News @ M-Media

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် တူရကီက အကူအညီ တန်တစ်သောင်း ပေးပို့မည်

စက်တင်ဘာ ၇၊ ၂၀၁၇
M-Media

– ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားရတဲ့သူတွေအတွက် အကူအညီ တန် ၁ သောင်း ပို့သွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

“မနေ့က (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုကို သူတို့ လက်ခံပါတယ်” လို့ အန်ကာရာမှာပြုလုပ်တဲ့ သူ့ရဲ့ အာဏာရပါတီ AK Party အစည်းအဝေးမှာ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

တူရကီအကူအညီပေးရေးအဖွဲ့ TIKA ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေထိုင်တဲ့ စခန်းတွေအတွက် အကူအညီ တန်တစ်ထောင် ပေးပို့ခဲ့ပြီးဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။

“ဒုတိယအဆင့်ကတော့ တန်တစ်သောင်း ဝေငှသွားမှာပါ”

သြဂုတ်လနှောင်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA က ရဲကင်းပေါင်း ၃၀ ကျော်ကို တစ်ပြိုင်နက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး တိုက်ပွဲတွေအတွင်း အနည်းဆုံး လူပေါင်း ၄၀၀ လောက်သေဆုံးကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တူရကီသမ္မတ အာဒိုဂန်ဟာ အင်္ဂါနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။

Ref: Reuters