News @ M-Media

Tag: UAE

  • တင်းကြပ်သည့် ပုဂ္ဂလိကလွတ်လပ်ခွင့် ဥပဒေများကို ယူအေအီးက ပြင်ဆင်မည်

    တင်းကြပ်သည့် ပုဂ္ဂလိကလွတ်လပ်ခွင့် ဥပဒေများကို ယူအေအီးက ပြင်ဆင်မည်

    နိုဝင်ဘာ ၈၊ ၂၀၂၀
    M-Media

    -ပုဂ္ဂလိကလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး တင်းကြပ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲတော့မယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက မနေ့မှာ ကြေငြာလိုက်ပြီး နိုင်ငံခြား လုပ်ငန်းရှင်တွေကို စွဲဆောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်မထပ်ဘဲအတူနေတာ၊ အရက်သေစာသောက်စားတာအပါအဝင် တစ်ချို့ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကို ရာဇဝတ်မှုအဖြစ် ယူအေအီးနိုင်ငံက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    အသက် ၂၁ နှစ်နဲ့အထက် လူတွေဟာ အရက်သေစာသောက်စားခွင့်၊ လက်ဝယ်ထားခွင့်၊ ရောင်းချခွင့်တွေမှာ သီးသန့်လိုင်စင်လိုအပ်ပြီး မလိုက်နာရင် ဒဏ်ငွေရိုက်တာ၊ ထောင်ချတာတွေ ရှိခဲ့ပါတယ်။ အခု ပြုပြင်ပြောင်းလဲမှုမှာတော့ ဒီကန့်သတ်ချက်တွေကို ဖယ်ရှားမှာပါ။

    ဒီလို ပြုပြင်ပြောင်းလဲမှုဟာ နိုင်ငံရဲ့ ဥပဒေပြဌာန်းချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်ကို ပိုမိုကောင်းမွန် တိုးတက်စေဖို့ဖြစ်တယ်လို့ ယူအေအီးအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မိသားစုအရှက်ရအောင်လုပ်တဲ့ အမျိုးသမီးတွေကို အကြီးအကဲအမျိုးသားက ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမခွင့်ကို အရင်က ခွင့်ပြုထားပေမယ့် အခုတော့ ဒါကို ရာဇဝတ်မှုအဖြစ် ယူအေအီးက သတ်မှတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကို အရှက်ရအောင်လုပ်တဲ့ အမျိုးသားတွေအတွက် ပြင်ဒဏ်ကိုလည်း ပိုမိုတိုးမြှင့်မှာပါ။

    ယူအေအီးဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပြပွဲ World Expo ကို ၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ၂၀၂၂ ခုနှစ်အထိ ကျင်းပဖို့ စီစဉ်ထားပြီး လာရောက်သူ ၂၅ သန်းလောက် ရှိမယ်လို့ မျှော်မှန်းထားပါတယ်။

    Ref: Aljazeera

  • လက်နက်တပ် အဆင့်မြင့်ဒရုန်းများ ကန်က ယူအေအီးကို ရောင်းမည်

    လက်နက်တပ် အဆင့်မြင့်ဒရုန်းများ ကန်က ယူအေအီးကို ရောင်းမည်

    နိုဝင်ဘာ ၆၊ ၂၀၂၀
    M-Media

    -ကန်ဒေါ်လာ ၂.၉ ဘီလီယံ တန်ဖိုးရှိမယ့် အဆင့်မြင့် လက်နက်တပ် ဒရုန်း ၁၈ စီး အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ထံ ရောင်းချမယ့်အစီအစဉ်ကို အမေရိကန်အစိုးရက လွှတ်တော်ကို တင်ပြလိုက်ပါတယ်။

    မဟာမိတ်နိုင်ငံတွေအပေါ် လက်နက်တွေပိုရောင်းနိုင်အောင် နိုင်ငံပေါင်း ၃၄ နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စစ်အေးခတ် လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်ကို ထရမ့်အစိုးရ လက်ထက်မှာ ပြင်ဆင်ပြီးတဲ့နောက် ပထမဆုံး လက်နက်တပ်ဒရုန်းရောင်းချမှု ဖြစ်လာမှာပါ။

