News @ M-Media

Tag: Syria

  • IS ခေါင်းဆောင်၏ ၀ါဒဖြန့်ဗီဒီယိုသစ် ထွက်ပေါ်လာ၊ ဂျီဟတ်အောင်မြင်မည်ဟု ဘုရားက အာမ,မခံထားကြောင်းပြော

    IS ခေါင်းဆောင်၏ ၀ါဒဖြန့်ဗီဒီယိုသစ် ထွက်ပေါ်လာ၊ ဂျီဟတ်အောင်မြင်မည်ဟု ဘုရားက အာမ,မခံထားကြောင်းပြော

    ဧပြီ ၃၀၊ ၂၀၁၉
    M-Media

    ဗီဒီယိုသစ်တွင်တွေ့ရသည့် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီ

    – IS အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာ အလ်-ဘဂ္ဂဒါဒီရဲ့ ၀ါဒဖြန့် ဗီဒီယိုတစ်ခုကို IS မီဒီယာချန်နယ် Al Furqan က မနေ့မှာ လွှင့်တင်ခဲ့ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ဘဂ္ဂဒါဒီက သူ့နောက်လိုက်တွေကို ဗီဒီယိုမှာ တိုက်တွန်းခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် အီရတ်နဲ့ ဆီးရီးယားတို့က နယ်မြေတစ်ချို့ကို သိမ်းပိုက်ပြီး သြဇာအမြင့်ဆုံး ရောက်နေချိန် ဘဂ္ဂဒါဒီ မိန့်ခွန်းပြောတဲ့ ဗီဒိယိုတစ်ခု ပေါ်ထွက်ခဲ့ဖူးပြီး အခုဗီဒီယိုက ဒုတိယမြောက် ဖြစ်ပါတယ်။

    ၁၈ မိနစ်နတာကြာမြင့်တဲ့ဗီဒီယိုမှာ ဘဂ္ဂဒါဒီက ဧပြီလ ၂၁ ရက်နေ့ သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုတွေဟာ ဆီးရီးယားမှာ သူတို့အဖွဲ့ရဲ့ နောက်ဆုံးခြေကုပ်စခန်း ဆုံးရှုံးရမှုကို လက်စားချေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ခရစ်ယာန် ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခု အပါအ၀င် နေရာ ၈ နေရာမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ မတ်လအတွင်း နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီနှစ်လုံး အကြမ်းဖက်ခံရမှုကို လက်တုန့်ပြန်တာဖြစ်တယ်လို့ စုံစမ်းမှုမှာတွေ့ရကြောင်း သီရိလင်္ကာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

    ဘဂ္ဂဒါဒီက သတ်ဖြတ်၊ ဖမ်းဆီးခံရတဲ့ အဖွဲ့ဝင်တွေအတွက် ထပ်ပြီးလက်စားချေမယ်လို့ ဗီဒီယိုထဲမှာ ပြောကြားခဲ့ပြီး အာဖရိကမှာ ‘ခရူးဆိတ်ဝါဒီ ပြင်သစ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေ’ အပေါ် တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အရှေ့အလယ်ပိုင်းက တိုက်ပွဲတွေမှာ ဘဂ္ဂဒါဒီတစ်ယောက် သေဆုံးတာ၊ ဒဏ်ရာရတာမျိုး ဖြစ်နိုင်တယ်လို့ အမေရိကန်နဲ့ ရုရှားတို့က သီးခြားစီပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။  ဒါပေမယ့် မနေ့က ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာတော့ သူဟာ ကျန်းကျန်းမာမာရှိနေတဲ့ အနေအထားရှိပြီး၊ ၂၀၁၄ ခုနှစ်က ဗီဒီယိုထက် နည်းနည်း အိုစာသွားတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း ဘဂ္ဂဒါဒီရဲ့ အသံဖိုင်တွေသာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    အခုထွက်ပေါ်လာတဲ့ ဗီဒီယိုဟာ ဘယ်တုန်းက ရိုက်ကူးခဲ့တာလဲ၊ စစ်မှန်မှု ဘယ်လောက်ရှိလဲဆိုတာကို နိုင်ငံတကာသတင်းဌာနတွေက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    ဂျီဟတ်စစ်ပွဲဟာ ကမ္ဘာပျက်တဲ့နေ့အထိ ရှိနေမှာဖြစ်ပြီး ဘုရားရှင်ဟာ ဂျီဟတ်လုပ်ဖို့ အမိန့်ပေးထားပေမယ့် အောင်မြင်မယ်လို့ ပြောမထားကြောင်း၊ အခုလအစောပိုင်းက လစ်ဗျားနိုင်ငံတောင်ဘက် ဖူကာဟာမြို့မှာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ သူတွေ၊ IS အပေါ် သစ္စာခံတဲ့ ဘာကီနာဖာဆိုနဲ့ မာလီက လက်နက်ကိုင်တွေကို ချီးကျူးကြောင်း ဘဂ္ဂဒါဒီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဘဂ္ဂဒါဒီဦးဆောင်တဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားတို့က နယ်မြေ တော်တော်များများကို သိမ်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီနယ်မြေတွေကို ပြန်လည်ဆုံးရှုံးခဲ့ပါတယ်။ အီရတ်ဟာ ၂၀၁၇ ခုနှစ်မှာ IS ကို အမြတ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး၊ ဆီးရီးယားက အခုနှစ်အစောပိုင်းမှာ ချေမှုန်းနိုင်ခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံက နောက်ဆုံးခြေကုပ်ဖြစ်တဲ့ ဘဂ်ဟုဇ်မြို့မှာ သေဆုံးသွားတဲ့ အဖွဲ့ဝင်တွေအတွက် နိုင်ငံ ၈ နိုင်ငံမှာ လက်စားချေတိုက်ခိုက်မှုပေါင်း ၉၂ ခု ပြုလုပ်ခဲ့တယ်လို့လည်း ဘဂ္ဂဒါဒီက ဗီဒီယိုအသစ်မှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဘဂ္ဂဒါဒီရဲ့ အသံဖိုင်ဟာ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ နောက်ဆုံး ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

    ဘဂ္ဂဒါဒီ အမှန်တကယ် သက်ရှိထင်ရှား ရှိသေးလားဆိုတာနဲ့ပတ်သက်လို့ ၀ိဝါဒကွဲပြားမှုတွေ ရှိနေပြီး အခုဗီဒီယိုအတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA က မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

    Ref: Reuters

  • ဆီးရီးယားရှိ အီရတ်ဒုက္ခသည် ၃ သောင်းကျော် ပြည်တော်ပြန်မည်

    ဆီးရီးယားရှိ အီရတ်ဒုက္ခသည် ၃ သောင်းကျော် ပြည်တော်ပြန်မည်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    – စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ အီရတ်ပြည် ၃ သောင်းကျော်လောက် ပြည်တော်ပြန်ဖို့ အီရတ်အစိုးရနဲ့ သဘောတူညီချက်ရပြီလို့ ဆီးရီးယားမှာရှိတဲ့ ကာ့ဒ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    အီရတ်နိုင်ငံမြောက်ပိုင်းက နိုက်နီဗာဟ်နဲ့ ဆာလာဟက်ဒင် ပြည်နယ်တွေမှာ IS အကြမ်းဖက်အဖွဲ့ ကြီးစိုးချိန် အီရတ်ပြည်သူတော်တော်များများဟာ ဆီးရီးယားဖက် ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

    ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ကာ့ဒ်ဒေသကို အုပ်ချုပ်နေတဲ့ ကာ့ဒ်အစိုးရအဖွဲ့ တာဝန်ရှိသူ မဟ်မူးဒ်ကီရိုက အီရတ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေသကို လာရောက်ကြည့်ရှုကာ အီရတ်ပြည်သူ ၃၁၀၀၀ ပြည်တော်ပြန်ရေး သဘောတူညီခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လက်ရှိအချိန်မှာ လူ ၄ ထောင်လောက် စာရင်းပေးပြီးပါပြီ။ အီရတ်အစိုးရက နယ်စပ်ဖွင့်တဲ့အချိန်ကို စောင့်နေတာပါ”

    ဆီးရီးယားမှာမွေးပြီး အီရတ်နိုင်ငံက ထုတ်ပေးတဲ့ အထောက်အထား မရှိသူတွေအတွက် အဖြေတစ်ခုရှာဖို့ အီရတ်အစိုးရကို တောင်းဆိုထားတယ်လို့လည်း ကီရိုက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ရှိ ပြည်တော်ပြန်မယ့်သူတွေထဲမှာ SDF ထံ လက်နက်ချတဲ့၊ ဒါမှမဟုတ် ထွက်ပြေးရင်း အဖမ်းခံရတဲ့ IS အကြမ်းဖက်သမားတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် IS အဖွဲ့ဝင်တွေအပါအ၀င် အီရတ်နိုင်ငံသားအားလုံးကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် အီရတ်အစိုးရကို ပြောဆိုထားတယ်လို့ ကီရိုက ဆိုပါတယ်။

    အီရတ်အစိုးရ တာဝန်ရှိသူတစ်ဦးက ဆီးရီးယားမှာ ခိုလှုံနေတဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်သွားမယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ပြန်တော်ပြန်လာတဲ့သူတွေကို နိုင်ငံအနောက်မြောက်ပိုင်း ဆင်ဂျာဒေသမှာ ယာယီနေရာပေးထားဖို့ အီရတ်အစိုးရက စီစဉ်ထားပါတယ်။

    အီရတ်ဟာ IS အကြမ်းဖက်အဖွဲ့ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီး၊ ဆီးရီးယားကတော့ ပြီးခဲ့တဲ့လမှာ အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပါတယ်။

    Ref: Arab News

  • ဂိုလန်ကုန်းမြင့်ဒေသကိစ္စအတွက် လုံခြုံရေးကောင်စီတွင် အမေရိကန် ရှုတ်ချခံရ

    ဂိုလန်ကုန်းမြင့်ဒေသကိစ္စအတွက် လုံခြုံရေးကောင်စီတွင် အမေရိကန် ရှုတ်ချခံရ

    မတ် ၂၈၊ ၂၀၁၉
    M-Media

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့်အတူ တွေ့ရသည့် ဒေါ်နယ်ထရမ့်

    – ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေး အချုပ်အခြာပိုင်အဖြစ် သတ်မှတ်မှုအတွက် အမေရိကန်ဟာ မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

    အစ္စရေးဟာ ဂိုလန်ကုန်းမြင့်ဒေသကို ၁၉၆၇ ခုနှစ်က ကျူးကျော်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ၁၉၈၁ ခုနှစ်မှာ သူ့ရဲ့ပိုင်နက်ထဲ ထည့်သွင်းခဲ့ပါတယ်။ အမေရိကန်ဟာ အရင်က ကမ္ဘာနိုင်ငံတွေနည်းတူ ဒီကိစ္စကို လက်မခံခဲ့ပေမယ့် တနင်္လာနေ့မှာ သမ္မထရမ့်က ဂိုလန်ဒေသကို အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

    မနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ အဖွဲ့ဝင် ၁၄ နိုင်ငံစလုံးက အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဂိုလန်ဒေသဟာ ဆီးရီးယားပိုင်သာဖြစ်တယ်လို့ ထပ်မံ အတည်ပြု ပြောကြားခဲ့ပါတယ်။

    “ဒီလိုတစ်ဖက်သက် ဆောင်ရွက်မှုဟာ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေအတွက် ရေရှည်တည်တံ့တဲ့အဖြေမျိုးထွက်ရေး ဘာအထောက်အပံ့မှ မဖြစ်ပါဘူး” လို့ ကုလဆိုင်ရာ တောင်အာဖရိက သံအမတ် ဂျယ်ရီ မက်ဂျီလာက ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားကလည်း အမေရိကန်အနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြင်သစ်ကလည်း နိုင်ငံတကာဥပဒေတွေကို လစ်လျူရှုတဲ့ လုပ်ဆောင်ချက်တွေဟာ အောင်မြင်မှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

    ဂိုလန်ဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ဆီးရီးယားပိုင်နက်သာဖြစ်တယ်ဆိုတဲ့ ကုလရဲ့ဆုံးဖြတ်ချက်တွေကို တရုတ်သံအမတ်က ထောက်ပြခဲ့ပြီး ဒီအချက်နဲ့ဆန့်ကျင်တဲ့ တစ်ဖက်သတ်လုပ်ရပ်ကို တရုတ်ဖက်က ဆန့်ကျင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကတော့ အခုလိုအသိအမှတ်ပြုလိုက်တာဟာ အစ္စရေးရဲ့ လုံခြုံရေးအတွက်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး လုံခြုံရေးအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ကာကွယ် ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • IS အကြမ်းဖက်များကို နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရေးရန် ကာ့ဒ်အဖွဲ့ ဆော်သြ

    IS အကြမ်းဖက်များကို နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရေးရန် ကာ့ဒ်အဖွဲ့ ဆော်သြ

    မတ် ၂၆၊ ၂၀၁၉
    M-Media

    – ဖမ်းဆီးရမိထားတဲ့ IS အကြမ်းဖက်အဖွဲ့ဝင်တွေကို နိုင်ငံတကာ ခုံရုံးတစ်ခုဖွဲ့ကာ တရားစွဲဆို စစ်ဆေးဖို့အတွက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကို အုပ်ချုပ်နေတဲ့ ကာ့ဒ်အစိုးရအဖွဲ့က တိုက်တွန်း ဆော်သြလိုက်ပါတယ်။

    ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံး ခြေကုပ်စခန်းကို ကာ့ဒ်တပ်ဖွဲ့ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ပြီးခဲ့တဲ့တစ်ပတ်မှာ သိမ်းယူနိုင်ခဲ့ရာမှာ IS အဖွဲ့ဝင် ၅ ထောင်လောက်ကို အရှင် ဖမ်းမိခဲ့ပါတယ်။ အဲဒီအထဲက တစ်ထောင်နီးပါးဟာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

    ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်သမားတွေကို နိုင်ငံတကာဥပဒေတွေ၊ လူ့အခွင့်အရေး သတ်မှတ်ချက်တွေနဲ့ မျှမျှတတ တရားစီရင်နိုင်ရေး ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ နိုင်ငံတကာ အထူးခုံရုံးတစ်ခု ဖွဲ့စည်းဖို့ တိုက်တွန်းထားပါတယ်။

    အုပ်ချုပ်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ အဘ်ဒူလ် ကရင် အိုမာရ်က IS အဖွဲ့ဝင် နိုင်ငံခြားသားတွေကို သူတို့ရဲ့ မိခင်နိုင်ငံတွေက ပြန်မခေါ်တဲ့ကိစ္စကလည်း အခြေအနေကို ပိုမိုကြပ်တည်းစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    IS အဖွဲ့ဝင်တွေရဲ့ ဆွေမျိုး ၇ သောင်းကျော်လောက်ကိုလည်း ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူထားရပြီး အဲဒီအထဲက ၉၀၀၀ ကျော်ဟာ နိုင်ငံခြားသား IS အဖွဲ့ဝင်တွေရဲ့ ဆွေမျိုးတွေ ဖြစ်ပါတယ်။

    ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဂျိမ်းစ် ဂျက်ဖရီက အမေရိကန်အနေနဲ့ စစ်သွေးကြွတွေကို နေရပ်ပြန်ပို့ရေး အာရုံစိုက်သွားမှာဖြစ်ပြီး နိုင်ငံတကာ ခုံသမာဓိရုံးတစ်ခု ဖွဲ့စည်းဖို့အတွက် လက်ရှိမှာ အစီအစဉ်မရှိသေးဘူးလို့ တနင်္လာနေ့မှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေက ဘော်လ်ကန်စစ်ပွဲ၊ ၁၉၉၄ ခုနှစ်က ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပြီး နိုင်ငံတကာ ခုံသမာဓိရုံးဖွဲ့ကာ ကျူးလွန်သူတွေကို စစ်ဆေးခဲ့ပေမယ့် ဆီးရီးယားမှာ ဒီလိုခုံရုံးဖွဲ့ဖို့ မဖြစ်နိုင်ဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    Ref: BBC

  • ဆီးရီးယားပိုင် ဂိုလန်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က သတ်မှတ်မှု ကမ္ဘာက ရှုတ်ချ

    ဆီးရီးယားပိုင် ဂိုလန်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က သတ်မှတ်မှု ကမ္ဘာက ရှုတ်ချ

    မတ် ၂၆၊ ၂၀၁၉
    M-Media

    ဂိုလန်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်၏ ထုတ်ပြန်ချက်

    – ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုအတွက် မဟာမိတ်နိုင်ငံတွေအပါအ၀င် ကမ္ဘာတစ်ဝှမ်းက အမေရိကန်အပေါ် ဝေဖန်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အစ္စရေးဟာ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ဒေသကို ကျူးကျော်သိမ်းပိုက်ထားတာပါ။ ကုလနဲ့ ကမ္ဘာ့နိုင်ငံတွေဟာ ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားပိုင်အဖြစ် သတ်မှတ်ထားကြပြီး အစ္စရေးကို ကျူးကျော်သူအဖြစ်နဲ့သာ ပြောဆိုသုံးနှုန်းကြပါတယ်။

    အရင်က အမေရိကန်ရဲ့ရပ်တည်ချက်ဟာ ဒီအတိုင်းဖြစ်ခဲ့ပေမယ့် သမ္မထရမ့်က ဂိုလန်ကို အစ္စရေးရဲ့ အချုပ်အခြာပိုင်ဒေသအဖြစ် သတ်မှတ်ဖို့ အချိန်ကျပြီလို့ ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ မနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေဆုံစဉ်မှာ အမေရိကန်က ဂိုလန်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်က တရားဝင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

    နေတန်ယာဟုက ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပြီး အမေရိကန်လောက် မိတ်ဆွေပီသတဲ့နိုင်ငံမျိုး အစ္စရေးမှာ မရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။ နေတန်ယာဟုဟာ ဂိုလန်ဒေသကို အစ္စရေးပိုင်ဖြစ်ရေး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဆော်သြခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့နိုင်ငံများ ရှုတ်ချ

    ဒီလုပ်ရပ်ကို ဆီးရီးယားနိုင်ငံက လျင်လျင်မြန်မြန်ပဲ ရှုတ်ချခဲ့ပြီး မိမိတို့ရဲ့ အချုပ်အခြာအာဏာ၊ မိမိတို့ရဲ့ပိုင်နက်ကို “ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှု” ဖြစ်ကြောင်း၊ ဂိုလန်ဒေသကိုပြန်ယူဖို့ မိမိတို့မှာ အခွင့်အရေးအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံခြားရေ၀န်ကြီး ၀ါလစ် အလ်-မူအာလင်က ဂိုလန်ဟာ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ ဆီးရီးယားပိုင်နက်ဖြစ်တယ်ဆိုတဲ့ အမှန်တရားဟာ အချိန်ဘယ်လောက်ကြာကြာ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ ဂါဇာအခြေစိုက် ဟားမက်စ်အဖွဲ့တို့ကလည်း အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတရုံးရဲ့ ထုတ်ပြတ်ကြေငြာချက်မှာ ဂိုလန်ဟာ ဆီးရီးယားပိုင်နက်သာဖြစ်တယ်ဆိုတဲ့ ကုလ လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်တွေကို ကျော်လွန်လုပ်ဆောင်နိုင်တဲ့ အခွင့်အာဏာ ဘယ်သူ့ဆီမှာမှ မရှိဘူးလို့ ဖော်ပြထားပါတယ်။

    ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ဂိုလန်ကုန်းမြင့်ဒေသဟာ “ထာဝရ ဆီးရီးယားပိုင်နက် ဖြစ်နေမယ်” လို့ ပြောကြားခဲ့ပါတယ်။

    ကုလအထွေထွေအတွင်းရးမှူး အန်တိုနီယို ဂူတာရက်စ်က  ‘ဂိုလန်ကုန်းမြင့်ဒေသရဲ့ လက်ရှိအနေအထားဟာ လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး’ လို့ ပြောကြာခဲ့ပါတယ်။

    “ဂိုလန်ဒေသနဲ့ပတ်သက်တဲ့ ကုလရဲ့ ပေါ်လစီဟာ လုံခြုံရေးကာင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းသားဖြစ်ပြီး၊ ဒီမူဝါဒ ပြောင်းလဲမှာ မဟုတ်ပါဘူး” လို့ ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က ပြောဆိုခဲ့ပါတယ်။

    နေတိုးအဖွဲ့ဝင်နိုင်ငံ တူရကီက အမေရိကန်ရဲ့ ဒီအသိအမှတ်ပြုမှုဟာ လက်မခံနိုင်စရာဖြစ်ပြီး ကုလအပါအ၀င် နေရာတိုင်းမှာ ဆန့်ကျင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    အာရပ်လိဂ်ကတော့ ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ ဂိုလန်ဒေသရဲ့ လက်ရှိအနေအထားကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ အီဂျစ်၊ ရုရှား၊ ဗင်နီဇွဲလားနဲ့ ဘိုလီဗီးယားနိုင်ငံတို့ကလည်း အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို
    ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

    Ref: Aljazeera