News @ M-Media

Tag: thailand

  • ပိတ်မိ ထိုင်းကလေးများအား ကယ်ဆယ်ရင်း ရေတပ်သားဟောင်း သေဆုံး

    ပိတ်မိ ထိုင်းကလေးများအား ကယ်ဆယ်ရင်း ရေတပ်သားဟောင်း သေဆုံး

    ဇူလိုင် ၆၊ ၂၀၁၈
    M-Media

    သေဆုံးသွားသည့် ထိုင်းရေတပ်သားဟောင်း ဆာမန် ဂူနန်

    – ထိုင်း-မြန်မာနယ်စပ်က ထမ်လွန်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေး ငယ် ၁၂ ယောက်နဲ့ နည်းပြည်တို့ကို ကယ်ထုတ်ရေးလုပ်ငန်းမှာ ထိုင်းရေတပ်က ရေငုပ်သမားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

    ဆာမန် ဂူနန်ဆိုသူဖြစ်ပြီး ဂူအတွင်း အောက်ဆီဂျင်ဘူး သွားပို့ပြီး ပြန်အထွက်မှာ အောက်ဆီဂျင်ပြတ်ကာ မေ့မြောသွားခဲ့တာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးခဲ့ပေမယ့် သတိပြန်မလည်လာတော့ပါဘူး။

    ကလေးငယ်တွေ ရောက်ရှိနေတဲ့ နေရာဟာ ဂူအတွင်းပိုင်း တော်တော်ကျပြီး ပုံမှန်အားဖြင့် အောက်ဂျီဂျင် ၂၁ ရာခိုင်နှုန်း ရှိပေမယ့် အခုအချိန်မှာ ၁၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အသက် ၃၈ နှစ်အရွယ် ဂူနန်ဟာ အရာရှိငယ်ဘ၀မှာပဲ ရေတပ်ကနေ ထွက်ခဲ့ပေမယ့် အခု ကယ်ဆယ်ရေးလုပ်ငန်းမှာ ပြန်လည်ပါဝင်လာခဲ့တာပါ။

    သူ့ရဲ့ ဈာပနအခမ်းအနားကို ထိုင်းဘုရင်ကိုယ်တိုင်က ဦးစီးကျင်းပပေးမယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ဂူအတွင်း ရေကြီးတာကြောင့် ကလေးတွေကို ရေငုပ်သင်ပေးပြီး အပြင်ထုတ်ဖို့ စီစဉ်နေပမယ့် သူတို့နဲ့အနီးဆုံးနေရာကနေ လှိုင်တူးကာ ခေါ်ထုတ်ဖို့အပါအ၀င် အခြားနည်းလမ်းတွေကိုလည်း အာဏာပိုင်တွေက စဉ်စားနေပါတယ်။ ဒီလိုမှအဆင်မပြေရင် ကလေးတွေဟာ ဂူထဲမှာပဲ ၄ လလောက် နေရဖို့ရှိနေပြီး မိုးကုန်မှ အပြင်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

    လက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းမှာ ရေတပ်က ရေငုပ်သမားတွေ၊ စစ်သားတွေ၊ အရပ်သား စေတနာ့ဝန်ထမ်းတွေ အပါအ၀င် လူပေါင်း ၁၀၀၀ လောက် ပါဝင်နေပါတယ်။

