News @ M-Media

Tag: thailand

  • ဘုရင်ကို စော်ကားသည်ဆိုသည့် စွဲချက်ဖြင့် ထိုင်းအမျိုးသား ၁ ဦး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

    ဘုရင်ကို စော်ကားသည်ဆိုသည့် စွဲချက်ဖြင့် ထိုင်းအမျိုးသား ၁ ဦး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

    မတ် ၈၊ ၂၀၂၃

    M-Media 


    -ဘုရင်ကို စော်ကားတဲ့ ပြက္ခဒိန် ရောင်းချတယ်ဆိုတဲ့ စွဲချက်နဲ့ အမျိုးသားတစ်ဦးက ထိုင်းတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ 

    ဘုရင်အပေါ် ၀ေဖန်ပြောဆိုမှုကို ပိုမို တင်းတင်းကြပ်ကြပ် ကိုင်တွယ် အရေးယူနိုင်မယ့် ဥပဒေတစ်ခုကို ၂၀၂၀ ခုနှစ်မှာ ထိုင်းအစိုးရက ပြဌာန်းခဲ့ပြီး၊ အဲဒီဥပဒေနဲ့ လူပေါင်း ၂၀၀ လောက်ကို ဖမ်းဆီး အရေးယူပြီးပါပြီ။ 

    အသက် ၂၆ နှစ်အရွယ် အမျိုးသား Narathorn Chotmankongsin ဟာ ဘုရင်အ၀တ်အစားမှာ ဘဲခေါင်းတပ်ထားတဲ့ပုံ၊ ဘုရင်ကို လှောင်ပြောင်တဲ့ စာသားတစ်ချို့ ပါ၀င်တဲ့ ပြက္ခဒိန်ကို ဒီမိုကရေစီ တောင်းဆိုတဲ့ Facebook စာမျက်နှာတစ်ခုကနေ ရောင်းချခဲ့တာပါ။ 

    ဒီအတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာမှာ ဖမ်းဆီးခံခဲ့ရပြီး မနေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဘဲခေါင်းရုပ်ဟာ ဒီမိုကရေစီတောင်းဆိုသူတွေ အသုံးပြုတဲ့ သင်္ကေတတစ်ခုဖြစ်ပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ တစ်စိုက်မတ်မတ် အသုံးပြုခဲ့ပါတယ်။ 

    အစိုးရရှေ့နေတွေကတော့ ဒီပြက္ခဒိန်က ပုံနဲ့စာတွေဟာ ဘုရင်ကို စော်ကားတာမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ထိုင်းအစိုးရဟာ တော်၀င်မိသားစု ကာကွယ်ရေး ဥပဒေကို အသုံးချပြီး အတိုက်အခံတွေကို နှိပ်ကွပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ထိုင်းနိုင်ငံရဲ့ တော်၀င်မိသားစုကာကွယ်ရေးဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။ 

    Ref: BBC

  • မြန်မာနိုင်ငံမှ၀င်လာသည့် မူးယစ်မှောင်ခိုသမား ၆ ဦးကို ထိုင်းစစ်တပ်က အသေဖမ်းဆီး

    မြန်မာနိုင်ငံမှ၀င်လာသည့် မူးယစ်မှောင်ခိုသမား ၆ ဦးကို ထိုင်းစစ်တပ်က အသေဖမ်းဆီး

    ဇန်န၀ါရီ ၁၁၊ ၂၀၂၃

    M-Media 


    -ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံနယ်စပ်ဖြစ်တဲ့ ရွှေတြိဂံဒေသမှာ မူးယစ်မှောင်ခိုသမား ၆ ဦးကို စစ်တပ်က အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

    တနင်္လာနေ့မနက်ပ်ိုင်း အရုဏ်တက်ချိန်လောက်မှာ မြန်မာဖက်ကနေ ဖန်ခရိုင်ထဲ၀င်လာတဲ့ လူ ၂၀ လောက်ရှိတဲ့အဖွဲ့နဲ့ ထိုင်းတပ်ဖွဲ့တစ်ခုတို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ 

    နယ်စပ်ဒေသက ပြည်နယ် ၆ ခုရဲ့ လုံခြုံရေးကို ကိုင်တွယ်နေတဲ့ Pha Muang Task Force က ပစ်ခတ်မှုအတွင်း မူးယစ်မှောင်ခိုသမား ၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

    သူတို့သယ်လာတဲ့ အိတ် ၁၉ လုံးကနေ ကက်တမင်း ကီလို ၃၀၀ နဲ့ သေနတ် ၃ လက် ဖမ်းဆီးမိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ထိုင်းစစ်တပ်ဟာ ပြီးခဲ့တဲ့ကလည်း မြန်မာနယ်စပ်အနီးမှာ မူးယစ်မှောင်ခိုသမား ၁၅ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ 

    မှောင်ခိုသမားတွေက စစ်သားတွေကို အရင်ပစ်ခတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကနေ သယ်လာတဲ့ စိတ်ကြွဆေး မက်တာဖက်သမင်းအများအပြား ဖမ်းမိခဲ့ကြောင်း ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: AFP

  • နိုင်ငံခြားသားများအား မြေရောင်းမည့်အစီအစဥ်ကို ထိုင်းက ဆိုင်းငံ့

    နိုင်ငံခြားသားများအား မြေရောင်းမည့်အစီအစဥ်ကို ထိုင်းက ဆိုင်းငံ့

    နို၀င်ဘာ ၈၊ ၂၀၂၂

    M-Media 


    – ချမ်းသာတဲ့ နိုင်ငံခြားသားတွေကို မြေအကန့်အသတ်နဲ့ရောင်းဖို့ စီစဥ်မှုကို ထိုင်းအစိုးရက ဆိုင်းငံ့တော့မှာ ဖြစ်ပါတယ်။

    ထိုင်းပြည်သူလူထုက ဆန့်ကျင်ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့ပြီးတဲ့နောက် အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ 

    ကန်ဒေါ်လာ ၁.၇ သန်းဖိုးနဲ့ ညီမျှတဲ့ ထိုင်းဘတ် သန်း ၄၀ အနည်းဆုံး ၃ နှစ် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားသားတွေကို မြေ ၀.၁၆ ဟက်တာ ရောင်းပေးမယ့်အစီအစဥ် စတင်ဖို့ စဥ်းစားနေတယ်လို့ အခုနှစ် ဇန်န၀ါရီမှာ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ 

    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုအားကောင်းလာအောင် ဆောင်ရွက်တာလို့လည်း ဆိုပါတယ်။ 

    လေ့လာစောင့်ကြည့်သူတွေက ရင်းနှီးမြှုပ်နှံဖို့ သတ်မှတ်ထားတဲ့ ပမာဏဟာ နည်းလွန်းနေပြီး ဒီအစီအစဥ်ကြောင့် အိမ်ခြံမြေစျေးတွေတက်တာ၊ နိုင်ငံသားတွေ မြေပိုင်ဆိုင်မှု နည်းလာတာမျိုး ဖြစ်နိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ 

    ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က အဖွဲ့အစည်းအားလုံးရဲ့ စကားသံတွေကို နားထောင်ပြီးတဲ့နောက်ပိုင်း အစီအစဥ်ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    ဒီအစီအစဥ်ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ပြန်လည်သုံးသပ်သွားမယ်လို့လည်း ပြည်ထဲရေး၀န်ကြီး Anupong Paochinda က ပြောပါတယ်။ 

    Ref: CNA 

  • အမ်မီ – ထိုင်းမူကြိုကျောင်းပစ်ခတ်မှုမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ

    အမ်မီ – ထိုင်းမူကြိုကျောင်းပစ်ခတ်မှုမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ

    အောက်တိုဘာ ၉၊ ၂၀၂၂
    M-Media

    -သေနတ်သမား ၀င်ရောက်ပစ်ခတ်တဲ့အချိန် အမ်မီလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အိမ်မောကျနေတာပါ။

    အမ်မီနဲ့ သူ့သူငယ်ချင်း ၁၀ ယောက်ဟာ ၃ နှစ်၀န်းကျင်သာ ရှိပါသေးတယ်။ ဂြိုဟ်ဆိုးမ၀င်ခင် မနက် ၁၀ နာရီလောက်က သူတို့လေးတွေအားလုံးဟာ ပုံဆွဲကြ၊ အရောင်ခြယ်ကြနဲ့ ပျော်ရွှင်ခဲ့ကြပြီး ဆရာမတွေကလည်း သူတို့ ဓာတ်ပုံလေးတွေကို မိဘတွေဆီ ရိုက်ပို့ခဲ့ကြပါတယ်။

    နောက်ထပ် ၂ နာရီအကြာ နေ့ခင်းအိပ်ချိန်မှာတော့ ရဲ၀န်ထမ်းဟောင်း Panya Kamrab ရဲ့ သတ်ဖြတ်မှုကို အမ်မီရဲ့ သူငယ်ချင်းတွေ ခံခဲ့ရပါတော့တယ်။

    ထိုင်းနိုင်မြောက်ပိုင်း Nong Bua Lamphu မြို့က မူကြိုကျောင်းမှာ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုအတွင်း ဆရာမတွေအပါအ၀င် စုစုပေါင်း ၃၇ ဦး သေဆုံးခဲ့ပြီး ၂၄ ဦးက ကလေးငယ်တွေ ဖြစ်ပါတယ်။

    အမ်မီလေးဟာ ဒီပစ်ခတ်မှုမှာ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်တဲ့ တစ်ဦးတည်းသော ကျောင်းသားပါ။ သေဆုံးသွားတဲ့ သူငယ်ချင်းတွေရဲ့ အနားမှာ ကွေးကွေးလေး နိုးနေတဲ့ အမ်မီကို ပစ်ခတ်မှုအပြီးမှာ ရဲတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    “သူနိုးလာတဲ့အချိန် ဘာဖြစ်နေလဲဆိုတာ မသိဘူး။ သူငယ်ချင်းတွေ အိပ်နေတုန်းပဲလို့ ထင်နေတာ။ ရဲတစ်ယောက်က သူ့မျက်နှာကို အ၀တ်စည်းပြီး သွေးအိုင်ထဲကနေ ခေါ်ထုတ်သွားတယ်” လို့ အသက် ၅၉ နှစ်အရွယ် အဖိုးဖြစ်သူ Somsak Srithong က ပြောပါတယ်။

    “မြေးလေး အသက်ရှင်တာကိုတွေ့တော့ တော်တော်လေး စိတ်သက်သာရာ ရသွားတယ်။ စတွေ့တွေ့ချင်း ဖက်ပြီး ငိုတာပေါ့”

    အမ်မီရဲ့မိခင် အသက် ၃၅ နှစ်အရွယ် Panompai Srithong ဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်နေတာပါ။ မူကြိုက ကလေးအားလုံး အသက်မရှင်တော့ဘူးဆိုတဲ့ သတင်းကြောင့် အမ်မီလေး မသေဘူးဆိုတာ အစပိုင်းက သူ မယုံပါဘူး။

    “နောက်ဆုံး အမ်မီနဲ့ ဗီဒီယိုကောလ် ပြောတော့မှပဲ အလုံးကြီးကျသွားတော့တယ်” လို့ Panompai Srithong က ပြောပါတယ်။

    သူငယ်ချင်းတွေ ဘာဖြစ်သွားလဲဆိုတာ မိဘတွေက အမ်မီကို အစက မပြောပြသေးပါဘူး။ အချစ်ဆုံးသူငယ်ချင်း အသက် ၃ နှစ်အရွယ် Pattarawut ကို အမ်မီလေးက ခဏခဏ မေးနေပါတယ်။

    မူကြိုကသူငယ်ချင်းတွေအပေါ် အမ်မီက သံယောဇဥ်တွယ်သလို ကြီးလာရင် ဆရာမဖြစ်ချင်တယ်လို့လည်း ပြောပါတယ်။

    “နောက်ပိုင်းကျတော့ သူ့အဘွားက သူငယ်ချင်းတွေအားလုံးနဲ့ ဆရာမတွေ မရှိကြတော့ဘူး၊ ကျောင်းပိတ်လိုက်ပြီဆိုတာ ပြောလိုက်တယ်။ သူကတော့ နေ့တိုင်း ကျောင်းသွားမယ်ပဲ ပြောနေတာ။ ကျောင်းပိတ်ထားတယ်လို့ ပြောရတာပေါ့။ သေတယ်ဘာညာဆိုတာကို သူ သေချာမသိသေးဘူး” လို့ မိခင် Panompai Srithong က ပြောပါတယ်။

    သေဆုံးသွားသူတွေရဲ့ စျာပနကို Nong Bua Lamphu မြို့က ဘုန်းကြီးကျောင်းတွေမှာ ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ကြပါတယ်။

    မကြာသေးခင်က အလုပ်ကထုတ်ခံခဲ့ရတဲ့ ရဲ၀န်ထမ်းဟောင်း ဘာ့ကြောင့် ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်လဲဆိုတာ မသိရပါဘူး။ လူသတ်သမားဟာ သူ့ဇနီးနဲ့ ဇနီးရဲ့ ကလေးကို ပစ်သတ်ခဲ့ပြီး သူကိုယ့်သူလည်း သတ်သေသွားခဲ့ပါတယ်။

    ထိုင်းလူ့အဖွဲ့အစည်းမှာတော့ လက်နက်တွေ လွယ်လွယ်ရနေတာ၊ မူးယစ်ဆေး၀ါး ပြဿနာတွေကို ထောက်ပြပြောဆိုနေကြပါတယ်။

    “ကလေးတွေအတွက် အန္တရာယ်ကင်းတဲ့နေရာ ဘယ်နေရာရှိသေးလဲ- ဆိုပြီး မိဘတွေက မေးနေကြပါတယ်။ စိတ်တော်တော်မကောင်းဘူး။ ပြည်သူ့တွေရဲ့လုံခြုံရေးကို ကောင်းမွန်အောင် ဆောင်ရွက်ပေးပါလို့ တာ၀န်ရှိတဲ့သူတွေကို တောင်းဆိုချင်ပါတယ်” လို့ အမ်မီရဲ့ ဦးလေး Veerachai Srithong က ပြောပါတယ်။

    Ref: BBC

  • မလေးရိုးရာ ယဥ်ကျေးမှုများ တိမ်ကောပျောက်ကွယ်လာတဲ့ ထိုင်းတောင်ပိုင်းဒေသ

    မလေးရိုးရာ ယဥ်ကျေးမှုများ တိမ်ကောပျောက်ကွယ်လာတဲ့ ထိုင်းတောင်ပိုင်းဒေသ

    စက်တင်ဘာ ၂၃၊ ၂၀၂၂
    M-Media

    -မလေးလူမျိုးတွေရဲ့ ဒေသဖြစ်တဲ့ ထိုင်းတောင်ပိုင်းမှာ မလေးရိုးရာ ယဥ်ကျေးမှုအမှတ်သညာတွေ တိမ်ကောလာတာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ဒေသတွင်း အဖွဲ့အစည်းတွေက ထုတ်ပြောလာကြပါတယ်။

    ပတ္တာနီ၊ ယာလာ၊ နာရာသီ၀ပ်တို့ ပါ၀င်တဲ့ ထိုင်းတောင်ပိုင်းဟာ ပတ္တာနီ ဘုရင့်နိုင်ငံလို့ ထင်ရှားတဲ့ မလေးအင်ပါယာ နယ်မြေတွေပါ။ ထိုင်းဘုရင်တွေရဲ့ ကျူးကျော်မှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး ၁၇၈၆ ခုနှစ်မှာ ဒီမလေးဒေသတွေကို ထိုင်းဘုရင် ပထမမြောက် ရာမက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

    ခေတ်အဆက်ဆက် ထိုင်းအစိုးရတွေက ထိုင်းယဥ်ကျေးမှူ လွှမ်းမိုးအောင် ကြိုးပမ်းတာ၊ လူငယ်တွေက ရိုးရာယဥ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရမှန်း မသိနားမလည်တာတွေကြောင့် ထိုင်းတောင်ပိုင်းမှာ မလေးလူမျိုးတွေရဲ့ အမှတ်သညာတွေ တစ်ဖြည်းဖြည်း တိမ်ကောလာပါတယ်။

    ပတ္တာနီသမိုင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Patani Civilization Art Heritage Organisation) က ဒေသတွင်းမှာ အတွေ့ရနည်းလာတဲ့ မလေးရိုးရာ ဖက်ရှင်တွေ၊ ရိုးရာအိမ်တွေနဲ့ အသုံးအဆောက်ပစ္စည်းတွေ၊ အဲဒါတွေကို ဖန်တီးထုတ်လုပ်တဲ့ အတတ်ပညာတွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေပါတယ်။

    “ကျွန်တော်တို့ရဲ့ ယဥ်ကျေးမှု အမှတ်သညာတွေ တိမ်ကောရတဲ့ အကြောင်းအရင်း အများအပြားရှိပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ မကြိုးစားဘူးဆိုရင် သိပ်မကြာခင် ပျောက်ကွယ်သွားနိုင်ပါတယ်”

    “အခုလက်ရှိ ဒီအမွေအနှစ်တွေက ရှိနေသေးတယ်။ မလေးရိုးရာ ဓားမြှောင်နဲ့ ဓားအိမ်လုပ်တဲ့ အတတ်ပညာမျိုး၊ အခြား မလေးဗိသုကာပညာမျိုးတွေကို သင်ယူလေ့လာပြီး ပြန့်ပွားအောင် လုပ်သွားရမှာပါ” လို့ အဖွဲ့တာ၀န်ရှိသူ နူကမ် ကူ ရှမ်ရှူဒင်က ပြောပါတယ်။

    ရှမ်ရှူဒင်နဲ့ ထိုင်းနိုင်ငံက မလေးကိုယ်စားလှယ် ၇ ဦးတို့ဟာ မလေးရှားမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် နိုင်ငံတကာ မလေးရိုးရာယဥ်ကျေးမှု ပြပွဲကို တက်ရောက်ပြီး ထိုင်းတောင်းပိုင်းက မလေးရိုးရာ အမွေအနှစ်တွေကို ခင်းကျင်းပြသခဲ့ပါတယ်။

    Ref: The Star