    အမေရိကန်ဟာ F-35 အဆင့်မြင့်တိုက်လေယာဉ် ယူအေအီးထံ ရောင်းချဖို့လည်း စီစဉ်ထားပါတယ်။ အမေရိကန်ထံကနေ ဒရုန်းလေယာဉ်တွေဝယ်ယူဖို့ ယူအေအီးက အရင်ကတည်းက စိတ်ဝင်စားခဲ့ပြီး ကန်ရဲ့ ပေါ်လစီ ပြောင်းလဲပြီးတဲ့နောက် ပထမဆုံးဝယ်ယူမယ့် နိုင်ငံတွေစာရင်းမှာလည်း ပါဝင်နေပါတယ်။

    ကန်လွှန်တော်ဟာ လက်နက် အဆင်သင့်တပ်ဆင်လို့ရတဲ့ MQ-9B SeaGuardian ဒရုန်းလေစီး ထိုင်ဝမ်နိုင်ငံကိုရောင်းချဖို့ အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ သန်း ၆၀၀ ရှိမှာပါ။

    ယူအေအီးကဝယ်ယူမယ့် MQ-9B ဒရုန်းဟာ ရေပြင်မှာအသုံးပြုလို့ရမယ့် ရေဒါတပ်ဆင်ထားတဲ့ ဘက်စုံသုံး ဒရုန်းအမျိုးအစား ဖြစ်ပါတယ်။ F/A-18F Super Hornet တိုက်လေယာဉ်ကို အီလက်ထရောနစ် စစ်ပွဲအတွက် ပြင်ဆင်ထားတဲ့ EA-18G Growlers လေယာဉ်တွေကိုလည်း ယူအေအီးက အမေရိကန်ထံကနေ ဝယ်ယူဖို့ ရှိနေပါတယ်။

    F-35 တိုက်လေယာဉ် ဝယ်ယူဖို့ ကြိုးစားမှုမှာတော့ အစ္စရေးရဲ့ ကန့်ကွက်မှုကို ယူအေအီးက ကြုံရနိုင်ပါတယ်။ အစ္စရေးအစိုးရက အရှေ့အလယ်ပိုင်းမှာ မိမိတိုကသာ စစ်ရေးအရ အမြဲတမ်းအသာရရေးအတွက် ဒီကိစ္စကို ဆန့်ကျင်သွားမယ်လို့ တရားဝင်ပြောကြားထားပါတယ်။

    Ref: Reuters

  • ပြင်သစ်သမ္မတ၏ရပ်တည်ချက်​ကို ထောက်ခံသည်ဟု ယူအေအီးဝန်ကြီးပြော

    ပြင်သစ်သမ္မတ၏ရပ်တည်ချက်​ကို ထောက်ခံသည်ဟု ယူအေအီးဝန်ကြီးပြော

    နိုဝင်ဘာ ၃၊ ၂၀၂၀
    M-Media

    ယူအေအီး နိုင်ငံခြားရေးဝန်ကြီး အန်ဝါရ် ဂါဂက်ရှ်

    -မွတ်စလင်တွေအနေနဲ့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ရဲ့ ရပ်တည်ချက်ကို လက်ခံဖို့ လိုအပ်တယ်လို့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီး အန်ဝါရ် ဂါဂက်ရှ်က တိုက်တွန်းလိုက်ပြီး မာခရွန်ဟာ လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းရေး ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “မာခရွန်ရဲ့မိန့်ခွန်းတွေကို မွတ်စလင်တွေအနေနဲ့ ဂရုတစ်စိုက် နားထောင်ဖို့ လိုအပ်ပါတယ်။ သူက မွတ်စလင်တွေကို ဖယ်ကျဉ်ချင်တာ မဟုတ်ပါဘူး။ သူလုပ်တာက လုံး၀ မှန်ပါတယ်”

    အန်ဝါရ် ဂါဂက်ရှ်ကို ဂျာမန်နေ့စဉ်သတင်းစာ Die Welt က တနင်္လာနေ့မှာ အင်တာဗျူးခဲ့တာပါ။ အနောက်နိုင်ငံတွေမှာ မွတ်စလင်တွေဟာ အခုထက်ပိုမိုကောင်းမွန်တဲ့ အနေအထားနဲ့ ပေါင်းစည်းဖို့လိုအပ်တယ်လို့လည်း အန်ဝါရ်က ဆိုပါတယ်။