    Ref: BBC

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၆၊ ၂၀၁၈
    M-Media

    တရားရုံးတွင်တွေ့ရသည့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏သမီး

    ဂူထဲပိတ်မိနေသည့် ထိုင်းကလေးများအတွက် လမ်းကြောင်းတိုများ ရှာဖွေမည်
    ================
    ဂူထဲမှာ ပိတ်မိနေတဲ့ ကလေး ၁၃ ယောက်နဲ့ နည်းပြတို့ကို အပြတ်ထုတ်ဖို့အတွက် ပိုမိုတိုတောင်းတဲ့ လမ်းကြောင်းကို ရှာဖွေနေတယ်လို့ ထိုင်းအာဏာပိုင်တွေက မနေ့မှာ ပြောပါတယ်။ လက်ရှိ ဂူအတွင်း ရေကြီးနေသေးတာကြောင့် သူတို့ကို အပြင်အမြန်ထုတ်ဖို့အတွက် အခက်တွေ့နေတာပါ။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်နေတဲ့ ဗိုလ်ချုပ် Bancha Duriyaphan က ကလေးတွေရှိတဲ့ ဂူရဲ့အပေါ်ကို ဖောက်ပြီး ကယ်ဆယ်တာအပါအ၀င် အခြားလမ်းကြောင်းတွေကို ရှာဖွေနေကြောင်း၊ ဒါပေမယ့် သူတို့ဟာ ဂူအတွင်းပိုင်းကို ရောက်နေတာကြောင့် အခက်အခဲတွေ ရှိနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးဝန်ကြီးချုပ်ဟောင်း သားသမီးများ၏ ဘဏ်အကောင့်များ ရပ်ဆိုင်းခံရ
    ===============
    စွဲချက် ၄ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ သမီး နူရ်ယာနာ နာဂျွာ၊ သားဖြစ်သူ နူရ်ရှာမန်တို့ရဲ့ ဘဏ်အကောင့်တွေကို မလေးရှား အာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ မနေ့က ရင်းဂစ် ၁ သန်း ပေးချေပြီး နာဂျစ်ကို အာမခံရအောင် လုပ်ခဲ့တာပါ။ နူရ်ယာနာနဲ့ ၁၀ လအရွယ် သားဖြစ်သူရဲ့အကောင့်လည်း ရပ်ဆိုင်းခံရမှုမှာ ပါဝင်ပါတယ်။ နာဂျစ်ဟာ ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်ပေါင်း ၄ ခုနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရရင် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရနိုင်ပါတယ်။

    ၆ နှစ်အတွင်း အင်ဒိုက အကြမ်းဖက်ရန်ကြံစည်မှု ၅၀၀ ကျော်ကို ဖော်ထုတ်နိုင်
    ===============
    ၂၀၁၂ ခုနှစ်ကနေစပြီး အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်ဖို့ ကြံစည်မှုပေါင်း ၅၀၀ လောက်ကျော်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အင်ဒိုရဲချုပ် တီတို ကာရ်နာဗီယန်က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အကြမ်းဖက်သမားတွေရဲ့ရန်ကို တိုးမြှင့်ခံစားလာရပြီး မြို့ကြီးတွေမှာ တိုက်ခိုက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ကာရ်နာဗီယန်က အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်လာပြီဆိုရင် မီဒီယာတွေက အလုအယက် ဖော်ပြကြပေမယ့် မိမိတို့ရဲ့ ဖော်ထုတ်တားဆီးမှုတွေကိုတော့ စိတ်မ၀င်စားကြကြောင်း၊ ကြိုတင်လက်ဦးနိုင်မှုမှာ မိမိတို့ရဲတပ်ဖွဲ့ဟာ အံ့သြစရာကောင်းလောက်အောင် အောင်မြင်မှု ရရှိထားကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အင်ဒိုဟာ အကြမ်းဖက်လုပ်ရပ်တွေကို ကြိုးကိုင်မှုအတွက် ပြီးခဲ့တဲ့လက အစွန်းရောက် ဘာသာရေးဆရာ အေမန် အဘ်ဒူရဟ်မန်ကို သေဒဏ်ပေးခဲ့ပါတယ်။

    ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး အဆုံးမသတ်သေး
    ===========
    ခြစားမှု တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ တော်ဝင်မင်းသားတွေ၊ ၀န်ကြီးတွေ၊ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေကို ဆော်ဒီက ထိန်းသိမ်းထားဆဲဖြစ်ပြီး ဖမ်းဆီးမှုတွေ ထပ်မံဆောင်ရွက်ဖို့ ရှိနေတယ်လို့ Wall Street Journal က ဖော်ပြပါတယ်။ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာမှာ ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ တစ်ချို့ တော်ဝင်မင်းသားတွေနဲ့ စီးပွားရေးသမားတွေက လျော်ကြေးပေးကာ လွတ်မြောက်လာခဲ့ပေမယ့် တစ်ချို့ကိုတော့ တရားစွဲသွားမယ်လို့ ဆော်ဒီအစိုးရက ကြေငြာပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရသလို၊ နှိပ်စက်မှုတွေလည်း ခံနေရတယ်လို့လည်း WSJ က ဆိုပါတယ်။ ခြစားမှု တိုက်ဖျက်မှုအတွင်း ကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် ပြန်သိမ်းနိုင်ခဲ့တယ်လို့ ဇန်န၀ါရီမှာ ဆော်ဒီက ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၅၊ ၂၀၁၈
    M-Media

    ဂူအတွင်း ကယ်ဆယ်ရေးသမားများ၏ ကြိုးပမ်းအားထုတ်မှုများ

    ခြစားမှုတိုက်ဖျက်ရေး မပြီးသေးဟု ရှီကျင့်ဖျင်ပြော
    ===============
    တိုင်းပြည်ရှေ့ဆက်သွားဖို့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတဲ့ ခြစားမှုကို တိုက်ဖျက်ရေးလုပ်ငန်းဟာ မပြီးဆုံးသေးဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ် အာဏာရပြီးတဲ့နောက် ရှီဟာ ခြစားမှုတိုက်ဖျက်ရေးကို အာရုံစိုက် လုပ်ဆောင်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဟောင်းအပါအ၀င် အကြီးတန်းအရာရှိ တော်တော်များများ ထောင်ဒဏ်တွေ ကျခံခဲ့ရပါတယ်။ ရှီက ပါတီအတွင်း စည်းမျဉ်းည်းကမ်း ပိုမိုတင်းကြပ်မှုကြောင့် ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    အင်ဒိုနီးရှား IS ခေါင်းဆောင် ဆီးရီးယားတွင် သေဆုံး
    ==============
    ဆီးရီးယားက အင်ဒိုနီးရှား နိုင်ငံသား IS ခေါင်းဆောင် ဘဟ်ရွမ် နအင်းဟာ ရမ်ဇာန်ဥပုသ်လမတိုင်ခင် အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီလို့ လုံခြုံရေးဆိုင်ရာ ရင်းမြစ်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် နအင်းဟာ အွန်လိုင်းကနေတစ်ဆင့် လူသစ်စုဆောင်းမှုတွေ၊ ဗုံးလုပ်နည်းသင်ကြားတာတွေ လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ ဆွယ်တရားကြောင့် အင်ဒိုနီးရှားလူငယ်တော်တော်များများ ဆီးရီးယားမှာ IS နဲ့ သွားပေါင်းတာ အသေခံဗုံးခွဲတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    ဖမ်းခံထားရသည့် နာဂျစ်ရာဇတ် အာမခံဖြင့် လွတ်မြောက်
    ================
    ခြစားမှု အာဏာအလွဲသုံးစားမှုတွေနဲ့ ဖမ်းဆီး စွဲချက်တင်ခံထားရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ အာမခံနဲ့ မနေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ နိုင်ငံပိုင် 1MDB လုပ်ငန်းက ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးမှုအတွက် ၂ လတာ စုံစမ်းစစ်ဆေးခံခဲ့ရပြီးနောက် အင်္ဂါနေ့မှာ မလေးရှား ရဲတပ်ဖွဲ့က နာဂျစ်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ နာဂျစ်ကတော့ သူ့အပေါ် ပြုလုပ်ထားတဲ့ စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ အာမခံရခဲ့ပေမယ့် နိုင်ငံကူးလက်မှတ်ကိုတော့ ပြန်အပ်ခဲ့ရပါတယ်။

