News @ M-Media

Tag: turkey

  • တူရကီတွင် ‘ကြယ်နှင့်လ’ သဏ္ဍာန် ဗလီသစ်ကြီးတစ်လုံး တည်ဆောက်နေ

    တူရကီတွင် ‘ကြယ်နှင့်လ’ သဏ္ဍာန် ဗလီသစ်ကြီးတစ်လုံး တည်ဆောက်နေ

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်

     

    – ကြယ်နှင့်လ ပုံသဏ္ဍာန်ရှိမည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ရန်အတွက် တူရကီမှာ ယမန်နေ့က အုတ်မြစ်ချအခမ်းအနား ပြုလုပ်ခဲ့ပြီး အစိုးရတာဝန်ရှိသူ အများအပြား တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်း ဆီဗက်စ်ပြည်နယ်ရှိ မြေနေရာ ၇၀၀၀ စကွဲယားမီတာတွင် ဆောက်လုပ်မည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူပေါင်း ၈၄၀၀ ဆန့်မည်ဖြစ်သည်။

    အုတ်မြစ်ချအခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အာဏာရ AK ပါတီမှ တာဝန်ရှိသူများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။

    ဗလီဝတ်ကျောင်းတော်တွင် ဈာပနအခမ်းအနား ကျင်းပမည့်နေရာတစ်ခုလည်း ပါဝင်မည်ဖြစ်သောကြောင့် လက်ရှိတွင် ဆီဗက်စ်မြို့လယ်ကောင်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင်သာ ဈာပနအခမ်းအနား ကျင်းပနေရသည့်အတွက် ကားလမ်းကြပ်မှု ပြဿနာကိုလည်း ပြေလည်စေမည်ဖြစ်သည်။

    “ကျွန်တော်တို့နိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို စဉ်းစားပြီးတော့ ဒီစီမံကိန်းကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်ချင်တဲ့သူတွေ ပါဝင်လို့ရအောင် အသင်းတစ်ခုကိုလည်း ကျွန်တော်တို့ ဖွဲ့စည်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ ၂၀၁၈ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်ဖို့ပါပဲ” ဟု ဆီဗက်စ် စည်ပင်အကြီးအကဲ ဆာမီ အိုင်ဒင်က ပြောကြားခဲ့သည်။

    တာဝန်ရှိသူများက မိန့်ခွန်းပြောကြားခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတို့ ပြီးစီးသည့်နောက် Yukarı Tekke Ayyıldız ဟု အမည်တွင်မည့် အဆိုပါဗလီဝတ်ကျောင်းတော်ကို အုတ်မြစ်ချခဲ့သည်။ စီမံကိန်းကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးရန် ရည်ရွယ်ထားသည်။

    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်
    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်

    Ref: yenisafak.com

  • ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် တူရကီက အကူအညီ တန်တစ်သောင်း ပေးပို့မည်

    ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် တူရကီက အကူအညီ တန်တစ်သောင်း ပေးပို့မည်

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားရတဲ့သူတွေအတွက် အကူအညီ တန် ၁ သောင်း ပို့သွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    “မနေ့က (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုကို သူတို့ လက်ခံပါတယ်” လို့ အန်ကာရာမှာပြုလုပ်တဲ့ သူ့ရဲ့ အာဏာရပါတီ AK Party အစည်းအဝေးမှာ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

    တူရကီအကူအညီပေးရေးအဖွဲ့ TIKA ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေထိုင်တဲ့ စခန်းတွေအတွက် အကူအညီ တန်တစ်ထောင် ပေးပို့ခဲ့ပြီးဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။

    “ဒုတိယအဆင့်ကတော့ တန်တစ်သောင်း ဝေငှသွားမှာပါ”

    သြဂုတ်လနှောင်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA က ရဲကင်းပေါင်း ၃၀ ကျော်ကို တစ်ပြိုင်နက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး တိုက်ပွဲတွေအတွင်း အနည်းဆုံး လူပေါင်း ၄၀၀ လောက်သေဆုံးကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    တူရကီသမ္မတ အာဒိုဂန်ဟာ အင်္ဂါနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Reuters

