News @ M-Media
Tag: thailand
  • မြန်မာနှင့် ကမ္ဘောဒီယားလုပ်သားများ လူကုန်ကူးခံရမှုကို ထိုင်းက မတားဆီးနိုင်ဟု HRW ပြော
    မြန်မာနှင့် ကမ္ဘောဒီယားလုပ်သားများ လူကုန်ကူးခံရမှုကို ထိုင်းက မတားဆီးနိုင်ဟု HRW ပြော
    ဇန်န၀ါရီ ၂၄၊ ၂၀၁၈
    M-Media
    – ငါးဖမ်းလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေ အထူးသဖြင့် မြန်မာနဲ့ ကမ္ဘောဒီးယားတို့က လုပ်သားတွေ လူကုန်ကူးခံရတာ၊ အဓမ္မခိုင်းစေခံနေရတာတွေ ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိက၀တ်ကို ထိုင်းနိုင်ငံက ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က မနေ့မှာ ပြာကြားလိုက်ပါတယ်။
    Hidden Chains: Forced Labor and Rights Abuses in Thailand’s Fishing Industry ခေါင်းစဉ်နဲ့ ၁၃၄ မျက်နှာ ပါဝင်တဲ့ HRW ရဲ့ အစီရင်ခံစာမှာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ လူကုန်ကူးခံရမှုနဲ့အတူ ထိုင်းငါးဖမ်းလုပ်ငန်းမှာ အဓမ္မ လုပ်အားခိုင်းစေမှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပဲလို့ ဖော်ပြထားပါတယ်။
    ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေ ကျွန်ပြုခံရမှုရှိနေတဲ့ အခြေအနေကို ၂၀၁၄ ခုနှစ်မှာ မီဒီယာတွေက အကျယ်တ၀င့် ဖော်ပြခဲ့ပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို အရေးယူဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ လုပ်ခဲ့ပါတယ်။
    HRW ကတော့ ဒီလုပ်ဆောင်ချက်တွေဟာ အလုပ်သမားတွေ ညှင်းပမ်းနှိပ်စက်ခံရမှုကို ထိထိရောက်ရောက် မတားဆီးနိုင်ဘူးလို့ ဆိုပါတယ်။
    အလုပ်သမား ဥပေဒကို ထိထိရောက် အသုံးမချတာ၊ အဓမ္မ လုပ်အားခိုင်းစေမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်တဲ့ သီးသန့်ဥပဒေမရှိတာ အပါအ၀င် ဥပဒေပိုင်းဆိုင်ရာ လစ်ဟာမှုတွေ၊ ငါးဖမ်းလုပ်သားတွေ ညှမ်းပမ်းခံရမှုကို ကာကွယ်ပေးမယ့် အဖွဲ့အစည်းကောင်းကောင်း မရှိတဲ့အချိန် ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်သမားသမဂ္ဂ တည်ထောင်ခွင့်မပေးတာတွေကိုလည်း HRW က ထောက်ပြပါတယ်။
    အစီရင်ခံစာအတွက် HRW ဟာ ထိုင်းအစိုးရ တာဝန်ရှိသူတွေ၊ ငါးဖမ်းစက်လှေပိုင်ရှင်တွေ၊ မာလိန်မှူးတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ငါးဖမ်းအသင်း တာဝန်ရှိသူတွေ၊ ကုလ၀န်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနဲ့ ကမ္ဘောဒီယားတို့က အလုပ်သမားအများစုပါဝင်တဲ့ ငါးဖမ်းလုပ်သား ၂၅၀ နီးပါးနဲ့လည်း စကားပြောခဲ့ပါတယ်။
    ငါးဖမ်းလုပ်သားတွေက စက်လှေပိုင်ရှင်တွေဟာ သူတို့ရဲ့ အသိအမှတ်ပြုကတ်ပြားတွေကို သိမ်းထားပြီး တစ်နေ့ကို ၁၄ နာရီကျော် ဆက်တိုက် အလုပ်လုပ်ရကြောင်း၊ လုပ်ခလစာကလည်း အနိမ့်ဆုံးသတ်မှတ်ချက်ထက် နည်းကြောင်း၊ လစာကို လစဉ်မပေးဘဲ ၆ လတစ်ကြိမ်သာပေးကြောင်း၊ အလုပ်ပြောင်းခွင့်မပေးကြောင်း၊ ညစ်ပတ်ပြီး အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာပါ အဓမ္မ အလုပ်ခိုင်းကြောင်း ပြောကြားခဲ့ပါတယ်။
    တွေ့ဆုံမှုတွေကို ထိုင်းနိုင်ငံရဲ့ အဓိက ငါးဖမ်းလုပ်ငန်းရှိရာ ဆိပ်ကမ်းတွေမှာ ၂၀၁၅ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အကြားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အရင်က လူကုန်ကူးခံရတဲ့သူ ၁၀၀ ၀န်းကျင်ပါဝင်ကာ ကျန်တဲ့သူတွေကတော့ လက်ရှိမှာ ငါးဖမ်းလုပ်သားအဖြစ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
    အလုပ်လုပ်ကိုင်ရာမှာ လုပ်ခလစာ၊ လုပ်ကိုင်ရမယ့် အခြေအနေတွေကို ဖော်ပြထားတဲ့ ဘောင်ဝင်တဲ့ စာချုပ်စာတမ်းတွေနဲ့ လုပ်ရတာမျိုးမဟုတ်ဘူးလို့ ရွှေ့ပြောင်း ငါးဖမ်းလုပ်သား တော်တော်များများက ပြာကြားခဲ့ပြီး တစ်ချို့ဆိုရင် ဒီလို စာချုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတာကို မသိရှိကြဘူးလို့လည်း HRW က ပြောပါတယ်။
    ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ ညှင်းပမ်းနှိပ်စက်မှုတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ထိုင်းအစိုးရက နိုင်ငံတကာမှာ အမြင်ကောင်းအောင် ဟန်ပြအနေနဲ့ပဲ အရေးယူဆောင်ရွက်မှုတွေလုပ်တယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    အလုပ်သမားတွေ ကျွန်ပြုခံရတဲ့သတင်း ၂၀၁၄ ခုနှစ်က ထွက်လာပြီးတဲ့နောက် အမေရိကန်နဲ့ ဥရောပတို့က ထိုင်းနိုင်ငံက တင်သွင်းတဲ့ ပင်လယ်စာတွေကို ပိတ်ပင်မယ်လို့ သတိပေးခဲ့တာပါ။
    HRW ကတော့ ထိုင်းအစိုးရအနေနဲ့ လူကုန်ကူးမှု၊ ကျွန်ပြုခံရမှုကို တားဆီးဖို့အတွက် ဥပဒေတင်းကြပ်မှုတွေ၊ စီမံကိန်းတွေကို လုံလောက်အောင် ဆောင်ရွက်ခြင်းမရှိကြောင်း၊ ငါးဖမ်းလုပ်သားတွေကို အသိအမှတ်ပြုတဲ့ ပန်းရောင်ကဒ် ထုတ်ပေးမှုကလည်း ‘ခေါင်းပုံဖြတ်’ မှု အခြေအနေကိုသာ ဖြစ်စေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    တရားမ၀င် ငါးဖမ်းမှုတိုက်ဖျက်ရေး ထိန်းချုပ်မှုစင်တာရဲ့ ဒုတိယဥက္ကဌ Wanaphol Klomkaew က HRW ရဲ့ ဒီအစီရင်ခံစာဟာ တစ်ဖက်သတ်အချက်အလက်ကို အခြေခံထားတာဖြစ်ပြီး မယုံကြည်ရကြောင်း၊ မိမိတို့ကို သိက္ခာချတယ်လို့သာ မှတ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
    Ref: RFA
  • တိုင်းပြည်မှပျောက်သွားသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း၏ ဓာတ်ပုံ ထွက်ပေါ်လာ
    တိုင်းပြည်မှပျောက်သွားသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း၏ ဓာတ်ပုံ ထွက်ပေါ်လာ
    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media
    – သြဂုတ်လနှောင်းပိုင်းကတည်းက ထိုင်းနိုင်ငံကနေ ပျောက်သွားခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာ လန်ဒန်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။
    အမျိုးသမီးတစ်ယောက်နဲ့ တွဲရိုက်ထားတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေက ဗြိတိန်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။
    ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ် Srivara Rangsibrahmanakul က ယင်လပ်အနေနဲ့ လန်ဒန်မှာ ရှိနေလားဆိုတာကို အတည်ပြုနိုင်ရေး အင်တာပိုလ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချက်အလက်တွေ စုဆောင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “နောက်ဆုံးပေါ်ထွက်လာတဲ့ ဓာတ်ပုံမှာ ယင်လပ်နဲ့ တွဲရိုက်ထားတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဆက်သွယ်သွားမှာပါ” လို့က သူက ဆိုပါတယ်။
    အမည်မသိ အမျိုးသမီးတစ်ဦးဟာ ယင်လပ်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ Facebook နဲ့ Twitter အကောင့်တွေမှာ တင်ခဲ့ပြီး လန်ဒန်က Harrods ဈေးဝယ်စင်တာရှေ့မှာ ရိုက်ထားတာဖြစ်တယ်လို့လည်း ရေးသားခဲ့ပါတယ်။
    ထိုင်း တရားရုံးချုပ်က စင်တက်ဘာလမှာ ယင်းလပ်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
    ယင်လပ်ပျောက်ဆုံးသွားကတည်းက သူ ဘယ်မှာရှိနေလဲဆိုတာကို အတိတကျ မသိရှိရသေးဘဲ သူ့ရဲ့ အစ်ကိုဖြစ်တဲ့ သက်ဆင် ရှင်နာဝပ်ထရာ အိမ်တွေပိုင်ဆိုင်ထားတဲ့ ဒူဘိုင်းနဲ့ လန်ဒန်တို့မှာ ရှိနေပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
    ယင်လပ်ရဲ့ ဖြူထိုင်းပါတီကလည်း သူတို့ရဲ့ခေါင်းဆောင် တိုင်းပြည်နေ ပျောက်သွားတာနဲ့ ပတ်သက်ပြီး တရားဝင် ကြေငြာချက် မထုတ်သေးပါဘူး။
    Ref: The Star
  • မာရသွန်ပြေးပြီး ပြည်သူ့ကျန်းမာရေးအတွက် ဒေါ်လာ ၃၃ သန်းရှာခဲ့တဲ့ ထိုင်းရော့ခ်ကာ
    မာရသွန်ပြေးပြီး ပြည်သူ့ကျန်းမာရေးအတွက် ဒေါ်လာ ၃၃ သန်းရှာခဲ့တဲ့ ထိုင်းရော့ခ်ကာ
    ဒီဇင်ဘာ ၂၆၊ ၂၀၁၇
    M-Media
    – ထိုင်းနိုင်ငံက နာမည်ကြီး ရော့ခ်အဆိုတော် အာတီဝါရာ အာကာဟာ ၅၅ ရက်ကြာ မာရသွန်ပြေးကာ ပြည်သူ့ကျန်းမာရေးအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၃၃.၆ သန်း (ဘတ် ၁.၁ ဘီလီယံ) ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။
    Toon Bodyslam လို့ လူသိများတဲ့ သူဟာ နိုဝင်ဘာ ၁ ရက်နေ့က ယာလာပြည်နယ် ဘီတွန်မြို့ကနေ စတင် တာထွက်ခဲ့တာဖြစ်ပြီး တနင်္လာနေ့က နယ်စပ်မြို့ မယ်ဆိုင်မှာ ပန်းဝင်ခဲ့တာပါ။
    အာတီဝါရာက သူ့ရဲ့ခရီးစဉ်အတွင်းမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းကြဖို့ ထိုင်းနိုင်ငံသားတွေကို တိုက်တွန်းခဲ့ပြီး မူလက ဘတ် သန်း ၇၀၀ ရရှိအောင် ရည်ရွယ်ခဲ့ပေမယ့် ဒီထက်ပိုများကာ ဘတ် ၁.၁ ဘီလီယံအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။
    ဒီအလှူငွေတွေကို နိုင်ငံတစ်ဝှမ်းက ဆေးရုံပေါင်း ၁၁ ခုမှာ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ၀ယ်ဖို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
    မယ်ဆိုင်မှာ ပန်းဝင်ခဲ့တဲ့ အာတီဝါရာကို ပြည်သူတွေက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။
    Ref: Bannkok Post
  • ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ သားကို ငွေကြေးခ၀ါချမှုဖြင့် ထိုင်း တရားစွဲ
    အောက်တိုဘာ ၁၉၊ ၂၀၁၇
    M-Media
    သားဖြစ်သူနှင့်အတူ တွေရသည့် သက်ဆင် (ယာ)
    – ရာဇ၀တ်ပြေးဖြစ်နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ တစ်ဦးတည်းသော သားဖြစ်သူကို ငွေကြေးခ၀ါမှုချဖြင့် တရားစွဲဆိုခဲ့သည်ဟု ထိုင်းအထူးစုံစမ်းရေးဌာနက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    သက်ဆင် ၀န်ကြီးချုပ်ဖြစ်စဉ်က နိုင်ငံတော်ပိုင် Krungthai Bank ဘဏ်မှ လိမ်လည်ချေးငွေ ဘတ် ၉.၉ ဘီလီယံ (ကန်ဒေါ်လာ ၂၂၄ သန်း) ယူသည့် ခြစားမှုနှင့် ဆက်စက်၍ ၎င်း၏သား ပန်သွန်တေ ရှင်နာဝပ်ထရာသည် ၂၀၀၄ ခုနှစ်တွင် ဘတ်ငွေ ဆယ်သန်း (ကန်ဒေါ်လာ ၂ သိန်းကျော်) ရရှိခဲ့သည်ဟု စွပ်စွဲခံထားရသည်။