    ထိုင်းကလေးများအား ကယ်ထုတ်ရေး မနီးစပ်သေး
    =============
    ထိုင်းနိုင်ငံက ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေကို ဘယ်လိုကယ်ထုတ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ သတ်မှတ်ရခြင်း မရှိသေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ လူငယ် ၁၂ ယောက်နဲ့ နည်းပြတစ်ယောက် စုစုပေါင်း ၁၃ ယောက်ဟာ ဂူထဲမှာ ၉ ရက်တာ ပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း တနင်္လာနေ့မှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂူအတွင်း ရေကြီးနေတာကြောင့် လတ်တလော ပြန်ထုတ်ဖို့အတွက် အခက်အခဲ ဖြစ်နေပါတယ်။ လက်ရှိမှာ ကလေးတွေကို ရေငုပ်လေ့ကျင့်ပေးနေပြီး တစ်ယောက်ချင်းစီ ပြန်ထုတ်ဖို့ စီစဉ်ထားပေမယ့် ထိုင်းရေတပ်က မိုးရာသီအကုန် နောက်ထပ်လေးလ ရေကျသွားမှ ကယ်ထုတ်တာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောကြားထားပါတယ်။

    Ref: CNA, Aljazeera

  • မြန်မာချေးငွေကိစ္စအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း ၀ရမ်းထုတ်ခံရ

    မြန်မာချေးငွေကိစ္စအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း ၀ရမ်းထုတ်ခံရ

    ဇူလိုင် ၄၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံကို နှစ်ရှည်ချေးငွေပေးရာမှာ မိသားစုလုပ်ငန်းကို မျက်နှာသာပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထိုင်းတရားရုံးချုပ်က ဒီကနေ့မှာ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

    သက်ဆင်ဟာ ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရပ်ခြားမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်နေစဉ် ၂၀၀၃ ခုနှစ်က သူ့ရဲ့ဇနီးဟာ ဘန်ကောက်မြို့က အစိုးရပိုင် မြေကွက်တစ်ခုကို ၀ယ်ရာမှာ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်အတွက် ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခြင်းကိုလည်း ခံထားရပါတယ်။

    အခု ထောင်ဒဏ် ထပ်ချခံရတဲ့အမှုဟာ ၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံရဲ့ သွင်းကုန်-ထုတ်ကုန်ဘဏ် Exim Bank ကနေ မြန်မာအစိုးရကို ဂြိုဟ်တုဆက်သွယ်ရေးစနစ် တည်ဆောက်ရေးအတွက် ဘတ် ၄ ဘီလီယံ ချေးခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ၁၂ နှစ်ကြာ ပြန်ဆပ်ရမယ့် အဲဒီချေးငွေရဲ့ အတိုးနှုန်းဟာ ဘဏ်ရဲ့ operating cost အောက် ၃ ရာခိုင်နှုန်းနဲ့ ချေးတာ ဖြစ်ပါတယ်။

    မြန်မာအစိုးရက သက်ဆင်မိသားစု ရှယ်ယာအများစု ပိုင်ဆိုင်တဲ့ Shin Satellite ကနေ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းတွေ ၀ယ်ယူခဲ့တာကြောင့် ဒီချေးငွေကိစ္စမှာ သက်ဆင်မိသားစုက အမြတ်ထွက်ခဲ့ပါတယ်။ ဘဏ်ကတော့ ဘတ် သန်းပေါင်း ၆၇၀ ဆုံးရှုံးခဲ့ပါတယ်။

