News @ M-Media

Tag: UAE

  • ယူအေအီးနှင့် အစ္စရေးတို့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ရ

    ယူအေအီးနှင့် အစ္စရေးတို့ သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်ရ

    ဩဂုတ် ၁၃၊ ၂၀၂၀
    M-Media

    ယူအေအီးနှင့် အစ္စရေး ခေါင်းဆောင် ၂ ဦး

    -အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံနဲ့ အစ္စရေးတို့ဟာ ဒီကနေ့မှာ အပြန်အလှန် သံတမန်ဆက်ဆံရေး ထူထောင်နိုင်မယ့် သမိုင်းဝင် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ရရှိခဲ့ပါတယ်။

    သဘောတူညီချက်အရ အစ္စရေးဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေ သူ့ပိုင်နက်ထဲ သွတ်သွင်းတာဖို့ ကြိုးစားနေတာကို ရပ်ဆိုင်းရမှာဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုနဲ့ ယူအေအီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇယဒ်တို့ ဒီကနေ့မှာ ဖုန်းနဲ့ အစည်းအဝေးပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီသဘောတူညီချက်ကို ရရှိခဲ့တာပါ။

    အိမ်ဖြူတော်တာဝန်ရှိသူတွေက အစ္စရေး၊ ယူအေအီးနဲ့ အမေရိကန်တို့ဟာ ငြိမ်းချမ်းရေးသဘောတူညီချက် ရဖို့အတွက် အရင်ကတည်းက ဆွေးနွေးနေခဲ့တာဖြစ်ပြီး သိပ်မကြာသေးခင်ကာလမှာ ဆွေးနွေးမှု ပိုမိုမြန်ဆန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဒီကနေ့ ရရှိခဲ့ပါတယ်။ မိတ်ဆွေကြီးတွေဖြစ်ကြတဲ့ အစ္စရေးနဲ့ ယူအေအီးတို့အကြား သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု ရရှိခဲ့တာပါ” လို့ သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ခေါင်းဆောင် ၃ ဦး ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးနဲ့ ယူအေအီးတို့အကြား ပြည့်၀တဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ သဘောတူခဲ့ကြောင်း၊ ဒီ သံတမန်ရေး အောင်မြင်မှုဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို ပိုမိုအားကောင်းစေမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလာရေး၊ တိုက်ရိုက်လေယာဉ်ပျံသန်းရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေးနဲ့ အခြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေအတွက် အစ္စရေးနဲ့ ယူအေအီးက ကိုယ်စားလှယ်အဖွဲ့တွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း တွေ့ဆုံဖို့ ရှိနေပါတယ်။

    နှစ်နိုင်ငံစလုံးဟာ အပြန်အလှန် သံတမန်ခန့်အပ်တာ၊ သံရုံးဖွင့်တာတွေကိုလည်း လုပ်ဆောင်သွားမှာပါ။

    Ref: Reuters

  • ကိုဗစ်ကုသရေးအတွက် အလားအလာရှိသည့် နည်းလမ်းတစ်ခုကို ယူအေအီး ဖော်ထုတ်

    ကိုဗစ်ကုသရေးအတွက် အလားအလာရှိသည့် နည်းလမ်းတစ်ခုကို ယူအေအီး ဖော်ထုတ်

    မေ ၂၊ ၂၀၂၀
    M-Media

    -Covid-19 ကုသရေးမှာ အလားအလာရှိပြီး ထိရောက်နိုင်တဲ့ နည်းလမ်းတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သိပ္ပံပညာရှင်တွေက ဖန်တီး ဖော်ထုတ်လိုက်ပါတယ်။

    Stem cell ထိုးသွင်းကုသတဲ့ နည်းလမ်းဖြစ်ပြီး Abu Dhabi Stem Cell စင်တာက သုတေသနပညာရှင်တွေနဲ့ ဆရာဝန်တွေပါတဲ့ အဖွဲ့က ဖော်ထုတ်ဖန်တီးခဲ့တာပါ။ လူနာရဲ့ သွေးထဲက stem cell တွေကို ထုတ်ပြီး အပြင်မှာ ဓာတ်ပြုလှုံဆော်ပေးကာ ခန္ဓာကိုယ်ထဲ ပြန်လည်ထိုးသွင်းရတာ ဖြစ်ပါတယ်။