    ပန်သွန်တေမှာ အင်္ဂါနေ့က ၎င်းကိုယ်တိုင် လာရောက်ဝန်ခံခဲ့ကြောင်း၊ သို့သော်လည်း ဖမ်းဝရမ်း မထုတ်ထားသောကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း အထူးစုံစမ်းရေးဌာန (DSI) မှ ပြောရေးဆိုခွင့်ရှိသူ ၀ိုရာနန် ဆရီလမ် ပြောကြားခဲ့သည်။
    ထို့ပြင် ပန်သွန်တေအနေဖြင့် ၎င်းအမှုအတွက် ယခုအချိန်တွင် သက်သေအထောက်အထားများ စုဆောင်းနိုင်ပြီး၊ DSI ဘက်ကလည်း ရာဇ၀တ်ခုံရုံးတင်ရန်အတွက် ဆုံးဖြတ်ရန်သာ ကျန်တော့ကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။
    ပန်သွန်တေကမူ ၎င်းမှာ ပစ်မှတ်ထားခံရခြင်းသာဖြစ်ပြီး ၎င်းအပေါ် ပြုလုပ်နေသည့် ငွေကြေးခ၀ါချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ရန် ယခုလအတွင်း ပြောကြားဖူးသည်။
    Ref : CNA
  • ၂၀၁၈ နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထိုင်းအာဏာသိမ်းအစိုးရ ပြော
    ၂၀၁၈ နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထိုင်းအာဏာသိမ်းအစိုးရ ပြော
    အောက်တိုဘာ ၁၁၊ ၂၀၁၇
    M-Media
    ထိုင်းအာဏာသိမ်းအစိုးရခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ
    – ၂၀၁၄ ခုနှစ် အာဏာသိမ်းယူခဲ့ပြီးနောက် အခြေခံဥပဒေပြင်ဆင်ရေးနှင့် လုံခြုံရေးကိစ္စများကို စိုးရိမ်ကြောင်း အကြောင်းအမျိုးမျိုးပြ၍ ရွေးကောက်ပွဲကျင်းပရန် အချိန်ဆွဲထားသည့် ထိုင်းစစ်အစိုးရက ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမည်ဟု ကတိပေးပြောကြားခဲ့သည်။
    နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီအကြီးအကဲ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ယမန်နေ့က သတင်းထောက်များအား ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရက်အတိအကျကို ၂၀၁၈ ခုနှစ် ဇွန်လတွင် ထုတ်ပြန်မည်ဟု ဆိုသည်။
    ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးမည်ဟု အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ကတိနောက်ပိုင်း တစ်နှစ်အကြာမှ အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
    ထိုင်းနိုင်ငံ၏ နောက်ဆုံး အထွေထွေရွေးကောက်ပွဲကို ၂၀၁၁ ခုနှစ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
    အဓိကမဟာမိတ်များဖြစ်သော ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ရွေးကောက်ပွဲကျင်းပပေးရန်နှင့် အာဏာသိမ်းပြီးနောက် ပြုလုပ်ခဲ့သည့် လွတ်လပ်ခွင့် ကန့်သတ်မှုများကို ဖယ်ရှားပေးရန် ဖိအားပေးခဲ့သည်။
    အာဏာသိမ်းအစိုးရမှာ စစ်တပ်ကို လုပ်ပိုင်ခွင့်အများအပြား ပေးထားပြီး၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားမည့် ဖွဲ့စည်းပုံအခြေဥပဒေအသစ်ကို ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့သည်။
    Ref: Aljazeera