နိုဝင်ဘာ ၂၉၊ ၂၀၁၅
M-Media
– တိုက်လေယာဉ်ပစ်ချသည့် ကိစ္စ နောက်ဆက်တွဲအဖြစ် တူရကီအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ရန် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က အမိန့်ပေးခဲ့သည်ဟု သိရသည်။
အဆိုပါအမိန့်ကို ရုရှားအစိုးရ ၀ဘ်ဆိုက်က ယမန်နေ့တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်အဖြစ်အပျက်နှင့် ပတ်သက်၍ မိမိက ၀မ်းနည်းမိသည်ဟု တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်က ပြောကြားခဲ့ပြီး နောက်ပိုင်း နာရီအနည်းငယ်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
ပူတင်၏ ထိုစီးပွားရေးပိတ်ဆို့မှု အမိန့်တွင် တူရကီထုတ်ကုန်ပစ္စည်းအချို့ကို ပိတ်ပင်ခြင်း၊ ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ ရုရှားတွင် အလုပ်လုပ်နေသည့် တူရကီနိုင်ငံသားများ သက်တမ်းတိုးပေးမှုကို ရပ်ဆိုင်းခြင်းတို့ ပါဝင်သည်။
ထို့ပြင် ရုရှားမှ တူရကီသို့ လေကြောင်းခရီးစဉ်အချို့ကို ရတပ်တန့်ရန်၊ ခရီးသွားကုမ္ပဏီများအနေဖြင့် တူရကီပါဝင်သည့် အလည်အပတ်ခရီးစဉ်များ ရောင်းချမှုကို ရပ်တန့်ရန်အတွက်လည်း ဖော်ပြခဲ့သည်။
“လုံခြံရေးအကြောင်းများ” ကြောင့် တူရကီမှ လေယာဉ်မျာကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရန် ပူတင်က ထည့်သွင်းအမိန့်ပေးခဲ့ပြီး ရုရှားနှင့်တူရကီ ဗီဇာမလိုဘဲ ခရီးသွားလာခွင့်ကိုလည်း အဆုံးသတ်ခဲ့သည်။
ကရင်မလင်၏ ကြေငြာချက်တွင် ထိုအမိန့်မှာ ရုရှားနိုင်ငံသားများအား ရာဇ၀တ်မှုမှ ကာကွယ်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားမှာ နိုင်ငံအတွင်းရှိ တူရကီလုပ်ငန်းများကို ၀င်ရောက်စီးနင်းကာ တူရကီလုပ်ငန်းရှင်များအား ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး နယ်စပ်တွင် တူရကီပို့ကုန်များကို ပြန်လှည့်ခိုင်းခြင်း၊ တူရကီနိုင်ငံသားများအား လေဆိပ်တွင် ပြည်ဝင်ခွင့်မပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
တူရကီနိုင်ငံကလည်း ၎င်းတို့နိုင်ငံသားများအနေဖြင့် တူရကီကို အကြောင်းကိစ္စမရှိဘဲ သွားရောက်ခြင်းမပြုရန် သတိပေးချက် ထုတ်ပြန်ထားသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.