News @ M-Media

Tag: thailand

  • အခြေအနေတိုးတက်လာသည့်ထိုင်းတွင် စျေးဝယ်စင်တာများ ပြန်ဖွင့်ခွင့်ပေး

    အခြေအနေတိုးတက်လာသည့်ထိုင်းတွင် စျေးဝယ်စင်တာများ ပြန်ဖွင့်ခွင့်ပေး

    မေ ၁၆၊ ၂၀၂၀
    M-Media

    -ထိုင်းနိုင်ငံမှာ ဒီကနေ့ Covid-19 ကြောင့်သေဆုံးသူ၊ ထပ်မံကူးစက်သူ မရှိတော့ဘဲ အခြေအနေတွေ တိုးတက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ၊ ကုန်တိုက်တွေ ပြန်ဖွင့်ဖို့ အစိုးရက စီစဉ်နေပါတယ်။

    ထိုင်းနိုင်ငံမှာ ကူးစက်သူအရေအတွက် စုစုပေါင်း ၃၀၂၅ ဦး ရှိပြီး၊ သေဆုံးသူက ၅၆ ဦး ရှိပါတယ်။ တစ်ရက်အတွင်း ရောဂါကူးစက်သူ မရှိတာဟာ မတ်လ ၉ ရက်နေ့ကစလို့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

    တနင်္ဂနွေနေ့မှာ စျေးဝယ်စင်တာတွေ ပြန်ဖို့ အစိုးရက ခွင့်ပြုခဲ့ပြီး ညမထွက်ရအချိန်ကိုလည်း တစ်နာရီလျော့ပေးကာ ည ၁၀ နာရီ- မနက် ၄ နာရီအထိ သတ်မှတ်ခဲ့ပါတယ်။ အဆောက်အဦးထဲမှာဖွင့်လှစ်တဲ့ စားသောက်ဆိုင်တွေ၊ လက်ကားအရောင်းဆိုင်တွေ၊ ကိုယ်ကာယ​ လေ့ကျင့်ရေးစင်တာတွေကိုလည်း အကန့်အသတ်နဲ့ အစိုးရ ပြန်ဖွင့်ခွင့် ပေးထားပါတယ်။

    Covid-19 အခြေအ​နေ စီမံခန့်ခွဲရေးစင်တာ CCSA ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးအရ လိုအပ်တဲ့အတွက် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးတာဖြစ်ပေမယ့် ရောဂါကူးစက်မှု ဒုတိယလှိုင်း ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • အရှေ့တောင်အာရှနိုင်ငံတစ်ချို့တွင် COVID-19 ကူးစက်မှု မြင့်တက်

    အရှေ့တောင်အာရှနိုင်ငံတစ်ချို့တွင် COVID-19 ကူးစက်မှု မြင့်တက်

    မတ် ၂၉၊ ၂၀၂၀
    M-Media

    ဂျာကာတာမြို့တွင် ဆေးဖြန်းနေမှု

    မလေးရှားတွင် တစ်ရက်တာသေဆုံးမှု စံချိန်တင်

    မလေးရှားနိုင်ငံမှာ COVID-19 ကြောင့် ဒီကနေ့ ၇ ဦးသေဆုံးခဲ့ပြီး ဒါဟာ တစ်ရက်အတွင်း စံချိန်တင်သေဆုံးမှု ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၃၄ ဦးအထိ ရှိလာပါပြီ ထပ်မံကူးစက်သူအရေအတွက်က ၁၅၀ ရှိခဲ့တာကြောင့် ၂၄၇၀ အထိ ရောက်လာတာ ဖြစ်ပါတယ်။ ပြန်လည်သက်သာသူကတော့ ၃၈၈ ဦး ရှိပါတယ်။

    ကူးစက်သူ ရုတ်တရက်မြင့်တက်လာသည့် အင်ဒိုနီးရှား

    အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ လူ ၁၃၀ ထပ်မံကူးစက်ခဲ့ပြီး စုစုပေါင်း ကူးစက်သူအရေအတွက် ၁၂၈၅ ဦးအထိ ရှိလာတာပါ။ မြို့တော် ဂျကာတာရဲ့ အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ်အခြေအနေ ကြေငြာထားမှုကို နောက်ထပ် ၂ ပတ်သက်တမ်းတိုးမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ သန်းရာနဲ့ချီတဲ့ အင်ဒိုနီးရှားပြည်သူတွေဟာ ရမ်ဇာန်ဥပုသ်လအကုန်မှာ ဇာတိရပ်ရွာပြန်ကာ ဝါကျွတ်အီဒ်းပွဲတော် ဆင်နွှဲတဲ့ ဓလေ့ရှိပြီး အစိုးရက ဒီဓလေ့ကို ဒီနှစ်မှာ ပိတ်ပင်ဖို့ စီစဉ်နေပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူက ၁၀၂ ဦး ရှိလာပြီဖြစ်ပါတယ်။

