News @ M-Media

Tag: Syria

  • ခရစ်တော်၏ စကားအမွေကို ဆက်ခံထားသည့် ဆီးရီးယားခရစ်ယာန်များ၏ 

    ခရစ်တော်၏ စကားအမွေကို ဆက်ခံထားသည့် ဆီးရီးယားခရစ်ယာန်များ၏ 

    ဒီဇင်ဘာ ၂၈၊ ၂၀၁၈
    M-Media

    – အင်္ဂါနေ့က ခရစ္စမတ်ပွဲတော် ဆင်နွှဲကြတဲ့ နေရာတွေထဲမှာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့နားမှာရှိတဲ့ မာလူလာ မြို့ငယ်လေးလည်း ပါဝင်ပါတယ်။ မာလူလာမြို့သားတွေဟာ ယေရှုခရစ်တော် အသုံးပြုခဲ့တဲ့ အာရမစ်စကားကို ပြောဆိုကြသူတွေ ဖြစ်ပါတယ်။

    တောင်တန်းဒေသပေါ်မှာရှိတဲ့ အဲဒီ မာလူလာမြိုလေးမှာ ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်း ၂ ခု တည်ရှိပါတယ်။ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေက အလ်ကိုင်းဒါးကို သစ္စာခံတဲ့ အုပ်စုတွေနဲ့ ဆီးရီးယားတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ဘုးကျောင်းတွေမှာ တစ်ပိုင်းတစ်စ ကျိုးပဲ့နေတဲ့ လက်ဝါးကပ်တိုင်တွ၊ ပျက်ဆီးနေတဲ့ ပန်းချီပန်းပုတွေကို တိုက်ပွဲရဲ့ အကြွင်းအကျန်တွေအဖြစ် ယခုအထိ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။

    ဆီးရီးယားနိုင်ငံက ခရစ်ယာန်သာသနာရဲ့ ဘူမိနက်သန်ဖြစ်တဲ့ အဲဒီမြို့မှာ ပြန်လည်ငြိမ်းချမ်းလာပြီးတဲ့နောက် ခရစ်ယာန်ဘာသာဝင်တွေဟာ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းတွေမှာ မိသားစုနဲ့အတူ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။

    “အကြမ်းဖက်ဝါဒရဲ့ဒဏ်ကို ဒီဘုရားကျောင်းက ခံခဲ့ရပြီး ပျက်ဆီးဆုံးရှုံးမှု၊ လုယက်ခံရမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ဟာ ဒီဘုရားကျောင်းကို ပြန်လည်အသက်သွင်းနိုင်ခဲ့သလို ယုံကြည်သူတွေကလည်း ဒီဘုရားကျောင်းကို လာရောက်ကာ ကောင်းချီးခံယူတာ၊ ၀တ်ပြုဆုတောင်းတာ၊ ဘာသာရေးထုံးတမ်းဓလေ့တွေအတိုင်း ဆောင်ရွက်တာတွေ ရှိလာခဲ့ပါပြီ” လို့ Mar Thecla ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီး မတ္တာ ရစ်ဇ်က ပြောကြားခဲ့ပါတယ်။

    ပြည်တွင်းစစ်ဒဏ်ကို ၇ နှစ်ကြာ ခံစားနေရတဲ့ ဆီးရီးယားနိုင်ငံရဲ့ လူဦးရေဟာ စစ်မဖြစ်ခင်က ၂၃ သန်း ရှိခဲ့ပြီး အဲဒီအထဲက ၁၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ အရှေ့တိုင်းအော်သိုဒေါ့စ်အသင်းတော်ဟာ ဆီးရီးယားနိုင်က အကြီးဆုံး ခရစ်ယာန်အသင်းတော်ဖြစ်ပြီး ကက်သလစ်၊ အာမေးနီးယန်းအသင်းတော်တွေလည်း ရှိနေပါတယ်။

    Ref: RT

  • ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့အားလုံး မကြာမီ ဆုတ်ခွာမည်

    ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့အားလုံး မကြာမီ ဆုတ်ခွာမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    – ဆီးရီးယားမှာရှိတဲ့ မိမိတို့တပ်ဖွဲ့တွေ ဆုတ်ခွာတော့မယ်လို့ အိမ်ဖြူတော်က မနေ့မှာ ကြေငြာလိုက်ပြီး IS ကို ချေမှုန်းနိုင်ခဲ့ပြီလို့ ထရမ့်က ပြောကြားပြီးတဲ့နောက် ဒီသတင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    အိမ်ဖြူတော် ပြန်ကြာရေးတာဝန်ခံ ဆာရာ ဆန်းဒါးစ်က ဆီးရီးယားမှာ IS ကို ချေမှုန်းနိုင်တာဟာ ကမ္ဘာတစ်ဝှမ်းချေမှုန်းရေးကို အဆုံးသတ်တာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ချေမှုန်းရေး အဆင့်တစ်ခုကို ကူးပြောင်းနေတဲ့အချိန်မှာ အမေရိကန်တပ်ဖွဲ့တွေကို စတင် ဆုတ်ခွာမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်တဲ့ ဘယ်အချိန်မဆို အမေရိကန်နဲ့ မဟာမိတ်တွေဟာ ပြန်လည်ပူးပေါင်းဖို့ အသင့်ရှိနေပြီး အစွန်းရောက် အစ္စလာမ့်မစ်အကြမ်းဖက်တွေရဲ့ နယ်မြေစိုးမိုးမှု၊ ပံ့ပိုးမှု၊ ငွေကြေးထောက်ပံ့မှု၊ ကျွန်မတို့ရဲ့ နယ်မြေတွေကို ထိုးဖောက်ဝင်ရောက်မှု ဘယ်လိုနည်းလမ်းမျိုးကိုမဆို ဆန့်ကျင်ရေး အတူတကွ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

    ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂ ထောင်လောက်ရှိပြီး အများစုဟာ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF လို့ခေါ်တဲ့ ကာ့ဒ်-အာရပ် မဟာမိတ်တပ်ဖွဲ့နဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ အထူးတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အဲဒီတပ်ဖွဲ့တွေကို အိမ်ပြန်ခေါ်ဖို့ ဆန္ဒရှိကြောင်း အရင်က ပြောကြားခဲ့ဖူးပြီး ဆန်းဒါးစ် သတင်းမထုတ်ပြန်ခင် မနေ့က မိမိတို့အနေနဲ့ ဆီးရီးယားမှာ IS ကို ချေမှုန်းနိုင်ခဲ့ပြီလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဆီးရီးယားက အမေရိကန်တပ်ဖွဲ့တွေအားလုံး အိမ်ပြန်မယ့် အချိန်ကာလကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတစ်ဦးက အမေရိကန်အစိုးရ၀န်ထမ်းတွေအားလုံးကို ၂၄ နာရီအတွင်း ဆီးရီးယားကနေ ခေါ်ယူသွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်သားတွေကိုတော့ IS ကို နောက်ဆုံးစစ်ဆင်ရေးပြီးဆုံးမှ ပြန်ခေါ်မှာဖြစ်ပြီး ရက်ပေါင်း ၆၀ ကနေ ၁၀၀ လောက်အထိ ကြာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    စနေနေ့မနက် နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    အစ္စရေးလက်ချက်ကြောင့် ဒဏ်ရာရသွားသည့် ပါလက်စတိုင်းတစ်ဦးကို ဆေးအဖွဲ့က သယ်ဆောင်လာစဉ်

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးလက်ချက်ကြောင့် ၂ ရက်အတွင်း လူ ၅ ဦး သေဆုံး
    =====================
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ရာမာလာမြို့မှာ မနေ့ကပြုလုပ်တဲ့ ကျူးကျော်မှု ဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ ရာမာလာက အစ္စရေးရဲ့ တရားမ၀င် ကျူးကျော်အိမ်ယာအနီးမှာ ပါလက်စတိုင်းတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးစစ်သားနှစ်ဦး သေဆုံးခဲ့ပြီးတဲ့နောက် ကြာသာပတေးနေ့မှာ ရာမာလာကို အစ္စရေးက ပိတ်ဆို့ကာ စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့ညနဲ့ ကြာသာပတေးနေ့ နေ့လည်ပိုင်းတို့မှာလည်း အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်း ၄ ဦး သေဆုံးကာ ၂၄ နာရီအတွင်း အနည်းဆုံး လူ ၁၀၀ လောက် အဖမ်းခံခဲ့ရပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ကျူးကျော်အိမ်ယာတည်ဆောက်မှုဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ ကမ္ဘာ့နိုင်ငံတွေက တားမြစ် ကန့်ကွက်ထားပေမယ့် အစ္စရေးက လိုက်နာခြင်း မရှိပါဘူး။ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းပြည်သူတွေဟာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။