  • ပင်လယ်ကွေ့ သံတမန်ပြဿနာဖြေရှင်းရေး အာဒိုဂန် ဆော်ဒီရောက်

    ပင်လယ်ကွေ့ သံတမန်ပြဿနာဖြေရှင်းရေး အာဒိုဂန် ဆော်ဒီရောက်

    ဇူလိုင် ၂၃၊ ၂၀၁၇
    M-Media

    – ကာတာနှင့် ဆော်ဒီဦးဆောင်သည့် အုပ်စုအကြား ဖြစ်ပွားနေသော သံတမန်ပြဿနာကို ဖြေရှင်းရေး ကူညီရန်အတွက် တူရကီသမ္မတ ရီဖက်ပ် တိုင်ယစ် အာဒိုဂန်မှာ ဆော်ဒီအာရေဗျသို့ ယနေ့တွင် ရောက်ရှိလာသည်ဟု သိရသည်။

    ၂ ရက်တာကြာမြင့်မည့် ၎င်း၏ ခရီးစဉ်အတွင်း အာဒိုဂန်မှာ ဘုရင်ဆလ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့နှင့် တွေ့ဆုံပြိးနောက် ပင်လယ်ကွေ့သံတမန်ပြဿနာကို အဓိက ညှိနှိုင်းဆွေးနွေးပေးနေသည့် ကူဝိတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

    “ဒီပြဿနာ ရှည်နေရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး” ဟု အာဒိုဂန်က ဆော်ဒီသို့ မထွက်ခွာခင် အစ္စတန်ဘူလ်လေဆိပ်၌ ပြောကြားခဲ့ပြီး ဒေသတွင်း ညီအစ်ကိုများကြားတွင် တင်းမာမှုများဖြစ်ရန် ရန်သူများက မီးထိုးပေးနေသည်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    ထို့ပြင် ယခုပြဿနာ၌ ကာတာ၏တုန့်ပြန်မှုကို အာဒိုဂန်က ချီးကျူးခဲ့ပြီး ဆွေးနွေး ညှိနှိုင်းမှုမှတစ်ဆင့် ကာတာမှာ အဖြေရှာခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ ဒီခရီးစဉ်ဟာ ဒေသအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်”

    ကာတာမှာ အကြမ်းဖက်များကို ထောက်ပံ့သည်ဟုဆိုကာ ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်တို့က ဇွန်လ ၅ ရက်နေ့တွင် ကာတာနှင့် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့ပြီး ကာတာကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ တူရကီမှာ ကာတာဘက်က ရပ်တည်ပေးထားသည်။

    Ref: Aljzeera

  • ဒီမိုကရေစီကို ကာကွယ်ဖို့ တူရကီပြည်သူများ လမ်းပေါ်ထွက်ကြပြီ

    ဒီမိုကရေစီကို ကာကွယ်ဖို့ တူရကီပြည်သူများ လမ်းပေါ်ထွက်ကြပြီ

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    – တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်ကို တားဆီးထိန်းချုပ်ဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို တားဆီးဖို့အတွက် တူရကီပြည်သူတွေဟာ တနင်္ဂနွေနေ့က မြို့တော်အစ္စတန်ဘူလ်မှ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

    မိုင်ပေါင်း ၂၅၀ လောက်ဝေးတဲ့ အန်ကာရာမြို့ကနေ ချီတက်လာကြတဲ့ ပြည်သူတွေဟာ ၃ ပတ်ခွဲကျော်ကြာတဲ့အချိန် တင်္ဂနွေနေ့က အစ္စတန်ဘူလ်ရဲ့ Maltepe ရင်ပြင်ကို ရောက်ရှိလာခဲ့ကြပြီး အတိုက်အခံ ရီပက်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ခေါင်းဆောင် ကမာလ် ကီလစ်ဒါရိုဂလူ ရင်ပြင်ထဲ ၀င်ရောက်လာတဲ့အချိန်မှာတော့ ဆန္ဒပြသူတွေက ‘အခွင့်အရေး၊ ဥပဒေ၊ တရားမျှမှု’ ဆိုပြီး ကျွေးကြော်ခဲ့ကြပါတယ်။