    COVID-19 ပြန့်နှံ့သည်ဆိုသည့်သတင့်ကြောင်း ထိုင်းနိုင်ငံတွင် ထောင်ဆူ

    ထိုင်းနိုင်ငံမှာတော့ ဒီကနေ့အထိ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၁၃၃၈ ဦး ရှိလာပြီဖြစ်ပါတယ်။ ဒီကနေ့တစ်နေ့တည်း ၁၄၃ ဦးကူးစက်ခဲ့တာပါ။ သေဆုံးသူက စုစုပေါင်း ၇ ဦး ရှိနေပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်က အကျဉ်းထောင်တစ်ခုမှာလည်း COVID-19 ပြန့်နှံ့နေတယ်ဆိုတဲ့သတင်းကြောင့် ဒီကနေ့မှာ ထောင်ဆူကာ၊ အကျဉ်းသားတစ်ချို့ ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။

    Ref: CNA

  • COVID-19 နဲ့ အရှေ့တောင်အာရှ နောက်ဆုံးအခြေအနေ

    COVID-19 နဲ့ အရှေ့တောင်အာရှ နောက်ဆုံးအခြေအနေ

    မတ် ၂၅၊ ၂၀၂၀
    M-Media

    ဓာတ်ပုံ- ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အရေးပေါ်အခြေအနကြေငြာနေစဉ်

    ထိုင်းနိုင်ငံက အရေးပေါ်အခြေအနေကြေငြာ

    – ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၀၇ ဦး ကူးစက်ခဲ့တဲ့ ထိုင်းနိုင်ငံကတော့ ဒီကနေ့မှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ ဒီနေ့ည သန်းခေါင်ယံအချိန်မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့အထိ ကြာမြင့်မှာပါ။

    ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေအားလုံးကို ပိတ်ပစ်လိုက်ပြီး၊ ကုန်ပစ္စည်းပို့တာ၊ သံတမန်ကိစ္စနဲ့လာတာ၊ ပါမစ်နဲ့ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေကလွဲလို ကျန်တဲ့လူတွေ ဝင်ခွင့်မပြု တော့ပါဘူး။ ဘန်ကောက်အပါအဝင် ရောဂါပြန့်နှံ့နိုင်ခြေရှိတဲ့ ဒေသတစ်ချို့မှာ ဖျော်ဖြေရေးနေရာတွေ ပိတ်ရတော့မှာ ဖြစ်ပါတယ်။

    အစားအသောက်တွေ၊ ဆေးဝါးတွေ အများအပြား သိုလှောင်ထားသူတွကို အရေးယယူသွားမယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ခရီးဝေးတွေမသွားဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပြီး၊ သွားမယ်ဆိုရင် သက်ဆိုင်ရာမှာ ကျန်းမာရေးစစ်ဆေးကာ အချက်အလက်အသေးစိတ် တင်ပြရမှာဖြစ်ပါတယ်။

    ထိုင်းနိုင်ငံမှာ ကူးစက်သူအရေအတွက် ၉၃၄ ဦးရှိပြီး၊ သေဆုံးသူ ၄ ဦး ရှိပါတယ်။ ပြန်ကောင်းသူ အရေအတွက်ကတော့ ၇၀ ရှိနေပါတယ်။

    မလေးရှားက နိုင်ငံတံခါးပိတ်မှုကာလကို နောက်ထပ် ၂ ပတ် သက်တမ်းတို

    – ရောဂါကူးစက်မှုတွေ ဆက်လက်ရှိနေတာကြောင့် မလေးရှားနိုင်ငံက တစ်နိုင်ငံလုံး တံခါးပိတ်ထားမှု ရက်ကို ဧပြီလ ၁၄ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးလိုက်ပါတယ်။

    လက်ရှိ တံခါးပိတ်ထားမှုဟာ မတ်လ ၃၁ ရက်နေ့ဆို ကုန်ဆုံးမှာပါ။ ဝန်ကြီးချုပ် မုဟ်ယစ်ဒင်ယာစင်က အခြေအနေတွေ ဆိုးနေတာကြောင့် ပြည်သူတွေ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပြီး နိုင်ငံကို တံခါးပိတ်ထားတာကသာ ထိန်းသိမ်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း၊ ပြည်သူလူထု စိုးရိမ်ပူပန်မှုမဖြစ်အောင် သက်တမ်းတိုးမယ့်ကိစ္စကို ကြိုတင်ကြေငြာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ဝန်​ကြီးချုပ်တို့ အစည်းအဝေးလုပ်ပြီးနောက်ပိုင်း ဒီဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်ပါတယ်။

    မလေးရှားမှာ မတ်လ ၂၅ ရက်နေ့အထိ သေဆုံးသူ ၁၉ ဦး၊ ကူးစက်သူ ၁၇၉၆ ဦး ရှိနေပါတယ်။ အဲဒီအထဲမှာ ၁၉၉ ဦးက ပြန်ကောင်းသွားပြီဖြစ်ပါတယ်။

    အင်ဒိုနီးရှားတွင် အမှန်တကယ်ကူးစက်သူပမာဏ ပိုမိုများပြားနိုင်

    – အင်ဒိုနီးရှားမှာ မနေ့က ကူးစက်သူအရေအတွက် ၁၀၅ ဦး၊ သေဆုံးသူ ၃ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၇၉၀ နဲ့ သေဆုံးသူ ၅၈ ဦး ရှိလာတာပါ။

    ပြန်ကောင်းသွားသူက ၃၁ ဦး ရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အင်ဒိုနီးရှားမှာ စမ်းသပ်မှုပမာဏ နည်းတာကြောင့် အမှန်တကယ်ကူးစက်သူအရေအတွက် များပြားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

    လန်ဒန်အခြေစိုက် ကူးစက်ရောဂါ လေ့လာမှုအဖွဲ့ Centre for Mathematical Modelling of Infectious Diseases က ကူးစက်မှုရဲ့ ၂ ရာခိုင်နှုန်းလောက်ကိုသာ အစိုးရက သိရှိရတာဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီတွက်ချက်မှုသာ မှန်ကန်ရင် အင်ဒိုနီးရှားမှာ ကူးစက်သူ အရေအတွက် ၃၅၀၀၀ လောက် ရှိနေမှာ ဖြစ်ပါတယ်။

    အစိုးရကတော့ ဗိုင်းရပ်စ်အန္တရာယ်ဟာ ထင်သလောက် မဆိုးရွားဘူးလို့ ပြောကြားထားပါတယ်။

    ဗီယက်နမ်တွင် လူစုလူဝေးမလုပ်ရန် တားမြစ်

    ဗီယက်နမ်ကတော့ မြို့တော်ဟနွိုင်းမှာ ဖျော်ဖြေရေးနေရာတွေအားလုံး ယာယီပိတ်ထားဖို့နဲ့ ဘာသာရေးနေရာတွေမှာ လူစုလူဝေးမလုပ်ဖို့ ဒီကနေ့မှာ တားမြစ်လိုက်ပါတယ်။

    ဒုတိယမြို့တော် ဟိုချီမင်းမှာလည်း လူ ၃၀ ထက်ကျော်ပြီး ထိုင်လို့ရတဲ့ စားသောက်ဆိုင်တွေအားလုံးကို ပိတ်ဖို့ အင်္ဂါနေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။

    ဗီယက်နမ်မှာ ကူးစက်သူအရေအတွက် ၁၀၀ ကျော်ရှိပြီး အများစုက နိုင်ငံခြားကနေ ကူးစက်လာကြသူတွေဖြစ်ပါတယ်။ ဝန်ကြီးချုပ် Nguyen Xuan Phuc က နောက်ထပ် ၂ ပတ်လောက်ဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အဆုံးအဖြတ်ပေးမယ့်ကာလ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: CNA, The Star

    #mmInternationalNews

  • တရုတ်နိုင်ငံမှ အမျိုးအမည်မသိ ကူးစက်ရောဂါ ထိုင်းနိုင်ငံသို့ ရောက်လာ

    တရုတ်နိုင်ငံမှ အမျိုးအမည်မသိ ကူးစက်ရောဂါ ထိုင်းနိုင်ငံသို့ ရောက်လာ

    ဇန်နဝါရီ ၁၃၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံကနေ ရောက်ရှိလာတဲ့ အမျိုးသမီးတစ်ဦးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေတာကို တွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်ပြည်နယ်မှာ အဆုတ်ရောင်ရောဂါလို အမျိုးအမည်မသိ ရောဂါတစ်မျိုး ကူးစက်ပြန့်နှံ့နေပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