    ယူအေအီးက ကိုဗစ်လူကာ ၇၃ ဦးရဲ့ အဆုတ်ထဲကို ထိုးသွင်းကုသပေးခဲ့ရမှာ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာ ကုသနေတဲ့ အခြားနည်းလမ်းတွေလို လူနာအပေါ် ​ ကြီးကြီးမားမားသက်ရောက်မှုမျိုးလည်း မရှိပါဘူး။ ကနဦး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် ၂ ပတ်တာကြာမြင့်မယ့် ကျယ်ပြန့်တဲ့ စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ ယူအေအီးက စီစဉ်နေပါတယ်။

    Abu Dhabi Stem Cell စင်တာဟာ ဆဲလ်အသုံးပြု ကုသရေးမှာ နောက်ဆုံးပေါ် နည်းလမ်းတွေကို အသုံးပြုပြီး ကုသမှုပေးနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Gulf News

  • ယူအေအီးက ဖိလစ်ပိုင်သို့ ကိုဗစ်ဆေးဝါးပစ္စည်းများ လှူဒါန်း

    ယူအေအီးက ဖိလစ်ပိုင်သို့ ကိုဗစ်ဆေးဝါးပစ္စည်းများ လှူဒါန်း

    ဧပြီ ၃၀၊ ၂၀၂၀
    M-Media

    -ဖိလစ်ပိုင်နိုင်ငံရဲ့ Covid-19 တိုက်ဖျက်ရေးလုပ်ငန်းမှာ အထောက်အကူဖြစ်စေဖို့အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ဆေးဘက်ဆိုက်ရာ ပစ္စည်းတွေကို မနေ့က ပေးပို့လှူဒါန်းခဲ့ပါတယ်။

    လှူဒါန်းခဲ့တဲ့ ဆေးဝါးတန်ချိန်ဟာ မက်ထရစ်တန် ၇ တန်ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့တဲ့ အချိန်ကတည်းက ယူအေအီးဟာ နိုင်ငံပေါင်း ၃၂ နိုင်ငံကို ဆေးဝါးအထောက်အကူပစ္စည်း စုစုပေါင်း တန်ချိန် ၃၃၄ တန် လှူဒါန်းထားပြီး၊ ကျန်းမာရေးဝန်ထမ်း ၃၃၄၀၀၀ ကိုလည်း ကူညီဖို့ စေလွှတ်ခဲ့ပါတယ်။

    ဖိလစ်ပိုင်ဆိုင်ရာ ယူအေအီးသံအမတ် ဟာမဒ် စအစ် ဟာမဒ် အိုဘိုက် အလ်ဇာဘီက နှစ်နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းမှုနဲ့အတူ ဒီလို ကူညီတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အရေးပါတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဒီလို ကူညီထောက်ပံ့မှုနဲ့အတူ ဖိလစ်ပိုင်အပေါ် ယူအေအီးရဲ့ ကမ်းလက်တွေကို ခိုင်မာစေလိုက်တာပါ။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ အစိုးရတွေနဲ့ ပြည်သူလူထုကြားမှာပါ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ ဒီလှူဒါန်းမှုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ Covid-19 တိုက်ဖျက်ရေးမှာ လိုအပ်တာတွေ ဆောင်ရွက်နိုင်​ရေး အထောက်အကူ ဖြစ်စေနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    Covid-19 ဒဏ်ကို ခံစားနေရတဲ့ တိုင်းပြည်တွေနဲ့အတူ ယူအေအီးဟာ တစ်သားတည်း ရပ်တည်သွားမယ်လို့လည်း သံအမတ် အလ်ဇာဘီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Gulf News

