News @ M-Media

Tag: turkey

  • တူရကီနှင့် ဆက်ဆံရေးစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ဟု အစ္စရေးပြော

    တူရကီနှင့် ဆက်ဆံရေးစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ဟု အစ္စရေးပြော

    မေ ၂၆၊ ၂၀၂၂

    M-Media


    -သံတမန်ဆက်ဆံရေးမှာ တူရကီနဲ့ စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပြီလို့ အစ္စရေးနိုင်ငံခြားရေး၀န်ကြီး ယာအီရန် လာပစ်က ပြောပါတယ်။ 

    လာပစ်နဲ့ တူရကီနိုင်ငံခြားရေး၀န်ကြီး မဗ်လု ကာဗူဆိုဂလူတို့ မနေ့က ဂျေရုစလင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ 

    စီးပွားရေးနဲ့ အရပ်ဖက်ဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပြီ၊ ကပ်ရောဂါနဲ့ နိုင်ငံရေး တင်းမာမှုတွေ ရှိနေတဲ့အချိန်မျိုးမှာတောင်မှ ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်အထိ အကျိုးကျေးဇူးတွေ ရရှိအောင် ဆောင်ရွက်သွားကြမယ်လို့ အစ္စရေးနိုင်ငံခြားရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အစ္စရေးနဲ့ တူရကီတို့အကြား ဆက်ဆံရေးဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွေကတည်းက ဆိုးရွားလာခဲ့တာပါ။ ပါလက်စတိုင်း ပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး တူရကီက ၀ေဖန်ပြောဆိုမှုတွေ လုပ်သလို၊ အစ္စရေးဖက်ကလည်း ပြန်လည် တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆက်ဆံရေးပိုကောင်းအောင် နှစ်နိုင်ငံစလုံးက ကြိုးစားလာကြပါတယ်။ 

    တူရကီနိုင်ငံခြားရေး၀န်ကြီးရဲ့ ဂျေရုစလင် ၂ ရက်တာခရီးစဥ်မှာ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းကို သွားရောက်ခဲ့ပြီး ၁၅ နှစ်အတွင်း နိုင်ငံခြားရေး၀န်ကြီးတစ်ဦး ပထမဆုံး လည်ပတ်မှုပါ။ 

    ကာဗူဆိုဂလူက အစ္စရေးနဲ့ နယ်ပယ်တော်တော်များများမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပြီး၊ ဒီလို ပုံမှန်ဆက်ဆံရေးတည်ဆောက်မှုဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား ငြိမ်းချမ်းရေးရဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • အစွမ်းထက် ရေငုပ်သင်္ဘောငယ်များကို တူရကီက ထုတ်လုပ်ရောင်းချမည်

    အစွမ်းထက် ရေငုပ်သင်္ဘောငယ်များကို တူရကီက ထုတ်လုပ်ရောင်းချမည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၂
    M-Media

    -နိုင်ငံရေတပ်မှာ အသုံးပြုဖို့နဲ့ ပြည်ပနိုင်ငံ​တွေကို တင်ပို့ရောင်းချဖို့ ရည်ရွယ်ပြီး တူရကီဟာ စွမ်းဆောင်ရည်မြင့် တိုက်ပွဲဝင် အသေးစား ရေငုပ်သင်္ဘောတွေကို တည်ဆောက်နေပါတယ်။

    STM500 လို့ အမည်ပေးထားတဲ့ အဲဒီရေငုပ်သင်္ဘောက အနာဂတ် ရေကြောင်းတိုက်ပွဲတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့အထိ အစွမ်းထက်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    သင်္ဘောမှာ တပ်ဆင်ထားတဲ့ ဒီဇယ်အင်ဂျင်နဲ့ ရေမိုင် ၃၅၀၀ ကို မောင်းနှင်နိုင်မှာဖြစ်ပြီး၊ ဘတ္ထရီက ၇၅ မိုင် မောင်းနိုင်မှာ ဖြစ်ပါတယ်။ AIP (air-independent propulsion) စနစ် တပ်ဆင်နိုင်သလို AIP နဲ့ ဒီဇယ်အင်ဂျင်စနစ်နဲ့ ပေါင်းလိုက်ရင် ရေမိုင် ၄ ထောင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

    ရေအောက်ရေဒါစနစ်ဖြစ်တဲ့ ဆိုနာ (Sonar) စနစ်မျိုးစုံ၊ Optronic Periscopeနဲ့ အီလက်ထရောနစ် စစ်ပွဲဆိုင်ရာ ထောက်ပံ့မှုစနစ် (ESM) ကိုလည်း တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

    STM500 ရေငုပ်သင်္ဘောမှာ သင်္ဘောသား ၁၈ ဦး၊ အထူးတပ်ဖွဲ့ဝင် ၆ ဦး လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ စွမ်းအားမြင့် တော်ပီဒို ဒုံးကျည်၊ ဒါမှမဟုတ် ခရုဇ်ဒုံးကျည် ၈ လုံး တပ်ဆင်အသုံးပြုနိုင်မှာပါ။

    ဒီရေငုပ်သင်္ဘောဟာ ပင်လယ်နက်မှာ ရုရှားရဲ့ဩဇာကို ယှဉ်ပြိုင်နိုင်မှာဖြစ်သလို အနာဂတ် အာဏာတည်ဆောက်ရေးမှာလည်း အရေးပါလာမှာ ဖြစ်ပါတယ်။ ပင်လယ်နက်မှာ ရေငုပ်သင်္ဘော မချရေး တားမြစ်တဲ့ သဘောတူစာချုပ်တစ်ခုလည်း ရှိထားပြီး နေတိုးအဖွဲ့မှာ ရိုမေးနီးယားနဲ့ တူရကီတို့ကသာ ပင်လယ်နက်မှာ ရေငုပ်သင်္ဘော ချထားခွင့်ရှိပါတယ်။

    တူရကီက STM500 ရေငုပ်သင်္ဘောကို ပြည်ပနိုင်ငံတွေအထိ တင်ပို့ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်နဲ့ အနောက်နိုင်ငံလုပ် စျေးကြီးတဲ့ ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ မတတ်နိုင်တဲ့ နိုင်ငံတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဒရုန်းထုတ်လုပ်ရောင်းချမှုမှာ တူရကီဟာ အောင်မြင်မှုတစ်ခု ရရှိနေပြီး တူရကီထုတ် Bayraktar TB2 တိုက်ပွဲဝင်ဒရုန်းက နာမည်ကျော်ပါတယ်။

    Ref: Asia Times

  • သံတမန်ဆက်ဆံရေးထူထောင်နိုင်ရန် တူရကီနှင့် အာမေးနီးယားတို့ ဆွေးနွေးမည်

    သံတမန်ဆက်ဆံရေးထူထောင်နိုင်ရန် တူရကီနှင့် အာမေးနီးယားတို့ ဆွေးနွေးမည်

    ဇန်နဝါရီ ၁၄၊ ၂၀၂၂
    M-Media

    -ဆယ်စုနှစ်ချီရှိခဲ့တဲ့ မကျေလည်မှုတွေကို ဖြေရှင်းကာ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ဖို့ ရည်ရွယ်ပြီး တူရကီနဲ့ အာမေးနီးယားတို့ဟာ ဒီကနေ့ မော်စကိုမှာ ပထမဆုံးအကြိမ် ဆွေးနွေးမှု ပြုလုပ်ဖို့ ရှိနေပါတယ်။

    တူရကီနဲ့ အာမေးနီးယားတို့ သံတမန်ဆက်ဆံရေးမရှိတာ နှစ်ပေါင်း ၃၀ လောက် ရှိနေပါပြီ။ ၂၀၀၉ ခုနှစ်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ဆက်ဆံရေးက တင်းမာနေဆဲဖြစ်ပါတယ်။

    ပထမကမ္ဘာစစ်ဖြစ်နေတဲ့ ၁၉၁၅ ခုနှစ်မှာ အော်တိုမန်အင်ပါယာအောက် ရှိနေတဲ့ အာမေးနီးယန်းလူမျိုး ၁.၅ သန်း အသတ်ခံရမှု၊ ၂၀၂၀ ခုနှစ် အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့ စစ်ပွဲမှာ တူရကီက အဇာဘိုင်ဂျန်ကို ထောက်ခံမှု စတဲ့ ကိစ္စတွေအတွက် တူရကီနဲ့ အာမေးနီးယားတို့အကြား တင်းမာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

    ၁၉၁၅ ခုနှစ် ကိစ္စဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ အာမေးနီးယားက ပြောထားပြီး တူရကီက ဒါကို ငြင်းပါတယ်။

    အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အခုနောက်ဆုံးဆွေးနွေးပွဲဟာ သံတမန်ဆက်ဆံရေး တည်ထောင်ဖို့နဲ့ ၁၉၉၃ ခုနှစ်က ပိတ်ခဲ့တဲ့ နယ်စပ်လမ်းကြောင်းတွေ ပြန်ဖွင့်ရေးအထိ ဖြစ်လာဖို့ ရည်မှန်းထားကြောင်း ရုရှားသတင်းဌာနကို မနေ့က ပြောကြားခဲ့ပါတယ်။