    ဆီးရီးယား ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဖွဲ့ရန် ကုလနှင့် အင်အားကြီးနိုင်ငံများ ဆွေးနွေးမည်
    ===================
    ဆီးရီးယားဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စတာဖန် ဒီ မစ္စတူရာဟာ လာမယ့်တစ်ပတ်အစောပိုင်းမှာ အီရန်၊ ရုရှားနဲ့ တူရကီတို့က အဆင့်မြင့်အရာရှိတွေနဲ့ ဂျီနီဗာမှာ တွေ့ဆုံဖို့ရှိပြီး ဆီးရီးယားနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတစ်ရပ် ပေါ်ထွက်လာဖို့ ဆွေးနွေးသွားမယ်လို့ မနေ့က ကုလကနေ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လ ကာဇက်စတန်မှာ ဆီးရီးယားက ပြည်တွင်းစစ်ဖြစ်နေတဲ့ နှစ်ဖက်အဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးသူတွေ တွေ့ဆုံခဲ့ကြပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ ပေါ်ထွက်လာဖို့ သဘောတူညီချက် မရခဲ့ပါဘူး။ ၇ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ် ပြီးဆုံးနေရးအတွက် အခုနောက်ပိုင်း ဆွေးနွေးမှုတွေမှာ အီရန်၊ တူရကီနဲ့ ရုရှားတို့က အဓိကအခန်းကဏ္ဍတွေမှာ ပါဝင်လာပါတယ်။

    သီရိလင်္ကာတွင် ဖွဲ့စည်းပုံကိုကျော်လွန်၍ ၀န်ကြီးဖြစ်လာသည့် ရာဂျာပက်ဆာ ရာထူးမှ နှုတ်ထွက်မည်
    ===============
    သီရိလင်္ကာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး ၀န်ကြီးချုပ်ဖြစ်လာတဲ့ မာဟင်ဒါ ရာဂျာပက်ဆာက ဒီကနေ့မှာ ရာထူးကနေ ဆင်းတော့မယ်လို့ သားဖြစ်သူက ပြောကြားလိုက်ပါတယ်။ ရာဂျာပက်ဆာဟာ သမ္မတဟောင်းလည်း ဖြစ်ပါတယ်။ လက်ရှိသမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ အောက်တိုဘာလနှောင်းပိုင်းက ၀န်ကြီးချုပ် ရာနီးလ်ကို ထုတ်ပယ်ကာ ရာဂျာပက်ဆာကို ခန့်အပ်ခဲ့ပြီး ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်တာ ဖြစ်တဲ့အတွက် နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆရီဆီနာက လွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံးက လက်မခံခဲ့ပါဘူး။ သီရိလင်္ကာမှာ အစိုးရစနစ် ရပ်ဆိုင်းခဲ့တာ ၂ ပတ်ကျော်လာပြီဖြစ်ပြီး ရာဂျာပက်ဆာ နှုတ်ထွက်မှုက ဒီပြဿနာပြေလည်ဖို့အတွက် လမ်းစလည်း ဖြစ်ပါတယ်။

    ပိရစ်ကို မလေးမစားလုပ်မှုအတွက် လူ ၂ ဦးကို အီဂျစ်ဖမ်းဆီး
    =================
    ဒိန်းမတ် ဓာတ်ပုံဆရာတစ်ဦးက နာမည်ကျော် Giza ပိရမစ်အပေါ် တက်ရောက်မှု၊ အမျိုးသမီးတစ်ဦးကို အပေါ်ပိုင်းဗလာနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးမှုမှာ ဆက်နွယ်သူနှစ်ဦးကို အီဂျစ်အာဏာပိုင်တွေက ကြာသာပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အီဂျစ်ပေါင် ၄၀၀၀ (၂၂၅ ဒေါ်လာ) ယူပြီး ပိရမစ်ကို ညဘက် လိုက်ပို့ပေးတဲ့ ကုလားအုပ်သမား၊ ဓာတ်ပုံဆရာနဲ့အဖွဲ့ကို ကုလားအုပ်သမားနဲ့ ချိတ်ဆက်ပေးခဲ့တဲ့ အမျိုးသမီးတို့ ဖြစ်ပြီး သူတို့ကလည်း ဒီကိစ္စနဲ့ ဆက်နွယ်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဒီဗီဒီယိုဟာ အွန်လိုင်းစာမှာ ပြန့်နှံ့သွားပြီးတဲ့နောက် အီဂျစ်ပြည်သူတွေက ဒေါသထွက်ခဲ့ကြပါတယ်။ အီဂျစ်မှာ ပိရမစ်တွေပေါ် တက်တာကို တားမြစ်ထားပြီး၊ အရှက်ကင်းမဲ့တဲ့ပုံစံနဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်တာကိုလည်း ပိတ်ပင်ထားပါတယ်။

