တနင်္လာနေ့က တက်ဖ်တာနက်ဇ်ဒေသမှာ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် တူရကီစစ်သား ၅ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရန်သူ့ပစ်မှတ် ၁၀၀ ကျော်ကို တုန့်ပြန်တိုက်ခိုက်ခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က မိမိတို့တပ်ဖွဲ့တွေအနေနဲ့ လိုအပ်ရင် လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း တက်ဖ်တာနက်ဇ်မှာ ဆီးရီးယားအစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၈ ဦး သေဆုံးပြီး၊ တူရကီရဲ့လက်တုန့်ပြန်မှုကြောင့် အနည်းဆုံး ဆီးရီးယားစစ်သား ၁၃ ဦး သေဆုံးခဲ့ပါတယ်။

    တူရကီကတော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ရရှိထားတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ပါ နယ်မြေမျဉ်းအနောက်ကို ပြန်ဆုတ်ဖို့ ဆီးရီးယားအစိုးရကို သတိပေးခဲ့ပါတယ်။

    သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ အီဒလစ်ဘ်ပြည်နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဆီးရီးယားအစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းကစလို့ ထိုးစစ်အရှိန်မြှင့်လာတာပါ။ အီဒလစ်ဘ်မှာ တူရကီရဲ့ စစ်စခန်း တစ်ဒါဇင်လောက်လည်း ရှိနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera