News @ M-Media
Tag: thailand
  • ထိုင်းအပန်းဖြေကမ်းခြေတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
    ထိုင်းအပန်းဖြေကမ်းခြေတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
    သြဂုတ် ၁၂၊ ၂၀၁၆
    M-Media
    thai
    – ထိုင်းနိုင်ငံရှိ ဟွာဟင်ကမ်းခြေ အပန်းဖြေစခန်းတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် ပထမ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မည်သည့်ဒဏ်ရာရမှုမှ မရှိခဲ့သော်လည်း ထိုနေရာနှင့် မီတာ ၅၀ အကွာတွင် နောက်ထပ် တစ်စက္ကန့်အကြာ၌ ဒုတိယပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒုတိယပေါက်ကွဲမှုတွင် ထိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံခြားသား ၈ ဦးအပါအ၀င် စုစုပေါင်း ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
    ဒုတိယမြောက်ဗုံးပေါက်ကွဲသည့်နေရာမှာ အရက်ဘားများတည်ရှိရာ လမ်းဆုံဖြစ်ပြီး ဒေသခံများနှင့် နိုင်ငံခြားခရီးသွားများ ကြိုက်နှစ်သက်ရာ နေရာလည်းဖြစ်သည်။
    ပေါက်ကွဲမှု၏ နောက်ကွယ်မှအကြောင်းအရင်းကိုမူ မသိရှိရသေးပေ။ ဟွာဟင်ကမ်းခြေမှာ မြို့တော်ဘန်ကောက်၏ တောင်ဘက်တွင်ရှိသော နာမည်ကျော် အပန်းဖြေကမ်းခြေတစ်ခုဖြစ်သည်။
    ယမန်နေ့မနက်ပိုင်းကလည်း နိုင်ငံတောင်ပိုင်း တာရန်ပြည်နယ်ရှိ ဈေးတစခုတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ဒေသတွင်းအငြင်းပွားမှုနှင့် ဆက်စပ်သည့် ပေါက်ကွဲမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဒီမိုကရေစီမဆန်သည့် အခြေခံဥပဒေကို ထိုင်းအတည်ပြု
    ဒီမိုကရေစီမဆန်သည့် အခြေခံဥပဒေကို ထိုင်းအတည်ပြု
    သြဂုတ် ၇၊ ၂၀၁၆
    M-Media
    thaii
    – စစ်တပ်က ကျောထောက်နောက်ခံပြု ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိုင်းနိုင်ငံ၌ ယနေ့တွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရာ ထောက်ခံမဲအသာရ၍ အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။
    မဲပေးမှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ခဲ့ရာတွင် ထောက်ခံမဲက ၆၂ ရာခိုင်နှုန်း ရှိနေပြီး ကန့်ကွက်မဲက ၃၇.၉ ရာခိုင်နှုန်းရှိခဲ့သည်။ ယခုအတည်ပြုလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမည့် ၂၀၁၇ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ပြီး ထိုရွေးကောက်ပွဲမှ တက်လာသော အစိုးရမှာ စစ်တပ်က သတ်မှတ်ထားသော စည်းကမ်းများဖြင့် တိုင်းပြည်အား အုပ်ချုပ်ရမည်ဖြစ်သည်။
    မဲပေးမှုတွင် အလွန်အမင်း ကန့်သတ်မှုများကြောင့် ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။ ထိုင်းနိုင်ငံ၏ အဓိကနိုင်ငံရေးပါတီများမှ အပါအ၀င် ဝေဖန်ရေးသမားများကမူ ယခုအတည်ပြုလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီမဆန်ဟု စောစောပိုင်းက ပြောကြားထားသည်။
    Ref : Aljazeera
  • စစ်တပ်ကရေးဆွဲသည့် အခြေခံဥပဒေကို ထိုင်းတွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်
    စစ်တပ်ကရေးဆွဲသည့် အခြေခံဥပဒေကို ထိုင်းတွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်
    သြဂုတ် ၇၊ ၂၀၁၆
    M-Media
    thai
    – စစ်တပ်က ရေးဆွဲထားပြီး လာမည့်၂၀၁၇ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲလုပ်နိုင်ရန် လမ်းဖွင့်ပေးမည့် အခြေခံဥပဒေ ပြည်သူဆန္ဒခံယူပွဲကို ထိုင်းပြည်သူများက ယနေ့တွင် မဲပေးမှုများ စတင်ပြုလုပ်နေပြီဟု သိရသည်။
    အဆိုပါ ပြည်သူဆန္ဒခံယူပွဲမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည့် စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ချန်အိုချာအား ပြည်သူလူထု၏ နှစ်သက်မှုကို ဆန်းစစ်သည့် ပြည်သူ့ဆန္ဒခံယူပွဲလည်း ဖြစ်သည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နောက်တက်လာမည့် အစိုးရမှာ စစ်တပ်က သတ်မှတ်ထားသည့်အတိုင်း တိုင်းပြည်အား အုပ်ချုပ်ရမည်ဖြစ်သည်။
    ပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်များမှာ ယနေ့ည ဒေသစံတော်ချိန် ၈ နာရီဝန်းကျင်တွင် ထွက်ဖွယ်ရှိနေပြီး မဲပေးမှု မပြုလုပ်ခင် စစ်တမ်းကောက်ယူမှုများအရ အဆိုပါ အခြေခံဥပဒေကို ထောက်ခံသည့် မဲအရေအတွက်က အနည်းငယ်များနေသည်။
    Ref: Channlelnewasia
  • ဒေါ်စုခရီးစဉ်တွင် စီစဉ်မှုညံ့ဖျင်းခဲ့သည့် အာဏာပိုင်များကို ထိုင်းက ရာထူးမှထုတ်ပယ်
    ဒေါ်စုခရီးစဉ်တွင် စီစဉ်မှုညံ့ဖျင်းခဲ့သည့် အာဏာပိုင်များကို ထိုင်းက ရာထူးမှထုတ်ပယ်
    ဇွန် ၂၇၊ ၂၀၁၆
    M-Media
    daw su 2
    – ပြီးခဲ့သည့်တစ်ပတ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒ်ါအောင်ဆန်းစုကြည် သွားရောက်လည်ပတ်ခဲ့သည့် မြို့မှ အာဏာပိုင် ၆ ဦးကို ထိုင်းအစိုးရက ရာထူးမှ ဖယ်ရှားလိုက်သည်ဟု သိရသည်။
    ထိုကဲ့သို့ ထုတ်ပယ်ရသည့် အကြောင်းအရင်းကို တရားဝင် ထုတ်ပြန်ပြောကြားခြင်းမရှိသော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ ဇွန်လ ၂၃ ရက်နေ့က မဟာချိုင်တွင် ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ တွေ့ဆုံပွဲတွင် မြန်မာလုပ်သားများ မပါဝင်နိုင်စေရန် မေးခွန်းထုတ်ဖွယ်ရာ စီစဉ်မှုများကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
    ထုတ်ပယ်ခံရသူများတွင် ဒေသအလုပ်သမားရေးရာအကြီးအကဲ၊ ရဲအရာရှိတစ်ဦးနှင့် ခရိုအုပ်ချုပ်ရေးမှူးတစ်ဦးတို့ ပါဝင်သည်ဟု ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အခွင့်အရေးကွန်ယက်မှ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဦးစိန်ဌေးက ဆိုသည်။
    ထိုင်းဘာသာစကားဖြင့် ရေးသားထားသော ရာထူးမှထုတ်ပယ်သည့် ကြေငြာစာတွင် စုစုပေါင်း တာဝန်ရှိသူ ၂၃ ဦး ပါဝင်ခဲ့ကာ အခြားသူများမှာ ဘန်ကောက်ရှိ ပြည့်တန်ဆာဂိုဏ်းများအဖြစ် ဆောင်ရွက်နေသာ အလှပြင်ဆိုင်များအား ဖမ်းဆီးရာတွင် ခြစားခဲ့မှုနှင့် ဆက်စပ်နေသူများဖြစ်သည်။
    မဟာချိုင်ဒေသရှိ ပင်လယ်စာလုပ်ငန်းတည်ရှိရာနေရာသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာတွင် ထိုင်းအာဏာပိုင်များမှာ လုပ်ခလစာမြင့်သည့် အလုပ်သမားများကိုသာ တွေ့ဆုံပွဲခန်းမအတွင်းသို့ ၀င်ရောက်ခွင့်ပေးသည်ဟု မြန်မာအလုပ်သမားများဘက်မှ ပြောဆိုခဲ့သည်။
    ထိုင်းအာဏာပိုင်များက စောစောလာသူများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးမည်ဟု ကြေငြာခဲ့သော်လည်း နောက်ပိုင်းတွင် လူ ၅၀၀ သာ ခန်းမအတွင်းသို့ ၀င်ရောက်ခွင့်ပြုမည်ဟု ကြေငြာခဲ့သည်။ ထို့ကြောင့် အခမ်းအနားမစတင်ခင် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းအာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ဈေးဝန်းအတွင်း စုရုံးကာ ဆန္ဒပြခဲ့သည်။
    ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်မှုနှင့်ပတ်သက်၍ အလုပ်မှထုတ်ပယ်ခံရသူများမှာ ထိုင်းအာဏာပိုင်များတင်မဟုတ်ဘဲ မြန်မာအလုပ်သမားများမှာလည်း မာဟာချိုင်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့်အတွက် အလုပ်ထုတ်ခံရမှုများ ရှိခဲ့သည်ဟု ထိုင်းအခြေစိုက် အလုပ်သမားအခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Aide Alliance Committee for Myanmar Workers က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    Ref: mmtimes
  • ထိုင်းစာသင်ကျောင်း မီးလောင်မှု မိန်းကလေးငယ် ၁၇ ဦး သေဆုံး
    ထိုင်းစာသင်ကျောင်း မီးလောင်မှု မိန်းကလေးငယ် ၁၇ ဦး သေဆုံး
    မေ ၂၃၊ ၂၀၁၆
    M-Media
    thai 1
    – ထိုင်းနိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသ မူလတန်း ကျောင်းတစ်ကျောင်းရှိ အိပ်ဆောင်တွင် မီးလောင်မှု ဖြစ်ပွားသောကြောင့် မိန်းကလေးငယ် ၁၇ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံး၊ ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။
    ချီယန်ရိုင်းပြည်နယ်ရှိ ပုဂ္ဂလိက မိန်းကလေးကျောင်းဖြစ်ပြီး ယမန်နေ့ည နှောင်းပိုင်း ကျောင်းသူများ အိပ်ပျော်နေစဉ် နှစ်ထပ်ကျောင်းဆောင်၌ မီးလောင်ခဲ့ခြင်းဖြစ်သည်။ ထိုမီးလောင်မှုတွင် ပျောက်ဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၂ ဦးရှိပြီး ဒဏ်ရာရသူများမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။
    အဆိုပါ အိပ်ဆောင်တွင် စုစုပေါင်း ကျောင်းသူ ၃၈ ဦး ရှိပြီး မီးလောင်ချိန်တွင် မအိပ်သေးသူများမှာ လွတ်မြောက်ခဲ့ကာ၊ အိပ်နေသူများခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး အာရ်ကွမ် ဆူကာပန်က ပြောကြားခဲ့သည်။ မီးလောင်ရခြင်းအကြောင်းအရင်းကို မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။
    Ref : Aljazeera