    ဇန်နဝါရီ ၃ ရက်နေ့ကစပြီး တရုတ်နိုင်ငံက ရောက်ရှိလာသူတွေထဲက လူ ၁၂ ဦးကို သီးသန့်ခွဲထား စောင့်ကြည့်နေရာမှာ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်နေတာကို တွေ့ရတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံကို ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာ တရုတ်ပြည်ကို ပြန်နိုင်လောက်တဲ့ အနေအထားအထိ စောင့်ရှောက်ကုသပေးထားတယ်လို့လည်း ဆိုပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထိုင်းနိုင်ငံက ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံက အမျိုးအမည်မသိ အဆုတ်ရောင်ရောဂါမျိုး ဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး၊ ဒီပြန့်နှံ့မှုအတွက် အရေးပေါ်အစည်းအဝေး ခေါ်ဆိုကာ ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၁၀ နှစ်အရင်က တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ SARS ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း လူအများအပြား သေဆုံးခဲ့ပါတယ်။ လက်ရှိ ဝူဟန်မြို့မှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ဒီရောဂါသစ်ဟာ ပင်လယ်စာစျေးတစ်ခုကနေ စတင်တာဖြစ်ပြီး လူအချင်းချင်း ကူးစက်တာမျိုး မတွေ့ရသေးဘူးလို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    စင်ကာပူ၊ ဟောင်ကောင်တို့အပါအဝင် အာရှနိုင်ငံတစ်ချို့မှာတော့ တရုတ်နိုင်ငံကနေ ဝင်ရောက်လာသူတွေကို စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။ အခုလအတွင်း ကျရောက်မယ့်တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံက လူသန်းချီ ခရီးသွားမှာကြောင့် ကူးစက်ရောဂါသစ် ထိန်းချုပ်မရအောင် ပြန့်နှံ့သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • တိုင်းရင်းသားဒေသတွင် အရပ်သားများကို သတ်ဖြတ်မှုအတွက် စစ်သား ၂ ဦးကို ထိုင်းတရားစွဲ

    တိုင်းရင်းသားဒေသတွင် အရပ်သားများကို သတ်ဖြတ်မှုအတွက် စစ်သား ၂ ဦးကို ထိုင်းတရားစွဲ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    -နိုင်ငံတောင်ပိုင်း နာရာသီဝပ်ပြည်နယ်မှာ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်မှုအတွက် စစ်သား ၂ ဦးကို တရားစွဲဆိုလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့တွေက ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း နာရာသီဝပ်ပြည်နယ်ရဲ့ တောတွင်းတစ်နေရာမှာ အမျိုးသား ၃ ဦး အသတ်ခံခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်သား ၂ ယောက်က သူတို့လုပ်တယ်လို့ဝန်ခံကာ တနင်္လာနေ့မှာ အဖမ်းခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

    စစ်သားတွေကို လူသတ်မှုနဲ့ တရားစွဲဆိုကာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

    မလေးလူမျိုးတွေရဲ့ဒေသဖြစ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလိုတဲ့ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ထိုင်းအစိုးရတို့အကြား ပဋိပက္ခဟာ ၁၅ နှစ်တာကြာမြင့်လာပြီဖြစ်ပြီး အနည်းဆုံး လူပေါင်း ၇၀၀၀ ကျော် သေဆုံးကာ အများစုက အရပ်သားတွေဖြစ်ပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ထိုင်းတောင်ပိုင်းမှာ စစ်သားတွေရဲ့ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေဟာ များသောအားဖြင့် လစ်လျူရှုခံရပြီး အခုအရေးယူမှုက မကြုံစဖူးဖြစ်ရပ်လို့ ပြောကြားခဲ့ပါတယ်။

    ထိုင်နိုင်ငံတောင်ပိုင်းမှာ ထိုင်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ စစ်ကြောမှုအတွင်း ကိုမားရကာ ဩဂုတ်လ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွက် ထိုင်းစစ်တပ်ဟာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။

    Ref: Daily Mail