    Ref: Aljazeera,Alarabiya, CNA

  • ဆီးရီးယားအရှေ့ပိုင်းရှိ IS ၏ နောက်ဆုံးခြေကုပ်ကို ကာ့ဒ်တပ်ဖွဲ့ ပြန်သိမ်းနိုင်

    ဆီးရီးယားအရှေ့ပိုင်းရှိ IS ၏ နောက်ဆုံးခြေကုပ်ကို ကာ့ဒ်တပ်ဖွဲ့ ပြန်သိမ်းနိုင်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၈
    M-Media

    – ဆီးရီးယားနိုင်ငံအရှေ့ပိုင် ဒီအက်ဇိုရ်ပြည်နယ်မှာ IS အကြမ်ဖက်သမားတွေ သိမ်းပိုက်ထားတဲ့ နောက်ဆုံးမြို့ကို ကာ့ဒ်တပ်ဖွဲ့ရဲ့ မဟာမိတ် SDF အဖွဲ့က ဒီနေ့မနက်မှာ ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

    ဟာဂျင်မြို့ဖြစ်ပြီး ကာ့ဒ်တွေဦးဆောင်တဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုင်းပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး မနေ့မှာတော့ လက်ကျန် IS အဖွဲ့ဟာ မြို့ရဲ့အစွန်မှာ ပိတ်မိသွားခဲ့ပါတယ်။

    IS တိုက်ခိုက်ရေးသမားတွေဟာ လူထုနဲ့ ရောနှောနေပြီး သူတို့ထံကနေ နယ်မြေတွေ ပြန်သိမ်းလိုက်ပေမယ့် တိတ်တဆိတ် လှုပ်ရှားနေတဲ့အဖွဲတွေ ဆက်လက်အားကောင်းနေဆဲ ဖြစ်ပါတယ်။

    ဒီအက်ဇိုမြို့မှာ ပြည်သူ ၂၅၅၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိ ဆီးရီးယားအစိုးရစစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နေထိုင်နေရပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ ရေနံကြွယ်ဝတဲ့ ဒီအက်ဇိုရ်ပြည်နယ်ကို ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ပြီး ဆီးရီးယားစစ်တပ်က ပြည်နယ်ရဲ့ အဓိကမြို့တွေကို ပြီးခဲ့တဲ့နှစ်မှာ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    နိုဝင်ဘာ ၂၅၊ ၂၀၁၈
    M-Media

    ဒဏ်ရာရ ဘိုကာကစားသမားများကို တွေ့ရစဉ်

    ရွေးကောက်ပွဲရှုံးမှုကြောင့် ထိုင်ဝမ်အာဏာရပါတီခေါင်းဆောင် ရာထူးမှ နှုတ်ထွက်
    ==================
    ထိုင်ဝမ်မှာ မနေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရ လွတ်လပ်ရေးပါတီ DPP ဟာ အဓိကဒေသတွေအပြင် နေရာတော်တော်များမှာ ရှုံးနိမ့်ခဲ့ပြီး ပါတီဥက္ကဌဖြစ်တဲ့ သမ္မတ Tsai Ing-wen လည်းရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ DPP ဟာ သူတို့ရဲ ခြေကုပ်မြို့ ကောင်းရှုံမှာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ပြီး နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ တိုင်ချုံမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနေရာ နှစ်ခုစလုံးမှာ တရုတ်နဲ့နီးစပ်တဲ့ Kuomintang ပါတီက အနိုင်ရခဲ့ပါတယ်။ Tsai Ing-wen က ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေးတို့ကို DPP က ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ Tsai Ing-wen အာဏာရပြီးတဲ့နောက်ပိုင်းမှာ ထိုင်ဝမ်နဲ့တရုတ်တို့ရဲ့ ဆက်ဆံရေးဟာ ပိုမိုတင်းမာလာခဲ့ပါတယ်။