    Exim ဘဏ်က မြန်မာနိုင်ငံအတွက် Credit line ကို ဘတ် ၃ ဘီလီယံ သတ်မှတ်ထားပေမယ့် သက်ဆင်က ဘတ် ၁ ဘီလီယံ ထပ်တိုးပေးဖို့ ပြောခဲ့ပြီး အတိုးနှုန်းကိုလည်း ၅.၅ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းကို ချပေးခဲ့ပါတယ်။

    ထိုင်း အမျိုးသားခြစားမှုတိုက်ဖျက်ရေး ကော်မရှင်က ၂၀၀၈ ခုနှစ်မှာ ဒီအမှုကို ရုံးတင်ခဲ့ပေမယ့် သက်ဆင် တိုင်းပြည်မှာမရှိတဲ့အတွက် မစစ်ဆေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ အသက်ဝင်လာတဲ့ ရာဇ၀တ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ်အရ အမှုကို ပြန်လည်စစ်ဆေးခဲ့ပြီး အခုလို ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။

    ဒါပေမယ့် ၃ လထပ်စောင့်မှာဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှ သက်သေတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

    Ref : Bangkok Post

  • ထိုင်းကလေးများကို ဂူပြင်ထုတ်ဖို့ လချီကြာနိုင်

    ထိုင်းကလေးများကို ဂူပြင်ထုတ်ဖို့ လချီကြာနိုင်

    ဇူလိုင် ၃၊ ၂၀၁၈
    M-Media

    ဂူထဲတွင်တွေ့ရသည့် ကလေးများ

    – ထိုင်း-မြန်မာ နယ်စပ်က လှိုဏ်ဂူတစ်ခုထဲမှာ လွန်ခဲ့တဲ့ ၁၀ ရက်က ပျောက်သွားတဲ့ လူငယ်ဘောလုံးအသင်းနဲ့ နည်းပြတို့ကို မနေ့က အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပေမယ့် ကယ်ထုတ်ဖို့ လချီကြာနိုင်တယ်လို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။

    ဗြိတိန် ရေငုပ်သမားနှစ်ဦးက လှိုင်ဂူရဲ့တစ်နေရာမှာ ဒီလူငယ်တွေကို ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေက သူတို့ အထဲရောက်နေတာ ဘယ်လောက်ကြာပြီလဲ၊ အခုထွက်လို့ရမလား စသဖြင့် မေးမြန်းခဲ့ကြပြီး ဗိုက်အရမ်းဆာနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ကလေးတွေရှိနေတဲ့ ထန်လျန်ဂူဟာ အောက်တိုဘာလအထိ ကြာတတ်တဲ့ မိုးရာသီအမှာ အမြဲတမ်း ရေလျှံလေ့ရှိပြီး အဲဒီနောက်ပိုင်းမှ ရေကျတတ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မတိုင်ခင် ကယ်ထုတ်ဖို့ဆိုရင် ကလေးတွေကို ရေကူးသင်ပေးဖို့ လိုနေပါတယ်။

    ဒါပေမယ့် ရွှံ့နွံထူပြီး၊ မြင်နိုင်စွမ်းနည်းတဲ့ ရေထဲမှာ အတွေ့အကြုံမရှိတဲ့သူတွေကို ရေငုပ်ခိုင်းတာဟာ အန္တရာယ်များတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

    လက်ရှိ ဂူထဲကရေတွေကို ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေပေမယ့် သိသိသာသာ လျော့ကျသွားခြင်း မရှိပါဘူး။ ကလေးတွေကို အနည်းဆုံး လေးလစာ ရိက္ခာတွေပေးဖို့ လိုအပ်နေပြီး၊ ဆေးအဖွဲ့ကလည်း ၀င်ရောက်ကာ ကျန်းမာရေးစစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။

    ဒီအတိုင်း ရေကျသွားချိန်ကို စောင့်မယ်ဆိုရင်တော့ ကလေးတွေဟာ အောက်တိုဘာလလောက်မှ အပြင်ရောက်မယ့်အနေအထား ရှိနေပါတယ်။

    Ref: BBC