News @ M-Media

Tag: Syria

  • ဆီးရီးယားပိုင် ဂိုလန်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က သတ်မှတ်မှု ကမ္ဘာက ရှုတ်ချ

    ဆီးရီးယားပိုင် ဂိုလန်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က သတ်မှတ်မှု ကမ္ဘာက ရှုတ်ချ

    မတ် ၂၆၊ ၂၀၁၉
    M-Media

    ဂိုလန်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်၏ ထုတ်ပြန်ချက်

    – ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုအတွက် မဟာမိတ်နိုင်ငံတွေအပါအ၀င် ကမ္ဘာတစ်ဝှမ်းက အမေရိကန်အပေါ် ဝေဖန်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အစ္စရေးဟာ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ဒေသကို ကျူးကျော်သိမ်းပိုက်ထားတာပါ။ ကုလနဲ့ ကမ္ဘာ့နိုင်ငံတွေဟာ ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားပိုင်အဖြစ် သတ်မှတ်ထားကြပြီး အစ္စရေးကို ကျူးကျော်သူအဖြစ်နဲ့သာ ပြောဆိုသုံးနှုန်းကြပါတယ်။

    အရင်က အမေရိကန်ရဲ့ရပ်တည်ချက်ဟာ ဒီအတိုင်းဖြစ်ခဲ့ပေမယ့် သမ္မထရမ့်က ဂိုလန်ကို အစ္စရေးရဲ့ အချုပ်အခြာပိုင်ဒေသအဖြစ် သတ်မှတ်ဖို့ အချိန်ကျပြီလို့ ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ မနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေဆုံစဉ်မှာ အမေရိကန်က ဂိုလန်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်း ထရမ့်က တရားဝင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

    နေတန်ယာဟုက ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပြီး အမေရိကန်လောက် မိတ်ဆွေပီသတဲ့နိုင်ငံမျိုး အစ္စရေးမှာ မရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။ နေတန်ယာဟုဟာ ဂိုလန်ဒေသကို အစ္စရေးပိုင်ဖြစ်ရေး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဆော်သြခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့နိုင်ငံများ ရှုတ်ချ

    ဒီလုပ်ရပ်ကို ဆီးရီးယားနိုင်ငံက လျင်လျင်မြန်မြန်ပဲ ရှုတ်ချခဲ့ပြီး မိမိတို့ရဲ့ အချုပ်အခြာအာဏာ၊ မိမိတို့ရဲ့ပိုင်နက်ကို “ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှု” ဖြစ်ကြောင်း၊ ဂိုလန်ဒေသကိုပြန်ယူဖို့ မိမိတို့မှာ အခွင့်အရေးအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံခြားရေ၀န်ကြီး ၀ါလစ် အလ်-မူအာလင်က ဂိုလန်ဟာ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ ဆီးရီးယားပိုင်နက်ဖြစ်တယ်ဆိုတဲ့ အမှန်တရားဟာ အချိန်ဘယ်လောက်ကြာကြာ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ ဂါဇာအခြေစိုက် ဟားမက်စ်အဖွဲ့တို့ကလည်း အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတရုံးရဲ့ ထုတ်ပြတ်ကြေငြာချက်မှာ ဂိုလန်ဟာ ဆီးရီးယားပိုင်နက်သာဖြစ်တယ်ဆိုတဲ့ ကုလ လုံခြုံရေးကောင်စီရဲ့ ကြေငြာချက်တွေကို ကျော်လွန်လုပ်ဆောင်နိုင်တဲ့ အခွင့်အာဏာ ဘယ်သူ့ဆီမှာမှ မရှိဘူးလို့ ဖော်ပြထားပါတယ်။

    ဟားမက်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ဂိုလန်ကုန်းမြင့်ဒေသဟာ “ထာဝရ ဆီးရီးယားပိုင်နက် ဖြစ်နေမယ်” လို့ ပြောကြားခဲ့ပါတယ်။

    ကုလအထွေထွေအတွင်းရးမှူး အန်တိုနီယို ဂူတာရက်စ်က  ‘ဂိုလန်ကုန်းမြင့်ဒေသရဲ့ လက်ရှိအနေအထားဟာ လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူး’ လို့ ပြောကြာခဲ့ပါတယ်။

    “ဂိုလန်ဒေသနဲ့ပတ်သက်တဲ့ ကုလရဲ့ ပေါ်လစီဟာ လုံခြုံရေးကာင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းသားဖြစ်ပြီး၊ ဒီမူဝါဒ ပြောင်းလဲမှာ မဟုတ်ပါဘူး” လို့ ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က ပြောဆိုခဲ့ပါတယ်။

