မတ် ၁၊ ၂၀၁၇
M-Media
– ၂၀၁၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ခိုတောင်ကျွန်း၌ ဗြိတိန်စုံတွဲအား သတ်မှုဖြင့် သေဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ အယူခံကို ထိုင်း အယူခံခုံရုံးက ယနေ့တွင် ပယ်ချလိုက်ပြီး၊ သေဒဏ်ကို အတည်ပြုလိုက်သည်ဟု သိရသည်။
သေဒဏ်ချမှတ်ခံထားရသူများမှာ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ နှစ်ဦးဖြစ်ပြီး ၎င်းတို့က ထိုအမိန့်ကို ပယ်ဖျက်ရန်အတွက် ဓာတ်ပုံများ၊ စာရွက်စာတမ်းများ အပါအ၀င် ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ မှားယွင်းကိုင်တွယ်ခဲ့သည်ဟု အယူခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ဗြိတိန်နိုင်ငံသားခရီးသွားစုံတွဲ ဟန်နာ ၀ှစ်သရစ်ခ်ျနှင့် ဒေးဗစ်မီလာတို့မှာ ဆူရက်ဌာနီ ပြည်နယ် ခိုတောင်ကျွန်း ကမ်းခြေတွင် သတ်ဖြတ်ခံခဲ့ရပြီး၊ ထိုင်းရဲတပ်ဖွဲ့ကမူ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ ကျူးလွန်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။
၎င်းတို့နှစ်ဦးမှာ စွဲချက်များအားလုံးကို ငြင်းပယ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ထိုင်းရာဇ၀တ်ဆိုင်ရာ တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချခဲ့သည်။
ရွှေ့ပြောင်းလုပ်သားများဖြစ်သည့် ၎င်းတို့နှစ်ဦးမှာ ထိုင်းရဲတပ်ဖွဲ့၏ ဓားစာခံပြုလုပ်ခြင်းကို ခံခဲ့ရသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များ၊ ရှေ့နေများ၊ မိသားစုဝင်များက ရဲတပ်ဖွဲ့၏ သက်သေခံအထောက်အထား ကိုင်တွယ်မှုအမှားများကို ထောက်ပြခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့ကမူ ၎င်းတို့ဖမ်းဆီးထားသူများမှာ အမှန်တကယ်ကျူးလွန်သူများဖြစ်သည်ဟု ကာကွယ်ခဲ့သည်။
Ref: Bangkokpost