    အီဘိုလာဒဏ်ခံ ကွန်ဂိုတွင် ဆေးဝါးသစ် ၄ မျိုးကို လက်တွေ့စမ်းသပ်
    =================
    အီဘိုလာရောဂါ ပြန့်နှံ့မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ ကွန်ဂိုနိုင်ငံမှာ ဆေးအသစ်လေးမျိုးကို လက်တွေ့စမ်းသပ်ဖို့အတွက် အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။ အမေရိကန်အစိုးရက ထုတ်လုပ်တဲ့ ဆေးဝါးလေးမျိုးကို စမ်းသပ်မှာ ဖြစ်ပါတယ်။ ဆေးဝါးတစ်မျိုးမျိုးနဲ့ ကုသမှု ခံယူထားသူ ၁၅၁ ဦးမှာ ၄၄ ဦးသေဆုံးပြီး ၇၆ ဦး ပြန်လည်သက်သာလာကာ ၃၁ ဦးကတော့ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။ ဆေးဝါးအသစ် စမ်းသပ်မှုအတွင်း သေဆုံးမှုနှုန်းဟာ ၃၇ ရာခိုင်နှုန်းရှိပြီး ဒီဆေးဝါးသစ်တွေ မရရှိသူတွေထဲမှာ သေဆုံးမှုနှုန်းက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ လက်ရှိ ကွန်ဂိုက အီဘိုလာ ပြန့်နှံ့မှုဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဖြစ်ပြီး ပြည်တွင်းစစ်ကလည်း အခြေအနေကို ပိုမို ဆိုးရွားစေပါတယ်။

    ဆီးရီးယားတွင် အစိုးရတပ်နှင့် သူပုန်တို့ အကျဉ်းသား လဲလှယ်
    ================
    ဆီးရီးယားနိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ သူပုန်တပ်ဖွဲ့တွေအကြား ဒီကနေ့မှာ အကျဉ်းသားတွေ လဲလှယ်ခဲ့ကြတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ တူရကီ၊ ရုရှား၊ အီရန်နဲ့ ကုလတို့ပေါင်းကာ စီစဉ်တဲ့ ‘အက်စ်တာနာ’ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ယူကေအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ Syrian Observatory for Human Rights က တစ်ဖက်ကို ၁၀ ဦးစီ အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရုရှား၊ အီရန်နဲ့ တူရကီတို့ဟာ ‘အက်စ်တာနာ’ လုပ်ငန်းစဉ်အောက်မှာ ဆွေးနွေးညှိနှိုင်းမှုတွေကို အကြိမ်ကြိမ်လုပ်ကာ အပစ်ရပ်ရေးဇုန်တွေကိုလည်း ဖော်ထုတ်ထားကြပါတယ်။

    အာဂျင်တီးယားနာမည်ကြီးဘောလုံးအသင်း ပြိုင်ဘက်ပရိတ်သတ်များ၏ တိုက်ခိုက်မှုခံရ
    =================
    အာဂျင်တီးနားနိုင်ငံမှာ နာမည်ကြီးဘောလုံးကလပ် ဘိုကာဂျူနီယာအသင်းရဲ့ ဘတ်စ်ကားကို ခါးသီးတဲ့ပြိုင်ဘက် ရေးဗားပလိတ် ပရိတ်သတ်တွေက မနေ့မှာ တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အသင်းကစားမယ့် ပြိုင်ပွဲကို ၂၄ နာရီ ရွှေ့ဆိုင်းလိုက်ရပါတယ်။ ရေးဗားပလိတ်ကွင်းမှာ Copa Libertadores ဖလားဖိုင်နယ် ဒုတိယအကျော့ကစားဖို့ လာရောက်စဉ် ဒီလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး မန်ယူတိုက်စစ်မှူးဟောင်း တီဗက်ဇ်အပါအ၀င် ဘိုကာကစားသမားတစ်ချို့ ခေါင်းမူးတာ၊ အော့အန်တာတွေ ရှိခဲ့သလို၊ ၂ ဦးကိုလည်း ဒဏ်ရာ ပြင်းထန်တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

    Ref: Aljazeera, CNA