    နေတိုးအဖွဲ့ဝင်နိုင်ငံ တူရကီက အမေရိကန်ရဲ့ ဒီအသိအမှတ်ပြုမှုဟာ လက်မခံနိုင်စရာဖြစ်ပြီး ကုလအပါအ၀င် နေရာတိုင်းမှာ ဆန့်ကျင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    အာရပ်လိဂ်ကတော့ ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ ဂိုလန်ဒေသရဲ့ လက်ရှိအနေအထားကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ အီဂျစ်၊ ရုရှား၊ ဗင်နီဇွဲလားနဲ့ ဘိုလီဗီးယားနိုင်ငံတို့ကလည်း အမေရိကန်ရဲ့ ဒီလုပ်ရပ်ကို
    ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • IS အကြမ်းဖက်အဖွဲ့အပေါ် အောင်ပွဲရရန် သိပ်မကြာတော့ဟု SDF အဖွဲ့ ပြော

    IS အကြမ်းဖက်အဖွဲ့အပေါ် အောင်ပွဲရရန် သိပ်မကြာတော့ဟု SDF အဖွဲ့ ပြော

    မတ် ၁၉၊ ၂၀၁၉
    M-Media

    SDF တပ်ဖွဲ့ဝင်များ

    – IS အကြမ်းဖက်အဖွဲ့ရဲ့ ဆီးရီးယားနိုင်ငံက နောက်ဆုံးခြေကုပ်ဒေသ အစိတ်အပိုင်း တော်တော်များများကို သိမ်းယူထားနိုင်ပြီး မကြာခင်မှာ အပြီးသတ်ရှင်းလင်းနိုင်တော့မယ်လို့ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF က ပြောကြားလိုက်ပါတယ်။

    ကာ့ဒ်တပ်ဖွဲ့ YPG ဦးဆောင်ပြီး အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ SDF အဖွဲ့ဟာ ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီအက်ဇိုရ်ပြည်နယ်က IS သိမ်းပိုက်ထားတဲ့ ဘဂ်ဟုဇ်ဒေသကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ အရပ်သားတွေကို ကယ်ထုတ်မှု၊ IS အဖွဲ့ရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် နောက်ဆုံးအဆင့် စစ်ဆင်ရေးကို ဖေဖော်ဝါရီလမှ စတင်နိုင်ခဲ့ပါတယ်။

    လက်ရှိအချိန်မှာ ဘဂ်ဟုဇ်ဒေသရဲ့ အစိတ်အပိုင်း တော်တော်များများကို သိမ်းပိုက်ထားနိုင်တယ်လို့ SDF က ပြန်ကြားရေးတာဝန်ခံ မူစတာဖာ ဘာလီက ပြောပါတယ်။

    “အောင်ပွဲမရသေးပေမယ့် IS ကိုတိုက်ခိုက်မှုမှာ သိသိသာသာ တိုးတက်မှုတွေ ရှိတယ်ဆိုတာ ပြောကြားလိုပါတယ်” လို့ ဘာလီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အကြမ်းဖက်သမားတွေအားလုံး ရှင်းလင်းနိုင်ဖို့ ဘယ်လောက်ကြာမြင့်မလဲလို့ ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ ဘာလီက စစ်ဆင်ရေး မကြာခင် ပြီးဆုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “တိုက်ပွဲတွေ အဆုံးမသတ်သေးပါဘူး။ (ယူဖရေးတီး) မြစ်ဘေးမှာ တစ်ချို့တစ်လေ ပုန်းနေတာတွေ ရှိပါတယ်။ အကြမ်းဖက်သမား အချို့က ကလေးတွေကို ဖမ်းထားပြီး လူသားတံတိုင်း လုပ်ထားတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေက ဖြစ်လိုက်၊ ရပ်လိုက်ပါ”

    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေရဲ့ ၃ ပုံတစ်ပုံကို သိမ်းယူနိုင်ခဲ့ပါတယ်။ အီရတ်နိုင်ငံက ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ IS အဖွဲ့ကို လုံးဝ ရှင်းလင်းနိုင်ခဲ့ပါတယ်။ လက်ရှိ ဆီးရီးယားနိုင်ငံ ဘဂ်ဟုဇ်ဒေသကို SDF အဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ရင် အရှေ့အလယ်ပိုင်းမှာ IS အကြမ်းဖက်အဖွဲ့ လုံးဝ အမြစ်ပြတ်သွားမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ဆီးရီးယားရှိ IS ၏ နောက်ဆုံးခြေကုပ်စခန်းကို ချေမှုန်းမှု ပြန်လည်စတင်