    “အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးနဲ့ လူ့အဖွဲ့အစည်း ပေါင်းစည်းရေး တစ်ပြိုင်တည်းလုပ်ဆောင်ရာမှာ နည်းလမ်းရှာဖွေဖို့ ပြင်သစ်မှာ လုပ်ပိုင်ခွင့်ရှိပါတယ်”

    ပြင်သစ်က အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းကြားမှာ ဝင်နေတဲ့ ‘အစွန်းရောက်ဝါဒ’ ကို တိုက်ဖျက်ရမယ်၊ ဘာသာရေးခေါင်းဆောင်တွေကို ရုပ်ပြောင်ရေးဆွဲမှုအပါအဝင် လွတ်လပ်စွာ ဖော်ပြခွင့်ကို ကာကွယ်သွားမယ်ဆိုတဲ့ မာခရွန်ရဲ့ ပြီးခဲ့တဲ့လက မှတ်ချက်တွေကြောင့် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ မာခရွန်ကို ဝေဖန်ဆန့်ကျင်တာတွေ လုပ်ခဲ့ပါတယ်။

    အာရပ်ကမ္ဘာမှာလည်း ပြင်သစ်ထုတ်ကုန်ပစ္စည်းတွေ သပိတ်မှောက်ရေးလှုပ်ရှားမှု စတင်ခဲ့ပါတယ်။ မာခရွန်က နောက်ပိုင်းမှာ လေသံပျော့သွားခဲ့ပြီး တမန်တော်မိုဟာမက်ကို ရုပ်ပြောင်ရေးဆွဲတဲ့အတွက် မွတ်စလင်တွေ ဒေါသထွက်တာကိုနားလည်ကြောင်း၊ မိမိတစ်ကိုယ်ရေသဘောထားအရ ဒီကိစ္စကို အားမပေးကြောင်း ပြီးခဲ့တဲ့တစ်ပတ် နှောင်းပိုင်းမှာ ပြန်လည် ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် တိုင်းပြည်ရဲ့ ဒီမိုကရေစီမူဖြစ်တဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ဆက်လက်ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • ဆူဒန်က အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်ရန် ဆော်ဒီ၊ ယူအေအီးတို့ ဒေါ်လာသန်းချီသုံးခဲ့

    ဆူဒန်က အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်ရန် ဆော်ဒီ၊ ယူအေအီးတို့ ဒေါ်လာသန်းချီသုံးခဲ့

    အောက်တိုဘာ ၂၉၊ ၂၀၂၀
    M-Media

    -ဆူဒန်နဲ့ အစ္စရေးတို့ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့အတွက် ဆော်ဒီက အမေရိကန်ကို ဒေါ်လာသန်းရာချီ ပေးခဲ့ပြီး ယူအေအီးကလည်း ဆူဒန်ကို ထောက်ပံ့မှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့အတွက် ဆူဒန်ဟာ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါ့ကြောင့် အာရပ်နဲ့ မွတ်စလင်ကမ္ဘာက အခုနှစ်အတွင်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ နိုင်ငံအရေအတွက်ဟာ ယူအေအီးနဲ့ ဘာရိန်းတို့အပါအဝင် ၃ နိုင်ငံ ဖြစ်လာတာပါ။

    ဒီလိုသဘောတူညီချက်တွေရရှိအောင် အမေရိကန်က ကြားဝင်စေ့စပ်ပေးတာ ဖြစ်ပါတယ်။ ဆူဒန်ဟာ အကြမ်းဖက်အားပေးတဲ့နိုင်ငံတစ်ခုအဖြစ် အမေရိကန်ရဲ့ အကြမ်းဖက်စာရင်းမှာ ပါဝင်နေတာပါ။ ဒီစာရင်းကနေ ဖယ်ရှားဖို့အတွက် ကန်ဒေါ်လာ ၃၃၅ သန်း အမေရိကန်က တောင်းခံခဲ့ပြီး ဒါကို ဆော်ဒီက ပေးချေခဲ့ပါတယ်။