    တူရကီနဲ့ အာမေးနီးယားတို့ဟာ တိုက်ရိုက်ကုန်သွယ်မှု မရှိပေမယ့် တစ်ဆင့်ခံ ကုန်သွယ်မှု ရှိနေပါတယ်။

    Ref: Aljazeera

  • ယူအေအီးက တူရကီတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

    ယူအေအီးက တူရကီတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

    နိုဝင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -တူရကီမှာ ကန်ဒေါ်လာ ၁၀ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက်ရခဲ့တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ကြေငြာလိုက်ပါတယ်။

    စွမ်းအင်၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အပါအဝင် မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှာပါ။ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ်နဲ့ တူရကီသမ္မတ အာဒိုဂန်တို့ မနေ့က အန်ကာရာမှာ တွေ့ဆုံဆွေးနွေးမှုအတွင်း ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒါဟာ ဒေသတွင်း ပြိုင်ဘက်နိုင်ငံနှစ်ခု ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ယူအေအီးအစိုးရက အခုလိုရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်တာဟာ တူရကီရဲ့ စီးပွားရေးကို အထောက်အပံ့ဖြစ်စေဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ်ဟာ တူရကီအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ တူရကီနိုင်ငံ အန်ကာရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

    ဒေသတွင်းပြဿနာတစ်ချို့မှာ သဘောထားမတိုက်ဆိုင်ဘဲ ထိပ်တိုက်တွေ့ဆုံတာတွေရှိပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်အောင် ယူအေအီးနဲ့ တူရကီတို့က ကြိုးစားလာကြပါတယ်။

    Ref : Alarabiya

  • ရုရှား၏ S400 ဒုံးခွင်းစနစ် ထပ်ဝယ်မည်ဟု တူရကီပြော

    ရုရှား၏ S400 ဒုံးခွင်းစနစ် ထပ်ဝယ်မည်ဟု တူရကီပြော

    စက်တင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -နေတိုးအဖွဲ့ရဲ့ မဟာမိတ် အမေရိကန်က အပြင်းအထန် ကန့်ကွက်နေပေမယ့် ရုရှားထံကနေ S400 ဒုံးခွင်းစနစ် ထပ်မံဝယ်ယူဖို့ စဉ်းစားနေတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    လက်ရှိမှာ တူရကီဟာ S400 ဒုံးခွင်းစနစ် တစ်ခုကို ဝယ်ယူထားပြီးဖြစ်ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့အတွင်း ဒီစနစ်ကို အသုံးပြုတာဟာ F35 တိုက်လေယာဉ်တွေအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်က ယူဆထားတဲ့ အပြင်းအထန် ကန့်ကွက်ခဲ့တာပါ။

    F35 တိုက်လေယာဉ် ရောင်းချမယ့် အစီအစဉ်ကနေ အမေရိကန်က တူရကီကို ဖယ်ရှားလိုက်သလို ကာကွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    တူရကီသမ္မတ အာဒိုဂန်က မိမိတို့ဟာ အမေရိကန်ရဲ့ ပက်ထရီယော့ဒုံးခွင်းစနစ်ကို ဝယ်ယူဖို့ အခွင့်အရေးမရတဲ့အတွက် S400 ကို ဝယ်ယူတာဖြစ်ပြီး ဒီစနစ်ကို နေတိုးအဖွဲ့ ကာကွယ်ရေး စနစ်မှာ ထည့်သွင်း သုံးစွဲမှာမဟုတ်ဘူးလို့ အရင်က ပြောကြားဖူးပါတယ်။

    အမေရိကန်သတင်းဌာန CBS နဲ့ လတ်တလော အင်တာဗျူးမှာ အာဒိုဂန်က S400 ဒုံးခွင်းစနစ် နောက်ထပ်တစ်ခုကို ဝယ်ယူဖို့ စဉ်းစားနေပြီး တူရကီဟာ ကိုယ့်ရဲ့ ကာကွယ်ရေးစနစ်ကို လွတ်လပ်စွာ ဆုံးဖြတ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် နယူးယောက်ကိုမသွားခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဒိုဂန်က ဂျိုးဘိုင်ဒန်အစိုးရနဲ့ တူရကီတို့ရဲ့ ဆက်ဆံရေးဟာ ကောင်းတယ်လို့ ပြောလို့မရသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။

    လိုအပ်မယ်ဆိုရင် တူရကီက ဒုံးခွင်းစနစ်တွေကို ထပ်မံဝယ်ယူတာ၊ ဒါမှမဟုတ် ကိုယ်တိုင်ထုတ်လုပ်တာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera