News @ M-Media
Tag: thailand
  • သေဒဏ်ချခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အယူခံကို ထိုင်းအယူခံခုံရုံး ပယ်ချ
    သေဒဏ်ချခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အယူခံကို ထိုင်းအယူခံခုံရုံး ပယ်ချ
    မတ် ၁၊ ၂၀၁၇
    M-Media
    – ၂၀၁၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ခိုတောင်ကျွန်း၌ ဗြိတိန်စုံတွဲအား သတ်မှုဖြင့် သေဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ အယူခံကို ထိုင်း အယူခံခုံရုံးက ယနေ့တွင် ပယ်ချလိုက်ပြီး၊ သေဒဏ်ကို အတည်ပြုလိုက်သည်ဟု သိရသည်။
    သေဒဏ်ချမှတ်ခံထားရသူများမှာ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ နှစ်ဦးဖြစ်ပြီး ၎င်းတို့က ထိုအမိန့်ကို ပယ်ဖျက်ရန်အတွက် ဓာတ်ပုံများ၊ စာရွက်စာတမ်းများ အပါအ၀င် ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ မှားယွင်းကိုင်တွယ်ခဲ့သည်ဟု အယူခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။
    ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ဗြိတိန်နိုင်ငံသားခရီးသွားစုံတွဲ ဟန်နာ ၀ှစ်သရစ်ခ်ျနှင့် ဒေးဗစ်မီလာတို့မှာ ဆူရက်ဌာနီ ပြည်နယ် ခိုတောင်ကျွန်း ကမ်းခြေတွင် သတ်ဖြတ်ခံခဲ့ရပြီး၊ ထိုင်းရဲတပ်ဖွဲ့ကမူ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ ကျူးလွန်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။
    ၎င်းတို့နှစ်ဦးမှာ စွဲချက်များအားလုံးကို ငြင်းပယ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ထိုင်းရာဇ၀တ်ဆိုင်ရာ တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချခဲ့သည်။
    ရွှေ့ပြောင်းလုပ်သားများဖြစ်သည့် ၎င်းတို့နှစ်ဦးမှာ ထိုင်းရဲတပ်ဖွဲ့၏ ဓားစာခံပြုလုပ်ခြင်းကို ခံခဲ့ရသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များ၊ ရှေ့နေများ၊ မိသားစုဝင်များက ရဲတပ်ဖွဲ့၏ သက်သေခံအထောက်အထား ကိုင်တွယ်မှုအမှားများကို ထောက်ပြခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့ကမူ ၎င်းတို့ဖမ်းဆီးထားသူများမှာ အမှန်တကယ်ကျူးလွန်သူများဖြစ်သည်ဟု ကာကွယ်ခဲ့သည်။
    Ref: Bangkokpost
  • ထိုင်းက မြန်မာကို နှစ်ရှည်ချေးငွေ ဘတ် ၄ ဘီလီယံကျော် ထုတ်ချေးမည်
    ထိုင်းက မြန်မာကို နှစ်ရှည်ချေးငွေ ဘတ် ၄ ဘီလီယံကျော် ထုတ်ချေးမည်
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media
    ထားဝယ်အထူးစီးပွားရေးဇုန် ပုံစံငယ်
    – မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဘတ်ငွေ ၄.၅ ဘီလီယံကို နှစ်ရှည်ချေးငွေအဖြစ် ပေးအပ်သွားရန် စဉ်းစားနေသည်ဟု ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး Arkhom Termpittayapaisith က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် တစ်ပတ်က ပြုလုပ်ခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံမှာ ထိုကဲ့သို့ ချေးငွေရရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
    အဆိုပါ ချေးငွေမှာ ထိုင်း-မြန်မာ နယ်စပ် ကန်ချာနာဘူရီမှ ထားဝယ်ရှိ အထူးစီးပွားရေးဇုန်အထိ ၁၃၃ ကီလိုမီတာ ရှည်လျားမည့် ၂ လမ်းသွား လမ်းတစ်ခု ဖောက်လုပ်ရေး အပါအ၀င် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရမည်ဖြစ်သည်။
    အိမ်နီးချင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Neda) က မြန်မာနိုင်ငံအား ထိုချေးငွေ ပေရန်အတွက် လေ့လာမှုများ၊ အသေးစိတ်စီစဉ်မှုများ ပြုလုပ်နေသည်။
    ထားဝယ်အထူးစီးပွားရေးဇုန်အတွက် အီတလီ-ထိုင်းကုမ္ပဏီ Italian-Thai Development Plc (ITD) က လုပ်ပိုင်ခွင့် ရထားခြင်းဖြစ်ပြီး ထားဝယ်တွင် ဆိပ်ကမ်းအသေးစားနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးပါက ထိုင်းအစိုးရမှာ အဆိုပါ စက်ရုံမှ ဓာတ်အားဝယ်ယူရန်လည်း ရှိနေသည်။
    မြန်မာအစိုးရမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီနှင့် အမြဲတမ်း စစ်ဆေးရေးဂိတ် ၃ ခုကို အဆင့်မြှင့်တင်ပေးရန်လည်း ပြီးခဲ့သည့်တစ်ပတ် အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။
    Ref: Bangkokpost
  • မသမာမှုများစွာဖြင့် ၀ရမ်းထုတ်ခံရသည့် နာမည်ကြီးဘုန်းကြီးကို ထိုင်းရဲတပ်ဖွဲ့ စီးနင်းရှာဖွေ
    မသမာမှုများစွာဖြင့် ၀ရမ်းထုတ်ခံရသည့် နာမည်ကြီးဘုန်းကြီးကို ထိုင်းရဲတပ်ဖွဲ့ စီးနင်းရှာဖွေ
    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇
    M-Media
    ဖမ်းဝရမ်း ထုတ်ခံထားရသည့် ဘုန်းကြီး Phra Dhammajayo
    – ငွေကြေးခ၀ါချမှုအပါအ၀င် အမှုပေါင်းများစွာဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် နာမည်ကျော် ဘုန်းကြီး Phra Dhammajayo ကို ဖမ်းဆီးရန်အတွက် ၎င်းသီတင်းသုံးရာ ကျောင်းတိုက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ယနေ့တွင် ၀န်းရံပိတ်ဆို့ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
    ရဲတပ်ဖွဲ့နှင့် အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ DSI မှ တာဝန်ရှိသူများမှာ ဘန်ကောက်မြို့မြောက်ဘက် ခလောင် လူအန်ခရိုင်ရှိ Wat Dhammakaya ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီး Phra Dhammajayo သီတင်းသုံးသော အဆောင်နှင့် အနီးဆုံးတွင် ရှိနေသည့် ဂိတ်ပေါက် (၁) မှ ၀င်ရောက်ခဲ့ရာတွင် ဘုန်းကြီးများနှင့် နောက်လိုက်များက မည်သည့်ခုခံမှုမှ မလုပ်ခဲ့ပေ။
    အဆိုပါ ဘုန်းကြီးကျောင်းဝန်းကျင်တွင် ယနေ့မနက်ပိုင်းကတည်းက စစ်သားများ၊ လက်နက်မဲ့ရဲတပ်ဖွဲ့ဝင်များကို ချထားခဲ့ပြီး DSI မှ ဗိုလ်ကြီးတစ်ဦးက ဘုန်းကြီးကျောင်း တာဝန်ရှိသူတစ်ဦးနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ၀င်ရောက်ရှာဖွေခြင်းဖြစ်သည်။
    ဂိတ်ပေါက် (၁) မှ ၀င်ရောက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့မှာ ဘုန်းတော်ကြီး Phra Dhammajayo သီတင်းသုံးရာ အဆောင်သို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့ပြီး၊ အခြားဘုန်းကြီးများကမူ ဘုန်းတော်ကြီး ရှိ၊ မရှိကို ပြောရန် ငြင်းဆိုခဲ့သည်။
    DSI တာဝန်ရှိသူများကို ဦးဆောင်ကာ ဆွေးနွေးရန် ခေါ်ဆောင်သွားသည့် ဘုန်းတော်ကြီး Sanitwong Wuthiwangso ကမူ မိမိအနေဖြင့် Phra Dhammajayo ကို မတွေ့ရသည်မှာ (၈) လခန့် ကြာမြင့်နေပြီဟု ပြောကြားခဲ့သည်။
    နာမည်ကျော် Wat Dhammakaya ဘုန်းကြီးကျောင်းကို တည်ထောင်ခဲ့သူ သက်တော် ၇၂ နှစ်အရွယ် ဘုန်းတော်ကြီး Phra Dhammajayo မှာ ငွေကြေးခ၀ါချမှု၊ Klongchan Credit Union Co-operative လုပ်ငန်းမှ ဘတ်ငွေ ဘီလီယံနှင့်ချီ အလွဲသုံးစားပြုမှုနှင့် ဆက်စပ်သည့် သူခိုးပစ္စည်းလက်ခံမှုတို့အပါအ၀င် စွဲချက်များစွာဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။
    ထို့ပြင် ၎င်း၏ တရားအားထုတ်ရေး စင်တာများမှာလည်း Loei၊ Nakhon Ratchasima နှင့် Phangnga ပြည်နယ်များရှိ အစိုးရပိုင် သစ်တောမြေများကို ပိုက်နက်ကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသည်။
    ဘုန်းတော်ကြီးမှာ နေမကောင်းဖြစ်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့နှင့် တွေ့ဆုံခြင်းမရှိခဲ့ဘဲ တစ်နှစ် ကျော်ကြာ ရှောင်ပြေးနေခဲ့သည်။
    Ref: Bangkok Post
  • ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ်၏ ပိုင်ဆိုင်မှု အသိမ်းခံရမည်
    ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ်၏ ပိုင်ဆိုင်မှု အသိမ်းခံရမည်
    အောက်တိုဘာ ၂၂၊ ၂၀၁၆
    M-Media
    thai
    – ရာထူးမှဖြုတ်ချခံခဲ့ရသည့် ၀န်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာကို သူမ၏ လက်ထက် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးစေခဲ့သည့် အစိုးရဘက်ဂျက်သုံး စပါးစီမံကိန်းတစ်ခုအတွက် ပိုင်ဆိုင်မှုများကို သိမ်းယူရန်နှင့် ဒဏ်ကြေး ဘတ် ၃၅ ဘီလီယံ (ကန်ဒေါ်လာ သန်း ၉၉၀ ကျော်) ပေးဆောင်ရန် ထိုင်းတရားရုံးက နို့တစ်စာ ထုတ်ပြန်ထားသည်ဟု သိရသည်။
    လယ်သမားများထံမှ စပါးဝယ်ယူရာတွင် ပေါက်ဈေးထက်ပိုပေးခဲ့သည့် ထိုအစီအစဉ်မှာ ယင်လပ်အစိုးရအဖွဲ့၏ အထိရောက်ဆုံး ပေါ်လစီတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် အထွထွေရွေးကောက်ပွဲတွင် ရာထူး၌ ဆက်ရှိရေး အထောက်အကူ ဖြစ်စေခဲ့သည်။
    ၂၀၁၄ ခုနှတွင် စစ်တပ်မှ ယင်လပ်အား ရာထူးမှ ဖယ်ရှားပြီးနောက် သူမကို အဆိုပါစပါးစီမံကိန်းအတွက် တရားစွဲဆိုခဲ့ပြီး လက်ရှိတွင် တရားရုံး၌ အမှုရင်ဆိုင်နေဆဲ ဖြစ်သည်။
    ယင်လပ်မှာ ယမန်နေ့က ဘန်ကောက်တရားရုံးအပြင်ဘက်၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် လွန်ခဲ့သည့် ၂ ရက်က မိမိ၏ပိုင်ဆိုင်မှုများကို သိမ်းယူမည်ဆိုသည့် နို့တစ်စာရရှိကြောင်း ပြောကြားခဲ့သည်။
    “အဲဒီအမိန့်ဟာ မှန်ကန်မှုမရှိသလို တရားမျှတမှုလည်း မရှိပါဘူး။ ကျွန်မကတော့ ဒီအမှုကို ရင်ဆိုင်ဖို့ ရှိသမျှ နည်းလမ်းတိုင်းကို သုံးသွားပါမယ်”
    သူမကို ထောက်ခံသူများက ယင်လပ်ကို စွဲဆိုထားသည့်အမှုသည် ရှင်နာဝပ်ထရာမိသားစု၏ နိုင်ငံရေးသြဇာ လွှမ်းမိုးမှုကို အပြီးသတ်ချေမှုန်းမည့် စစ်တပ်၏ အကြံအစည်ဖြစ်ကြောင်း ပြောကြားထားသည်။
    ယင်လပ်နှင့် ၎င်း၏လက်ထက် ကတ်ဘိနတ်ဝန်ကြီးဟောင်းများမှာ ထိုကိစ္စနှင့်ဆက်စပ်သော လိမ်လည်မှုပေါင်း ၈၅၀ အတွက် စုံစမ်းစစ်ဆေးမှုကို ခံနေရသည်ဟုလည်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ထိုအထဲမှ အများစုတွင် အငယ်တန်းတာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းမှ တာဝန်ရှိသူများလည်း ပါဝင်နေသည်။
    Ref; CNA
  • တော်ဝင်မိသားစုကို စော်ကားသည့်အတွက် အမျိုးသမီးတစ်ဦးကို ထိုင်း တရားစွဲ
    တော်ဝင်မိသားစုကို စော်ကားသည့်အတွက် အမျိုးသမီးတစ်ဦးကို ထိုင်း တရားစွဲ
    အောက်တိုဘာ ၁၇၊ ၂၀၁၆
    M-Media
    14691055_1222679267774541_1400832654028704026_n
    – ဘုရင်ကြီးဘူမိဘော နတ်ရွာစံမှုအတွက် ထိုင်း ပြည်သူတစ်ရပ်လုံးက ၀မ်းနည်းပူဆွေးနေချိန်တွင် အိမ်ရှေ့မင်းသားနှင့် နန်းတော်ကို ယာယီအုပ်ချုပ်သူတို့အား အသေရဖျက်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ထိုင်းနိုင်ငံသည် တော်ဝင်မျိုးနွယ်နှင့်ပတ်သက်၍ ကမ္ဘာ့အပြင်းထန်ဆုံး ဥပဒေရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဘုရင်၊ ဘုရင်မ၊ အိမ်ရှေ့စံများကို စော်ကားပြောဆိုလျှင် သို့မဟုတ် အသရေညှိုးနွမ်းစေလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။
    ထိုင်းအရှေ့တောင်ပိုင်း ကော့စမွီကျွန်းမှ အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိသည့် အဆိုပါအမျိုးသမီးမှာ သောကြာနေ့က လူမှုကွန်ရက်ပေါ်၌ တောင်ဝင်အသိုင်းအ၀ိုင်းနှင့်ပတ်သက်၍ ဂုဏ်သိက္ခာကျဆင်းစေသည့် ရေးသားမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    “သူမက နတ်ရွာစံသွားတဲ့ ဘုရင်ကြီးအကြောင်းကို ရေးသားတာမဟုတ်ပါဘူး၊ အရိုက်အရာဆက်ခံမယ့် မင်းသားနဲ့ ဘုရင်ကြီးကိုယ်စား ယာယီအုပ်ချုပ်သူတွေအကြောင်း ရေးသားခဲ့တာပါ” ဟု အိမ်ရှေ့ဟ မဟာ ၀ါဂျီရာလောင်ကွန်နှင့် ဘုရင့်ကိုယ်စား ထီးနန်းကို ယာယီစီမံခန့်ခွဲမည့် အသက် ၉၆ နှစ်အရွယ် ပရမ် တင်ဆူလာနွန်ဒါတို့ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
    အဆိုပါ အမျိုးသမီးမှာ တော်ဝင်အသိုင်းအ၀ိုင်းအား စော်ကားသည့် မှတ်ချက်ကို ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီးနောက် ပြည်သူများက ဒေါသထွက်ကာ ရဲတပ်ဖွဲ့သို့လာရောက်၍ ထိုအမျိုသမီးအား တရားစွဲဆိုရန် တောင်းဆိုခဲ့သည်။
    လက်ရှိတွင် ထိုအမျိုးသမီးအား တရားစွဲဆိုထားပြီး၊ သူမမှာ ဘုရင်ကြီး၏ ရုပ်ပုံရှေ့တွင်လည်း ဦးချခစား၍ လူသိရှင်ကြား တောင်းပန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
    သက်တော် ၈၈ နှစ်အရွယ်ရှိ ဘုရင်ကြီး နတ်ရွာစံသွားပြီးနောက် ထိုကဲ့သို့ အဖြစ်အပျက်နှစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ခုစလုံးတွင် ပြည်သူများက အရေးယူရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ခြင်းကြောင့် လူအုပ်ဖြင့် တိုက်ခိုက်မည့်အန္တရာယ်အတွက် စိုးရိမှုများလည်း မြင့်တက်ခဲ့သည်။
    Ref : CNA