    ဆူဒန်က ဒီငွေတွေပေးကြောင်း ​အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာမှာ တနင်္လာနေ့က ရေးသားခဲ့ပါတယ်။ ဒါဟာ ၁၉၉၈ ခုနှစ် အရှေ့အာဖရိကမှာ အမေရိကန်သံရုံး ဗုံးခွဲခံရမှု၊ ၂၀၀၀ ခုနှစ် ယီမင်ကမ်းလွန်မှာ ဒုံးခွင်းသင်္ဘော USS Cole တိုက်ခိုက်ခံရမှုမှာ ထိခိုက်ခံစားရသူတွေအတွက် လျော်ကြေးရတာဖြစ်ပြီး အမေရိကန်ပြည်သူတွေအတွက် တရားမျှတမှုကို ရလိုက်တာဖြစ်သလို၊ ဆူဒန်အတွက် ကြီးမားတဲ့ ခြေလျမ်းတစ်ခု ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    အစ္စရေးနဲ့ သဘောတူညီချက် ရပြီးပြီးချင်းမှာပဲ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)က ဆူဒန်ကို ကန်ဒေါ်လာ ၅၅၆ သန်းကျော် ထောက်ပံ့ခဲ့ပြီး ဆူ​ဒန်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး ၁.၅ ၁.၆ ဘီလီယံ အကူအညီထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ယူအေအီး၊ ဘာရိန်းတို့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မှုဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ပါလက်စတိုင်းခေါင်းဆောင်တွေက ပြောခဲ့သလို၊ ဆူဒန်ရဲ့ဆောင်ရွက်မှုကလည်း နိုင်ငံရေးပြစ်မှုတစ်ခုဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    Ref: Press TV, Middle East Monitor, Alarabiya

  • ယူအေအီးနှင့် အစ္စရေးတို့ သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုး

    ယူအေအီးနှင့် အစ္စရေးတို့ သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုး

    အောက်တိုဘာ ၂၁၊ ၂၀၂၀
    M-Media

    -ပြီးခဲ့တဲ့လမှာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နဲ့ အစ္စရေးတို့ဟာ မနေ့က နှစ်နိုင်ငံ သဘောတူစာချုပ် ၄ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ယူအေအီး ဘဏ္ဍာရေးဝန်ကြီး အိုဘိုက် ဟူမိတ် အလ်-တေယာနဲ့ အစိုးရအကြီးတန်းတာဝန်ရှိသူ တော်တော်များများပါဝင်တဲ့အဖွဲ့ဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဖင်မူချင်လိုက်ပါ​ပြီး မနေ့က အစ္စရေးကို သွားရောက်ခဲ့ပါတယ်။

    ကိုစားလှယ်အဖွဲ့ကို ကြိုဆိုတဲ့ မိန့်ခွန်းမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ​ဇယဒ် အလ် နဟ်ယန်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    အဲဒီ​နောက် အစ္စရေးနဲ့ ယူအေအီးတို့ဟာ ရင်းနှီးမြှု့နှံမှု တိုးမြှင့်ရေး သဘောတူညီချက်၊ သိပ္ပံနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ လေကြောင်းဆိုင်ရာ သဘောတူညီချက်နဲ့ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ယူအေအီးဟာ အစ္စရေးနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးတဲ့ ပထမဆုံး အာရပ်နိုင်ငံ ဖြစ်လာတာပါ။

    ဒီအခမ်းအနားမှာ ‘အီဘရာဟင်ရန်ပုံငွေ’ (Abraham Fund) ထူထောင်ကြောင်း အမေရိကန် နိုင်ငံတကာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအဖွဲ့ စီအီးအို အဒမ် ဘိုဟ်လာက ကြေငြာခဲ့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု သဘောတူညီချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူအေအီးအစိုးရ တာဝန်ရှိသူ အဟ်မဒ် အလ်-ဆာယက်ဂျ်က ဘာသာလူမျိုးမခွဲဘဲ နှစ်နိုင်ငံစလုံးက ပြည်သူလူထု သာယာ၀ပြောရေး ဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီး ဒီရန်ပုံငွေကို ထူထောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera