News @ M-Media

Tag: The Enduring Legacy of Muslim Civilization

  • ဓာတုဗေဒပညာရပ် – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၈)

    ဓာတုဗေဒပညာရပ် – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၈)

     မေ ၂၀၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    labortrory
    ၉ ရာစုက အလ်-ရာဇီ၏ ဘဂ္ဂဒတ်မြို့မှ ဓာတုဗေဒဓာတ်ခွဲခန်း
    • ဒီနေ့ ကျွန်တော်တို့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ပလက်စတစ်၊ ရာဘာ၊ ဓာတ်ဆီတွေ၊ အင်ဆူလင်၊ ပင်နီဆလင်တို့လို ဆေးတွေဟာ ဓာတုဗေဒနယ်ပယ်ကို တောင်လှန်ပြောင်းလဲခဲ့တဲ့ ရှေးဦးမွတ်စလင်တွေရဲ့ ရှာဖွေဖော်ထုတ်မှုကနေ မြစ်ဖျားခံ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ဓာတုဗေဒ (Chemistry) ဆိုတဲ့စကားလုံးကို အာရဘီဘာသာစကားမှာ ကီမီယာ (Kimia) လို့ခေါ်ပြီး ရှေ့ဆက်ပုဒ်ဖြစ်တဲ့ အလ် (al) ထည့်လိုက်တဲ့အခါမှာတော့ အလ်ကီမီယာ (Alkimia- the chemistry) ဖြစ်လာခဲ့ပါတယ်။ အနောက်တိုင်းမှာတော့ alkimia ရဲ့ နောက်ဆုံး ‘a’ ကို ဖြုတ်ပြီး ခေါ်ဝေါ်တာကြောင့် အင်္ဂလိပ်မှာ ‘အလ်ခမီ’ (Alchemy) လို့ အမည်တွင်ပါတယ်။ အလယ်ခေတ် အစ္စလာမ်ကမ္ဘာက သိပ္ပံပညာရှင်တွေဟာ Alchemy ကို ရှေးခေတ်စာပေတွေ လေ့လာတဲ့ပညာ၊ ဂမ္ဘီရဆန်တဲ့ ပညာလို့ မသတ်မှတ်ခဲ့ဘဲ လက်တွေ့အသုံးချနိုင်တဲ့ ဓာတုဗေဒ ဘာသာရပ်အဖြစ် မှတ်ယူခဲ့ပါတယ်။

    နှစ်ပေါင်း ၂၀၀ လောက် တည်တံ့ခဲ့တဲ့ မွတ်စလင်တွေရဲ့ ဓာတုဗေဒ ရွှေခေတ်မှာ ထင်ရှားကျော်ကြားပြီး ပြိုင်ဘက်ကင်းတဲ့ ပညာရှင်ကြီး ၃ ဦး ပေါ်ထွန်းခဲ့ပါတယ်။

    ဂျာဘီရ် အစ်ဗနေ့ ဟေယန် (Jabir ibn Hayyan) (၇၂၂-၈၁၅၊ အီရန်)

    jabir 2
    ခေတ်သစ်ဓာတုဗေဒဖခင်ကြီး ဂျာဘီရ် အစ်ဗနေ့ ဟေယန်

    ဂျာဘီရ် အစ်ဗနေ့ ဟေယန်ကို အနောက်တိုင်းမှာ ဂီဘာရ် (Geber) လို့ ခေါ်ကြပြီး ဓာတုဗေဒပညာရပ်ကို စတင်ဖော်ထုတ် တည်ထောင်ခဲ့သူလို့ ပညာရှင်အားလုံးက အကြွင်းမဲ့ လက်ခံယုံကြည်ထားကြပါတယ်။ ဆေးဝါးပညာရှင်တစ်ဦးရဲ့ သားဖြစ်တဲ့ ဂျာဘီရ်ဟာ သူ့ရဲ့ ဘ၀သက်တမ်းအများစုကို အီရတ်နိုင်ငံ ကူဖာမြို့ (Kufa) မှာ ကုန်ဆုံးခဲ့ပြီး၊ အဲဒီမှာပဲ ဓာတုဗေဒပညာရပ်ကို သိပ္ပံနည်းကျ စနစ်တကျဖြစ်အောင် ဖော်ထုတ်သတ်မှတ်ခဲ့ပါတယ်။ သူဦးစီးတဲ့ ဓာတ်ခွဲခန်းမှာ ဓာတုဗေဒရဲ့ အဓိက လုပ်ဆောင်မှုတွေဖြစ်တဲ့ ငွေ့ရည်ခဲစေခြင်း (sublimation)၊ အရည်ဖြစ်စေခြင်း (liquefaction)၊ အခဲဖြစ်စေခြင်း (crystallization)၊ ပေါင်းခံခြင်း (distillation)၊ သန့်စင်ခြင်း (purification)၊ ပေါင်းစပ်ခြင်း (amalgamation)၊ ဓာတ်တိုးခြင်း (oxidation)၊ အငွေ့ပျံစေခြင်း (evaporation)နဲ့ စစ်ထုတ်ခြင်း (filtration) စတဲ့ လုပ်ငန်းတွေကို စမ်းသပ်ဖော်ထုတ်ကာ၊ ပြည့်စုံစေခဲ့ပါတယ်။ နောက်ပြီး လူ့မျက်စိနဲ့ မတွေ့နိုင်လောက်အောင် သေးငယ်တဲ့ ဒြပ်ပေါင်းတစ်ခုကို ဖွဲ့စည်းဖို့ ဓာတုဗေဒဒြပ်စင်တွေဟာ သူတို့ရဲ့ သွင်ပြင်လက္ခဏာတွေ မပြောင်းလဲဘဲ ဘယ်လို ပေါင်းစပ်သလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ဂျာဘီရ်က ရေးသားခဲ့ပါသေးတယ်။ ဒီနေ့ခေတ်မှာတော့ ဒါဟာ လုပ်နေကိုင်နေကျအရာတစ်ခုအဖြစ် မြင်တွေ့နေရပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ကျော်လာက်က ဒါတွေကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဂျာဘီရ်တစ်ယောက် ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ ခေါင်းတစ်လုံးပိုမြင့်သူ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

    ဒီနေ့ခေတ် ဓာတုဗေဒကဏ္ဍမှာ မရှိမဖြစ်အရေးပါတဲ့ ဆာလ်ဖျူရစ်အက်စစ်၊ နိုက်ထရစ်အက်စစ်နဲ့ နိုက်ထရို မူရီယေတစ် အက်စစ် (nitromuriatic acid) တို့ကိုလည်း ဂျာဘီရ်ကပဲ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဒီလိုတွေ့ရှိမှုတွေက ဓာတုဗေဒဆိုင်ရာ စမ်းသပ်မှု ဖြစ်နိုင်ချေတွေကို မယုံနိုင်လောက်အောင် တိုးတက်စေခဲ့ပါတယ်။

    ဂျာဘီရ်ဟာ ၁ ကီလိုဂရမ်ရဲ့ ၆၄၈၀ ဆ ပိုငယ်တဲ့ အရာဝတ္ထုလေးတွေကို တိုင်းတာတဲ့ တိကျတဲ့စကေးလ်ကို ဖန်တီးတည်ဆောက်ခဲ့သူဖြစ်ပြီး ဓာတ်တိုးခြင်း (oxidation) ရဲ့ တစ်ချို့အခြေအနေတွေမှာ သတ္တုတစ်ခုရဲ့ အလေးချိန်ဟာ လျော့နည်းသွားတယ်တယ်ဆိုတာကိုလည်း သတိပြုမိခဲ့ပါတယ်။

    ဂျာဘီရ် အစ်ဗနေ့ ဟေယန် ရေသားတဲ့ ဓာတုဗေဒ ကျမ်းတွေထဲမှာ Great Bokk of Chemical Properties (ဓာတုဗေဒ ဂုဏ်သတ္တိများဆိုင်ရာ ကျမ်းကြီး)၊ The Weighs and Measures (အလေးချိန်နှင့် တိုင်းတာမှုများ)၊ The Chemical Combination (ဓာတုဗေဒ ပေါင်းစပ်ခြင်း)၊ The Dyes (ဆိုဆေးများ) စတာတွေ ပါဝင်ပါတယ်။ ဓာတုဗေဒသီအိုရီပိုင်းမှာ ဂျာဘီရ်ရဲ့ အကြီးကျယ်ဆုံး ပံ့ပိုးကူညီမှုတွေထဲက တစ်ခုကတော့ သတ္တုတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းနဲ့ ပတ်သတ်တဲ့ သူ့ရဲ့ အမြင်တွေကို ဖော်ထုတ်မှုပဲ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်တွေဟာ ခေတ်သစ်ဓာတ်တုဗေဒ အစပြုတဲ့ ၁၈ ရာစု အချိန်အထိ ရှင်သန်ခဲ့ပြီး ဖြည့်စွက်မှုနဲ့ ပြောင်းလဲမှု အနည်းငယ်သာ ပြုလုပ်ခဲ့ရပါတယ်။

    အဲဒီသုတေသနပြုမှုတွေကို ဂျာဘီရ်ဟာ အီရတ်နိုင်ငံ ကူဖာမြို့က သူ့ရဲ့ ဓာတ်ခွဲခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ခွဲခန်းကို သူကွယ်လွန်ပြီး ရာစုနှစ် ၂ ခုကြာတဲ့အခါ မြို့တွင်း ဒမတ်စကတ် ဂိတ်ပေါက်ဝ (Damascus Gate) လို့ခေါ်တဲ့ ရပ်ကွက်က အိမ်အချို့ကို ဖြိုချတဲ့အချိန်မှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

    အလ်-ရာဇီ (Al-Razi) (၈၆၄-၉၂၅ အီရန်)

    al razi
    ဓာတုဗေဒဘာသာရပ်တွင် အရေးပါဆုံး Book of the Secret of the Secrets ကျမ်းကို ရေးသားခဲ့သူ အလ်-ရာဇီ

    အနောက်နိုင်ငံတွေမှာ ရာဇက်စ် (Rhazes) လို့သိကြတဲ့ အလ်-ရာဇီရဲ့ အမည်အရင်းဟာ မိုဟာမက် အစ်ဗနေ့ ဇာကာရီယာ အလ်-ရာဇီ (Muhammad ibn Zakariya al-Razi) ဖြစ်ပါတယ်။ သူဟာ Book of the Secret of the Secrets (လျှို့ဝှက်ချက်များ၏ လျှို့ဝှက်ချက်ဆိုင်ရာကျမ်း) ကို ရေးသားခဲ့သူပါ။ သဘာဝဒြပ်ပစ္စည်းတွေကို အတိအကျ ခွဲခြမ်းစိတ်ဖြာပြထားတဲ့ ဒီစာအုပ်ကြောင့်ပဲ အလ်-ရာဇီဟာ ဂျာဘီရ်အပါအ၀င် သူ့ရှေ့မှာ ပေါ်ထွန်းခဲ့တဲ့ ဓာတုဗေဒပညာရှင်ကြီးတွေထက် ပိုပြီး ကြီးကျယ်သူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူဟာ မြေမှာပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ တိရစ္ဆာန်တွေကထွက်တဲ့ ဒြပ်ပစ္စည်းတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး သတ္ထုအောက်ဆိုက်၊ ကော့စတစ်ဆိုဒါနဲ့ သတ္ထုစပ်အမျိုးမျိုးလို ဖန်တီးယူလို့ရတဲ့ အရာဝတ္ထုတွေအကြောင်းကိုလည်း သူ့ရဲ့အဲဒီ စာအုပ်မှာ ရေးသားခဲ့ပါတယ်။ အလ်-ရာဇီအရင်က ဂျာဘီရ်ဟာ တွင်းထွက် ဓာတ်သတ္ထုတွေကို ခန္ဓာကိုယ် – bodies (ရွှေနှင့် ငွေကဲ့သို့ ပစ္စည်းများ) ၀ိဉာဏ်-souls (ဆာလ်ဖာနှင့် အာဆင်းနစ်ကဲ့သို့ ပစ္စည်းများ) နဲ့ စိတ်-spirit (မာကျူရီကဲ့သို့ ပစ္စည်းများ) အဖြစ် ခွဲခြားခဲ့ပါတယ်။

    အလ်-ရာဇီဟာ သူ့ရဲ့ စမ်းသပ်တွေ့ရှိချက်တွေကို အသေးစိတ် ရေးသားဖော်ပြတဲ့နေရာမှာလည်း ထူးချွန်သူဖြစ်ပါတယ်။ သူ့ရဲ့ Secret of the Secrets ကျမ်းအရ သူဟာ ပေါင်းခံခြင်း (distillation) ၊ အရည်ကို အခဲပြောင်းခြင်း (calcination)နဲ့ အခဲဖြစ်စေခြင်း (crystallization) စတာတွေကို လွန်ခဲ့တဲ့ နှစ်ပါင်း ၁၁၀၀ ကျော်အရင်ကတည်းက ပြုလုပ်ခဲ့တယ်ဆိုတာကို တွေ့ရှိရပါတယ်။

    နောက်ပြီး ဓာတ်ခွဲခန်းသုံးပစ္စည်း ၂၀ ကျော်ကို အလ်-ရာဇီက တီထွင်ဖန်တီး အသုံးပြုခဲ့ပါသေးတယ်။ အဲဒီပစ္စည်းကိရိယာတွေကိုလည်း သူရေးသားတဲ့ ကျမ်းတွေမှာ ဖော်ပြထားပြီး အများစုကို ယနေ့ခေတ်အထိ ဆက်လက်သုံးစွဲနေကြဆဲဖြစ်ပါတယ်။                                                                                                                                                                                                                                                             အလ်-ကင်ဒီ (Al-Kindi) (၈၀၁-၈၇၃၊ အီရတ်)

    al-kindi
    စွယ်စုံရ မွတ်စလင်ပညာရှင်ကြီး အလ်-ကင်ဒီ

    အလ်-ကင်ဒီရဲ့ ရှာဖွေဖော်ထုတ်မှုတော်တော်များများကို ဂျရတ် အော့ဖ် ခရီမိုနာ (Gerard of Cremona) လို ပုဂ္ဂိုလ်မျိုးတွေက ဘာသာပြန်ဆိုခဲ့တာကြောင့် ဒီနေ့ခေတ်မှာ အလ်-ကင်ဒီရဲ့ ဓာတုဗေဒကျမ်းတွေကို အာရဘီထက် လက်တင်ဘာသာစကားနဲ့ ပိုပြီး တွေ့မြင်ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် De gradibus ဆိုတဲ့ကျမ်းမှာ အလ်-ကင်ဒီက ဆေးဒြပ်ပေါင်းတစ်ခုရဲ့ အစွမ်းထက်မှုဟာ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေး၊ အတိုင်းအတာအပေါ်မှာ မူတည်ပြီး အရည်သွေးနဲ့ ထိရောက်မှုပမာဏ ကြားထဲမှာ ပထ၀ီဝင်အခြေအနေတွေကလည်း ဆက်စက်မှုရှိနေတယ်လို့ ရှင်းပြခဲ့ပါတယ်။

    မွတ်စလင်ကမ္ဘာမှာ ပေါ်ထွက်ခဲ့တဲ့ အသိပညာအများစုလိုပဲ အလ်-ကင်ဒီရဲ့ ဖော်ထုတ်မှုတွေဟာ တစ်နေရာတည်းမှာသာ တန့်မနေဘဲ ကမ္ဘာတစ်ဝှမ်းလုံးကို ပြန့်နှံ့သွားခဲ့ပါတယ်။ သူ့ရဲ့ ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို လက်တင်၊ ဒေသုံးဘာသာစကားတွေရဲ့ ဘာသာပြန်ဆိုခဲ့ကြပြီး ဥရောပတစ်ခွင် ရောက်ရှိခဲ့ပါတယ်။ အီတလီက ဂျရတ် အော့ဖ် ခရီမိုနာကတော့ အလ်-ရာဇီရဲ့ De aluminibus et salibus လို တန်းဖိုးမဖြတ်နိုင်တဲ့ကျမ်းမျိုးတွေကို ဘာသာပြန်ဆိုခဲ့ပါတယ်။ ဒီကျမ်းဟာ ဆားနဲ့ ဆာလ်ဖိတ်အကြောင်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားတဲ့ ကျမ်းကြီးဖြစ်ပါတယ်။

    ၁၃ ရာစု ဥရောပရဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်တွေဖြစ်တဲ့ အလ်ဘာတက်စ် မဂ်နက်စ် (Albertus Magnus)၊ ရော်ဂျာ ဘေကွန် (Roger Bacon) တို့လို့ ပညာရှင်မျိုးတွေဟာ ဒီဘာသာပြန်ကျမ်းတွေကို ဖတ်ရှုခဲ့ကြရတာပါ။ ရော်ဂျာ ဘေကွန်ဟာ အာရဘီကျမ်းတွေရဲ့ လက်တင်ဘာသာပြန်တွေမှာ သူတွေ့ခဲ့ရတဲ့ ဓာတုဗေဒရဲ့ အရေးပါမှုတွေအပေါ် တော်တော်လည်း ယုံကြည်ကိုးစားခဲ့ပါတယ်။

    အာရဘီ ၀ိဇ္ဇာ၊ သိပ္ပံဆိုင်ရာ ကျမ်းကြီးတွေကို အုံလိုက်ကျင်းလိုက် ဘာသာပြန်တဲ့လုပ်ငန်းဟာ ၁၂ ရာစုအလယ်ပိုင်းလောက်မှာ စတင်ခဲ့တာပါ။ ဂျာဘီရ်ရဲ့ ကျမ်းတစ်အုတ်ဖြစ်တဲ့ Liber Claritatis ကိုတော့ ၁၃ ရာစုအဆုံးပိုင်းလောက်မှာ Summa Perfectionis Magisterii (Sum of Perfection) နဲ့အတူ လက်တင်ဘာသာစကားကို ပြန်ဆိုနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ၁၅ ရာစုနဲ့ ၁၇ ရာစုအကြားမှာ ဒီကျမ်းနှစ်အုပ်ကို အခြားသော ကျမ်းတွေနဲ့အတူ The Summa ဆိုတဲ့ အမည်နဲ့ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီကျမ်းတွဲကြီးဟာ အလွန်အောင်မြင်ခဲ့ပြီး အလယ်ခေတ်ဥရောပက ဓာတုဗေဒဘာသာရပ်ရဲ့ လက်စွဲကျမ်းဖြစ်ခဲ့ကာ ရာစုနှစ်ပေါင်းများစွာ ပြိုင်ဘက်ကင်း ဓာတုဗေဒကျမ်းကြီးလည်း ဖြစ်ခဲ့ပါတယ်။

    ရှေးဦး ဓာတုဗေဒပညာရှင်များနှင့် ဓာတုဗေဒပစ္စည်းများ

    distillation
    ၁၈ ရာစုက ဓာတုဗေဒဆိုင်ရာ အာရဘီလက်ရေးမူကျမ်းတွင် ဖော်ပြထားသည့် ပေါင်းခံမှု ကားချပ်

    နှင်းဆီအရည် (rose water) ကနေ ဆံပင်ဆိုးဆေးအထိ၊ ဆပ်ပြာကနေ အိမ်သုတ်ဆေးအထိ ဓာတုဗေဒပစ္စည်းတွေဟာ ရှေးဦး ဓာတုဗေဒပညာရှင်တွေ တီထွင်ခဲ့တဲ့ အသုံးဝင် ဓာတုပစ္စည်း တစ်ပုံတစ်ပင်ထဲက အချို့ဖြစ်ပါတယ်။ ၉ ရာစု အစောပိုင်းလောက်ကစလို့ မွတ်စလင်ကမ္ဘာက သုတေသီတွေဟာ အခဲဖြစ်စေခြင်း၊ ဓာတ်တိုးစေခြင်း၊ အငွေ့ပြန်စေခြင်း၊ ငွေ့ရည်ခဲစေခြင်းနဲ့ စစ်ထုတ်ခြင်း စတဲ့ ဓတုဗေဒလုပ်ငန်းစဉ်တွေကို ဖော်ထုတ်အသုံးပြုခဲ့ကြပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုတွေကို ပိုပြီး တိကျစေဖို့အတွက် မွတ်စလင်ပညာရှင်ကြီးတွေဟာ ဓာတုပစ္စည်းတွေကို တိုင်းတာဖို့ တိကျတဲ့ အလေးချိန် သတ်မှတ်ချက်တွေကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလို စမ်းသပ်မှုတွေနဲ့အတူ ဓာတုဗေဒဆိုင်ရာ သီအိုရီတွေ၊ ဆက်သွယ်မှုတွကိုလည်း သူတို့တွေက ဖော်ထုတ်နိုင်ခဲ့ပြီး တစ်ချို့တွေ့ရှိချက်တွေဟာ ရာစုနှစ်ပေါင်းများစွာ အသုံးဝင်ခဲ့ပါတယ်။

    အလယ်ခေတ်မွတ်စလင်ကမ္ဘာက သိပ္ပံပညာရှင်ကြီးတွေဟာ ခေတ်သစ် ဓာတုဗေတကဏ္ဍကို အရေးပါတဲ့အုတ်မြစ် ချပေးခဲ့သူတွေလည်းဖြစ်ပါတယ်။ ဂျာဘီရ် အစ်ဗနေ့ ဟေယန်နဲ့ သူ့ကို ဆက်ခံသူ မိုဟာမက် အစ်ဗနေ့ ဇာကာရီယာ အလ်-ရာဇီတို့ဟာ ဒြပ်စင်တွေကို ခွဲခြမ်းစိတ်ဖြာမှုနဲ့ ဓာတုဗေဒဆိုင်ရာ အသိပညာတွေကို သတ်သတ်မှတ်မှတ်ဖြစ်အောင် ပြုလုပ်မှုမှာ နည်းလမ်းသစ်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဓာတုဗေဒဆိုင်ရာ ကျမ်းတွေကိုလည်း ရေးသားခဲ့ပြီး ကြွေထည်ထုတ်လုပ်မှု လုပ်ငန်း တိုးတက်စေခြင်း၊ ဆံပင်ဆိုးဆေးအသစ်တွေအတွက် ဖော်မြူလာ ထုတ်ပေးနိုင်ခြင်း၊ ရေစိုခံချည်သားတွေအတွက် အရောင်တင်မှုနည်းလမ်း ဖော်ထုတ်ပေးနိုင်ခြင်း စတဲ့ အောင်မြင်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။ အခြားသော မွတ်စလင်ပညာရှင်တွေကလည်း ပိုးသတ်ဆေးထုတ်လုပ်မှု၊ စက္ကူပြုလုပ်မှု၊ အိမ်သုတ်ဆေးနဲ့ ဆေးဝါးတွေမှာ အသုံးဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ မွတ်စလင်ပညာရှင်တစ်ဦးဖြစ်တဲ့ အလ်-ရာဇီကတော့ သူ့ရဲ့ ဓာတ်ခွဲခန်းကနေ ရာပေါင်းများစွာသော ဓာတုဗေဒပစ္စည်းတွေကို ထုတ်လုပ်နိုင်ခဲ့ပြီး၊ အဲဒီလို ရှာဖွေဖော်ထုတ်မှုကို The Book of the Secret of Secrets (လျှို့ဝှက်ချက်များ၏ လျှို့ဝှက်ချက်ဆိုင်ရာကျမ်း) မှာ အသေးစိတ် ရေးသားဖော်ပြခဲ့ပါတယ်။

    အနောက်နိုင်ငံတွေမှာ ဂီဘာရ်လို့သိကြတဲ့ ဂျာဘီရ်ကတော့ မီးမလောင်နိုင်တဲ့ စာရွက်၊ အမှောင်ထဲမှာဖတ်လို့ရတဲ့ အဏုမြူမင် စတာတွေအပါအ၀င် လက်ဖျားခါလောက်တဲ့ စမ်းသပ်ဖော်ထုတ်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ပေါင်းခံမှုလုပ်ငန်းမှာ အဲဒီခေတ်အခါက အဆန်းသစ်ဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ ပေါင်းချောင် (alembic still) ကို အသုံးပြုခဲ့သူ ဖြစ်တယ်လို့လည်း ပြောစမှတ်ရှိခဲ့ပါတယ်။ သူ့ရဲ့ မရပ်မနား စူးစမ်းရှာဖွေမှုကြောင့်ပဲ အရည်ကို ဖန်အိုးတစ်ခုထဲမှာ ဆူအောင်တည်ကာ အငွေ့အဖြစ်ထွက်လာတဲ့ ဓာတုပစ္စည်းကို ဖန်အိုးနဲ့ဆက်ထားတဲ့ ဖန်ပြွန်ကနေတစ်ဆင့် အခြားဖန်အိုးထဲမှာ တစ်စက်တစ်စက် သွားစုစေတဲ့ ပေါင်းခံမှုနည်းလမ်းကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီပေါင်းခံမှုလုပ်ငန်းကနေ ပထမဆုံးထွက်ရှိလာတာကတော့ နှင်းဆီးရေ (rose water) ဖြစ်ပြီး အစားအစာတွေရဲ့ ဖျော်ရည်တွေ၊ ရေမွှေးနဲ့ အလှကုန်ပစ္စည်းတွေမှာ အနံ့အရသာ ထည့်ဖို့အတွက် အနံ့မပြင်းတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ အလ်-ကင်ဒီကတော့ ဓာတုဗေဒနည်းလမ်းနဲ့ ဖော်ထုတ်တဲ့ ရေမွှေးအကြောင်း ကျမ်းတစ်အုပ်ပြုစုခဲ့ပြီး အဲဒီကျမ်းကြီးမှာ အနံမတူတဲ့ ရေမွှေးဖော်စပ်မှုပေါင်း ၁၀၇ ကို ရေးသားဖော်ပြထားပါတယ်။

    ရှေးဦးဓာတုဗေဒပညာရှင်တွေဟာ ၀ိုင်ကိုလည်း ပေါင်းခံချက်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဝိုင်ကို သောက်သုံးဖို့မဟုတ်ဘဲ ပိုသတ်ဆေးအတွက် အလ်ကိုဟောစစ်စစ်အဖြစ် အသုံးပြုဖို့ ဖြစ်ပါတယ်။ အဲဒီပေါင်းခံမှုလုပ်ငန်းစဉ်တွေထဲက အသုံးအ၀င်ဆုံးတစ်ခုကတော့ နက်ဖ်တ် (naft) လို့ခေါ်တဲ့ ရေနံစိမ်းကို ရေနံဆီအဖြစ်ထုတ်လုပ်ဖို့ ပေါင်းခံတာပဲ ဖြစ်ပါတယ်။ ၁၂ ရာစုမှာတော့ ရှာလကာရည်ကို ပေါင်းခံမှုကနေ အက်စစ်အပြင်းစားဖော်ထုတ်မှုကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ အဲဒီပေါင်းခံမှုလုပ်ငန်းစဉ်ဟာ ရေနံသန့်စန်ဖို့အတွက် အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ဓာတုဗေဒလုပ်ငန်းနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီဖြစ်ပါတယ်။

    အာရဘီဘာစကားနဲ့ ရေးသားခဲ့တဲ့ ဓာတုဗေဒဆိုင်ရာ ကျမ်းတွေ၊ ပြဌာန်းစာအုပ်တွေကို ၁၂ ရာစုနဲ့ ၁၃ ရာစုအတွင်းမှာ လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ကြပြီး ဥရောပလူထုကို ထိတွေ့စေခဲ့ပါတယ်။ မွတ်စလင်ပညာရှင်ကြီး ဂျာဘီရ် ရေးသားခဲ့တဲ့ ကျမ်းတွဲကြီးတစ်ခုကို ၁၇ ရာစုအထိ အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ရပြီး အလယ်ခေတ်ဥရောပက ဓာတုဗေဒနယ်ပယ်မှာ အဓိကကျတဲ့ ပြဌာန်းစာအုပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

    အလ်-ရာဇီရေးသားခဲ့တဲ့ကျမ်းတွေမှာဆိုရင် ရာနဲ့ချီတဲ့ ဓာတုဗေဒပစ္စည်းတွေကို ပြင်ဆင်၊ အသုံးပြုတဲ့အကြောင်းတွေကို ရေးသားဖော်ထုတ်ထားပါတယ်။ အလ်-ကင်ဒီရဲ့ De gradibus ကျမ်းမှာတော့ ဆေးဝါးဒြပ်ပေါင်းတွေရဲ့ သက်ရောက်မှုအကြောင်း ဖော်ပြထားပြီး ဂျရတ် အော့ဖ် ခရီမိုနာက ဘာသာပြန်ဆိုခဲ့ပါတယ်။ ပါဝင်ပစ္စည်းတွေရဲ့ ရောနှောမှုအချိုးအစားအတွက် ဆန်းသစ်တဲ့ ပုံသေနည်းတွေကို ဖော်ပြထားတဲ့ အဲဒီကျမ်းကြီးဟာ အနောက်တိုင်းဆေးဝါးထုတ်လုပ်မှုလောကမှာ သြဇာကြီးမားခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • တြီဂိုနော်မေတြီ– ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၇)

    တြီဂိုနော်မေတြီ– ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၇)

    မေ ၁၃၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    trigo 3

    – တြီဂိုနော်မေတြီဆိုတာ တြိဂံတွေရဲ့ ထောင့်တွေ၊ အနားတွေကို တိုင်းတာတွက်ချက်တဲ့ ပညာရပ်တစ်ခုဖြစ်ပြီး နေ့စဉ် ၅ ကြိမ်ဝတ်ပြုမှုအတွက် အချိန်အတိအကျ သတ်မှတ်နိုင်ရေး မွတ်စလင်တွေ အားသွန်ခွန်စိုက် လေ့လာလိုက်စား ဖော်ထုတ်ခဲ့ကြတဲ့ နက္ခတဗေဒကို အခြေခံပြီး ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် မွတ်စလင်တွေမတိုင်ခင်မှာ ဂရိ နက္ခတဗေဒပညာရှင်တွေဟာ နေ၊ လနဲ့ အဲဒီတုန်းက သိရှိထားကြတဲ့ ဂြိုဟ်ကြီး ၅ လုံးရဲ့ လှုပ်ရှားသွားလာမှုကို နားလည်ဖို့အတွက် တြိဂံတစ်ခုစီရဲ့ အနားတွေ၊ ထောင့်တွေကို တိုင်းတာကာ ကျန်အနားတွေ၊ ထောင့်တွေရဲ့ တန်ဖိုးတွေကို တွက်ချက်တဲ့ ပညာရပ်ကို လိုက်လာစားခဲ့ကြပါတယ်။

    နေ၊ လနဲ့ ဂြိုဟ်တွေရဲ့ အနေအထားက ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေကြောင့် ပေါ်ထွက်လာခဲ့တဲ့ ဂျီသြမေတြီဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အဲဒီ ဂရိပညာရှင်ကြီးတွေဟာ ဇယားတွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ရေးဆွဲခဲ့ကြပါတယ်။ ဒီဘာသာရပ်နှင့် ပတ်သက်ပြီး အပြည့်စုံဆုံး ဖော်ပြထားမှုကိုတော့ အေဒီ ဒုတိယရာစု အစောပိုင်းလောက်က အလက်ဇန်းဒရီးယားမှာ အလုပ်လုပ်ခဲ့တဲ့ နက္ခတဗေဒပညာရှင် တော်လမီ (Ptolemy) ရေးသားခဲ့တဲ့ အလ်မဂျက်စ် (Almagest) ကျမ်းမှာ တွေ့ရပါတယ်။ ဂရိဘာသာစကားနဲ့ ရေးသားထားပြီး The Great Arrangement (မဟာစီစဉ်မှုကြီး) လို့အမည်ရတဲ့ တော်လမီရဲ့ ဒီကျမ်းကြီးကို  မွတ်စလင်တွေက ဘာသာပြန်ကာ လိုရင်းတိုရှင်းဖြစ်အောင် တည်းဖြတ်ပြီး အလ်-မက်ဂျစ်စတီ (Al-Majisti) ဆိုတဲ့အမည်နဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ နောက်ပြီး မွတ်စလင်တွေထံကနေတစ်ဆင့်ပဲ ဒီကျမ်းကြီးဟာ ဥရောပညာရှင်တွေဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အလ်-မက်ဂျစ်စတီ ဆိုတဲ့ အဓိပ္ပါယ်ကတော့ The Greatest ဖြစ်ပါတယ်။

    အလ်မဂျက်စ်ရဲ့ အတွဲ ၁ မှာ A Table of Chords in a Circle (စက်ဝိုင်းတစ်ခုရှိ စက်ဝိုင်းဖြတ်မျဉ်းများဇယား) ဆိုတဲ့ ဇယားတစ်ခုပါဝင်ပြီး ရှေးခေတ် နက္ခတဗေဒ ပညာရှင်တွေကတော့ အဲဒီဇယားကိုအသုံးပြုကာ သာမန် တြီဂိုနော်မေတြီ ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ အဲဒီဇယားမှာ စက်ဝိုင်းတစ်ခုအတွင်း ထောင့်တွေကို ဖြစ်ပေါ်လာစေတဲ့ စက်ဝိုင်းဖြတ်မျဉ်း (chord) တွေရဲ့ အလျားတွေကိုလည်း ဖော်ပြထားပါတယ်။

    al tusi
    သင်္ချာပညာရပ်တွင် အဖိုးမဖြတ်နိုင်သည့် The Transversal Figure ကျမ်းကို ရေးသားခဲ့သော အလ်-တူဆီ

    ၁၃ ရာစု မွတ်စလင် နက္ခတဗေဒပညာရှင်ကြီး အလ်-တူဆီရေးသားတဲ့ The Transversal Figure ဆိုတဲ့ ကျမ်းမှာ ထောင့်မှန်တြိဂံတွေနဲ့ဆက်စပ်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ စက်ဝိုင်းဖြတ်မျဉ်း (chord) အလျားဇယားက ဘယ်လို အသုံးဝင်လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ ပြီးတော့ အလ်-တူဆီဟာ တြိဂံတွေနဲ့ စက်ဝိုင်းတွေရဲ့ စက်ဝန်းပြတ် (arc) တွေအကြား ဆက်သွယ်ပေးနိုင်ခဲ့တဲ့ အရေးပါတဲ့ တွေ့ရှိချက်ကိုလည်း ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ စက်ဝိုင်းတစ်ခုမှာ တြိဂံတစ်ခုကို ရေးဆွဲတဲ့အခါမှာ တြိဂံရဲ့အနားတွေဟာ စက်ဝန်းပျက်တွေကို ဖြစ်ပေါ်စေပြီး အဲဒီစက်ဝန်းပြတ်တွေဟာလည်း တြိဂံက ထောင့်တစ်ခုချင်းစီရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတယ်ဆိုတာပါပဲ။

    ဒါပေမယ့် ဒီဇယားကို အသုံးပြုရာမှာ အစဉ်မပြေတာ ၂ ခု ရှိခဲ့ပါတယ်။ ပထမတစ်ခုကတော့ ထောင့်မှန်တြိဂံတစ်ခုရဲ့ မသိသေးတဲ့ အနားရဲ့အလျားတွေ ဒါမှမဟုတ် ထောင့်တွေကို ဖြေရှင်းရာမှာ ပေါ်ထွက်လာနိုင်တဲ့ ခြားနားမှုတွေကိုအားလုံးကို ဖြေရှင်းဖို့အတွက် ဒီ ဇယားကြီးကို ကျွမ်းကျင်ပိုင်နိုင်နေဖို့ လိုအပ်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မွတ်စလင်သင်္ချာပညာရှင်ကြီးတွေက စည်းစနစ်တကျဖြစ်အောင် ပြုလုပ်ပေးခဲ့တဲ့ sine၊ cosine၊ tangent၊ secant၊ cosecant၊ cotangent တွေလို တြီဂိုနော်မေတြီ လုပ်ဆောင်ချက်တွေနဲ့ ဒီပြဿနာကို ပြေလည်စေခဲ့ပါတယ်။ စက်ဝိုင်းဖြတ်မျဉ်းဇယားရဲ့ ဒုတိယ အဆင်မပြေမှုကတော့ စက်ဝန်းပြတ်တစ်ခုရဲ့အလျားကို တွက်ချက်ဖို့အတွက် တစ်ခါတစ်ရံမှာ ထောင့်တွေကို နှစ်ဆလုပ်ဖို့ လိုအပ်တာပါပဲ။

    albattani
    မွတ်စလင် နက္ခတဗေဒနှင့် သင်္ချာပညာရှင်ကြီး အလ်-ဘတ္တာနီ

    တကယ်တော့ မွတ်စလင်ပညာရှင်တွေဟာ ၁၀ ရာစုမတိုင်ခင်လောက်ကတည်းက တြီဂိုနော်မေတြီရဲ့ အခြေခံအုတ်မြစ်တွေကို ချပေးခဲ့ကြပြီး၊ အလ်-တူဆီကတော့ အဲဒီအခြေခံကို အသုံးချကာ နည်းလမ်းအသစ်တွေကို စုဆောင်းရှာဖွေ ဖော်ထုတ်ပြီး တြိဂိုနော်မေတြီပညာရပ်ကို ပိုပြီး ပြည့်စုံစေခဲ့ပါတယ်။ ဒီပညာရပ်မှာ အထင်ရှားဆုံး မွတ်စလင်ပညာရှင်တွေထဲက တစ်ဦးကတော့ တူရကီနိုင်ငံ ဟာရန် (Harran) မြို့က အလ်-ဘတ္တာနီ (Al-Battani) ဖြစ်ပါတယ်။ သူဟာ အကြီးကျယ်ဆုံး မွတ်စလင် နက္ခတဗေဒပညာရှင်၊ သင်္ချာပညာရှင်တွေထဲက တစ်ဦးအဖြစ် မှတ်ယူခံရသူဖြစ်ပြီး ၉၂၉ ခုနှစ်မှာ အီရတ်နိုင်ငံ ဆာမာရာ (Samarra) မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ တြီဂိုနော်မေတြီပညာရပ်မှာ ဖောက်ထွက်လေ့လာဖို့ အလ်-ဘတ္တာနီကို တွန်းအားဖြစ်စေခဲ့တာကတော့ ဂြိုဟ်ကမ္ဘာတွေရဲ့ လှုပ်ရှားသွားလာမှုနဲ့ပတ်သက်ပြီး သူ့ရဲ့တွေ့ရှိချက်ပဲဖြစ်ပါတယ်။

    ပိုပြီးအရေးပါတာက အလ်-ဘတ္တာနီဟာ သူ့ရဲ့ သင်္ချာနည်းကျ တွက်ချက်အဖြေထုတ်မှုတွေကို ရှင်းလင်းခဲ့ပြီး အဲဒီတွေ့ရှိမှုတွေကို ပြည့်စုံစေဖို့နဲ့ ပိုမိုချဲ့ထွင်ဖို့အတွက် ရှာဖွေစမ်းစမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့အတွက်လည်း နှောင်းလူတွေကို တိုက်တွန်းခဲ့ပါတယ်။ အလ်-ဘတ္တာနီ၊ အဘူ အလ်-၀ါဖာ၊ အစ်ဗနေ့ယူစွဖ်နဲ့ အစ်ဗနေ့ အလ်-ဟေသမ်တို့လို မွတ်စလင်ပညာရှင်တွေဟာ စက်လုံးဆိုင်ရာ တြီဂိုနော်မေတြီပညာရပ်ကိုလည်း ဖော်ထုတ်ခဲ့ကြပြီး၊ နက္ခတဗေဒ ပြဿနာတွေကို အဖြေရှာရေးမှာ လက်တွေ့အသုံးချခဲ့ကြပါတယ်။

    sine နဲ့ cosine ဆိုတဲ့ ဖော်ပြချက်တွေကို ပထမဆုံးအသုံးပြုပြီး ကျွန်တော်တို့ ဒီနေ့သိကြတဲ့ အချိုးတွေထက် သူတို့ရဲ့ အကွာအဝေးတွေကို အဓိပ္ပါယ်သတ်မှတ်ပေးခဲ့သူဟာလည်း အလ်-ဘတ္တာနီပဲ ဖြစ်ပါတယ်။ tangent ကို အလ်-ဘတ္တာနီက “ထပ်တိုးအရိပ်” (extended shadow) လို့ ရည်ညွှန်းခေါ်ဝေါ်ခဲ့ပါတယ်။  tangent နဲ့ cotangent တို့ရဲ့ တြီဂိုနော်မေတြီဆိုင်ရာ လုပ်ဆောင်ချက်တွေကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့သူကတော့ အလ်-ဘီရူနီ (Al-Biruni) ဖြစ်ပြီး အိန္ဒိယတွေရဲ့ မပြည်စုံသေးတဲ့ ဒီပုံစံတွေကို အမွေဆက်ခံကာ ဖွံ့ဖြိုးအောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

    သက္ကရာဇ် ၉၇၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အလ်-ဘီရူနီဟာ ခေတ်ပေါ် တြီဂိုနော်မေတြီရဲ့ အုတ်မြစ်ကို ချပေးခဲ့သူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ sine၊ cosine နဲ့ တြီဂိုနော်မေတြီဆိုင်ရာ ဇယားတွေကို ရှာဖွေဖော်ထုတ်ခဲ့တာကတော့ သက္ကရာဇ် ၇၈၀ မှာမွေးဖွားခဲ့တဲ့ အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi) ဖြစ်ပါတယ်။ သူ့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို ဘာသာပြန်ဆိုကာ နောက်ပိုင်းမှာ အနောက်နိုင်ငံတွေဆီ ရောက်ရှိသွားခဲ့ပါတယ်။

    မွတ်စလင်ပညာရှင်တွေရဲ့ ဒီလိုဖော်ထုတ်မှုအပြီး နောက်ထပ် နှစ်ပေါင်း ၅၀၀ လောက်ကြာမှ သင်္ချာပညာရှင်တွေက tangent ရဲ့ တြီဂိုနော်မေတြီဆိုင်ရာ ဆက်သွယ်မှုကို တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ် နှစ်ပေါင်း ၁၀၀၀ ကြာတဲ့အခါ နီကိုလက်စ် ကော့ပါးနီးကက်စ် (Nicolaus Copernicus) က ဒါကို သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

    arabic
    တြီဂိုနော်မေတြီဆိုင်ရာ အာရဘီ လက်ရေးမူများထဲမှ တစ်ခု

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • သင်္ချာပညာရပ် – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၆)

    သင်္ချာပညာရပ် – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၆)

    မေ ၆၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    math

    – သင်္ချာဘာသာရပ် နယ်ပယ်မှာ ၁၆ ရာစု၊ ၁၇ ရာစု၊ ၁၈ ရာစုက ဥရောပတိုက်သားတွေနဲ့ ဆက်နွယ်နေတဲ့ ထူးခြားတဲ့ အယူအဆတွေ၊ ဖော်ထုတ်တွေ့ရှိချက်တွေဟာ အင်မတန်ကို နည်းပါးပါတယ်။ လက်ရေးမူးတွေကို လေ့လာဖော်ထုတ်ခြင်းကနေ သိရတာကတော့ အဲဒီကာလထက် နှစ်ပေါင်း ၁၀၀၀ အရင်လောက်က မွတ်စလင်တွေဟာ သူမတူတဲ့ ကြိုးပမ်းအားထုတ်မှုနဲ့အတူ သင်္ချာပညာရပ် နယ်ပယ်အသစ်ကို ရှာဖွေဖော်ထုတ်ခဲ့တယ်ဆိုတာပါပဲ။ ဘဂ္ဂဒတ်မြို့က ပညာ့ရိပ်မြုံ (House of Wisdom) ဟာ အသိပညာရပ်ဆိုင်ရာမှာ ပြိုင်ဘက်ကင်း အကယ်ဒမီကြီးဖြစ်နေချိန် သက္ကရာဇ် ၈၀၀ ခုနှစ်လောက်မှာ အဲဒီ မွတ်စလင်သင်္ချာပညာရှင်ကြီးတွေထဲက အများစုဟာ အီရန်နဲ့ အီရတ်ဒေသတို့ကနေ ထွက်ပေါ်လာကြတာဖြစ်ပါတယ်။

    အလ်ဂျီဘရာရဲ့ဖခင်ကြီး

    သင်္ချာပညာရပ်သမိုင်းမှာ ထူးခြားပြောင်မြောက်တဲ့ကာလဟာ အလ်ဂျီဘရာကို တွေ့ရှိဖော်ထုတ်ခဲ့သူ မွတ်စလင်ပညာရှင်ကြီး အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi) ခေတ်ကနေ စတင်တာဖြစ်ပါတယ်။ အလ်-ခွာရစ်ဇ်မီရဲ့ ဒီတွေ့ရှိချက်ဟာ ဘယ်လောက် အရေးပါ အရာရောက်ခဲ့သလဲဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ တကယ်တော့ အလ်ဂျီဘရာဟာ ဂျီသြမေတြီကို အဓိကအခြေပြုထားတဲ့ ဂရိတွေရဲ့ သင်္ချာပညာရပ်ကို တော်လှန်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

    alkwarizmi
    အလ်ဂျီဘရာ၏ ဖခင်ကြီး အလ်-ခွာရစ်ဇ်မီအား ဂုဏ်ပြုသောအားဖြင့် ၁၉၈၃ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုမှ ထုတ်ဝေသော တံဆိပ်ခေါင်း

    အလ်ဂျီဘရာဟာ ပေါင်းစည်းပေးတဲ့ သီအိုရီတစ်ခုဖြစ်ပြီး အပိုင်းကိန်းများ (rational numbers)၊ စား၍မပြတ်သောကိန်းများ (irrational numbers) နဲ့ ဂျီသြမေတြီဆိုင်ရာ ပမာဏတွေကို အလ်ဂျီဘရာ ကိန်းဂဏန်းတွေအဖြစ် အသုံးပြုနိုင်မယ့်ပုံစံကို လမ်းဖွင့်ပေးခဲ့ပါတယ်။ သင်္ချာပညာရပ်ကိုလည်း အလ်ဂျီဘရာက စာမျက်နှာသစ် ဖွင့်လှစ်ပေးခဲ့ပြီး အဲဒီမတိုင်ခင်ကထက် ပိုပြီး ကျယ်ပြန့်တဲ့ နယ်ပယ်ဆီကို ရောက်ရှိစေမယ့် လမ်းကြောင်းပေါ်ကိုလည်း တင်ပေးခဲ့ပါတယ်။ ပြီးတော့ အနာဂတ်မှာ သင်္ချာပညာရပ် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အလ်ဂျီဘရာရဲ့ နောက်ထပ် အရေးပါတဲ့ အကြောင်းအရင်းတစ်ရပ်ကတော့ သင်္ချာပညာကို သူ့အရင်က မဖြစ်နိုင်ခဲ့တဲ့ လက်တွေ့နယ်ပယ်မှာ အသုံးချလာနိုင်စေမယ့် အယူအဆတွေကို မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

    အလ်ဂျီဘရာ မီးရှူးတန်ဆောင်ကို ထပ်မံ လက်ဆင့်ကမ်း ရယူခဲ့သူကတော့ သက္ကရာဇ် ၉၅၃ မှာ မွေးဖွားခဲ့တဲ့ အလ်-ကာရာဂျီ (Al-Karaji) ဖြစ်ပြီး အလ်-ခွာရစ်ဇ်မီကို ဆက်ခံသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အလ်ဂျီဘရာကို ဂျီသြမေတြီကနေ လုံးဝလွတ်ကင်းအောင် ဆောင်ရွက်ပေးခဲ့တဲ့ ပထမဆုံး ပညာရှင်ဖြစ်တယ်လို့ မှတ်ယူခြင်းခံခဲ့ရပါတယ်။ ဒီနေ့ခေတ် အလ်ဂျီဘရာရဲ့ အဓိကကျတဲ့နေရာမှာ ရှိနေတဲ့ အရစ်မသစ်နည်းဖြင့် တွက်ချက်မှုကိုလည်း သူက ပထမဆုံး အစားထိုးပေးခဲ့တာပါ။ monomial လို့ခေါ်တဲ့ အထပ်ကိန်း (x, x2, x3) (1/x, 1/x2, 1/x3) တို့ကိုလည်း အလ်-ကာရာဂျီကပဲ သတ်မှတ်ပေးခဲ့ပြီး၊ အဲဒီ နည်းနှစ်နည်းရဲ့ မြှောက်ဖော်ကိန်းတွေအတွက် စည်းမျဉ်းဥပဒေတွေကိုလည်း သူကပဲ ပထမဆုံး ချမှတ်ပေးခဲ့တာပါ။ အလ်-ကာရာဂျီဟာ အလ်ဂျီဘရာကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပြီး နှစ်ရာပေါင်းများစွာ တည်တံ့ခဲ့ပါတယ်။

    အလ်-ကာရာဂျီနောက်ပိုင်း နှစ် ၂၀၀ လောက်ကြာတဲ့ ၁၂ ရာစုမှာတော့ မွတ်စလင်ပညာရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီး သူကတော့ အလ်-ဆာမာဝါလ် (Al-Samawal) ဖြစ်ပါတယ်။ အလ်-ကာရာဂျီရဲ့ကျောင်းမှာ အရေးပါသူတစ်ဦးဖြစ်တဲ့ အလ်-ဆာမာဝါလ်ဟာ ‘ဂဏန်းသင်္ချာနည်းအားလုံးကို သုံးပြီး မသိကိန်းတွေကို ရှာဖွေတာ၊ သိရှိတဲ့ကိန်းအပေါ်မှာ ဂဏန်းသင်္ချာနည်းနဲ့ တွက်ချက်တာ’ စတဲ့ တိကျတဲ့ တွက်ချက်နည်းစနစ်တွေကို အလ်ဂျီဘရာထဲမှာ ပထမဆုံး ပေါင်းထည့်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

    အလ်ဂျီဘရာသမိုင်းမှာ နောက်ထပ်ထင်ရှားတဲ့ ပညာရှင်တစ်ဦးကတော့ မွတ်စလင်ကဗျာဆရာကြီး အူမာရ် အလ်-ခေယမ် (Umar Al-Khayyam) ဖြစ်ပြီး သက္ကရာဇ် ၁၀၄၈ မှာ မွေးဖွားခဲ့တဲ့သူ့ကို ဒီနေ့ခေတ်မှာတော့ အိုမာရ် ခေယမ်လို့ သိကြပါတယ်။ သူဟာ cubic equation တွေကို အလ်ဂျီဘရာနည်းလမ်းနဲ့ ဂျီသြမေတြီ ဆိုင်ရာ အဖြေထုတ်မှုနဲ့အတူ ခွဲခြမ်းစိတ်ဖြာပြခဲ့ပြီး အလ်ဂျီဘရာနည်လမ်းနဲ့လည်း ဒီ cubic equation တွေကို အဖြေထုတ်ပြနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

    “အခွင့်အရေးရပြီး အဲဒီအခွင့်အရေးကို ကျွန်တော်ကလည်း အသုံးချနိုင်မယ်ဆိုရင်  အဖြေထုတ်တဲ့ နည်းလမ်း ၁၄ ခုစလုံးကို နည်းလမ်းခွဲတွေ၊ အကြောင်းအရာတွေအာလုံးနဲ့တကွ ဖော်ထုတ်ချင်ပါတယ်။ ပြီးတော့ ဖြစ်နိုင်တဲ့ဟာတွေ မဖြစ်နိုင်တာတွေကိုလည်း ကွဲကွဲပြားပြား ဖြစ်စေချင်ပါတယ်။ ဒါမှ ဒီပညာရပ်မှာ အသုံးတည့်တဲ့ ဖော်ထုတ်နည်းတွေပါဝင်တဲ့ ကျမ်းတစ်ခုကို ပြင်ဆင်ရေးသားနိုင်မှာပါ” လို့ သူ့ရဲ့ ဆန္ဒနဲ့ပတ်သက်ပြီး အလ်-ခေယမ်က ရေးသားခဲ့ပါတယ်။

    အလ်-ဆာမာဝါလ်က အလ်-ကာရာဂျီရဲ့ ကျောင်းတော်ကြီးမှာ ပညာဆည်းပူးနေတဲ့ ၁၂ ရာစုအလယ်ပိုင်းလောက်မှာ ရှာရက်ဖ် အလ်-ဒင် အလ်-တူစီ (Sharaf al-Din al-Tusi) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးတစ်ဦးဟာ အလ်-ခေယမ်ရဲ့ ဂျီသြမေထရီမှာ အလ်ဂျီဘရာအသုံးချမှုနည်းလမ်းကို အတွင်းကျကျ လေ့လာခဲ့ပြီး cubic equation တွေနဲ့ သက်ဆိုင်တဲ့ ကျမ်းကြီးတစ်စောင်ကို ရေးသားခဲ့ပါတယ်။ အဲဒီကျမ်းထဲမှာ အလ်-တူစီက ‘မျဉ်းကွေးတွေကို ညီမျှခြင်းထုတ် လေ့လာနိုင်ဖို့ ရည်ရွယ်တဲ့  သင်္ချာနယ်ပယ်သစ်တစ်ခု ပေါ်ထွက်ဖို့ရာမှာ’ အလ်ဂျီဘရာဟာ အရေးပါတဲ့ အကူအညီ ဖြစ်စေခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

    cubic
    cubit equation အား ဖော်ထုတ်ထားသည့် အာရဘီလက်ရေးမူ

    အဆွေခင်ပွန်းကိန်း (amicable number)

    အလ်ဂျီဘရာဟာ သင်္ချာနယ်ပယ်ကို မွတ်စလင်သင်္ချာပညာရှင်တွေက သိသိသာသာ ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ ရှာဖွေဖော်ထုတ်မှုလည်းဖြစ်ပါတယ်။ ၉ ရာစု ဘဂ္ဂဒတ်မြို့က ပညာ့ရိပ်မြုံအကယ်ဒမီ (House of Wisdom) ကြီးမှာ ဘနူမူဆာ ညီအစ်ကိုလို့ သိကြတဲ့ ညီအစ်ကို ၃ ယောက်ဟာလည်း ပါရမီရင့်သန်တဲ့ သင်္ချာပညာရှင်တွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ကျောင်းသားတွေထဲက တစ်ယောက်ကတော့ သက္ကရာဇ် ၈၃၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သာဘစ် ဘင် ကွာရာ (Thabit bin Qurra) ဖြစ်ပြီး ကိန်းဂဏန်းတွေရဲ့ သီအိုရီကို ဖော်ထုတ်မှုအတွက် ကျော်ကြားသူဖြစ်သည်။ အဲဒီဖော်ထုတ်မှုအတွင်းမှာ အဆွေခင်ပွန်းကိန်း (amicable number) လို့ခေါ်တဲ့ လှပတဲ့ သီအိုရီတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဆွေခင်ပွန်းကိန်းဆိုတာဟာ ဂဏန်းနှစ်လုံးပါတဲ့ ကိန်းတွဲတစ်ခုဖြစ်ပြီး အဲဒီထဲက ဂဏန်းတစ်ခုကို စားလို့ပြတ်တဲ့ကိန်းတွေ ပေါင်းလိုက်ရင် ကိန်းတွဲက အခြားဂဏန်းတစ်ခုကို ရရှိတာဖြစ်ပါတယ်။

    thabit qurra
    ၉ ရာစု မွတ်စလင်သင်္ချာပညာရှင်ကြီး သာဘစ် ဘင် ကွာရာ

    အဆွေခင်ပွန်းကိန်း (amicable number) တွေဟာ အာရဘီသင်္ချာနယ်ပယ်မှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ၁၃ ရာစုအရောက်မှာတော့ မွတ်စလင်ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ အလ်-ဖာရီဆီ (Al-Farisi) ဟာ factorization နဲ့ combinatorial နည်းလမ်းတွေနဲ့ ပတ်သက်တဲ့ အရေးပါတဲ့ အယူအဆတွေကို မိတ်ဆက်ကာ သာဘစ်ရဲ့ သီအိုရမ်ကို ထပ်မံ သက်သေပြနိုင်ခဲ့ပါတယ်။ အလ်-ဖာရီဆီဟာ အဆွေခင်ပွန်းကိန်းတွဲဖြစ်တဲ့ ၁၇၂၉၆နဲ့ ၁၈၄၁၆ ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီလိုတွေ့ရှိမှုအတွက် ၁၈ ရာစု ဆွစ်ဇာလန် သင်္ချာပညာရှင်ဖြစ်တဲ့ ယူလာ (Euler) က အလ်-ဖာရီဆီကို ချီးကျူးခဲ့ပါတယ်။ ယူလာမတိုင်ခင်ကလည်း ၁၇ ရာစု မွတ်စလင်သင်္ချာပညာရှင်ကြီး မိုဟာမက် ဘာကွီရ် ယာဇ်ဒီ (Muhammed Baqir Yazdi) ကလည်း အဆွေခင်ပွန်းကိန်းတွဲဖြစ်တဲ့ ၉၃၆၃၅၈၄ နဲ့ ၉၄၃၇၀၅၆ ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

    မွတ်စလင် စွယ်စုံရပညာရှင်ကြီး အစ်ဗနေ့ အလ်-ဟေသမ် (Ibn al-Haytham) က 2k-1(2k-1) ပုံစံနဲ့ စုံပြည့်ကိန်းတွေကို ခွဲခြမ်းစိပ်ဖြာဖို့ ပထမဆုံးကြိုးစားခဲ့တဲ့ ၁၀ ရာစုဟာ မွတ်စလင်သင်္ချာပညာရှင်ကြီးတွေ သင်္ချာပညာရပ် နယ်ပယ်သစ်တစ်ခုမှာ ထူးချွန်ပြောင်မြောက်ခဲ့တဲ့ ကာလတစ်ခု ဖြစ်ပါတယ်။ 2k-1(2k-1) ပုံစံမှာ 2k-1 ဟာ သုဒ္ဓကိန်း (Prime) ဖြစ်ပါတယ်။ အလ်-ခေယမ်က p ဟာ သုဒ္ဓကိန်း (Prime) ဖြစ်မယ်ဆိုရင် 1+ (p-1) ကို p နဲ့ စားလို့ပြတ်တယ်ဆိုတဲ့ သီအိုရီကို ပထမဆုံး ဖော်ထုတ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီသီအိုရီကို ဒီနေ့မှာတော့ ၀ီလ်ဆမ် သီအိုရမ် (Wilson’s theorem) လို့ သိကြပါတယ်။ အလ်-ခေယမ်ဟာ အဲဒီသီအိုရီကို သက်သေပြနိုင်ရဲ့လားဆိုတာ သေချာမသိရပါဘူး။ ဒါကို ဘာ့ကြောင့် ၀ီလ်ဆမ် သီအိုရမ်လို့ ခေါ်ရလည်းဆိုတော့ အလ်-ခေယမ်ရဲ့ ဒီတွေ့ရှိချက်ကို ၁၇၇၀ ပြည့်နှစ်မှာ ကမ်းဘရစ်ခ်ျတက္ကသိုလ်က သင်္ချာပညာရှင် ၀ီလ်ဆင် (Wilson) က အသိအမှတ်ပြုခဲ့လို့ပါပဲ။ ဒါပေမယ့်လည်း ၀ီလ်ဆင်ကိုယ်တိုင် သက်သေပြနိုင်ရဲ့လား၊ ခန့်မှန်းပြီးတော့ပဲ အသိအမှတ်ပြုခဲ့တာလား ဆိုတာကိုလည်း အတိအကျမသိရပါဘူး။ နောက်ထပ် နှစ်ပေါင်း ၅၀ အကြာမှာတော့ လာဂရန်ဂီ (Lagrange) လို့ခေါ်တဲ့ သင်္ချာပညာရှင်တစ်ယောက်ဟာ အလ်-ခေယမ်ရဲ့ ဒီသီအိုရီ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

    သင်္ချာဆိုတာ စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်ဘ၀တွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပြီး အထူးသဖြင့် အရေအတွက်တွေကို တွက်ချက်ရာမှာ အရေးပါတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့အများစုဟာ သုညကနေစပြီး ဘီလီယံ၊ ထရီလီယံတွေအထိ ဆင့်ပွားတက်သွားတဲ့ တွက်ချက်မှုစနစ် တစ်ခုတည်းကိုသာ သိရှိသုံးစွဲနေကြတာပါ။ ဒါပေမယ့် ၁၀ ရာစုတုန်းက မွတ်စလင်နိုင်ငံတွေမှာ တွက်ချက်မှုဆိုင်ရာ နည်းလမ်းသုံးခုကို အသုံးပြုခဲ့ကြပါတယ်။ ၁၀ ရာစုအဆုံးမှာ အလ်-ဘဂ္ဂဒါဒီ (Al-Baghdadi) လို စာရေးဆရာတွေဟာ အဲဒီနည်းလမ်းသုံးခုကို နှိုင်းယှဉ်ဖော်ပြတဲ့ စာအုပ်စာတမ်းတွေကို ရေးသားခဲ့ကြပါတယ်။ အဲဒီတွက်ချက်မှု နည်းလမ်း ၃ ခုကတော့ လက်ချောင်းတွေကို ရေတွက်တဲ့စနစ်၊ ဘီစီ ၃ သန်းအရင်က ဆူမားရီးယန်းတွေ အသုံးပြုခဲ့ပြီး ဘေဘီလုံတွေ အမွေဆက်ခံခဲ့တဲ့ နံပါတ် ၆၀ အခြေပြု ကိန်းဂဏန်းစနစ် (sexagesimal system) နဲ့၊ အာရဘီ နံပါတ်စနစ်တွေ ဖြစ်ကြပါတယ်။

    လက်ချောင်းတွေကိုအခြေခံတဲ့ သင်္ချာနည်းစနစ်မှာ စာနဲ့ရေးထားတဲ့ ကိန်းဂဏန်းတွေကို လက်ချောင်းတွေနဲ့ ရေတွက်တဲ့နစ်ဖြစ်ပြီး စီးပွားရေးအသိုင်းအ၀ိုင်းမှာ အသုံးပြုကြတာဖြစ်ပါတယ်။ ၁၀ ရာစုမှာ ဘဂ္ဂဒတ်က အဘူ အလ်-၀ါဖာ (Abu al-Wafa) တို့လို သင်္ချာပညာရှင်တွေဟာ ဒီ လက်ချောင်းအခြေပြု တွက်ချက်တဲ့ နည်းစနစ်ကိုအသုံးပြုပြီး သင်္ချာကျမ်းပေါင်း မြောက်များစွာကို ရေးသားခဲ့ကြပါတယ်။ အလ်-၀ါဖာဟာ အာရဘီ ကိန်းဂဏန်းအသုံးပြုတဲ့နေရာမှာ ပညာရှင်တစ်ဦးဖြစ်ပေမယ့် အဲဒီခေတ်ကာလက စီးပွားရေး အသိုင်းအ၀ိုင်းနဲ့ အရှေ့ပိုင်းခလီဖာနိုင်ငံက လူ့အဖွဲ့အစည်းမှာ ဒီစနစ်ကို အချိန်အတော်ကြာ အသုံးမပြုခဲ့ကြဘူးလို့ သူက ပြောကြားခဲ့ပါတယ်။ နံပါတ် ၆၀ အခြေပြု ကိန်းဂဏန်းစနစ် (sexagesimal system) ကိုတော့ အာရဘီ ဗျည်းအက္ခရာတွေနဲ့ ရည်ညွှန်းဖော်ပြကြပြီး နက္ခတဗေဒဆိုင်ရာ ပညာရပ်မှာ မွတ်စလင်သင်္ချာပညာရှင်တွေ မကြာခဏ သုံးစွဲခဲ့ကြပါတယ်။

    သုည၊ အပိုင်းကိန်းနဲ့ ဒဿမစနစ် 

    ဒဿမစနစ်နဲ့အတူ အာရဘီကိန်းဂဏန်းနဲ့ အပိုင်းကိန်းသုံး တွက်ချက်မှုစနစ်ကတော့ အိန္ဒိယရဲ့ တွက်ချက်မှုစနစ်ကနေ ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ အိန္ဒိယနံပါတ်တွေကို ဒီနေ့ခေတ် နံပါတ် ၁ ကနေ ၉ အထိဖြစ်အောင် မွတ်စလင်တွေက ပြုပြင်ပြောင်းလဲခဲ့ပြီး ဒီကိန်းဂဏန်းတွေကို အာရဘီ ကိန်းဂဏန်းတွေလို့ ခေါ်တွင်ပါတယ်။ ဒီနံပါတ်တွေဟာ သူတို့ကိုရေးတဲ့အခါ ဖြစ်ပေါ်လာတဲ့ ထောင့်အရေအတွက်ကိုလိုက်ပြီး အခြေခံထားတယ်လို့ ယုံကြည်ရပေမယ့် နံပါတ် ၇ ကို ရေးတဲ့အခါမှာတော့ ဒီအချက်နဲ့ မကိုက်ညီပြန်ပါဘူး။ အစပိုင်းက နံပါတ် ၇ နှစ်ဟာ အလယ်က ကန့်လန့်ဖြတ်မျဉ်းတစ်ကြောင်း မပါဝင်ခဲ့ဘဲ ၁၉ ရာစုရောက်မှ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီ နံပါတ်တွေကတော့ ဒီနေ့ ဥရောပနဲ့ မြောက်အာဖရိကမှ အသုံးပြုတဲ့ နံပါတ်တွေဖြစ်လာပါတော့တယ်။ ဒါပေမယ့် မတူညီတာတစ်ခုက အိန္ဒိယနံပါတ်တွေကို မွတ်စလင်ကမ္ဘာရဲ့ အရှေ့ဘက်ခြမ်းမှာ အခုအချိန်အထိ အသုံးပြုနေတုန်းပါပဲ။ နံပါတ် ၁ ဆိုတာ ထောင့်တစ်ခုကို ကိုယ်စားပြုပြီး၊ နံပါတ် ၂ ကတော့ ထောင့်နှစ်ခုရှိတာကို ကိုယ်စားပြုပါတယ်။ နံပါတ် ၃ ကတော့ ထောင့် ၃ ခုရှိတာကို ကိုယ်စားပြုတာ စတာတွေဟာ ဒီနေ့ခေတ် နံပါတ်တွေရဲ့ အခြေခံထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေ ပေါ်ထွက်လာခဲ့တဲ့အခါ အဲဒီအချိန်က အသုံးပြုနေတဲ့ လက်တင် နံပါတ်တွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။ မွတ်စလင်တွေဟာ တွက်ချက်ရာမှာ ပေသီးထက် မြေမှုန့် (ဂူဘာရ် – ghubar) ကို အသုံးပြုတာကြောင့် အာရဘီ ကိန်းဂဏန်းတွေကို ဂူဘာရီ (ghubari) ကိန်းဂဏန်းလို့လည်း ခေါ်ဆိုကြပါတယ်။

    အိန္ဒိယ တွက်ချက်မှုစနစ်ကို မွတ်စလင်ပညာရှင်တွေရဲ့ ကြီးမားတဲ့ မွမ်းမံမှုတစ်ခုကတော့ သုညကို အဓိပ္ပါယ်ဖွင့်ဆိုကာ ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးတော့ သုညနဲ့ နံပါတ်တစ်ခုမြှောက်ရင် သုညပဲရတယ်ဆိုတဲ့ သီအိုရီကိုလည်း မွတ်စလင်တွေက စတင်ခဲ့တာဖြစ်ပါတယ်။ အရင်က အဲဒီသုညကို နေရာလွတ် ဒါမှမဟုတ် ဘာမှမရှိခြင်းလို့သာ အဓိပ္ပါယ်ဖွင့်ခဲ့ကြတာပါ။ သုညကို ဆယ်လီစိတ်စနစ်မှာ ထည့်သွင်းအသုံးပြုခဲ့တာလည်း မွတ်စလင်တွေပါပဲ။ အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းတစ်တာတစ်ခုက ဆဌဂံထဲကို သုညတစ်ခု ထည့်လိုက်မယ့်ဆိုရင် ဆဌဂံရဲ့ အနားတစ်ဖက်ချင်းစီကို သွားတဲ့ အဲဒီ စက်ဝိုင်းရဲ့အချင်းက Golden ratio နဲ့ သွားညီမယ်ဆိုတဲ့ အချက်ပါပဲ။

    မွတ်စလင်ပညာရှင်ကြီးတွေဟာ နံပါတ်အချို့ရဲ့ ထူးခြားမှုနဲ့ပတ်သက်ပြီး ညှို့ယူဖမ်းစားခြင်းလည်း ခံခဲ့ရပါတယ်။ ဥပမာအားဖြင့်           အစလည်းမရှိ၊ အဆုံးလည်းမရှိ ထာဝရတည်ရှိနေတော်မူတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော် ၉၉ ခုထဲက တစ်ခုအဖြစ် ‘သုည’ နဲ့ ‘တစ်’ ရဲ့ ဆက်သွယ်ချက်တွေပဲ ဖြစ်ပါတယ်။ မွတ်စလင်တွေ စိတ်ဝင်စားခဲ့တဲ့ ဒီ ‘သုည’ နဲ့ ‘တစ်’ ဟာ ဒီနေ့ခေတ် ကွန်ပျူတာရဲ့ ဘာသာစကားဖြစ်နေတာကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

    ခေတ်ပေါ်သင်္ချာ ဥရောပသို့ ၀င်ရောက်ခြင်း

    အာရဘီကိန်းဂဏန်းတွေဟာ လမ်းကြောင်း ၃ ခုကနေ ဥရောပကို ၀င်ရောက်လာခဲ့ပါတယ်။ ပထမလမ်းကြောင်းက ၁၀ ရာစုနှောင်းပိုင်း ကော်ဒိုဘာမှာ ပညာဆည်းပူးကာ ရောမကိုပြန်လာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဆေးလ်ဗက်စတား ၁ (Pope Sylvester I) ဖြစ်ပြီး ဒုတိယလမ်းကြောင်းကတော့ ၁၂ ရာစုက ပညာရှင် ရောဘတ် အော့ဖ် ချက်စတာ (Robert of Chester) ဖြစ်ပါတယ်။ ရောဘတ်ဟာ အာရဘီ ကိန်းဂဏန်းတွေကြောင်း ရေးသားဖော်ပြထားတဲ့ အလ်-ခွာရစ်ဇ်မီရဲ့ ဒုတိမြောက် သင်္ချာကျမ်းကြီးကို ဘာသာပြန်ဆိုခဲ့သူဖြစ်ပါတယ်။ အာရဘီကိန်းဂဏန်းတွေ ဥရောပကိုဝင်လာတဲ့ ဒီလမ်းကြောင်းနှစ်ခုကို ခေတ်ပေါ် သမိုင်းပညာရှင်ဖြစ်တဲ့ ကားလ် မန်နီဂျာ (Karl Menniger) ရေးသားခဲ့တဲ့ Number Wods and Number Symbols (စကားလုံးဂဏန်းများနှင့် သင်္ကေတဂဏန်းများ) စာအုပ်မှာ ဖော်ပြထားပါတယ်။

    တတိယမြောက်လမ်းကြောင်းကတော့ ၁၃ ရာစုမှာ ဖီဘိုနာချီ (Fibonacci) ဆိုသူကနေတစ်ဆင့်ဖြစ်ပြီး သူဟာ မွတ်စလင်တွေရဲ့ သင်္ချာပညာရပ်ကို ဥရောပလူ့အဖွဲ့အစည်းဆီ ပို့ဆောင်အမွေပေးခဲ့သူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက အလ်ဂျီးရီးယားနိုင်ငံ ဘူဂီ (Bougie) မှာရှိတဲ့ ပညာရှင် ဆီဒီ အိုမာရ် (Sidi Omar) ထံ သင်္ချာပညာဆည်းပူးဖို့ စေလွှတ်မှုအတွင်းမှာ ဖီဘိုနာချီက ဒီနည်းလမ်းတွေကို သင်ယူတက်မြောက်ခဲ့တာဖြစ်ပါတယ်။ ဆီဒီအိုမာရ်ဟာ ဘဂ္ဂဒတ်နဲ့ မူဆိုးလ်မြို့မှာရှိတဲ့ သင်္ချာကျောင်းတွေမှာလည်း ပညာသင်ကြားခဲ့သူ ဆရာတစ်ဦးဖြစ်ပြီး သူ့ရဲ့သင်ကြားမှုတွေမှာ အလ်ဂျီဘရာနဲ့ simultaneous equation တွေ ပါဝင်ပါတယ်။

    ဖီဘိုနာချီဟာ အလက်ဇန်းဒရီးယား၊ ကိုင်ရိုနဲ့ ဒမတ်စကတ်တို့က စာကြည့်တိုက်တွေကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး အဲဒီနောက်မှတော့ Liber Abaci ဆိုတဲ့ သင်္ချာကျမ်းကြီးတစ်စောင်ကို ပြုစုခဲ့ပါတယ်။ အဲဒီကျမ်းရဲ့ ပထမဆုံးအခန်းမှာ အာရဘီ ကိန်းဂဏန်းတွေအကြောင်း ဖော်ပြထားပါတယ်။

    “အိန္ဒိယရဲ့ ကိန်းဂဏန်း ၉ လုံးကတော့ ၉၈၇၆၅၄၃၂၁ ဖြစ်ပါတယ်။ အဲဒီ ကိန်းတွေနဲ့အတူ ‘၀’ လည်းပါဝင်ပါတယ်။ အာရဘီမှာတော့ သုညကို cephirum (cipher) လို့ခေါ်ပြီး အဲဒီနေရာမှာ ကိုယ်ကြိုက်ရာ ကိန်းဂဏန်းကို ရေးသားနိုင်ပါတယ်”

    အာရဘီကိန်းဂဏန်းတွေကို အသုံးပြုပြီး ပြုလုပ်တဲ့ တွက်ချက်မှုတွေကို အခြေခံကာ မွတ်စလင် သင်္ချာပညာရှင်တွေက ကိန်းဂဏန်းဆိုင်ရာ နည်းလမ်းအသစ်အဆန်းတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ ဒီနေ့ခေတ် root တွေနဲ့ တွက်ချက်လို့ရအောင် အဘူ အလ်-၀ါဖာနဲ့ အူမာရ် အလ်-ခေယမ်တို့က ဖော်ထုတ်ပေးခဲ့ကြတာပါ။ ဘိုင်နိုမီယယ်သီအိုရမ်ကို အလ်-ကာရာဂျီ (Al-Karaji) က ရှာဖွေတွေ့ရှိမှုဟာ ဒဿမစနစ်ကို အခြေခံပြီး ကိန်ဂဏန်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက အကြောင်းအရင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။

    kashi
    decimal fraction နည်းစနစ်ကို ဖော်ထုတ်ခဲ့သည့် မွတ်စလင် သင်္ချာပညာရှင်ကြီး အလ်-ကက်စ်ဟီ

    ၁၄ ရာစုနှစ်မှာ အလ်-ကက်စ်ဟီ (Al-Kashi) ဆိုတဲ့ မွတ်စလင်ပညာရှင်တစ်ယောက်ဟာ ဒဿမအခြေပြု အပိုင်းကိန်း (decimal fraction) ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ပြီး အဲဒီလို ဖော်ထုတ်ဆောင်ရွက်နိုင်မှုဟာ သင်္ချာနယ်ပယ်မှာ အဓိကကျခဲ့ကာ နှစ်ပေါင်းမျာစွာတိုင်တောင် အလ်-ကက်စ်ဟီဟာ decimal fraction ရဲ့ ဖခင်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပထမဆုံး ရှာဖွေဖော်ထုတ်ခဲ့တာမဟုတ်ပေမယ့် (n ) သင်္ကေတကို အသုံးပြုတွက်ချက်မှုမှာလည်း အလ်-ကက်စ်ဟီဟာ ဖြေရှင်းနည်းတစ်ခုကို ဖော်ထုတ်ခဲ့ပြီး အဲဒီနည်းလမ်းဟာ ရာစုနှစ်များစွာ ကြာညောင်းခဲ့ကာ ၁၉ ရာစုအရောက်မှာတော့ အီတလီနဲ့ အင်္ဂလန်တို့က သင်္ချာပညာရှင်တွေဖြစ်ကြတဲ့ ရူဖီနီ (Ruffini) နဲ့ ဟောရ်နာ (Horner) တို့ဟာ အဲဒီနမူနာပုံစံကို အခြေပြုကာ တွက်ချက်မှုနည်းလမ်းကို ထပ်မံတိုးတက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။

    အလ်ဂျီဘရာ၊ ကိန်းဂဏန်းသီအိုရီနဲ့ ကိန်းဂဏန်းစနစ်တွေမှာ အာရပ်သင်္ချာပညာရှင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုဟာ အထင်ရှားဆုံးဖြစ်ခဲ့ပေမယ့် သူတို့တွေဟာ ဂျီသြမေတြီ၊ ထရီဂိုနော်မေတြီနဲ့ နက္ခတဗေဒဆိုင်ရာ သင်္ချာနယ်ပယ်မှာလည်း အံသြစရာကောင်းလောက်တဲ့ ရှာဖွေဖော်ထုတ်မှုတွေကို ပြုလုပ်ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • ဘာသာပြန်ဆိုမှုလုပ်ငန်း – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၅)

    ဘာသာပြန်ဆိုမှုလုပ်ငန်း – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၅)

    ဧပြီ ၈၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    toledo
    မွတ်စလင်တို့အုပ်ချုပ်စဉ်က ဘာသာပြန်လုပ်ငန်း စတင်သန္ဓေတည်ရာ စပိန်နိုင်ငံတော်လေဒိုမြို့၏ ယနေ့မြင်ကွင်း

    – အလယ်ခေတ် မွတ်စလင်တွေရဲ့ သိပ္ပံပညာရပ်တွေကို စူးစမ်းမှု၊ ဖော်ထုတ်မှု၊ သုတေသနပြုမှုနဲ့ ရေးသားဖြန့်ချီမှုတွေကို ကြည့်လိုက်ရင် သူတို့တွေရဲ့ အသိပညာအပေါ် ဆာလောင်မွတ်သိပ်မှုကို အထင်းသား တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းအားထုတ်မှုတွေဟာ စာအုပ်ထဲမှာပဲ ရှိနေခဲ့တာမဟုတ်ဘဲ တကယ့်လက်တွေ့အသုံးချနိုင်ခဲ့ကာ လူသားတွေရဲ့ လူနေမှုအဆင့်အတန်းကိုလည်း မြင့်မားစေခဲ့ပါတယ်။

    မွတ်စလင်တွေရဲ့ အသိအပညာအပေါ် မဆုတ်မနစ် ရှာဖွေစူးစမ်းမှုမှာ နောက်ခံတွန်းအားတစ်ခု ရှိပါတယ်။ ဒါကတော့ “လူတစ်ယောက်ဟာ သေသွားရင် သူ့ရဲ့ ကောင်းမှုကုသိုလ်နဲ့ပတ်သက်တဲ့ လုပ်ရပ်တွေအားလုံး ရပ်တန့်သွားမယ်။ ဒါပေမယ့် လူတွေကို အကျိုးဖြစ်ထွန်းနေစေတဲ့ အလှူဒါန၊ အသိပညာနဲ့ မိဘကျေးဇူးသိတတ်တဲ့ သားသမီးရဲ့ ဆုတောင်းပတ္တနာပြုမှု အဲဒီ ၃ ခုရဲ့ ကုသိုလ်ကတော့ ဆက်လက် တိုးပွားနေမှာဖြစ်တယ်” ဆိုတဲ့ တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ရဲ့ သြ၀ါဒတော်ပဲ ဖြစ်ပါတယ်။

    ဗဟုသုတနှံ့စပ်စုံလင်လှတဲ့ အလယ်ခေတ် မွတ်စလင်ပညာရှင်ကြီးတွေဟာ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို အလွန်ထူထဲလှတဲ့ ကျမ်းစာအုပ်ကြီးတွေအဖြစ် မယုံနိုင်စရာနှုန်းနဲ့ ရေးသားခဲ့ကြပါတယ်။ စာမျက်နှာထောင်ပေါင်းများစွာ၊ အတွဲပေါင်းများစွာပါဝင်တဲ့ ဒီစာအုပ်ကြီးတွေဟာ အလွန်ကြီးမားတဲ့ စာကြည့်တိုက်ကြီးတွေ ပြည့်သွားစေတဲ့အထိကို များပြားခဲ့ပါတယ်။ ၈ ရာစုကနေ ၁၃ ရာစုအထိ ကြာညောင်းခဲ့တဲ့ မွတ်စလင်တွေရဲ့ ဒီရွှေခေတ်မှာ ရှေးဟောင်း အသိပညာ၊ အတတ်ပညာတွေကို ပျောက်ပျက်သွားလုနီးနီး ဖြစ်နေရာကနေ ကယ်တင်နိုင်ခဲ့ပြီး၊ ထပ်မံအဆင့်မြှင့်တာ၊ ရှာဖွေတွေ့ရှိချက် အသစ်တွေကို ထပ်ပေါင်းထည့်တာတွေကိုလည်း လုပ်နိုင်ခဲ့ကြပါတယ်။ ဒါတင်မကသေးဘဲ ဒီ ၀ိဇ္ဇာသိပ္ပံ ပညာရပ်တွေကို သူမတူတဲ့ ပုံစံမျိုးနဲ့ ပြန့်နှံ့အောင်လည်း ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

    ဒီလို ပေါက်မြောက်ရခြင်းရဲ့ အဓိကသော့ချက်ကတော့ ကိုယ်တိုင်ကိုယ်ကျ ရှာဖွေ စူးစမ်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ အရာတစ်ခု ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိရှိဖို့အတွက် မျက်မြင်ဒိဌ သိရှိဖို့ လိုအပ်ပြီး အဲဒီနောက်ပိုင်းမှသာ ရေးသားဖော်ထုတ်ရတာဖြစ်ပါတယ်။ ၁၀ ရာစုနှောင်းပိုင်းလောက်မှာ ပေါ်ထွန်းခဲ့တဲ့ အစ်ဗနေ့ အလ်-ဟေသမ် (Ibn Al-Haytham) ဆိုတဲ့ စွယ်စုံရပညာရှင်ကြီးဟာ စမ်းသပ်ဖော်ထုတ်မှုတွေကို စွန့်ဦးဆောင်ရွက်ခဲ့သူပါ။ သူဟာ သီအိုရီတွေကို လက်တွေ့စမ်းသပ်အဖြေရှာခဲ့တဲ့ ကမ္ဘာ့ပထမဆုံး သိပ္ပံပညာရှင်ကြီးဖြစ်ပြီး “ယုံကြည်ရာကို သက်သေပြပါ” လို့ဆိုတဲ့ သိပ္ပံပညာရဲ့အားလုံးရဲ့ အခြေခံမူတွေထဲက တစ်ခုကို ချမှတ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

    မွတ်စလင်တွေရဲ့ ပညာလိုလားမှု ဗီဇဟာ သမုဒ္ဒရာကြီးတွေကိုဖြတ်ကျော်ပြီး မွတ်စလင်မဟုတ်သူတွေကို ထိတွေ့ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့တွေဟာလည်း မွတ်စလင် အသိပညာရှင်၊ အတတ်ပညာရှင်တွေ ရှာဖွေဖော်ထုတ်ခဲ့ အသိပညာသိုက်ကြီးတွေဆီကို စုရုံးရောက်ရှိလာပါတော့တယ်။

    သက္ကရာဇ် ၁၁၄၀ လောက်မှာ အင်္ဂလန်က နော်ရ်ဖို့လ်က် (Norfolk) ဆိုတဲ့ ရွာငယ်လေးမှာ မွေးဖွားခဲ့တဲ့ အင်္ဂလိပ်ဘုန်းတော်ကြီး ဒန်နီယဲလ် အော့ဖ် မော်လေး (Daniel of Morley) ဟာ အသိပညာတွေကို ရှာဖွေစူးစမ်းချင်သူတစ်ယောက်ဖြစ်ပြီး မွတ်စလင်တွေရဲ့ တွေ့ရှိဖော်ထုတ်ချက်တွေကို နှစ်မြှုပ်လေ့လာခဲ့ပါတယ်။ သူဟာ သမရိုးကျထဲကနေ ဖောက်ထွက် စဉ်စားတဲ့ ဥရောပသားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒီခေတ်အခါက ကမ္ဘာကြီးရဲ့ ထူးခြားဆန်းကျယ်မှုအကြောင်းတွေ၊ ၀ိဇ္ဇာသိပ္ပံပညာတွေကို အာရဘီဘာသာစကားကနေ သင်ယူခဲ့ရတယ်ဆိုတာကို ဒန်နီယဲလ်က ဒီလိုရေးသားခဲ့ပါတယ်။

    “လက်တင်ဘာသာစကားနဲ့ ပြန်ဆိုရေးသားထားတဲ့ ဒီအကြောင်းအရာတွေကို ဂရုတစ်စိုက် နားလည်အောင် ဖတ်ရှုရမှာတင်မဟုတ်ဘဲ၊ ကမ္ဘာဂြိုဟ်တွေ၊ ဂြိုပတ်လမ်းတွေ၊ ဂြိုဟ်တွေရဲ့ လှုပ်ရှားသွားလာမှုတွေနဲ့ ပတ်သက်ပြီး အာရပ်တွေရဲ့အယူအဆတွေကို နားလည်သဘောပေါက်ဖို့လည်း ဆန္ဒရှိရပါမယ်။ ဒီသတ္တလောကကြီးမှာ မွေးဖွားကြီးပြင်းလာပြီး လောကကြီးရဲ့ အံ့သြစရာကောင်းတဲ့ အလှအပနောက်ကွယ်က အကြောင်းအရင်းကို သိရှိဖို့ နည်းနည်းကလေးမှ စိတ်မ၀င်စားဘူးလို့ ပြောလာရင်တော့ အဲဒီလူဟာ ဒီကမ္ဘာကြီးမှာနေလို့လည်း ဘာမှ အကြောင်းထူးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလောကကြီး၊ သူ့ရဲ့ အစိတ်အပိုင်းတွေနဲ့ပတ်သက်လို့ အာရဘီကနေ လေ့လာသင်ယူခဲ့တာတွေကို လက်တင်ဘာစကားနဲ့ ရေးရခြင်းဖြစ်ပါတယ်”

    ဒန်နီယဲလ်ဟာ သူ့အနာဂတ်ပညာရေးအတွက် သူ့ခေတ်သူ့အခါက အင်္ဂလိပ်လူငယ်တွေလို ဇာတိကို စွန့်ခွာပြီး အရှေ့ဘက်ကို ထွက်လာခဲ့ပါတယ်။ သူ ပထမဆုံး ခြေချခဲ့တာကတော့ ပဲရစ်တက္ကသိုလ်ပါပဲ။ ဒါပေမယ့် အကြောင်းမလှခဲ့ပါဘူး။ သူရောက်ရှိတဲ့အချိန်က ဒီက္ကသိုလ်ရဲ့ ပညာရေးဟာ ဆန်းသစ်မှုမရှိတော့ဘဲ၊ တိမ်ကောလုဖြစ်နေကာ အဲဒီကနေထွက်ခွာဖို့ပဲ တော်တော်လေး ခက်ခဲခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

    “(ပဲရစ်က) ဆရာတွေဟာ တတ်ယောင်ကားတွေဖြစ်ကြတော့ ကျောက်ရုပ်လို တောင့်တောင့်ကြီးနေပြီး ပညာရှိယောင် ဆောင်ကြတယ်” လို့ သူက မချွင်းမချန် ဖွင့်ဟခဲ့ပါသေးတယ်။

    သူဘယ်ကို သွားခဲ့သလဲ။

    “အဲဒီအချိန်၊ အဲဒီအခါက စပိန်နိုင်ငံက တော်လေဒို (Toledo) မြို့မှာ အာရဘီဘာသာစကားနဲ့ သင်ကြားပို့ချမှုဟာ တော်တော်လေးခရီးရောက်နေတာကြောင့် ကမ္ဘာပေါ်က ဉာဏ်ပညာအရှိဆုံး ဒဿနပညာရှင်တွေရဲ့ ပညာရည်နို့ကို သောက်စို့ဖို့အတွက် အဲဒီကို အပြေးအလွှား သွားရောက်ခဲ့ပါတယ်” လို့ သူကိုယ်ပိုင်ရေးမှတမ်းမှာ ဖော်ပြထားပါတယ်။

    ၁၂ ရာစုတုန်းက တော်လေဒိုမှာ အနည်းဆုံး မွတ်စလင်၊ ခရစ်ယာန်၊ ဂျူးဆိုတဲ့ ယဉ်ကျေးမှုကြီး ၃ ခုဟာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။ ယဉ်ကျေးမှုပေါင်းစုံ ပေါကြွယ်ဝလှတဲ့ အဲဒီအချိန်မှာ ပြည်သူတိုင်းက အသိပညာ ဆာလောင်မွတ်သိပ်မှု ဆန္ဒကို မျှဝေပေးခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ဒီလို ချစ်ကျည်ရင်းနှီးစွာနေထိုင်ပြီး အတူတကွ လုပ်ကြ၊ ကိုင်ကြတာကို စပိန်ဘာသာစကားနဲ့ ကွန်ဗီဗန်စီယာ (convivencia) လို့ ခေါ်ပါတယ်။

    ဘာသာပြန်လုပ်ငန်း သန္ဓေတည်ရာ တော်လေဒို

    averroes
    အရစ္စတိုတယ်၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ ရှင်းလင်းချက်ကျမ်းများစွာ ရေးသားခဲ့သည့် မွတ်စလင်ပညာရှင်ကြီး အလ်-ရက်ရှ်ဒ်

    ၁၂ ရာစုက တိုလေဒိုဟာ သိပ္ပံသမိုင်းမှာရှိခဲ့တဲ့ ဘာသာပြန်ဆိုမှုလုပ်ငန်းမှာ အကြီးအကျယ်ဆုံးနေရာတစ်ခု ဖြစ်ခဲ့ပြီး အာရဘီဘာသာကနေ လက်တင်ဘာသာကို ပြန်ဆိုကြတာဖြစ်ပါတယ်။ ဒါက ခရစ်ယာန်တွေရှိရာ အနောက်နိုင်ငံက ပညာရှင်တွေ၊ ဘာသာပြန်ဆရာတွေ မြောက်များစွာကို စွဲဆောင်နိုင်ခဲ့ပါတယ်။ အနောက်တိုင်းမှာ ပျောက်ဆုံးခဲ့တဲ့ ဂရိ ဒဿနပညာရှင်တွေ၊ သင်္ချာပညာရှင်တွေရဲ့ အရေးပါတဲ့ ဖော်ထုတ်တွေ့ရှိချက်တွေကိုလည်း မွတ်စလင်တွေက စုဆောင်းသိမ်းဆည်း တိုးပွားအောင် ပြုလုပ်ထားခဲ့ပြီး တိုလေဒိုမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အရစ္စတိုတယ်ရဲ့ ရေးသားမှုတွေကို ဝေဖန်ထောက်ပြခဲ့ပြီး ဖြေရှင်းချက်တွေပေးခဲ့တဲ့ အစ်ဗနေ့ ရက်ရှ်ဒ် (Ibn Rushd) ဟာဆိုရင် ဥရောပမှာ ဉာဏ်သစ်လောင်းအရေးတော်ပုံ (Renaissance) မပေါ်ခင် နှစ် ၂၀၀ လောက်ကတည်းက ဥရောပရဲ့ အသိပညာ ရှင်သန်မှုကို စတင် သန္ဓေတည်ပေးခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အနောက်နိုင်ငံတွေက အေဗာရို့စ် (Averroses) လို့ သိကြပါတယ်။

    အရစ္စတိုတယ်ရဲ့ ဖော်ထုတ်တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ၁၂ ရာစုနှောင်းပိုင်းလောက်မှာ ရက်ရှ်ဒ်က ရှင်းလင်းချက်၊ အနှစ်ချုပ်ဖော်ပြချက် ကျမ်းပေါင်းများစွာကို ကော်ဒိုဘာမှာ အာရဘီဘာသာစကားနဲ့ ရေးသားခဲ့ပါတယ်။ မွတ်စလင်ပညာရှင်ကြီး ရက်ရှ်ဒ်ရဲ့ ဒီကျမ်းတွေကို စကော့တလန် ပညာရှင်တစ်ဦးဖြစ်တဲ့ မီခေးလ် စကော့ (Michael Scott) က အာရဘီကနေ လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ပါတယ်။ စကော့ဟာ ၁၂၃၆ မတိုင်ခင်မှာ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့ ဘာသာပြန်အမွေကို ဆက်ခံခဲ့သူကတော့ ဟာမန် သည် ဂျာမန် (Harman the German) ပဲဖြစ်ပါတယ်။ တော်လေဒိုနဲ့ စစ္စလီတို့မှာ ထွန်းကားခဲ့တဲ့ ဒီ ၀ိဇ္ဇာသိပ္ပံဆိုင်ရာ စာအုပ်စာပေတွေဟာ ဥရောပတစ်ခွင်လုံးကို ပွက်လောရိုက်သွားစေပါတယ်။

    ဘီဘီစီရဲ့ An Islamic History of Europe (ဥရောပ၏ အစ္စလာမ့်သမိုင်းကြောင်း) ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ရာ့ဂ် အိုမာရ် (Rageh Omaar) က “သူ (အေဗာရို့စ်) ဟာ ပဲရစ်ကို ဥရောပရဲ့ အသိပညာဆိုင်ရာ မြို့ကြီးတစ်မြို့အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ပြီးတော့ သိပ္ပံက ဖော်ထုတ်တွေ့ရှိတဲ့ အမှန်တရားတွေဟာ တစ်ခါတစ်ရံမှ ဘုရားသခင်ရဲ့ မိန့်မှာချက်တွေနဲ့ အံဝင်ခွင်ကျမဖြစ်တာကြောင့် ဥရောပက သိပ္ပံပညာနဲ့ ဘာသာရေးအကြား ရှိနေတဲ့ပဋိပက္ခကိုလည်း သူက ချုပ်ငြိမ်းအောင် ကြိုးစားခဲ့ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေက သူ့ရဲ့အယူအဆတွေကို အာရုံစိုက်လာတဲ့အခါ ဒီကြိုးပမ်းမှုတွေက မထင်မှတ်ထားတဲ့ ဆိုးကျိုးတွေကို ခံစားလာရပါတော့တယ်။ အဲဒီဘုရားကျောင်းတွေဟာ အေဗာရို့စ်နဲ့ အရစ္စတိုတယ်တို့ရဲ့ တွေ့ရှိချက်တွေကို ချက်ခြင်းဆိုသလို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ပဲရစ်က အသိပညာရှင် အတတ်ပညာရှင်တွေဟာ ဒါကို နှစ်ပေါင်းများစွာ တိုက်ထုတ်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    မီခေးလ် စကော့နဲ့ ဒန်နီယဲလ် အော့ဖ် မော်လေးတို့လိုပဲ တိုလေဒိုမြို့ကြီးဟာ အခြားသော ဘာသာပြန်ပညာရှင်တွေနဲ့ ကြက်ပျံမကျ စည်ကားခဲ့ပါတယ်။ ဂျရတ် အော့ဖ် ခရီမိုနာ (Gerard of Cremona) ဟာ အလ်-ဇဟ်ရာဝီ (Al-Zahrawi) ရဲ့ အတွဲ ၃၀ ပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်း၊ အစ်ဗနေ့ အလ်-ဟေသမ် (Ibn al-Haytham) ရဲ့ Book of Optics (အလင်းဆိုင်ရာကျမ်း)၊ အလ်-ကင်ဒီ (Al-Kindi) ရဲ့ ဂျီသြမေတြီဆိုင်ရာ အလင်းပညာရပ်ကျမ်း၊ အလ်-ရာဇီ (Al-Razi) ရဲ့ A Study and Classification of Salts and Alums (Sulfates) (ဆားများနှင့် ဆာလ်ဖိတ်များကို လေ့လာခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာကျမ်း)၊ ဘနူမူဆာ ညီအစ်ကို (Banu Musa Brothers) ရဲ့ ဂျီသြမေတြီဆိုင်ရာကျမ်း စတာတွေကို လက်တင်ဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။ ဂျရတ်ရဲ့ ထူးခြားချက်ကတော့ စာအုပ်ပေါင်း ၈၀ ကျော်ကို ဘာသာပြန်ဆိုခဲ့ပေမယ့် အာရဘီဘာသာစကားကို လုံးစေ့ပတ်စေ့ နားမလည်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံ မိုဇာရဘ် (Mozarab) လူမျိုးတွေနဲ့ အာရဘီဘာသာစကားကို ကျွမ်းကျင်တဲ့ စပိန်ခရစ်ယာန်တွေကို မှီပြီး ဘာသာပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။

    ဘီဘီစီရဲ့ Voice from the Dark အစီအစဉ်မှာတော့ “ဒီဘာသာပြန်လုပ်ငန်းဟာ ဘာသာစကား အမျိုးမျိုးကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ ပြန်ဆိုတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အာရဘီကို မိခင်ဘာသာစကားအဖြစ် ပြောဆိုကြတဲ့ ဒေသခံတစ်ဦးက ကူညီပေးတဲ့ ဘာသာပြန်အဖွဲ့တစ်ခုနဲ့ ပြန်ဆိုကြတယ်။ အဲဒီဒေသခံဟာ စာအုပ်တွေကို ကျယ်ကျယ်အော်ဖတ်ပေးပြီး အာရဘီစကားပြောကို နားလည်ကာ ခေတ်ပေါ်စပိန်ဘာသာစကားထက် ပိုရှေးကျတဲ့ ရောမစာပေကိုလည်း တတ်ကျွမ်းသူတွေက နားထောင်ကြပြီး ရောမဘာသာစကားနဲ့ ပြန်လည်ရေးသားကြပါတယ်။ အဲဒီရောမဘာသာပြန်ကို နောက်ပိုင်းမှာ လက်တင်ဘာသာစကားကို ပြန်ဆိုခဲ့ကြပါတယ်။ တစ်ချို့သော ဘာသာပြန်ဆိုသူတွေကတော့ အဲဒီဘာသာစကား ၃ ခုစလုံးကို ပိုင်နိုင်တတ်ကျွမ်းကြတာကြောင့် သူတို့ တစ်ဦးတည်း ဘာသာပြန်ဆိုလေ့ ရှိကြပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

    တော်လေဒိုကို အလ်ဖွန်ဆို ၆ (Alfonso VI) က ပြန်လည်သိမ်းယူခဲ့ပေမယ့်လည်း အဲဒီဒေသမှာရှိတဲ့ မွတ်စလင်၊ ဂျူးနဲ့ မိုဇာရဘ်တို့ရဲ့အကြားမှာ အာရဘီဘာသာစကားကိုပဲ ဘုံဘာသာစကားအဖြစ် ဆက်လက် သုံးစွဲခဲ့ပါတယ်။ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေမှာလည်း မွတ်စလင်ရဲ့ ယဉ်ကျေးမှုတွေက တည်မြဲခဲ့သလို ဗိသုကာလက်ရာတွေကအစ အစ္စလာမ့်မစ်လက်ရာတွေ ဖြစ်နေပါတယ်။ တော်လေဒိုရဲ့ ရှည်လျားပြီး အကွေ့အကောက်များတဲ့ လမ်းတွေဟာ အဲဒီဒေသကို ရောက်ရှိလာတဲ့ ဘာသာပြန်ဆရာတွေ၊ ပညာရှင်တွေ ကွန်းခိုစရာ၊ လေ့လာစရာနေရာတွေ ဖြစ်ခဲ့ပါတယ်။ အနောက်တိုင်းက ပညာရှင်တွေ အားလုံးအတွက်တော့ တော်လေဒိုဟာ အဓိပ္ပါယ်ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတော့တယ်။

    တော်လေဒိုမှာပေါ်ထွက်ခဲ့တဲ့ ဘာသာပြန်လက်ရေးမူစာအုပ်တွေကို အခုအချိန်အထိ တော်လေဒို ကက်သလစ်ဘုရားကျောင်းရဲ့ မော်ကွန်းတိုက်မှာ တွေ့မြင်နိုင်မှာဖြစ်ပြီး ဒန်နီယဲလ် အော့ဖ် မော်လေးတို့ လက်ထက်ကတည်းက ပြန်ဆိုခဲ့တာတွေအပါအ၀င် ဘာသပြန်လက်ရာပေါင်း ၂၅၀၀၀ လောက် ရှိနေပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • စာကြည့်တိုက်နှင့် စာအုပ်ဆိုင်များ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၄)

    စာကြည့်တိုက်နှင့် စာအုပ်ဆိုင်များ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၄)

    (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    မတ် ၂၅၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်။

    library 2

    – မွတ်စလင်တွေက အစပြုခဲ့ပြီး ဒီနေ့အထိ ရှင်သန်ကျန်ရစ်နေကာ ကမ္ဘာကို အကျိုးပြုနေတဲ့ အရာတွေထဲမှာ စာကြည့်တိုက်နဲ့ စာအုပ်ဆိုင်တွေလည်း ပါဝင်ပါတယ်။

    အဘ္ဘာစစ်မင်းဆက် (၇၅၀-၁၂၅၈) က ခလီဖာ အလ်-မာမွန် (A-Mamun) ဟာ ဂရိစာပေတွေကို အာရဘီဘာသာစကားနဲ့ ပြန်ဆိုပေးတဲ့ ဘာသာပြန်တွေကို စာအုပ်ရဲ့အလေးချိန်အတိုင်း ရွှေတုံးတွေ ဆုချတယ်ဆိုတဲ့ ပြောစမှတ် ရှိခဲ့ပါတယ်။ ဒီလို ချီးမြှင့်မြှောက်စားမှုကြောင့် မွတ်စလင်ကမ္ဘာမှာ ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ အမြောက်အများ ပေါ်ထွက်လာခဲ့ပြီး နောက်မျိုးဆက်တွေက မွတ်စလင်တွေရော၊ မွတ်စလင်မဟုတ်သူတွေရဲ့ စိတ်ဝင်စားမှု၊ လေးစားမှုကို ရရှိခဲ့ပါတယ်။ အဘ္ဘာစစ်မင်းဆက်တွေ လက်ထက်မှာ စာကြည့်တိုက်ပေါင်းများစွာ ဖွင့်လှစ်ခဲ့ပြီး စာဖတ်သူတွေကို ထောင်သောင်းချီတဲ့ စာအုပ်တွေနဲ့ ထိတွေ့စေခဲ့ပါတယ်။ အဲဒီ စာကြည့်တိုက်တွေထဲမှာ ပုဂ္ဂလိကပိုင်တွေလည်း တော်တော်များများ ပါဝင်ပါတယ်။

    ၇ ရာစုမှာ အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်လာချိန် သိပ္ပံဆိုင်ရာ စာအုပ်စာပေတွေဟာ ရှေ့တန်း မရောက်သေးပါဘူး။ အဲဒီအချိန်တုန်းက တမန်တော်မုဟမ္မဒ်သခင်ထံ အာယသ်တော် (ပါဒတော်) တွေအဖြစ် ချပေးခြင်းခံရတဲ့ ကုရ်အာန်ကျမ်းတော်မြတ် တစ်ခုတည်းသာ ရှိပါသေးတယ်။ အဲဒီကျမ်းကို မုဟမ္မဒ်သခင်ထံပါးမှာရှိနေတဲ့ သာဝကကြီးတွေက ချက်ခြင်း အလွတ်ကျက်မှတ်ကြပြီး၊ ကျမ်းပြုသူတွေကတော့ သက်ရွက်၊ ပိတ်စ၊ တိရစ္ဆာန်အရိုး၊ ကျောက်တုံး စသဖြင့် ရရှိတဲ့ ပစ္စည်းတွေပေါ်မှာ ရေးသားမှတ်တမ်းတင်ခဲ့ကြပါတယ်။ အစောဆုံး ကုရ်အာန်ကျမ်းတော်မြတ် အပြည့်အစုံ တစ်အုပ်လုံးကို ဒုတိယခလီဖာ အိုမာရ် (Omar) ရဲ့ သမီး ဟက်ဖ်ဆာဟ် (Hasfsah) က ထိန်သိမ်းထားခဲ့ပါတယ်။ ကျမ်းတော်မြတ်ကို ဆူရာလို့ခေါ်တဲ့ ကဏ္ဍအလိုက် စီစဉ်ထားပြီး၊ အဲဒီ ကဏ္ဍအထားအသိုကို မုဟမ္မဒ်သခင် ကိုယ်တော်တိုင် စစ်ဆေး၊ ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျမ်းတော်မြတ်ရဲ့ မိတ္တူပေါင်းများစွာ ပေါ်ပေါက်လာခဲ့ပေမယ့် အဲဒီမိတ္တူတွေကို ပိုင်ဆိုင်သူတွေက အောက်ခြေတွေမှာ ပါဒတော်တွေရဲ့ ရှင်းလင်းချက်တွေကို ရေးသားထားလေ့ ရှိကြပါတယ်။

    အဲဒီမိတ္တူတွေကို စုစည်းပြီး ထပ်တိုးမှတ်ချက်တွေမပါဘဲ စံမိတ္တူမှန်အဖြစ် ပေါင်းစည်းခဲ့ကြပြီး ဟက်ဖ်ဆာဟ် သခင်မထံမှာ ရှိခဲ့တဲ့ မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ကြပါတယ်။ တတိယမြောက် ခလီဖာဟ် အွတ်စ်မန်း အစ်ဗနေ့ အက်ဖန်း (Uthman ibn Affan) လက်ထက်မှာ ဒီ မိတ္တူမှန်ကို အစ္စလာမ့်အင်ပါယာတစ်ဝှမ်း ဖြန့်ချီခဲ့ပြီး ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ခြင်းနဲ့ ရေးသားခြင်းပုံစံကိုလည်း တစ်ပုံစံတည်းသာ ထားရှိခဲ့ပါတယ်။ ဒီလိုပြုလုပ်လိုက်တာကြောင့် ကုရ်အာန်ကျမ်းတော်မြတ်ဟာ အလွယ်တကူပဲ ပြန့်နှံ့သွားခဲ့ပါတယ်။ နှစ်ပေါင်း ၁၄၀၀ ကျော် ကြာညောင်းခဲ့ပြီ ဖြစ်ပေမယ့် အွတ်စ်မန်းသခင် လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ် လက်ရေးမူတွေကို ဒီနေ့ ကမ္ဘာတစ်ဝှမ်းက အဓိကစာကြည့်တိုက်ကြီးတွေမှာ တွေ့မြင်နိုင်မှာဖြစ်ပြီး ဒီနေ့ခေတ် ဖတ်ရွတ်လေ့လာနေကြတဲ့ ကုရ်အာန်ကျမ်းတော်မြတ် မိတ္တူတွေဟာ အဲဒီ ၇ ရာစုက မူရမ်းကျမ်းနဲ့ တစ်သွေမသိမ်း တူညီနေတယ်ဆိုတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်ကို မွတ်စလင်တွေရဲ့ မြတ်နိုးတွယ်တာမှုက အခြားသော စာအုပ်စာပေတွေကို စုဆောင်းမှု၊ စာကြည့်တိုက်ကြီးတွေ တည်ဆောက်မှုအထိ ဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်က မွတ်စလင်ကမ္ဘာမှာရှိတဲ့ မြို့ကြီးတွေက ဗလီဝတ်ကျောင်းတော်တွေမှာ အများပြည်သူသုံး စာကြည့်တိုက်တွေ၊ ပညာရပ်ဆိုင်ရာ သီးသန့်စာကြည့်တိုက်တွေ တော်တော်များများ ရှိခဲ့ပြီး၊ တန်ဖိုးမဖြတ်နိုင်တဲ့ ရှားပါး စာအုပ်စာတမ်းတွေကို စုဆောင်းသိမ်းဆည်းမှုတွေကလည်း မွတ်စလင်ကမ္ဘာက ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလို စုဆောင်းသိမ်းဆည်းထားတဲ့ စာအုပ်တွေ၊ လက်ရေးမူတွေဟာ အရွယ်အစားမျိုးစုံ ရှိပြီး၊ စာရွက်အကောင်းစားနဲ့ စာမျက်နှာနှစ်ဖက်စလုံးရေးကာ လယ်သာအဖုံးနဲ့ချုပ်ထားတဲ့ စာအုပ်တွေလည်း ပါဝင်ပါတယ်။

    အလယ်ခေတ် မွတ်စလင်ကမ္ဘာမှာ ဗလီဝတ်ကျောင်းတော်တွေဟာ အသိပညာဖြန့်ဝေရာနေရာတွေ ဖြစ်ခဲ့ပြီး စာကြည့်တိုက်မရှိတဲ့ ဗလီဆိုတာ မရှိသလောက် ရှားပါးပါတယ်။ ၁၂၅၈ ခုနှစ် မွန်ဂိုတွေ သိမ်းပိုက်မဖျက်ဆီးခင် ဘဂ္ဂဒတ်မြို့မှာ စာကြည့်တိုက်ပေါင်း ၃၆ ခုရှိပြီး စာအုပ်ဆိုင်ပေါင်း ၁၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒီစာအုပ်ဆိုင်တွေထဲကအချို့ဟာ စာကူးသူအဖွဲ့တွေကို အလုပ်ခန့်ထားတဲ့ စာအုပ်ထုတ်ဝေရေး ဌာနတွေလည်း ဖြစ်ခဲ့ပါတယ်။ ကိုင်ရို၊ အဲလစ်ပို (ဆီးရီးယားတွင်ရှိသည်) နဲ့ အီရန်၊ အလယ်အာရှနဲ့ မက်ဆိုပိုတေးမီးယားဒေသတွေက အဓိကမြို့တွေမှာလည်း ဒီလို စာကြည့်တိုက်ကြီးတွေ ရှိခဲ့ကြပါတယ်။

    ဗလီဝတ်ကျောင်းတော်အခြေပြု စာကြည့်တိုက်ကို ဒါရ် အလ်-ကူသွဘ် (dar al-kutub) လို့ ခေါ်တွင်ပြီး ‘စာပေရိပ်မြုံ’ လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီ ဒါရ် အလ်-ကူသွဘ်တွေမှာ ကျမ်းပြုသူတွေ၊ ပညာရှင်တွေဟာ သူတို့ရဲ့ ရှာဖွေလေ့လာမှုတွေကို လူကြီး၊ လူငယ်၊ ပညာရှင်၊ စိတ်ဝင်စားတဲ့ အရပ်သားတွေ ပါဝင်တဲ့ ပရိတ်သတ်ကြီးကို နှုတ်တိုက်ချပေးလေ့ ရှိပါတယ်။ ပြီးတဲ့အခါ အပြန်အလှန် ဆွေးနွေးမှုတွေလည်း ပြုလုပ်ကြပြီး အဲဒီဆွေးနွေးမှုတွေမှာ လူတိုင်း ပါဝင်နိုင်ကြပါတယ်။ ၀ါရက် (Warraq) လို့ခေါ်တဲ့ ပရော်ဖက်ရှင်နယ် ကျမ်းကူးရေးသူတွေဟာ အဲဒီ နှုတ်တိုက်ချပေးမှုတွေ၊ ဆွေးနွေးမှုတွေကို ရေးသားမှတ်တမ်းတင်ကာ စာအုပ်တွေအဖြစ် ဖန်တီးခဲ့ကြပါတယ်။ စာအုပ်တွေ ရေးသားထုတ်ဝေဖို့ တာဝန်ပေးခြင်းခံရတဲ့အခါမှာလည်း သူတို့တွေဟာ ဒီလိုနည်းလမ်းနဲ့ပဲ ဆောင်ရွက်ကြတာဖြစ်ပါတယ်။

    ဆီးရီးယားနိုင်ငံက အဲလစ်ပိုမြို့ဟာ ဆေဖီယာ (Sayfiya) လို့ခေါ်တဲ့ အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး ဗလီဝတ်ကျောင်းတော်အခြေပြု စာကြည့်တိုက်ရှိရာနေရာ ဖြစ်ပါတယ်။ အဲဒီ စာကြည့်တိုက်ကြီးဟာ အူမိုင်ယာ ဗလီဝတ်ကျောင်းတော်ကြီး (Umayad Mosque) မှာ တည်ရှိတာဖြစ်ပြီး စာအုပ်စာတမ်းပေါင်း တစ်သောင်းလောက် ရှိခဲ့ပါတယ်။ အဲဒီ စာအုပ်တွေကို အဲလစ်ပိုမြို့အုပ်ချုပ်သူ မင်းသား ဆယက်ဖ် အလ်-ဒေါင်လာ (Sayf al-Dawla) က ချန်ရစ်ခဲ့တာလို့လည်း ပြောကြားမှုတွေ ရှိပါတယ်။

    zaytuna
    တူနီးရှားနိုင်ငံ တူနစ်မြို့တွင် ၇၃၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် ဗလီဝတ်ကျောင်းတော်အခြေပြု ဇေတူနာ ကောလိပ်။ ၁၃ ရာစုတွင် အဆိုပါ ကောလိပ်၏ စာကြည့်တိုက်၌ စာအုပ်အတွဲပေါင်း ၁ သိန်းကျော် ရှိခဲ့သည်။

    ဆေဖီယာ စာကြည့်တိုက်ဟာ သက်တမ်းအရင့်ဆုံး၊ အကြီးမားဆုံး စာကြည့်တိုက်ကြီးဖြစ်ပေမယ့် တူနီးရှားနိုင်ငံ တူနစ်မြို့ (Tunis) က ဇေတူနာ ဗလီဝတ်ကျောင်းတော် (Zaytuna) အခြေပြု ကောလိပ်ကြီးကတော့ စာအုပ်စာပေ ပေါကြွယ်ဝဆုံး နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကောလိပ်က စာကြည့်တိုက်မှာ စာအုပ်စာတမ်းပေါင်း သောင်ပေါင်းများစွာ ရှိခဲ့ပြီး ဟက်ဖ်ဆစ်ဒ်မင်းဆက် (Hafsid) က အုပ်စိုးသူတွေဟာ ဒီကောလိပ်မှာရှိတဲ့ စာကြည့်တိုက်ကို ထိန်းသိမ်းတာ၊ ပြည့်စုံအောင်ပြုလုပ်တာတို့ကနေ တစ်ဆင့် သူတို့ရဲ့ သြဇာတိက္ကမ ကြီးမားမှုကို ပြိုင်ဆိုင်ကြတယ်လို့ ပြောစမှတ်လည်း ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဇေတူနာကောလိပ်ကြီးမှာ စာအုပ်စာတမ်းပေါင်း တစ်သိန်းကျော်ရှိတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    အလ်-ဂျာဟစ်ဇ် (Al-Jahiz) လို့ခေါ်တဲ့ ၈ ရာစု မွတ်စလင်အတွေးအခေါ်ပညာရှင်နဲ့ စာပေပညာရှင်ကြီးဟာ ဘဂ္ဂဒတ်မြို့မှာ နှစ်ပေါင်း ၅၀ ကျော်လောက် ပညာဆည်းပူးခဲ့ပြီး စာအုပ်ပေါင်း ၂၀၀ လောက် ရေးသားခဲ့ကာ နောက်ပိုင်းမှာ ဘာဆရာမြို့ကို ပြန်လာခဲ့ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ၇ တွဲရှိတဲ့ Book of Animals (သတ္တ၀ါများဆိုင်ရာကျမ်း) လည်း ပါဝင်ခဲ့ပါတယ်။ ဒီကျမ်းမှာ ပုရွက်ဆိတ်တွေရဲ့ ဖွဲ့စည်းနေထိုင်ပုံဆိုင်ရာ တွေ့ရှိချက်တွေ၊ တိရစ္ဆာန်တွေအကြား ဆက်သွယ်ပြောဆိုမှုတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်မှုနဲ့ ပတ်ဝန်းကျင်အခြေအနေတွေရဲ့ အကျိုးသက်ရောက်မှုဆိုင်ရာ တွေ့ရှိချက်တွေကို ရေးသားဖော်ပြထားပါတယ်။ နောက်ပြီး အလ်-ဂျာဟစ်ဇ် ရေးသားခဲ့တဲ့ စာအုပ်တွေမှာ The Art of Keeping One’s Mouth Shut (ဆိတ်ဆိတ်နေခြင်း၏ အနုပညာ)၊ Against Civil Servants (အုပ်ချုပ်သူများနှင့် ဆက်ဆံခြင်း) စတဲ့ စာအုပ်တွေလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ အသက် ၉၂ နှစ်အရွယ် သက္ကရာဇ် ၈၆၈ ခုနှစ် သူ့ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာ စာအုပ်ပုံပြုတ်ကျစဉ် ကွယ်လွန်သွားခဲ့တယ်လို့ ပြောကြားမှုတွေရှိခဲ့ပြီး၊ အခြား မှတ်တမ်းတစ်ခုမှာတော့ ဒီအတိုင်း နာမကျန်းဖြစ်ရင်း ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

    စာအုပ်ချစ်သူတစ်ယောက် ကွယ်လွန်သွားတဲ့အခါ သူစုဆောင်းထားတဲ့ စာအုပ်တွေကို အားလုံး ဖတ်ရှုလေ့လာနိုင်ဖို့ ဗလီဝတ်ကျောင်းတော်က စာကြည့်တိုက်တွေမှာ လှူဒါန်းတာဟာ အဲဒီခေတ်အခါရဲ့ ရိုးရာဓလေ့ဖြစ်ခဲ့ပြီး တစ်ခါတစ်ရံမှာ စာအုပ်ပေါင်း သောင်းနဲ့ချီ ပါဝင်ပါတယ်။ သမိုင်းပညာရှင် အလ်-ဂျာဘူရီ (Al-Jaburi) က ချမ်းသာကြွယ်ဝတဲ့ တူရကီနွယ်ဖွား မုဆိုးမ နိုင်လာ ခါတွန် (Nayla Khatun) ဟာ သူ့ရဲ့ ကွယ်လွန်သွားတဲ့ ခင်ပွန်း မူရဒ် အီဖန်ဒီ (Murad Efandi) ကို ရည်စူးပြီး ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ခဲ့ကာ အဲဒီဗလီဝတ်ကျောင်းတော်မှာ စာသင်ကျောင်းတစ်ခုနဲ့ စာကြည့်တိုက်တစ်ခုတို့ ပါဝင်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်မှာ စာအုပ်စာပေတွေ များပြားလာခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ လှည့်လည်သွားလာနေတဲ့ ပညာရှင်တွေကြောင့်လည်း ဖြစ်ပါတယ်။ သူတို့ လာရောက်တည်းခိုကြတဲ့အခါ ဗလီဝတ်ကျောင်းတော်တွေက နေရာထိုင်ခင်းပေးတာ၊ ကျွေးမွေးတာတွေအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူတို့စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေ၊ တွေ့ချက်တွေကို အဲဒီဗလီဝတ်ကျောင်းတော်တွေမှာ ထားရှိခဲ့ကြပါတယ်။

    မွတ်စလင်ကမ္ဘာက စာကြည့်တိုက်ကြီးတွေဟာ ခမ်းနားထည်ဝါတဲ့ အဆောက်အဦးတွေလည်း ဖြစ်ခဲ့ပါတယ်။ ၁၀ ရာစု အီရန်နိုင်ငံ ရှီရက်ဇ် (Shiraz) မြို့က စာကြည့်တိုက်တွေဟာဆိုရင် ဥယျာဉ်တွေ၊ ရေကန်တွေ၊ စမ်းချောင်းတွေနဲ့ ၀န်းရံနေပြီး အင်မတန် သာယာလှပတယ်လို့ အလယ်ခေတ် သမိုင်းညာရှင် အလ်-မူကက်ဒါဆီ (Al-Muqaddasi) က ရေးသားခဲ့ပါတယ်။

    “အမိုးခုံးတွေထည့်သွင်းထားပြီး၊ အပေါ်ထပ်အောက်ထပ်ရှိတဲ့ အဲဒီ စာကြည့်တိုက်တွေမှာ အခန်းပေါင်း ၃၆၀ လောက်ရှိပြီး ပညာရပ်ဆိုင်ရာဌာန တစ်ချင်းစီမှာလည်း စင်တွေပေါ်မှာ စာအုပ်အမည်စာရင်း စာအုပ်တွေကို ထားရှိပေးထားပါတယ်။ အခန်းတိုင်းမှာလည်း ကော်ဇောကြီးတွေ ခင်းထားပါတယ်”

    ရှီရက်ဇ်၊ ကော်ဒိုဘာနဲ့ ကိုင်ရိုတို့မှာရှိ အဲဒီစာကြည့်တိုက်ကြီးတွေဟာ ဗလီဝတ်ကျောင်းတော်တွေနဲ့ သီးခြားစီ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ကျယ်ကျယ်ဝန်းဝန်းရှိကြပြီး ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုတဲ့ အခန်းတွေ၊ စာအုပ်စင်ကြီးတွေ၊ စာဖတ်ခန်းတွေ၊ လက်ရေးမူကူးရေးတဲ့အခန်းတွေ၊ ပညာရပ်ဆိုင်ရာ နှီးနှောင်တိုင်ပင်ပွဲ ပြုလုပ်တဲ့အခန်းတွေလည်း အဲဒီစာကြည့်တိုက်ကြီးတွေမှာ ပါဝင်ပါတယ်။ အခန်းတိုင်းမှာ မီးတိုင်ကြီးတွေ လုံလုံလောက်လောက် ထွန်းညှိထားပြီး၊ ကော်ဇောတွေ၊ ဖျာတွေ၊ ကူရှင်တွေနဲ့ သက်တောင့်သက်သာ ရှိကြပါတယ်။

    နှစ်ပေါင်းထောင်ကျော်အရင်က အဲဒီစာကြည့်တိုက်တွေဟာ ဒီနေ့ခေတ် စာကြည့်တိုက်တွေလိုမျိုးပဲ စနစ်ကျလှပါတယ်။ အများပြည်သူသုံးစာကြည့်တိုက်နဲ့ သီးသန့်စာကြည့်တိုက်တွေမှာ စာအုပ်အမျိုးအစား သတ်မှတ်မှုစနစ်တွေ ရှိပြီး စာဖတ်သူတွေ အလွယ်တကူ ရှာဖွေနိုင်ဖို့အတွက် စာအုပ်စာရင်း ကက်တလောက်တွေကိုလည်း ဖန်တီးပေးထားပါတယ်။ နောက်ပြီး အဲဒီစာကြည့်တိုက်တွေဟာ သူတို့တွေရဲ့ စာအုပ်ရင်းမြစ်နဲ့ပတ်သက်ပြီး အရည်အသွေးပိုင်းရော၊ အရေအတွက်ပိုင်းမှာပါ မကျဆင်းအောင် ထိန်းသိမ်းထားကြပါတယ်။

    သက္ကရာဇ် ၁၀၅၀ ခုနှစ် ကိုင်ရို အလ်-အဇ်ဟာရ်တက္ကသိုလ်က စာကြည့်တိုက်မှာ စာအုပ်ပေါင်း ၁၂၀၀၀၀ ကျော်လောက်ရှိခဲ့ပြီး ဒီစာအုပ်တွေကို စာရင်းပြုစုထားတဲ့ စာအုပ်ပေါင်းပဲ အတွဲ ၆၀ ရှိကာ စာမျက်နှာ ၃၅၀၀ လောက် ရှိပါတယ်။ စပိန်နိုင်ငံက အလ်-ဟာကမ် (Al-Hakam) စာကြည့်တိုက်မှာဆိုရင်တော့ စာအုပ်စာရင်း ကက်တလောက်ကြီးပဲ ၄၄ တွဲ ရှိပါတယ်။

    အဲဒီစာကြည့်တိုက်တွေမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတွေကိုလည်း အသေအချာ ရွေးချယ်စီစစ်လေ့ရှိပြီး အသိပညာမှာ ကြွယ်ဝနှံ့စပ်ဆုံးသူတွေကိုသာ ခန့်ထားကြပါတယ်။ အသိပညာရှာဖွေရာမှာ အများနဲ့မတူ တစ်မူထူးခြားစွာ ကြိုးပမ်းအားထုတ်သူများကိုသာ ဒီ စာကြည့်တိုက်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်သူ၊ အသိပညာတွေကို ကာကွယ်ပေးသူတွေအဖြစ် မှတ်ယူရွေးချယ်ကြတာ ဖြစ်ပါတယ်။ ၁၂ ရာစုနဲ့ ၁၃ ရာစုကြားကာလ မြောက်အာဖရိကကို အုပ်စိုးတဲ့ အလ်ဟာမွဒ် (Alhamod) မင်းဆက် လက်ထက်မှာတော့ အုပ်စိုးသူတွေဟာ စာကြည့်တိုက်အတွက် ခန့်အပ်မယ့်ရာထူးကို ဂုဏ်သိန်ကြီးမားတဲ့ ရာထူးတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

    အလယ်ခေတ်မွတ်စလင်ကမ္ဘာက စာကြည့်တိုက်ကြီးတွေဟာ အသိပညာသိုက်ကြီးတွေ ဖြစ်ကြပါတယ်။ ၁၉ ရာစု အမေရိကန်စာရေးဆရာ ရာ့လ်ဖ် ၀ါလ်ဒို အီမာဆန် (Ralph Waldo Emerson) က ဒီ စာကြည့်တိုက်ကြီးတွေရဲ့ အကျိုးကျေးဇူးတွေကို တခုတ်တရ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

    မွတ်စလင်တွေရဲ့ စာအုပ်ဆိုင်တွေဟာလည်း အသိပညာတွေကို ဖြန့်ဖြူးရာနေရာတွေ ဖြစ်ပါတယ်။ ၁၀ ရာစု စာအုပ်ချစ်သူနဲ့ စာအုပ်ဆိုင်ပိုင်ရှင် အစ်ဗနေ့ အလ်-နဒင်းမ် (Ibn Al-Nadim) ရဲ့ စာအုပ်ဆိုင်ကြီးကတော့ သမိုင်းမှာ အထင်ကရရှိတဲ့ စာအုပ်ဆိုင်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ နှစ်ထပ်အဆောက်အဦးဖြစ်တဲ့ အဲဒီစာအုပ်ဆိုင်ကြီးရဲ့အပေါ်ထပ်မှာ စာအုပ်ဝယ်သူတွေက လက်ရေးမူတွေကို ဆန်းစစ်တာမျိုး၊ စကားစမြည်ပြောဆိုတာမျိုး၊ ကိုယ့်ရဲ့အယူအဆတွေကို မျှဝေတာမျိုးတွေ လုပ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က မွတ်စလင်ကမ္ဘာမှာ စာအုပ်ဆိုင်တွေဟာ ရာပေါင်းများစွာသော စာအုပ်စာတမ်းတွေကို ရောင်းချရာနေရာဖြစ်သလို၊ အများပြည်သူသုံး စာကြည့်တိုက်ကြီးတွေ၊ သီးသန့်စာကြည့်တိုက်ကြီးတွေရှိရာ နေရာတွေလည်း ဖြစ်ခဲ့ပါတယ်။

    အာရဘီလို စာရွက်ကို ခေါ်တဲ့ ၀ါရက် (Waraq) ဆိုတဲ့ စကားလုံးကနေ အသက်မွေးဝမ်းကြောင်း စကားလုံး ဖြစ်တဲ့ ၀ါရ်ရက် (Warraq) ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ ၀ါရ်ရက် စကားလုံးကို စာအုပ် လက်လီလက်ကား ရောင်းသူတွေ၊ စာရေးဆရာတွေ၊ ဘာသာပြန်တွေ၊ ပုံနှိပ်သူတွေ၊ ကျမ်းပြုသူတွေကို ရည်ညွှန်းပြီး သုံးနှုန်းကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီစကားလုံးဟာ ၀ါရ်ရာကွင်း (Warraqueen) လို့ ထပ်မံပြောင်းလဲသွားခဲ့ပြီး တရုတ်နိုင်ငံက စက္ကူလုပ်နည်း မွတ်စလင်ကမ္ဘာကို စတင် ရောက်ရှိလာပြီးနောက်ပိုင်းမှာ သိပ်မကြာခင်မှာ ပြောင်းလဲသွားတယ်လို့ ယုံကြည်ရပါတယ်။ ၀ါရ်ရာကွင်းလို့ခေါ်တဲ့ စက္ကူထုတ်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းတွေ လုပ်တဲ့သူကိုတော့ ၀ါရ်ရာကီ (Warraqi) လို့ခေါ်ပြီး အစ္စလာမ်ကမ္ဘာရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ အီရတ်မြို့ဟာ ၀ါရ်ရာကီတွေရဲ့ စာအုပ်ဆိုင်တွေ ပထမဆုံး ပေါ်ထွက်လာခဲ့ရာ မြို့ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ စာအုပ်ချုပ်လုပ်မှု ပြန့်နှံ့လာတာနဲ့အတူ စာအုပ်ဆိုင်တွေကလည်း မွတ်စလင်ကမ္ဘာမှာ အံ့မခန်း မြင့်တက်လာခဲ့ပါတယ်။

    မော်ရိုကိုနိုင်ငံမှာတော့ စာအုပ်ချုပ်သူတွေနဲ့ စာအုပ်ကုန်သည်တွေကို ကူသူဘီယွန် (Kutubiyun) လို့ ခေါ်ဆိုပြီး ၁၂ ရာစုက မာရာကက်ခ်ျ (Marrakech) ဒေသမှာ သူတို့တွေဟာ စာအုပ်ဆိုင်တွေ၊ စာကြည့်တိုက်တွေ၊ ကျမ်းကူးလုပ်ငန်း၊ ကျမ်းပြုလုပ်ငန်းတွေကို ဖွင့်လှစ်တည်ထောင်ခဲ့ကြပါတယ်။ မာရာကက်ခ်ျဒေသက လမ်းတစ်ခုမှာဆိုရင် လက်တစ်ဖက်တစ်ချက်မှာ စာအုပ်ဆိုင်နဲ့ စာကြည့်တိုက်ပေါင်း ၅၀ စီ၊ စုစုပေါင်း ၁၀၀ လောက် ရှိခဲ့တဲ့အထိ စာအုပ်ဆိုင်တွေ၊ စာကြည့်တိုက်တွေဟာ မှိုလိုပေါက်ခဲ့ပါတယ်။ အဲဒီလိုအခြေအနေမျိုးဟာ အုပ်စိုးသူ ယာကွဘ် အလ်-မန်ဆူရ် (Yaqub al-Mansur) လက်ထက်မှာ အထွဋ်အထိပ်ကို ရောက်ရှိခဲ့ပါတော့တယ်။ ဒါတင်မကသေးဘဲ ဘုရင်မန်ဆူရ်ဟာ ပုံနှိပ်လုပ်ငန်းနဲ့ စာဖတ်အလေ့အကျင့်ကို ပိုမိုကျယ်ပြန့်လာအောင်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

    အူမိုင်ယာ စာကြည့်တိုက်

    စပိန်နိုင်ငံကို အူမိုင်ယာမင်းဆက်တွေ အုပ်စိုးတဲ့အချိန်မှာ ကော်ဒိုဘာက စာကြည့်တိုက်ကြီးဟာ စာအုပ်အတွဲပေါင်း ၆ သိန်းလောက်ရှိရာ ဧရာမစာကြည့်တိုက်ကြီး ဖြစ်ခဲ့ပါတယ်။ ဒါဟာ သက္ကရာဇ် ၉၆၁ ခုနှစ်ကနေ ၉၇၈ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ အလ်-ဟာကမ် ၂ (Al-Hakam II) အတွက် စာအုပ်စာတမ်းတွေ စုဆောင်းပေးရာကနေ ကြီးထွားလာတာဖြစ်ပြီး အလ်-ဟာကမ်က သူ့ရဲ့ ထီးနန်းထက် ဒီစာအုပ်စာပေတွေကိုသာ သံယောဇဉ်ပိုရှိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

    ၁၃ ရာစုနှစ်က ရေးသားခဲ့သည့် မာကွာမတ် ဟာရီရီ (Maqamat Hariri) စာအုပ်တွင် ဘဂ္ဂဒတ်မြို့ရှိ အများပြည်သူသုံး စာကြည့်တိုက်မှ ပုံရပ်တစ်ခုကို ပုံဖော်ထားမှု

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)