    “ကျွန်မတို့ တရားမျှတမှုနဲ့ ဒီမိုကရေစီကို လိုလားတယ်။ ဒါ့ကြောင့်ပဲ ကျွန်မတို့ဟာ လမ်းပေါ်မှာ ရက်တော်တော်များများ ရှိနေတာ ဖြစ်ပါတယ်။ ရင်ပြင်မှာ အံ့သြလောက်စရာပါပဲ။ ကျွန်မဆို အထဲကိုဝင်လို့တောင် မရပါဘူး။ ဒါပေမယ့် အရမ်းပျော်ပါတယ်။ တူရကီမှာ ဒီလိုအခြေအနေမျိုး တစ်ခါမှ မမြင်ဘူးပါဘူး” လို့ အသက် ၄၇ နှစ်အရွယ် ဖာဒီမီ အူဇ်ဘူဒက်က ပြောကြားခဲ့ပါတယ်။

    မြို့တော် အန်ကာရာကနေ အစ္စတန်ဘူလ်ကို ချီတက်တဲ့ အဲဒီ လှုပ်ရှားမှုကို March for Justice (တရားမျှတမှုအတွက် ချီတက်ပွဲ) လို့ အမည်ပေးထားပြီး ကီလစ်ဒါရိုဂလူ တစ်ယောက်တည်း စတင် ချီတက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သမ္မတ အာဒိုဂန်ကို မနှစ်မြို့ကြတဲ့ ပြည်သူတွေရဲ့ အားတက်ဖွယ် ၀န်းရံမှုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ပါတီက လွှတ်တော်အမတ်တစ်ဦးကို အစိုးရက ထောင်ချပြီးတဲ့နောက်ပိုင်း ကီလစ်ဒါရိုဂလူက ဒီလှုပ်ရှားမှုကို စတင်ခဲ့တာပါ။

    လွှတ်တော်အမတ် အနစ် ဘာဘီရိုဂလူကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်ရှိရာ အစ္စတန်ဘူလ်မြို့ဆင်ခြေဖုံး Maltepe ဒေသမှာ ဆန္ဒပြသူတွေ စုရုံးခဲ့ကြပြီး တူရကီအလံတွေ၊ ‘တရားမျှတမှု’ လို့ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ၊ တူရကီနိုင်ငံကိုတည်ထောင်သူ မွတ်စတာဖာ ကမားလ်ရဲ့ ပုံတွေကို ကိုင်ဆောင် ဝှေ့ယမ်းခဲ့ကြပါတယ်။

    ဆီးရီးယားကို တူရကီက လက်နက်ပေးပို့မှုကိစ္စ ဖော်ပြတဲ့ ဗီဒီယိုကို အတိုက်အခံ ဂျာနယ်လစ်ကို ပေးအပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဘာဘီရိုဂလူဟာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၅ နှစ် ချခံခဲ့ရပါတယ်။

    “ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်ကနေ တူရကီဟာ ရပ်တန့်သွားပါပြီ။ လူတစ်ယောက်က ချုပ်ကိုင်တာမျိုး ဖြစ်လာပါပြီ။ ဒါမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” လို့ ကီလစ်ဒါရိုဂလူက ပြောကြားခဲ့ပါတယ်။

    ဒီချီတက်ဆန္ဒပြမှုဟာ တိုင်းပြည်ရဲ့ လားရာကို ပြောင်းလဲသွားစေတဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီး တစ်နှစ်နီးပါးအကြာမှာ ပေါ်ထွက်လာတာပါ။ ဒီအာဏာသိမ်းဖို့ ကြိုးစားမှုအပြီးမှာ အာဒိုဂန်နဲ့ သူ့ရဲ့အစိုးရဟာ နိုင်ငံတစ်ဝုမ်း နိုင်ငံသားဆိုင်ရာ အခွင့်အရေးတွေကို ပိတ်ပင်ခဲ့ပြီး၊ အစိုးရအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်တွေကို ချုပ်ကိုင်ခဲ့ပါတယ်။ မီဒီယာအခွင့်အရေးကိုလည်း တင်းတင်းကြပ်ကြပ် ကန့်သတ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေး အတိုက်အခံတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။

    တိုင်းပြည်ကလည်း တစ်နှစ်နီးပါးကြာတဲ့ အခုအချိန်အထိ အရေးပေါ်အခြေအနေမှာ ရှိနေပြီး အတိုက်အခံလို့ မြင်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးထိန်းသိမ်းဖို့ အာဒိုဂန်ဦးဆောင်တဲ့အစိုးရကို ခြွင်းချက်မဲ့ပါဝါ ပေးထားသလို ဖြစ်နေပါတယ်။

    ဒီလို နှိပ်ကွပ်မှုတွေကို ဆန့်ကျင်ဖို့အတွက် တနင်္ဂနွေနေ့က စုရုံးမှုမှာ တူရကီပြည်သူ သိန်းနဲ့ချီ ပါဝင်ခဲ့ပါတယ်။

    “ကျွန်မတို့ အခွင့်အရေး၊ ဥပဒေနဲ့ တရားမျှတမှုတွေအတွက် ကျွန်မ ချီတက်လမ်းလျှောက်တာရှင့်။ အကြောင်းအရာတစ်ခုအပေါ်မှာ ယုံကြည်မှုပြင်းပြနေပြီဆိုရင် ဒီလို ခက်ခက်ခဲခဲနဲ့ အချိန်ကြာကြာလမ်းလျှောက်တာမျိုးကို လုပ်နိုင်လာမှာပါ” လို့ ၁၀ ရက်ဆက်တိုက် လမ်းလျှောက်ချီတက်ခဲ့တဲ့ အသက် ၆၂ နှစ်အတွက် စည်ပင်ဝန်ထမ်းဟောင်း ရီဖီကာ အော့ဇ်တာ့က်က ပြောကြားခဲ့ပါတယ်။

    မောပမ်းနွမ်းလျမှုတွေ ရှိနေပေမယ့် အစ္စတန်ဘူလ်ကို ရောက်လာတဲ့ နောက်ဆုံးအခြေအနေကတော့ အားရစရာကောင်းခဲ့ပြီး ဘင်ခရာတီးဝိုင်းတွေကလည်း လမ်းတစ်လျှောက် တီးမှုတ်လာခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း တူရကီပြည်သူတွေရဲ့ ဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် အခု ချီတက်မှုကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြင်ပအန္တရာယ်တွေကနေ ဆန္ဒပြသူတွေကို ကာကွယ်ပေးခဲ့ပါတယ်။

    တူရကီလွတ်မြောက်ရေး အမှတ်သညာမြို့တစ်ခုဖြစ်တဲ့ အစ္စတန်ဘူလ်က ဒီလှုပ်ရှားမှုဟာ ဘယ်လောက်အထိ တာသွားမလဲဆိုတာကိုတော့ မပြောနိုသေးပါဘူး။

    ဆန္ဒပြသူတွေက အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို နားထောင်မလား၊ ဒါမှမဟုတ် ဆန္ဒပြမှု ပြီးဆုံးသွားတာနဲ့ အကြမ်းဖက်သမား ခေါင်းစဉ်တပ်ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးမလားဆိုတာကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

    ချီတက်မှုအတွင်းမှာ နှလုံးဖောက်တဲ့သူ ၂ ဦး ရှိခဲ့ပြီး တစ်ဦးက နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အပူဒဏ်ကို မခံနိုင်လို့ အရိပ်ရတဲ့နေရာတွေကို ရှာဖွေရတဲ့သူတွေ၊ မိုးထဲရေထဲ အန်တုချီတက်ခဲ့ကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါတယ်။

    ဒီချီတက်မှုအတွက် တူရကီပြည်သူတွေထဲမှာ သဘောထားကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ လမ်းတစ်လျှောက် ကြိုဆိုသူတွေက ဒီဆန္ဒပြမှုကို ချီးကျူးခဲ့ကြပေမယ့်၊ အာဒိုဂန်ကို ထောက်ခံသူတွေကတော့ အာဒိုဂန်ရဲ့အမည်ကို ဟစ်အော်ပြီး ဆန္ဒပြမှုကို တုန့်ပြန်ခဲ့ကြပါတယ်။

    ဒီလို သဘောထားကွဲလွဲမှုက အချိန်တစ်ခုကြာ ရှိနေမယ့် အနေအထားပါပဲ။ လွှတ်တော်ကအာဏာကို သမ္မတက ပိုမိုရယူနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဧပြီလ ဆန္ဒခံယူပွဲမှာ ကွဟာချက်နည်းနည်းနဲ့ အာဒိုဂန်က အနိုင်ရခဲ့ပါတယ်။

    တူရကီနိုင်ငံက သမ္မတရာထူးဟာ အမှတ်သညာတစ်ခုသာ ဖြစ်ပေမယ့် အာဒိုဂန်ကတော့ နိုင်ငံခေါင်းဆောင်၊ အစိုးရအကြီးအကဲဖြစ်ဖို့ ဆောင်ရွက်လာခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြည်သူ့ဆန္ဒခံယူပွဲအတွက် နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ခဲ့ကြပါတယ်။

    Ref: CNN

  • တူရကီမှာ နာမည်ကြီးလာတဲ့ Bilal ကာတွန်းရုပ်ရှင်

    တူရကီမှာ နာမည်ကြီးလာတဲ့ Bilal ကာတွန်းရုပ်ရှင်

    မေ ၃၁၊ ၂၀၁၇
    M-Media

    – ဆော်ဒီဒါရိုက်တာ အေမန် တာရစ် ဂျမားလ် ရိုက်ကူးပြီး Bilal လို့ အမည်ပေးထားတဲ့ ကာတွန်းရုပ်ရှင်ကားတစ်ကားဟာ တူရကီနိုင်ငံမှာ နာမည်ကြီးနေပါတယ်။

    ဒီကာတွန်းရုပ်ရှင်ကို စနေနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ စတင်မိတ်ဆက်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ရုပ်ရှင်ရုံပေါင်း ၃၀၀ လောက်မှာ တစ်ပြိုင်နက်တည်း ပြသနေပါတယ်။ တူရကီနောက်ခံစားပြောထည့်ထားတဲ့ ဒီရုပ်ရှင်ကို တူရကီပြည်သူတွေနဲ့ နိုင်ငံခြားခရီးသွားတွေ တော်တော်လေး အကြိုက်တွေ့နေတယ်လို့ ဒါရိုက်တာ ဂျမားလ်က ဆိုပါတယ်။

    ဒီရုပ်ရှင်ဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ အနီးကပ် သာဝကကြီးတစ်ပါးဖြစ်ပြီး၊ အစ္စလာမ့်သမိုင်းမှာ ပထမဆုံး မုအ်ဇင် (၀တ်ပြုရန်နှိုးဆော်သူ) ဖြစ်တဲ့ ဘီလားလ်သခင်ရဲ့ အကြောင်းကို ပုံဖော် ရိုက်ကူးထားတာပါ။

    တူရကီမီဒီယာတွေက အခက်အခဲဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တရားမျှတမှု၊ တန်းတူညီမျှမှုရဲ့ မီးရှူးတန်ဆောင်ဖြစ်ခဲ့တဲ့ ဘီလားလ်သခင်ရဲ့ သရုပ်ကို ပေါ်လွင်အောင် ဖော်ပြနိုင်မှုအတွက် ဒီ Bilal ကာတွန်းရုပ်ရှင်ကို ချီးကျူးခဲ့ပါတယ်။

    အဲဒီရုပ်ရှင်ကို မတ်လအတွင်း နယူးယောက်က ကုလရုံးချုပ်မှာ ပြသခဲ့ပြီး နိုင်ငံပေါင်း များစွာမှာလည်း ပြသခဲ့ပြီးဖြစ်ပါတယ်။

    Ref: Arab News