    ဆီးရီးယားရှိ IS ၏ နောက်ဆုံးခြေကုပ်စခန်းကို ချေမှုန်းမှု ပြန်လည်စတင်

    မတ် ၁၁၊ ၂၀၁၉
    M-Media

    – IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက ဘဂ်ဟုဇ်ရွာကို အမေရိကန် ကျောထောက်နောက်ခံပြုပြီး ကာ့ဒ်တပ်ဖွဲ့က ဦဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF က မနေ့မှာ ထိုးစစ်ဆင်မှု ပြန်လည်စတင်လိုက်ပါတယ်။

    လက်နက်ချဖို့ ပေးထားတဲ့အချိန် ပြည့်သွားပြီးတဲ့နောက် ထိုးစစ်ပြန်စတာဖြစ်ပြီး SDF တပ်မှူးတစ်ဦးဖြစ်တဲ့ ရုစ်တမ် ဟာဆာကီက တပ်ဖွဲ့ဝင်တွေဟာ IS ရဲ့ မြေအောက်လှိုဏ်ခေါင်းတွေကို ဖျက်ဆီးကာ ရှေ့ဆက်တက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့လက်ထဲကနေ နေရာတော်တော်များများကို လွတ်မြောက်အောင် လုပ်ပေးထားနိုင်ပါတယ်။ နိုင်ငံတကာ မဟာမိတ်အဖွဲ့တွေရဲ့ လေကြောင်းနဲ့ ကြည်းကြောင်းက ပံ့ပိုးကူညီမှုနဲ့အတူ ကျွန်တော်တို့ ရှေ့ကို ဆက်ပြီး တက်နိုင်နေပါတယ်”

    SDF တပ်ဖွဲ့ဟာ ဘဂ်ဟုဇ်ရွာကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက ၀ိုင်းထားနိုင်ခဲ့ပေမယ့် အရပ်သားတွေကို ကယ်ထုတ်မှုကြောင့် ထိုးစစ်တပ်ကို ရပ်ဆိုင်းထားခဲ့ရပါတယ်။

    SDF ပြန်ကြားရေးဌာန အကြီးအကဲ မွတ်စ်တာဖာ ဘာလီက စနေနေ့ကတည်းကနေစပြီး ရွာထဲကနေ အရပ်သားတွေ ထပ်မထွက်လာတော့ဘဲ၊ သူတို့အဖွဲ့ရဲ့
    စုံစမ်းမှုအရ အရပ်သားတွေ ထပ်မရှိတော့ဘူးဆိုတာ သိရတဲ့အတွက် ထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ IS အဖွဲ့တွေကို လက်နက်ချဖို့အတွက် အချိန်ပေးခဲ့ပြီး၊ အဲဒီအချိန် ကျော်လွန်သွားပြီလို့လည်း သူက ဆိုပါတယ်။

    ပြီးခဲ့တဲ့လအတွင်း IS အဖွဲ့ဝင် ၄ ထောင်ကျော်လောက် SDF ထံ လက်နက်ချခဲ့ပါတယ်။

    Ref: Aljazeera

  • IS ၏ နောက်ဆုံးစခန်းကို ချေမှုန်းရေး အရပ်သားများ ကယ်ထုတ်ရမှုကြောင့် နှောင့်နှေး

    IS ၏ နောက်ဆုံးစခန်းကို ချေမှုန်းရေး အရပ်သားများ ကယ်ထုတ်ရမှုကြောင့် နှောင့်နှေး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉
    M-Media

    – IS အကြမ်းဖက်အဖွဲ့ရဲ့ ဆီးရီးယားက နောက်ဆုံးခြေကုပ်ကို ရှင်းလင်းရေးဟာ အရပ်သားတွေ ကယ်ထုတ်ရမှုကြောင့် ကြန့်ကြာနေပြီး အရပ်သားတွေကို ကုန်သွားတာနဲ့ ထိုစစ် စတင်မယ်လို့ စစ်ဆင်ရေးကို ဦးစီးနေတဲ့ Syrian Democratic Forces (SDF) အဖွဲ့က ပြောပါတယ်။

    ယူဖရေးတီးမြစ်တစ်လျှောက်က IS ခြေကုပ်ဒေသတွေကို တစ်ဖြည်းဖြည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ SDF အဖွဲ့ဟာ ဆီးရီးယားအရှေ့ပိုင်း အီရတ်နယ်စပ် ဘဂ်ဟုဇ်ရွာကို ၀ိုင်းထားပြီး ဖြစ်ပါတယ်။ ဒီရွာဟာ IS အဖွဲ့ရဲ့နောက်ဆုံးခြေကုပ်ဖြစ်ပြီး နိုင်ငံခြားသားအများစုအပါအ၀င် တိုက်ခိုက်ရေးသမား ၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

