News @ M-Media

Tag: turkey

  • အစ္စရေးသူလျှို ၁၅ ဦးကို အကျဥ်းချထားလိုက်တဲ့ တူရကီ

    အစ္စရေးသူလျှို ၁၅ ဦးကို အကျဥ်းချထားလိုက်တဲ့ တူရကီ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media


    -အစ္စရေးအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူ ၃၄ ဦးထဲက ၁၅ ဦးကို တရားရုံးမတင်ခင် အကျဥ်းချထားလိုက်တယ်လို့ တူရကီက ထုတ်ပြန်ပါတယ်။ 

    ဒီသူလျှိုတွေဟာ အစ္စရေးထောက်လှမ်းရေးအတွက် နိုင်ငံရးနဲ့  စစ်ရေး သူလျှိုလုပ်မှု၊ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲဖို့ စီစဥ်မှုတွေအတွက် ဖမ်းဆီးခဲ့တာလို့ တူရကီက ပြောပါတယ်။ 

    အဲဒီအထဲက ၈ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၁၁ ဦးကို ခံ၀န်နဲ့ ပြန်လွှတ်ပေးထားတယ်လို့ တူရကီ တရားရေး၀န်ကြီး ယီလ်မဇ် တူနက်က ထုတ်ပြန်ပါတယ်။ 

    ၁၅ ဦးကိုတော့ တရားရုံးမတင်ခင် အကျဥ်းထောင်ထဲ ထိန်းသိမ်းထားပါတယ်။ 

    အစ္စရေးထောက်လှမ်းရေးအဖွဲ့ မိုဆာ့ဒ်ဟာ တူရကီမှာ နေထိုင်နေတဲ့ ပါလက်စတိုင်းတွေနဲ့ ဆီးရီးယားနိုင်ငံသားတွေကို သူလျှိုလုပ်ဖို့ စုဆောင်းခဲ့ပြီး၊ ပါလက်စတိုင်းနိုင်ငံသားတစ်ချို့နဲ့ သူတို့ရဲ့ မိသားစုတွေကို ပြန်ပေးဆွဲဖို့ ကြံစည်ထားတယ်လို့ တရားရုံးမှတ်တမ်းတွေကို ကိုးကားပြီး တူရကီ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    တူရကီထောက်လှမ်းရေးဟာ မြို့တော် အစ္စတန်ဘူလ်နဲ့ အခြားပြည်နယ် ၇ ခုက နေရာပေါင်း ၅၇ နေရာကို ၀င်ရောက်စီးနင်းကာ အစ္စရေး သူလျှိုတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Euro News 

  • နာဇီအစ္စရေးဟု ကင်ပွန်းတပ်လိုက်သည့် တူရကီသမ္မတ

    နာဇီအစ္စရေးဟု ကင်ပွန်းတပ်လိုက်သည့် တူရကီသမ္မတ

    ဒီဇင်ဘာ ၂၈၊ ၂၀၂၃

    M-Media


    -အစ္စရေးက ပါလက်စတိုင်းတွေကို သတ်ဖြတ်နေတာဟာ နာဇီတွေက ဂျူးတွေကို သတ်ဖြတ်ခဲ့တာနဲ့ သွားတူနေတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။ 

    ဗုဒ္ဓဟူးနေ့ အန်ကာရာမြို့က အခမ်းအနားတစ်ခုမှာ ဒီလို မှတ်ချက်ပေးခဲ့တာဖြစ်ပြီး အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုကိုလည်း ဟစ်တလာနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ 

    “ဟစ်တလာမကောင်းဘူးလို့ သူတို့ ပြောကြတယ်။ သူတို့ရော ဟစ်တလာနဲ့ ဘာကွာလို့လဲ။ ဟစ်တလာကို တောင့်တလာအောင် သူတို့ လုပ်နေကြတာ။ နေတန်ယာဟုရဲ့လုပ်ရပ်ဟာ ဟစ်တလာလုပ်ခဲ့တာထက် မလျော့ဘူး။ ပိုတောင်ပိုနေသေးတယ်။ အနောက်ကမ္ဘာရဲ့ ထောက်ခံမှုလည်း သူက ရထားတယ်။ အမေရိကန်ကလည်း အားလုံးထောက်ပံ့နေတယ်။ အဲဒီအထောက်အပံ့တွေနဲ့ သူတို့ဘာလုပ်သလဲ။ ဂါဇာပြည်သူ ၂ သောင်းကျော်ကို သတ်ပစ်လိုက်တယ်လေ”

    အောက်တိုဘာ ၇ ရက်နေ့ ဂါဇာမှာ အစ္စရေးရဲ့လူသတ်ပွဲ စတင်ကတည်းက တူရကီအစိုးရဟာ ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့တာပါ။ အစ္စရေးဟာ အကြမ်းဖက်တိုင်းပြည်လို့လဲ အာဒိုဂန်က ကင်ပွန်းတပ်ခဲ့ပါတယ်။ 

    ဟားမက်စ်ကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးက ဂါဇာကို ၂ လကျော်ကြာ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂ သောင်း ၁ ထောင်ကျော် အသတ်ခံထားရပါတယ်။ 

    ဒဏ်ရာရသူ ၅၅၀၀ လောက်ရှိပြီး၊ ဂါဇာကမ်းမြှောင်က ပြည်သူ ၂ ဒဿမ ၃ သန်းစလုံး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

    Ref : Aljazeera 

  • ဂါဇာသတ်ဖြတ်မှုအတွက် အစ္စရေးနှင့် တူရကီတို့အကြား တင်းမာမှု မြင့်တက်

    ဂါဇာသတ်ဖြတ်မှုအတွက် အစ္စရေးနှင့် တူရကီတို့အကြား တင်းမာမှု မြင့်တက်

    အောက်တိုဘာ ၂၉၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – တူရကီသမ္မတ အာဒိုဂန်)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေအတွက် တူရကီက ၀ေဖန်တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။ 

    ပြီးခဲ့ရက်တွေအတွင်း တူရကီသမ္မတ အာဒိုဂန်ဟာ အစ္စရေးရဲ့ ကျူးကျော်သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ၀ေဖန်ပြောဆိုခဲ့ပြီး၊ ဟားမက်စ်ဟာ အကြမ်းဖက်အဖွဲ့အစည်းမဟုတ်ဘဲ လွတ်မြောက်ရေးအတွက် လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့သာ ဖြစ်တယ်ဆိုပြီး အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။ 

    အစ္စရေးနဲ့ ဘာအပေးအယူမှ မရှိတဲ့အတွက် အစ္စရေးရဲ့ လုပ်ရပ်တွေကို တူရကီက ကာကွယ်ပေးစရာ အကြောင်းမရှိဘူးလို့လည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အစ္စရေးက အာဒိုဂန်ဟာ ဂျူးဆန့်ကျင်ရေး၀ါဒီဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး တူရကီက သံအမတ်ကိုပြန်ခေါ်ကာ ဆက်ဆံရေး ပြန်လည်သုံးသပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ 

    တူရကီနိုင်ငံခြားရေး၀န်ကြီးဌာနကလည်း ဒီပြောဆိုချက်ကို တုန့်ပြန်ပါတယ်။ 

    အစ္စရေးဟာ တစ်ကမ္ဘာလုံးရှေ့မှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတာတောင် ၀ေဖန်ရှုတ်ချမခံနိုင်ဘူးလို့ ထုတ်ပြန်ပါတယ်။ 

    အာဒိုဂန်ဟာ ဂျူးဆန့်ကျင်ရေး၀ါဒီဆိုတဲ့ အစ္စရေးရဲ့ပြောကြားမှုတွေက အခြေအမြစ်မရှိဘဲ၊ တူရကီဟာ ဂျူးလူမျိုးတွေကို အကာအကွယ်ပေးရာ နေရာတစ်ခုအဖြစ် အခုအချိန်အထိ ရှိနေတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Aljazeera 

  • ဆွီဒင် နေတိုးအဖွဲ့၀င်ဖြစ်ရန် တူရကီ သဘောတူလိုက်ပြီ

    ဆွီဒင် နေတိုးအဖွဲ့၀င်ဖြစ်ရန် တူရကီ သဘောတူလိုက်ပြီ

    ဇူလိုင် ၁၁၊ ၂၀၂၃

    M-Media 


    -မြောက်အတ္တလန်တိတ် မဟာမိတ်အဖွဲ့ (နေတိုး) မှာ ပါ၀င်ဖို့အတွက် ဆွီဒင်နိုင်ငံရဲ့ လျှောက်ထားမှုကို ထောက်ခံပေးဖို့ တူရကီသမ္မတ အာဒိုဂန်က သဘောတူလိုက်ပါတယ်။ 

    ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း ဥရောပနိုင်ငံငယ်တစ်ချို့ဟာ စစ်ရေးအကူအညီတွေ ရဖို့အတွက် အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ကို ၀င်နိုင်ရေး ကြိုးပမ်းလာကြတာပါ။ 

    ဆွီဒင်ရဲ့ လျှောက်ထားမှုကို အစောပိုင်းမှာ တူရကီက ကန့်ကွက်ထားပါတယ်။ တူရကီအစိုးရက စစ်သွေးကြွလို့ သတ်မှတ်ထားတဲ့ ကာ့ဒ်တပ်ဖွဲ့တွေကို ဆွီဒင်က လက်ခံဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။ 

    ဒီကိစ္စအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာတော့ ဆွီဒင်ကို အဖွဲ့၀င်ဖြစ်ရေး ထောက်ခံဖို့ တူရကီသမ္မတက သဘောတူခဲ့ပါတယ်။ ဒီသဘောထားကို အာဒိုဂန်က တူရကီလွှတ်တော်မှာ တင်ပြပြီး အတည်ပြုချက် ရယူမှာ ဖြစ်ပါတယ်။ 

    ဆွီဒင်၀န်ကြီးချုပ် အွလ်ဖ် ကရစ်တာဆန်က တူရကီရဲ့ ထောက်ခံမှု့အတွက် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အာဒိုဂန်ရဲ့ ကတိက၀တ်ကို ကြိုဆိုပြီး နေတိုးအဖွဲ့မှာ ၃၂ နှစ်ခုမြောက်အဖွဲ့၀င်အဖြစ် ဆွီဒင်ကို မြင်ချင်နေပြီလို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: BBC

  • လူ့အသက်ကယ်ခဲ့သည့် ခွေးလေးကို ကျေးဇူးတင်နေသည့် ဗလီဆရာ

    လူ့အသက်ကယ်ခဲ့သည့် ခွေးလေးကို ကျေးဇူးတင်နေသည့် ဗလီဆရာ

    ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တူရကီဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ 

    နိုင်ငံတောင်ပိုင်း ဂါဇီယန်တပ်က ငလျင်မှာ အဆောက်အဦး အုတ်ပုံတွေအကြား ပိတ်ပိနေတဲ့ မိသားစု၀င် ၃ ဦးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေးကို ကျေးဇူးတင်တဲ့အနေနဲ့ ထိပ်တန်း ဗလီဆရာတစ်ဦးက လက်ကို အနမ်းပေးနေတာ ဖြစ်ပါတယ်။ 

    ပြီးခဲ့တစ်ပတ်က တူရကီတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၇၀၀၀ ကျော် ရှိလာပါပြီ။ 

    တူရကီမှာ ၃၁၆၄၃ ဦး သေဆုံးပြီး၊ ဆီးရီးယားမှာ ၅၈၁၄ ဦး သေဆုံးပါတယ်။ တစ်ပတ်ကျော်ရှိလာတဲ့အချိန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မကြာခင် ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ 

    Ref: Aljazeera