  • ကိုဗစ်ကိစ္စ သတင်းမှားဖြန့်သူကို ယူအေအီး ဒဏ်တပ်မည်

    ကိုဗစ်ကိစ္စ သတင်းမှားဖြန့်သူကို ယူအေအီး ဒဏ်တပ်မည်

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်း Covid-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေသူကို ဒီရ်ဟမ် ၂ သောင်း (ဒေါ်လာ ၅၅၀၀) ရိုက်မယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ယူအေအီးမှာ လက်ရှိအချိန်အထိ ကူးစက်သူ ၆၃၀၀ ကျော်နဲ့ သေဆုံးသူ ၃၇ ဦး ရှိနေပါတယ်။

    ဆိုရှယ်မီဒီယာမှာ ဗိုင်းရပ်စ်ပြန့်နှံ့မှု၊ ကုသမှုတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေလည်း ပြန့်နှံ့နေပြီး ယူအေအီးအစိုးရရဲ့ မနေ့က ကြေငြာချက်ဟာ ဒါတွေကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။

    ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ကျန်းမာရေး၀န်ကြီးဌာနတစ်ခုတည်းကသာ ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒီအချက်အလက်တွေနဲ့ ကွဲလွဲတဲ့ သတင်းတွေ၊ သတင်းမှားတွေ၊ တရားဝင်ထုတ်ပြန်ထားခြင်းမရှိတဲ့ သတင်းတွေကို ပုံနှိပ်ဗားရှင်း၊ အသံဗားရှင်း၊ အီလက်ထရောနစ်ဗားရှင်း ဘယ်လို ပုံစံနဲ့မဆို ဖြန့်ချီတာကို တားမြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ဒီတားမြစ်ချက်ဟာ သတင်းသမားတွေ၊ မီဒီယာသမားတွေအပေါ်မှာ အကျုံးဝင်လားဆိုတာ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

    Ref: Aljazeera

  • ဆော်ဒီနှင့် ယူအေအီးတို့က ယီမင်စစ်ပွဲတွင် တစ်ဖတ်သက် အပစ်ရပ်

    ဆော်ဒီနှင့် ယူအေအီးတို့က ယီမင်စစ်ပွဲတွင် တစ်ဖတ်သက် အပစ်ရပ်

    ဧပြီ ၉၊ ၂၀၂၀
    M-Media

    -​ ယီမင်​ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေမှုကို ၂ ပတ်တာ ရပ်ဆိုင်းလိုက်တယ်လို့ ဆော်ဒီ-ယူအေအီး မဟာမိတ်အဖွဲ့က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြန့်နှံ့နေတဲ့အချိန် တိုက်ခိုက်မှုတွေ ရပ်တန့်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်း ဆော်ဩပြီး ရက်ပိုင်းအကြာမှာ ဆော်ဒီနဲ့ ယူအေအီးတို့ရဲ့ ဒီလို တစ်ဖက်သတ် အပစ်ရပ်ကြေငြာချက် ထွက်ပေါ်လာခဲ့တာပါ။ ဟူသီ သူပုန်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။

    အပစ်ရပ်မှုဟာ ယီမင်စံတော်ချိန် ကြာသာပတေးနေ့ နေ့လည် ၁၂ နာရီက စတင် သက်ရောက်မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို တားဆီးဖို့ဖြစ်တယ်လို့ မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာရ်ကီ အလ်-မာလ်ကီရဲ့ ပြောကြားမှုကို ကိုးကားပြီး ဆော်ဒီသတင်းဌာန SPA က ဖော်ပြခဲ့ပါတယ်။

    အစိုးရကို ဟူသီ သူပုန်တွေက ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစလို့ ယီမင်မှာ ပြည်တွင်းစစ် စဖြစ်လာတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ်အဖွဲ့က ယီမင်အစိုးရဖက်ကနေ ဝင်တိုက်ပေးခဲ့ပါတယ်။

    စစ်ပွဲကြောင့် လူ ၁ သိန်းကျော် သေဆုံးခဲ့ပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြီးမားတဲ့ အကြပ်အတည်းတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

    Ref: Aljazeera