    SDF အဖွဲ့ကို ကာ့ဒ်တပ်ဖွဲ့ YPG က ဦးဆောင်တာဖြစ်ပြီး အမေရိကန်က ကျောထောက်နောက်ခံပြုတာ ဖြစ်ပါတယ်။

    နောက်ဆုံး စစ်ဆင်ရေး ဆောင်ရွက်ဖို့အတွက် SDF ဟာ လက်ရှိ ဘဂ်ဟုဇ်ရွာက အရပ်သားတွေကို ကယ်ထုတ်ပေးနေပါတယ်။ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ မွတ်စတာဖာ ဘာလီက အရပ်သားတွေ ကုန်တာနဲ့ ထိုးစစ် စတင်သွားမယ်လို့ ပြောပါတယ်။

    ၈ နှစ်တာကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲဟာ ဒီစစ်ဆင်ရေးပြီးရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမယ်လို့ မျှော်လင့်မှုတွေလည်း ရှိနေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်တွေ အားလုံးကို ပြန်ခေါ်သွားမယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပေမယ့် မနေ့က အိမ်ဖြူတော်ကနေထုတ်ပြန်တဲ့ ကြေငြာချက်မှာ စစ်သား ၂၀၀ ဆက်လက်ထားရှိမယ်လို့ ဖော်ပြထားပါတယ်။

    ၂၀၁၄ ခုနှစ်က အီရတ်နဲ့ ဆီးရီးယားတို့က နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့တဲ့ IS အကြမ်းဖက်အဖွဲ့ကို အီရတ်နိုင်ငံက ၂၀၁၇ ခုနှစ်မှာ အပြီးတိုင်ချေမှုန်းနိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားမှ လက်ကျန် IS အဖွဲ့ကို လာမည့်တစ်ပတ်အတွင်း အပြီးရှင်းလင်းမည်

    ဆီးရီးယားမှ လက်ကျန် IS အဖွဲ့ကို လာမည့်တစ်ပတ်အတွင်း အပြီးရှင်းလင်းမည်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၉
    M-Media

    SDF အဖွဲ့ဝင်များ

    – ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးခြေကုပ်ကို သိမ်းပိုက်ရရှိရေး ထိုးစစ်စတင်နေပြီလို့ အမေရိကန်ကျောထောက်နောက်ခံပြုတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF က ပြောကြားလိုက်ပြီး လာမယ့်သီတင်းပတ်အတွင်း ဆီးရီးယားမှာ IS အကြမ်းဖက်အဖွဲ့ လုံးဝ အမြစ်ပြတ်မယ်လို့ ခန့်မှန်းထားပါတယ်။

    SDF အဖွဲ့ကို ကာ့ဒ်တပ်ဖွဲ့က ဦးဆောင်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းကစတင်ကာ ဆီးရီးယားအရှေ့ပိုင်းက IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်နေတာ ဖြစ်ပါတယ်။

    “ဘဂ်ဟုဇ်ရွာက လက်ကျန် IS အကြမ်းဖက်သမားတွေကို သုတ်သင်ဖို့အတွက် SDF ဟာ အဆုံးအဖြတ်ထိုးစစ်တစ်ခုကို စတင်လိုက်ပါတယ်” လို့ SDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မွတ်စ်တာဖာ ဘာလီက Twitter စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။

    ထိုးစစ်ကို စနေနေ့က စတင်တာဖြစ်ပြီး ဒီအက်ဇိုရ်ပြည်နယ်က ပြည်သူ ၂ သောင်းကျော်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဒီအက်ဇိုရ်က IS ရဲ့ နောက်ဆုံး ခြေကုပ်စခန်းမှာ တိုက်ခိုက်ရေးသမား ၆၀၀ လောက်ရှိပြီး အများစုက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ အရပ်သားတွေလည်း အဲဒီနေရာမှာ ပိတ်မိနေပါတယ်။

    ဘာလီက ဒီထိုးစစ်ဟာ ဆီးရီးယားမှာ IS အကြမ်းဖက်အဖွဲ့ လုံးဝကင်းစင်ရေး ရည်ရွယ်တယ်လို့ ပြောပါတယယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နဲ့ ဆီးရီးယားတို့မှာ တစ်ချိန်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေအားလုံးကို လာမယ့်တစ်ပတ်အတွင်း IS က ဆုံးရှုံးရတော့မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

    အီရတ်ဟာ IS အကြမ်းဖက်အဖွဲ့ကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ အပြီးသတ် တိုက်ထုတ်နိုင်ခဲ့ပါတယ်။

    Ref: Aljazeera